ဓားအဆောင်
Vol. 7 Ch. 92
ထိုလူငယ်၏ လုပ်ဆောင်မှုကို မြင်သည့်အခါ လူတိုင်းသည် မျက်လုံးအပြူးသား ဖြစ်ကုန်၏။ သူတို့အားလုံး မယုံကြည်နိုင် ဖြစ်ကုန်သည်။
မူလတုန်းက သူတို့သည် မီးခိုးရောင်အလင်းတန်းက လမ်းကြောင်းပြောင်းကာ ချီးရွှမ်ဂိုဏ်းလူအုပ်ထဲ ပျံသန်းသွားသည်ကို တွေ့မြင်ခဲ့ချိန်၌ သူတို့သည် ထိုအလင်းတန်းက ချီးရွှမ်ဂိုဏ်း၏ ကျန်သည့် တပည့်များကို သတ်ဖြတ်ပစ်တော့မည်ဟု ယုံကြည်ခဲ့သည်။
သို့သော် ထိုမီးခိုးရောင်အလင်းတန်းက သာမန်တပည့်တစ်ယောက်၏ လက်ထဲ အလွယ်တကူ ကျရောက်သွားလိမ့်မည်ဟု မည်သူက စိတ်ကူးမိပါ့မည်နည်း။ ထိုသည်က လုံးဝ မယုံကြည်ချင်စရာပင်။
ချီးရွှမ်ဂိုဏ်းဘက်ခြမ်း၌ ဂိုဏ်းချုပ်ဝမ်နှင့်မီးခိုးရောင်ဝတ်စုံသိုင်းဦးလေးတို့ အပါအဝင် အားလုံးသည် အံ့အားသင့်မိ၊ တချိန်တည်းမှာ စိတ်သက်သာရ ရမိသွားသည်။
ဝမ်ကြွယ်ချူးက ကျေနပ်အားရနေမိ၏။ သူသည် ဟန်လိကို ဒီအသေအကြေတိုက်ပွဲ၌ ပါဝင်ခွင့် ပြုခဲ့သည့်အပေါ် ခုမှ ဝမ်းပန်းတသာ ဖြစ်မိတော့သည်။ ချီးရွှမ်ဂိုဏ်း၏ ရှင်သန်နိုင်ရေးသည် ထိုဆန်းကြယ်သော သမားတော်ဟန်လိအပေါ်၌ မှီခိုနေပြီ မဟုတ်လား။
လီဖေးယွီသည် ဟန်လိ့အကြောင်းကို သိသည်။ သူသည် သူ့သူငယ်ချင်းကောင်းက ထူးချွန်သည်ကို သိသော်လည်း အင်မောတယ်တစ်ယောက်၏ ဓားပျံကို ဖမ်းယူနိုင်စွမ်းရှိလိမ့်မည်ဟု အိပ်မက်ပင် မမက်ဖူးပေ။ သူ လုံးဝ တအံ့တဩ ဖြစ်သွားမိသည်။
ဟန်လိ၏ လုပ်ဆောင်မှုက ကျန်းရွှယ်အာ၊ အကြီးအကဲလီနှင့် ဆန့်ကျင်ဘက်ရန်သူဖြစ်သည့် ကျားထန်လုံတို့ကိုပါ မျက်လုံးမျက်ဆန်ပြူးသွားစေ၏။ ဆွံ့အသွားစေ၏။
ဟန်လိထံ အကြည့်မျိုးစုံ ကျရောက်လာသည်။ ထိုအကြည့်များထဲ၌ ကြောက်ရွံ့မှု၊ သံသယ၊ အံ့အားသင့်မှု စသဖြင့် ခံစားချက်မျိုးစုံ ပါဝင်သည်။ ဟန်လိက အေးအေးဆေးပင် တချိန်လုံး ပြုံးနေ၏။ သူသည် ထိုသူအားလုံး၏ အကြည့်များကို အနည်းငယ်မျှပင် အရေးမစိုက်ပုံ ရသည်။
သို့သော် သူ၏ တည်ငြိမ်နေသော အသွင်ဟန်ပန်အော်က၌ သူ့စိတ်မှာ ဖိစီးမှု ပြည့်နှက်နေသည်ကို မည်သူမျှ မသိကြပေ။
မိုးကောင်းကင်ကသာ ဟန်လိသည် ထိုသို့ မလှုပ်ရှားချင်သည်ကို သိနိုင်ပေလိမ့်မည်။ သူ့မူလအစီအစဉ်မှာ လူပုက သူ့ရွှေရောင်အရံအတားကို ရုတ်သိမ်းချိန်၌ အလစ်တိုက်ခိုက်မည်ဟု ကြံရွယ်ထားခဲ့တာပင်။
သို့သော် ဟန်လိသည် မီးခိုးရောင်အလင်းတန်း ပျံသန်းပုံကို တွေ့မြင်နေရကာ သူ့အနေဖြင့် စိတ်ထဲ၌ မရိုးမရွ ဖြစ်လာပြီး သူ ကျင့်ကြံခဲ့ဖူးသော ရွှေ့ပြောင်းခြင်းပညာရပ်ကို အလိုလို အသုံးပြုလိုက်မိတာ ဖြစ်၏။ ရလဒ်အနေဖြင့် သူသည် လူပု၏ မီးခိုးရောင်အလင်းတန်းကို လွယ်လင့်တကူ ယူဆောင်နိုင်ခဲ့ပေသည်။
ထိုသည်ကို သူ ကိုယ်တိုင်လည်း မမျှော်လင့်ထားမိခဲ့ပေ။
တဖက်တွင် ဟန်လိက ရန်သူ့ လက်နက်ရတနာကို အလွယ်တကူ ယူဆောင်နိုင်ခဲ့၍ စိတ်ထဲ၌ ကြိတ်၍ ကျေနပ်မိသည်။ တခြားတဖက်တွင် သူသည် ရွေးချယ်စရာ မရှိတော့ဘဲ လူပုနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည်။
ဟန်လိသည် သူ့အနေဖြင့် ရန်သူ၏ ရွှေရောင်အရံအတားကို ချိုးဖျက်နိုင်ဖို့ လုံလောက်သော အင်အား မပိုင်ဆိုင်ထားသည်ကို ကောင်းကောင်း နားလည်သည်။ သည်လူပုနှင့် ထိပ်တိုက်တွေ့ရာ၌ သူ့အတွက် အားသာချက် ရှိသည်မှာ သူ့မှော်စွမ်းအားက ရန်သူ့ထက် သာလွန်နေခြင်းပင်။
တကယ်တော့ အပြင်ပိုင်းတွင်မူ ဟန်လိ၏မျက်နှာထက်၌ မသက်မသာဖြစ်မှုကို အရိပ်အယောင်ပင် မမြင်ရပေ။ သူက လူတစ်ယောက်သည် စိတ်ပိုင်းဆိုင်ရာ အသာစီး ယူထားပါက အစစ်အမှန်တိုက်ခိုက်မှုတွင် အကျိုးရရှိနိုင်သည်ကို ကောင်းကောင်း သိနေသောကြောင့်ပင်။ ထို့ကြောင့် သူက တွန့်ဆုတ်သည့်အမူဟန်ပန် လုံးဝ မပြသခြင်းပင်။ ယင်းမှာ သူ မျက်တခတ်ဓားပညာရပ်၏ ညွှန်ကြားချက်များကနေ သိရှိခဲ့သော လှည့်ကွက်တစ်ခု ဖြစ်၏။
ထို့အတွက်ကြောင့် လူပုကို ရန်သူအဖြစ် သတ်မှတ်ပြီးသည့်နောက် ဟန်လိသည် တဖက်လူကို သူ့အင်္ကျီလက်အိုးအတွင်း၌ ဝှက်ဖဲတချပ် ကိုင်ထားသော ပုံစံ အထင်ရောက်စေခြင်းပင်။
သူသည် အစောလေးက သူ ရယူခဲ့သော ရတနာကို လက်ထဲ၌ သက်တောင့်သက်သာ ဟိုဟိုဒီဒီ မြှောက်ပစ်နေ၏။ မီးခိုးရောင်အလင်းတန်းသည် အစွမ်းသတ္တိကျန်နေသေးကာ ၎င်း၏အရှည်ကို ဆုံးဖြတ်၍ မရသလို၊ ၎င်း၏ပုံစံအမှန်ကိုလည်း ရှင်းရှင်းလင်းလင်း မမြင်ရသေးပေ။
ဟန်လိက ခေါင်းမော့ကာ ဖြူဖပ်ဖြူရော ဖြစ်နေသော လူပုကို လှမ်းကြည့်သည်။ သူက လက်ထဲရှိ မီးခိုးရောင်အလင်းတန်းကို ညင်ညင်သာသာ ပွတ်သပ်လိုက်၏။ မီးခိုးရောင်အလင်းတန်း၏ တောက်ပမှုသည် ချက်ခြင်း မှိန်ဖျော့ကာ ၎င်း၏ပုံစံအမှန် ပေါ်လာသည်။ အမှန်တကယ်တော့ ၎င်းသည် တာအိုစက္ကူအဆောင်တစ်ခု ဖြစ်၏။ မီးခိုးရောင်ဓားငယ်တစ်လက်၏ ရုပ်ပုံကို ထိုအဆောင်ပေါ်၌ ရေးဆွဲထားသည်။
ထိုအဆောင်ပေါ်ရှိ သေးငယ်လှသောဓားကို ရေးဆွဲထားသည်မှာ အသက်ဝင်လှပြီး အစစ်အမှန်ဆန်လှ၏။ ထို့အပြင် မည်သည့်စွမ်းအားကိုမျှ အသုံးမပြုထားသော်လည်း ၎င်းဓားငယ်ရုပ်ပုံက ကိုယ်ပိုင်အလင်း ခပ်ဖျော့ဖျော့ကို ထုတ်လွှတ်နေပြီး အေးစက်စက်အရှိန်အဝါကို ပေးစွမ်းသည်။
ဟန်လိသည် ဆန်းကြယ်သော ၎င်း၏ စွမ်းအားကိုလည်း အစောပိုင်းတုန်းက တွေ့မြင်ခဲ့ဖူး၍ သူ့အနေဖြင့် ကျေနပ်မိနေသည်။ တကယ်တော့ ၎င်းအဆောင်၏ ကြမ်းတမ်းမှုကို သူ ကိုယ်ပိုင်မျက်လုံးဖြင့် တွေ့မြင်ခဲ့ရသည် မဟုတ်လား။ သူက ၎င်းအဆောင်မှာ နောက်ပိုင်း၌ သူ့အတွက် အတော်လေး အသုံးတည့်မည်ဟု ထင်၏။
ဟန်လိသည် ထိုအဆောင်ကို သူ့ရင်ဘက်ထဲသို့ ထည့်သိမ်းထားလိုက်၏။ သူသည် ၎င်းကို အရင်ပိုင်ရှင်ရှေ့၌ အသုံးမပြုဝံ့ပါ။ ထိုအဆောင်နှင့် ပတ်သတ်၍ သူ့ရန်သူထံ၌ လှည့်ကွက်တစ်ခုခု ရှိနေ၊မရှိနေကို မည်သူက သိပါ့မည်နည်း။ ထို့အပြင် သူသည် ရွှေ့ပြောင်းခြင်းပညာရပ်နှင့် ပတ်သတ်၍ အကျွမ်းတကျင် မရှိသေးပါ။ သူက ၎င်းပညာရပ်ကို သင့်တော်သော အရာဝတ္ထုပေါ်၌ လုံးဝ မလေ့ကျင့်ခဲ့ဖူးပေ။ သူက အခုချိန်၌ ၎င်းအဆောင်ကို အသုံးပြု၍ တိုက်ခိုက်လျှင်လည်း တဖက်လူအပေါ် သက်ရောက်မှု သိပ်ရှိလိမ့်မည်ဟု မဟုတ်ဟုလည်း ထင်သည်။
ဟန်လိနှင့် မျက်နှာချင်းဆိုင်ရှိ ဘုန်းကြီးလူပုသည် သူ့ရတနာကို ဟန်လိက အလွယ်တကူ သိမ်းဆည်းယူသွားသည်အား အကူအညီမဲ့စွာ ကြည့်နေရသည်။ သူသည် ဒေါသပုန်ထိမိသည်သာ။ သို့သော် သူက ရှေ့သို့ တက်လှမ်း၍ တိုက်ခိုက်ရန် သတ္တိရှိမနေပေ။ တဖက်သူက သူ့အဆောင်ကို အလွယ်တကူ ယူဆောင်သွားသည့်အတွက် သူ့ထက် မှော်စွမ်းအားအရာတွင် သာလွန်နေတာ သူ သိ၏။ သူသည် ဟန်လိကို ဆန့်ကျင်တိုက်ခိုက်ဖို့ အမှန်တကယ် မဝံ့ရဲ ဖြစ်နေသည်။
ဟန်လိက ဘုန်းကြီးလူပုက အခဲမကျေဖြစ်ကာ ဒေါသပုန်ထနေသည်ကို မြင်၏။ သို့သော် ဟန်လိကိုယ်တိုင်မှာလည်း ဒီကိစ္စကို ခုလောက်နှင့် ပြီးချင်နေသည်ကိုမူ မည်သူကမျှ မသိပေ။
နောက်ဆုံး၌ ဟန်လိက မြေခွေးတစ်ကောင်က ကျားတစ်ကောင်အဖြစ် ဟန်ဆောင်လိုက်မည်ဟု ဆုံးဖြတ်ကာ နန်းတွင်းပျံသန်းခြင်းပညာရပ်ကို အသုံးပြုလိုက်သည်။ သူ့ပုံရိပ်က လှစ်ခနဲ ပေါ်လိုက်ပျောက်လိုက် ဖြစ်သွားပြီး ဘုန်းကြီးလူပုရှေ့ ရောက်လာ၏။
ဟန်လိ၏ လှုပ်ရှားမှုကို မြင်သည့်အခါ ဘုန်းကြီးလူပုသည် ပို၍ ကြောက်သွားသည်။ သူက နောက်သို့ပင် ခြေလှမ်းအနည်းငယ် ဆုတ်မိကာ လေပြေထိုး စကားဆိုလာ၏။ “မင်း ဘာလုပ်မလို့လဲ။ ကျုပ်က ဒီဒေသရဲ့ ရင်းမြစ်တွေကို ယူဆောင်သိမ်းပိုက်ခဲ့တာလည်း မရှိဘူး။ တခြား စိတ်ဝိညာဉ်ဆေးပင်တွေနဲ့ အင်မောတယ်ဆေးလုံးတွေကို ယူဆောင်ခဲ့တာလည်း မရှိဘူး။ ကျုပ်အနေနဲ့ သေမျိုးအနည်းငယ်ရဲ့ ရွှေကို လက်ခံခဲ့ရုံပဲ။ ဒီထက်ပိုပြီး အပြစ်ကျူးလွန်ခဲ့တာ မရှိဘူး။ ဒါ့ကြောင့် မင်း ကျုပ်ကို သတ်ပိုင်ခွင့် မရှိဘူး…”
ထိုစကားများကို ကြားသည့်အခါ ဟန်လိသည် ကြိတ်၍ စိတ်သက်သာရာ ရသွားသည်။ သူက ရန်သူသည် သူ့ကို အင်မောတယ်ကျင့်ကြံခြင်းဂိုဏ်းတစ်ခုခု၏ ကိုယ်စားပြုသူဟု အထင်အမြင်မှားနေတာကို သိလိုက်သည်။ သူ့ယုံကြည်မှုက အနည်းငယ် မြင့်တက်လာသည်။ သူက ခပ်ရေးရေး ပြုံးကာ ဆန်းကြယ်သောနောက်ခံရှိဟန်ဖြင့် မေးလိုက်သည်။ “ခင်ဗျား ဘယ်သူဘယ်ဝါမှန်း ကျုပ် မသိဘူး။ ခင်ဗျားက ဘာကြောင့် သေမျိုးတွေရဲ့ ကိစ္စမှာ ပါဝင်နှောက်ယှက်ရတာလဲ။ ဒါက ကျုပ်ဂိုဏ်းကို ခက်ခဲစေတယ်...”
ဟန်လိ၏ သိပ်မပြင်းထန်သော စကားများနှင့် သူ့အပေါ် တိုက်ခိုက်ရန်ပြုချင်စိတ် ကင်းမဲ့သည်ကို သတိပြုမိကာ ဘုန်းကြီးလူပုသည် ချက်ခြင်း စိတ်ဓာတ်ပြန်တက်ကြွလာသည်။
သူက မျက်လုံးကစားကာ ချီတုံချတုံဟန်ဖြင့် ဝေ့လည်ကြောင်ပတ် ပြန်ပြောလိုက်သည်။ “ကျုပ်က ချင်းရီတောင်တန်း၊ ရီဂိုဏ်းက တပည့်တစ်ယောက်ပဲ။ ကျုပ် ခရီးသွားဟန်လွဲ ဒီဒေသကို ဖြတ်သန်းလာခဲ့တာ။ ဒါပေမဲ့ ဝံပုလွေရိုင်းဂိုဏ်းခေါင်းဆောင်နဲ့ ကျုပ်က မိတ်ဆွေဟောင်း ဖြစ်ခဲ့ဖူးတာကြောင့် သူ့တောင်းဆိုမှုကို ငြင်းဆိုဖို့ မသင့်တဲ့အတွက် ကူညီပေးဖို့ ဆုံးဖြတ်ခဲ့တာပဲ။ ဒါပေမဲ့ ကျုပ်အနေနဲ့ ခင်ဗျားရဲ့ ဂိုဏ်းကို စော်ကားဖို့ စိတ်ကူး မရှိခဲ့ပါဘူး။ ညီကို…ခင်ဗျား ကျုပ်ကို ခွင့်လွှတ်ပေးဖို့ မျှော်လင့်ပါတယ်။ ဒါနဲ့ ခင်ဗျားရဲ့ ဂိုဏ်းအမည်က ဘာများပါလဲ။ အနာဂတ်မှာ ဒီနိမ့်ကျတဲ့သူက အခုလို စော်ကားမိသလို ဖြစ်တဲ့ ကိစ္စအတွက် တောင်းပန်ဖို့ ခင်ဗျားဂိုဏ်းဆီ ကျိန်းသေပေါက် လာလည်ပါ့မယ်…”