← Chapters

ပြတ်ပြတ်သားသားအနိုင်ရခြင်း

Vol. 7 Ch. 94

ပြတ်ပြတ်သားသားအနိုင်ရခြင်း

Vol. 7 Ch. 94

ဟန်လိသည် လူပုထံမှ ထိုပစ္စည်းသုံးခုကို ရခဲ့သော်လည်း ၎င်းတို့ကို ချက်ခြင်း အသုံးပြုနိုင်စွမ်း သူ့ထံ၌ ရှိမနေပေ။ သို့ပေမည့် ဟန်လိသည် ယဉ်ကျေးမနေဘဲ ယင်းတို့ကို သိမ်းဆည်းလိုက်သည်သာ။

ထို့နောက် ဟန်လိသည် သူ့ဝတ်စုံပေါ်ရှိ ဖုန်များကို ဖုတ်ဖပ်ခါလိုက်သည်။ သူက ကျားထျန်လုံနှင့် ဝံပုလွေရိုင်းဂိုဏ်းမှ ကျန်သည့်သူများထံ ပြုံးတုံ့မပြုံးတုံ့ဟန်ဖြင့် လှမ်းကြည့်၏။

“ခင်ဗျားတို့ ကိုယ့်သွေးကြောတွေကို ကိုင်တိုင် ဖျက်စီးမလား၊ ဒါမှမဟုတ် ကျုပ်ကိုယ်တိုင် လုပ်ပေးရမလား…” ဟန်လိ၏ လေသံက ယဉ်ကျေးနေ၏။ သို့သော် သူ့စကားလုံးများ၏ အဓိပ္ပာယ်ကမူ ဝံပုလွေရိုင်းဂိုဏ်းကို အနည်းငယ်မျှပင် မျက်နှာသာ မပေးပေ။

ထိုစကားများကို ကြားသည့်အခါ ကျားထျန်လုံသည် အလွန်တရာအေးစက်သော ခံစားချက်က သူ့ခန္ဓာကိုယ်ထဲ ထွင်းဖောက်ဝင်လာသည်ဟု ခံစားမိ၏။ သူ့မျက်နှာမှာလည်း အေးစက်တောင့်တင်းသွားသည်။

သူသည် သူ့ကိုယ်သူ တည်ငြိမ်အောင် အတင်းအကြပ် သတိပေးနေ၏။ ဟန်လိကို ရင်ဆိုင်ဖို့ နည်းလမ်းတစ်ခု ရှိလိမ့်မည်ဟု သူ့ကိုယ်သူ သတိပေးနေသည်။ သို့သော် သူ့နှဖူးထက်တွင်မူ ချွေးစေးပြန်နေလေပြီ။ ကျားထျန်လုံက အတင်းလုပ်ယူပြုံး၏။ ခုလက်ရှိ၌ သူ့အသားအရေမှာ လွန်စွာ ဖြူရောနေပြီကို မှန်ကြည့်ဖို့ပင် မလိုဘဲ သူ့ကိုယ်သူ သိနေသည်။

အားတင်းကာ သူက ခေါင်းလှည့်၍ ဝံပုလွေရိုင်းဂိုဏ်းမှ လူတိုင်းကို လှည့်ကြည့်သည်။ သူက သူ့လူများ၏ အသားအရေမှာလည်း ဖြူရောနေပြီကို တွေ့ရှိသည်။ သူတို့အားလုံးမှာ ကြောက်လန့်နေကြပေပြီ။ ထိုသူများသည် မည်သို့လုပ်ရမည်ကိုပင် မသိဖြစ်နေသည်။ သူတို့၏ အလန့်တကြား ဖြစ်နေသော မျက်လုံးများထဲ၌ တိုက်ခိုက်ချင်စိတ် တစိုးတစိကိုပင် ရှာမတွေ့ပေ။

ကျားထျန်လုံမှာ စိတ်ဓာတ်ကျသွား၏။ သူက ချီးရွှမ်ဂိုဏ်းဘက်သို့ ပြန်လှည့်ကြည့်သည်။ ထိုအခါ သူ့ကို သတ်ဖြတ်လိုစိတ်ဖြင့် အေးစက်စက် လှမ်းကြည့်နေသော ဝမ်ကြွယ်ချူးကို သူ မြင်သည်။ ကျန်ချီးရွှမ်ဂိုဏ်းဝင်များ၏ အမူအရာ၌လည်း မုန်းတီးစိတ်၊ လက်စားချေလိုစိတ်တို့ ပြည့်နေသည်။

ကျားထျန်လုံသည် တိုက်ပွဲကွင်းအပြင်ဘက်သို့ အလိုလို လှမ်းကြည့်မိသည်။ အစောပိုင်းတုန်းက သူ့လက်အောက် ဂိုဏ်းငယ်များမှ လူအများစုသည် မထင်မှတ်စွာဖြင့် ရွှင်မြူးနေပုံ ပေါက်နေကြ၏။ သူတို့သည် တစ်ယောက်နှင့်တစ်ယောက် တီးတိုးစကားဆိုကာ ကျားထျန်လုံ၏ ကံဆိုးမှုကို ကျေနပ်နေတာ ထင်ရှားသည်။

“ကျုပ် လက်မခံနိုင်ဘူး။ ကျုပ်တို့ ဒီမှာ သေတာ၊ရှင်တာကို ကျုပ်တို့ဘာသာ ဆုံးဖြတ်မယ်။ ကျုပ်တို့ ရှင်သန်လိမ့်မယ်။ ကျုပ်တို့ရဲ့ ရည်မှန်းချက် ပြီးမြောက်အောင် ဆက်တိုက်ခိုက်မယ်…” ရုတ်တရက် ကျားထျန်လုံ၏ မျက်လုံးထဲတွင် ရူးသွပ်မှု ဖြတ်ပြေးသွားသည်။

“ငါ့ကောင်တွေ…လာစမ်း၊ သံသက်တော်စောင့်တွေ..ရှေ့တိုးပြီး မင်းတို့ရဲ့ ဒူးလေးတွေကို အသင့်ပြင်ကြ။ ကျန်တဲ့သူတွေလည်း ငါ့ အမိန့်ကို စောင့်နေကြ…” ကျားထျန်လုံသည် အတွင်းအားအပြည့်အဝဖြင့် ကျယ်လောင်စွာ အော်ဟစ်ကာ အမိန့်ပေးလာသည်။

သူသည် ခေါင်းဆောင်တစ်ယောက် ပီသပေသည်။ အသေအကြေတိုက်ပွဲ၌ ပါဝင်သော သူ့လူများသည် အစောပိုင်းတုန်းက လက်လျှော့ကာ စဉ်းစားဉာဏ်များပါ ကင်းမဲ့နေလျှင်ပင် သူ၏ အော်ဟစ်အမိန့်ပေးသံ၌ ခွန်အားအပြည့် ပါဝင်နေသည်။ ထိုအခါ သူ့လူများသည် အိပ်မက်ကနေ နိုးလာသည့်အလား စိတ်ဓာတ်ပြန်တက်ကြွလာ၏။ ထိုအခါ အသေအကြေတိုက်ပွဲ၌ ဝင်ရောက်လာသည့် ဝံပုလွေရိုင်းဂိုဏ်းမှ သူများကော၊ ဂိုဏ်းငယ်လေးများမှ ကျွမ်းကျင်သူများပါ လက်သီးတင်းတင်းဆုပ်ကာ တိုက်ခိုက်ဖို့ ပြတ်သားလာချေသည်။

ဟန်လိသည် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ရေးတေးတေး လှောင်ပြောင်၏။ သူ့လက်နှစ်ဖက်ကို နောက်ပစ်လျက် သူသည် ကျားထျန်လုံထံ တလှမ်းချင်း လျှောက်လာသည်။

“ကြည့်ရတာ ငါ နောက်ထပ် နည်းနည်းလောက် လှုပ်ရှားရအုံးမယ့်ပုံပဲ…” ဟန်လိသည် ထိုသို့ တွေးကာ ရယ်မော၏။

“မြားပစ်ကြ…” သူ့ရန်သူက မြားရောက်သော အကွာအဝေးအတွင်း ဝင်လာသည်ကို မြင်သည့်အခါ ကျားထျန်လုံသည် သူ့ သွေ့ခြောက်နေသော နှုတ်ခမ်းများကို သပ်ကာ တုံ့ဆိုင်းခြင်းမရှိ အမိန့်ပေးသည်။

ချက်ခြင်းပင် သံမဏိမြားများသည် ဟန်လိထံ အကြမ်းပတမ်း တိုးဝင်လာကုန်သည်။

အံ့ချီးဖွယ်မြင်ကွင်းတစ်ခု ဖြစ်ပွား၏။ ကျားထျန်လုံသည် ဟန်လိက တိုးဝင်လာသော မြားများထံ တန်းတန်းမတ်မတ် ရင်ဆိုင်ပြီး ထိုလူငယ်သည် ကြောက်လန့်ဟန် လုံးဝ မပြသည်ကို တွေ့မြင်သည်။ ထို့အပြင် ဟန်လိက သူ့ကို ထူးဆန်းသောအပြုံးဖြင့်ပင် လှမ်းပြုံးပြသည်။ ထို့နောက် ဟန်လိ၏ ပုံရိပ်က ဝေဝါးသွား၏။ ချည်းကပ်လာသော မြားများသည် ဟန်လိ၏ ပုံရိပ်ကို အဆီးအတားမရှိ ဖြတ်ကျော်ကာ အကွာအဝေးတစ်ခုထံ ပျံသန်းသွားသည်။ ထိုစက္ကန့်ပိုင်းလေး၌ ဟန်လိ၏ ခန္ဓာကိုယ်သည် ဒြပ်မရှိတော့သည့်အလား။ တအောင့်အကြာတွင် သူ့ခန္ဓာကိုယ်သည် အကြိမ်အနည်းငယ် လှုပ်ခါကာ သဲလွန်စမရှိ ပျောက်ကွယ်သွားသည်။

ကျားထျန်လုံ၏ အသားအရေသည် ပြာနှမ်းသွား၏။ သူက သူ့ငယ်သားများကို ဂရုစိုက်ဖို့ ညွှန်ကြားလိုက်စဉ် ဟန်လိသည် သူတို့နှင့် ခြေလှမ်းဆယ့်နှစ်လမ်းခန့်တွင် ရုတ်တရက် ပေါ်လာသည်။

ကျားထျန်လုံ အမိန့်ပေးသည်ကို စောင့်မနေဘဲ သံသက်တော်စောင့်များသည် သူတို့၏ ဒူးလေးများဖြင့် ထပ်မံ ပစ်ခတ်သည်။ သည်တကြိမ်၌ မြားများနောက်တွင် ဓားတိုများ၊ လက်နက်ပုံးများပါ ဝဲပျံလိုက်ပါလာသည်။ ယင်းလက်နက်များသည် ပျားအုပ်သဖွယ် ဟန်လိထံ တိုးဝင်လာ၏။ ထိုသို့ တိုက်ခိုက်ပြီးနောက် သူတို့သည် တစ်ယောက်နှင့်တစ်ယောက် ကြောင်တောင်တောင်ဖြစ်ဟန်ဖြင့် ကြည့်မိကုန်သည်။ အကြောင်းမှာ သူတို့ရန်သူသည် သူတို့၏မြင်ကွင်း၌ မရှိလေဘဲ သဲလွန်စမရှိ ပျောက်ကွယ်သွား၍ပင်။

ကျားထျန်လုံက သတိအနေအထား ဖြစ်သွားစဉ် သူ့နောက်မှ နာကျင်စူးဝါးစွာ အော်ဟစ်သံကို ကြားလိုက်ရ၏။ သူက ချက်ခြင်း နောက်လှည့်ကြည့်သည်။

သူ့အနီးအနားမှ သံသက်တော်စောင့်နှစ်ယောက်သည် လူသားမီးလုံးများအဖြစ် ပြောင်းသွားသည်ကို သူ မြင်လိုက်ရ၏။ အစောပိုင်းတုန်းက ပျောက်ကွယ်သွားသော ဟန်လိက ထိုသက်တော်စောင့်နှစ်ယောက်၏ ခန္ဓာကိုယ်ကို သူ့လက်ဝါးဖြင့် ဖိချလိုက်တာ ဖြစ်၏။ သူ့လက်ဝါးကို ထိုသူတို့၏ ခန္ဓာကိုယ်မှ ပြန်ခွာချိန်၌ သံသက်တော်စောင့်နှစ်ယောက်မှာ ပြာဖြစ်သွားလေပြီ။ ဟန်လိက သူ့လက်ဝါးကို ပြန်ခွာချိန်၌ ကျားထျန်ဟုန်သည် ဟန်လိလက်ဖဝါးအလယ်၌ အနီရောင်အလင်းတန်းတစ်ခု လင်းလက်သွားသည်ကို တွေ့မြင်သည်။ သို့သော် သူသည် ဟန်လိက မည်သို့သော အံ့အားသင့်ဖွယ်ပညာရပ်ကို အသုံးပြုသည်အား မသိပေ။

ကျားထျန်လုံ တွေ့မြင်သည်မှာ သိုင်းပညာရပ်နှင့်စွမ်းအားပညာရပ်ကို ပြီးပြည့်စုံစွာ ပေါင်းစပ်အသုံးပြုလိုက်ခြင်းကိုသာ။ ဟန်လိလက်နှစ်ဖက်မှ တောက်ပနေသော အနီရောင်အလင်းတန်းသည် မီးလုံးပညာရပ်၏ သေးငယ်သောမီးလုံးပင်။

ဟန်လိသည် သူ့ခန္ဓာကိုယ်အနှံ့ စွမ်းအားကို ဖြည်းဖြည်းချင်း လှည့်ပတ်ကာ ထိုမီးလုံးငယ်များကို ယင်းတို့၏ မူလအရွယ်အစားသို့ ပြန်ရောက်စေသည်။ ထို့နောက် သူက ထပ်မံ ပျောက်ကွယ်ကာ လူအုပ်၏ တခြားအဆုံးတဖက်တွင် ချက်ခြင်း ပြန်ပေါ်လာသည်။ ထပ်မံ၍ နောက်ထပ်ဝံပုလွေရိုင်းဂိုဏ်းဝင်သည် လောင်ကျွမ်းခံရပြန်၏။

ဤသို့ဖြင့် ဟန်လိသည် ရန်သူအုပ်ထဲ၌ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေသည်။ သူ ပေါ်လာသည့်အခါတိုင်း တစ်ယောက်သတ်ပြီး ဖြစ်သည်။ သူ့လက်နှင့် ထိမိသော သူတိုင်းသည် ချက်ခြင်း လောင်ကျွမ်းပြာကျကာ လောကကနေ ပျောက်ကွယ်သွားရပေသည်။

ကျားထျန်လုံသည် စိတ်ဓာတ်အောက်ဆုံးထိ ထိုးကျမတတ် ဖြစ်နေလေပြီ။ သူ့အသားအရေမှာလည်း အလောင်းကောင်တစ်ကောင်အလား ပြာနှမ်းနေခဲ့ပြီ။

အချိန်တိုအတွင်း သူ့လူ တစ်ဝက်ကျော်သည် ဟန်လိလက်ချက်ကြောင့် အသက်ထွက်သွားခဲ့ပေပြီ။ ကျန်သည့်သူများမှာလည်း မလုံခြုံမှုကို ခံစားရသည်။ တစ်ယောက်ပြီးတစ်ယောက် နေရာအနှံ့သို့ ထွက်ပြေးကုန်သည်။ သို့သော် ရန်သူ၏ တစ္ဆေတစ်ကောင်နှယ် ခန္ဓာကိုယ်ရွှေ့လျားမှု ပညာရပ်နှင့် ရင်ဆိုင်ရသည့်အခါ ထိုသူများသည် သေဘေးမှ ပြေးမလွတ်နိုင်ကြတော့ချေ။

သူ၏ နောက်ဆုံးကျန်သော ငယ်သားတစ်ယောက် သေဆုံးသွားချိန်၌ ကျားထျန်လုံ၏ စိတ်ဓာတ်မှာ အဝီစီထိ ထိုးကျသွားခဲ့ပြီ ဖြစ်၏။ ဝံပုလွေရိုင်းဂိုဏ်း၏ခေါင်းဆောင်၊ ကျားထျန်လုံသည် လုံးဝ ထုံထိုင်းသွား၏။

သူက သူ့အနေဖြင့် မသေရသေးသည်မှာ ဟန်လိက သူ့ကို တမင် ချန်ထား၍သာ ဖြစ်မှန်း သိသည်။ သို့ပေမည့် ခုခါ၌ သူ တစ်ယောက်သာ ကျန်တော့၏။ သေခြင်းတရားက သူ့ထံ ရောက်လာတော့မည်သာ။

ဟန်လိက ကျားထျန်လုံကို ထပ်မံ၍ အချိန် မပေးတော့ပေ။ သူက ကျားထျန်လုံ၏ နောက်ဆုံးငယ်သားကို သတ်ဖြတ်ပြီးနောက် တုံ့ဆိုင်းမနေဘဲ ကျားထျန်လုံ၏နောက်တွင် ပေါ်လာသည်။ ဟန်လိသည် ကျားထျန်လုံကို မီးလုံးအဖြစ်သို့ ပြောင်းပေးလိုက်၏။

ကျားထျန်လုံသည် နောင်ဘဝသို့ ကူးသွာပြီးနောက် ဟန်လိက သူ့လက်နှစ်ဖက်ကို ပွတ်သပ်ကာ တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်၏။ “လူအများကြီး သတ်ပစ်ရတာက သိပ်ခက်တဲ့ ကိစ္စမဟုတ်ဘူး။ ငါ ပြောခဲ့သလို မင်းတို့ဘာသာ သတ်သေခဲ့တာက ပိုတောင် ကောင်းလိမ့်အုံးမယ်။ ခုလောက်ထိ ဝေဒနာ မခံစားရတော့ဘူးပေါ့။ ဒါပေမဲ့ ခုတော့ ငါ ကိုယ်တိုင် လှုပ်ရှားခဲ့ရပြီ...။ ဒီတော့ မီးလောင်တိုက်ခံရတာဟာ ခံစားလို့ မကောင်းတာ မင်းတို့ သိသွားလောက်မှာပါ…”

All Chapters