← Chapters

မီးနတ်ဆိုးအဖြစ် အမည်တွင်လေပြီ

Vol. 7 Ch. 95

မီးနတ်ဆိုးအဖြစ် အမည်တွင်လေပြီ

Vol. 7 Ch. 95

ဟန်လိက ခေါင်းမော့ကာ တိုက်ပွဲကွင်း အပြင်သို့ စိုက်ကြည့်သည်။ ချီးရွှမ်ဂိုဏ်းမှ လူများဖြစ်စေ၊ ဝံပုလွေရိုင်းဂိုဏ်းမှ လူများဖြစ်‌စေ သူတို့အားလုံး၏ မျက်နှာထက်၌ သွေးရောင် မရှိတော့ပေ။ သူတို့က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိကုန်၏။ သူတို့၏ အမူအရာများတွင် ကြောက်ရွှံ့မှု အထင်းသား ပေါ်နေသည်။

ဓားပျံကို အလွယ်တကူ ဖမ်းယူခြင်း၊ ဘုန်းကြီးလူပုကို သတ်ဖြတ်ခြင်း၊ ကျားထျန်လုံ၏ သက်တော်စောင့်ဆယ်ယောက်ကို ပြာဖြစ်သည့်အထိ မီးတိုက်ပစ်ခြင်း။ ထိုအပြုအမူများအားလုံးက ဟန်လိသည် ဘုန်းကြီးလူပုကဲ့သို့ အင်မောတယ်ကျင့်ကြံသူတစ်ယောက်ဟု ပြသနေ၏။ ထို့အပြင် သူသည် အကြင်နာကင်းမဲ့ကာ ရက်စက်တတ်တာ ထင်ရှား၏။ သူ၏နည်းလမ်းများက ဘုန်းကြီးလူပုထက်ပင် သွေးအေးကာ ရက်စက်သေးသည်။

ထို့ကြောင့် သူ့အကြည့် ကျရောက်လာသည့်အခါ သူ့အကြည့်အောက်ရှိ လူတိုင်းသည် ခေါင်းငုံ့ကုန်၏။ မည်သူကမျှ သူနှင့် အကြည့်ချင်း မဆုံဝံ့ကြပေ။ ခုလက်ရှိ၌ ဟန်လိသည် လူတိုင်းအတွက် အကြောက်တရား သွင်းပေးသူကြီး ဖြစ်နေ၏။

“ခုထိ ထွက်မသွားသေးဘူးလား။ မင်းတို့က ဒီတောင်ပေါ်မှ နေပြီး ငါ လိုက်ပို့ပေးတာကို ခံချင်တာလား…” ဟန်လိသည် ဝံပုလွေရိုင်းဂိုဏ်းဘက်မှ သူများထံ လှမ်းကြည့်၍ အေးစက်စက် ပြောလိုက်သည်။

သူ၏အသံကို ကျယ်သည်ဟု မဆိုသာ။ သို့သော် နေဝင်တောင်ထွတ်ပေါ်တွင် ခုလက်ရှိ ရှိနေသော လူထောင်ချီသည် သူ့စကားသံကို ရှင်းရှင်းလင်းလင်း ကြားရ၏။ သူတို့အားလုံး အထိတ်တလန့်ဖြစ်ကာ ပြာယာခတ်သွားသည်။

“မြန်မြန်…ထွက်ပြေးကြမယ်။ ကျုပ်တို့သာ ဒီမှာ ဆက်တွယ်ကပ်နေရင် သေတဲ့အထိ မီးလောင်တိုက်ခံရလိမ့်မယ်…” မည်သူက စအော်လိုက်သည် မသိရပေ။

ဝံပုလွေရိုင်းဂိုဏ်းနှင့် ဂိုဏ်းငယ်များမှ ကျန်သည့် ကျူးကျော်လာသူများအားလုံးသည် ဖရိုဖရဲ၊ ကမောက်ကမ ဖြစ်ကာ တစ်ယောက်နှင့်တစ်ယောက် တွန်းထိုးမိပြီး တောင်ပေါ်ကနေ အရင်ဆုံး ပြေးနိုင်ဖို့ ကြိုးစားကြတော့သည်။ ထိုလူအုပ်တန်းကြီးက ကျဉ်းမြောင်းသော တောင်ပေါ်လမ်းထံ ဝရောသုန်းကား တိုးဝေ့ပြေးကြသဖြင့် ဒဏ်ရာရသူများကရ တချို့ဆို လူပိ၍ပင် သေကုန်သည်။

တအောင့်အကြာ၌ နေဝင်တောင်ထွတ်တွင် ချီးရွှမ်ဂိုဏ်းဝင်များသာ ကျန်ခဲ့တော့၏။

ဝမ်ကြွယ်ချူးသည် အံ့အားသင့်တုန်လှုပ်မိသလို ကျေနပ်မှုလည်း ဖြစ်ပေါ်နေ၏။ သူ့ဂိုဏ်း ရင်ဆိုင်နေရသော အန္တရာယ်သည် သည်မျှအလွယ်တကူ ပြီးသွားလိမ့်မည်ဟု သူ လုံးဝ မထင်ထားမိခဲ့ပေ။ သို့သော် သူ့စိတ်ထဲ၌ ပျော်ရွှင်ရမည့်အစား ဝန်လေးနေမိ၏။

ဟန်လိသည် သူတို့၏ ကပ်ဘေးကို အလွယ်တကူ ဖြေရှင်းပေးနိုင်သလို သူတို့အပေါ်၌လည်း ဖိအား ဖြစ်စေနိုင်သူ မဟုတ်လား။ သူ့အနေဖြင့် ချီးရွှမ်ဂိုဏ်းကို ဝံပုလွေဂိုဏ်းကဲ့သို့ ဖျက်စီးပစ်နိုင်စွမ်း ရှိနေပေသည်။

ဂိုဏ်းချုပ်ဝမ်က ထိုသို့ တွေးမိကာ ခုလေးတင်စိတ်အေးမိ၊အခု တဖန် စိတ်ပြန်ပူမိသည်။ သူ့အကြည့်က တိုက်ပွဲကွင်းအလယ်ထံ အလိုလို ကျရောက်သွား၏။

“အယ်…သမားတော်ဟန် ဘယ်ရောက်သွားတာလဲ…” ဂိုဏ်းချုပ်ဝမ်က လေအေးတချက် ရှိုက်သွင်းမိ၏။ အစောပိုင်းတုန်းက မဖြိုလဲနိုင်သော ကျွမ်းကျင်သူဟန်လိက အခု သဲလွန်စမရှိ ပျောက်ကွယ်သွားလေပြီ။

“တယောက်ယောက်များ သမားတော်ဟန်ကို တွေ့မိကြသေးလား..” ဝမ်ကြွယ်ချူးက အလျင်စလို မေးသည်။

“မတွေ့မိပါဘူး…”

“သတိ မထားလိုက်မိပါဘူး…”

……..

လူတိုင်းနီးပါးသည် ဟန်လိ မည်သည့်နေရာသို့ ရောက်သွားသည်ကို မပြောတတ်၊မပြောနိုင် ဖြစ်ကြ၏။ သို့သော် ထိုသည်က မျှော်လင့်၍ရသည်။ တကယ်တော့ သူတို့၏ အာရုံက သူ့ရန်သူအပေါ် မီးလောင်တိုက်ပစ်သော ဟန်လိ၏ နည်းလမ်းပေါ်၌ ရောက်နေကြသည် မဟုတ်လား။ ထို့အပြင် သည်လိုမွန်းစတားကို မည်သူက စိုက်ကြည့်နေဝံ့ပါ့မည်နည်း။ သူ၏ တစ္ဆေကဲ့သို့ လှုပ်ရှားမှု ပညာရပ်ကြောင့် ဟန်လိသာ သူတို့ကို သူ့နောက် ခြေရာမခံမိစေချင်ပါက ထိုသို့ပြုလုပ်ရန် လွယ်ကူလွန်းပေသည်။

“သူ့ကို ရှာဖို့ မလိုတော့ဘူး။ သူ လူအုပ်ကြား ရောပြီး နေဝင်တောင်ထွတ်ကနေ ထွက်သွားတာ ကျုပ် မြင်ခဲ့ပြီးပြီ…” မီးခိုးရောင်ဝတ်စုံနှင့်သိုင်းဦးလေးက ထိုသို့ ဆို၏။

“သူ ထွက်သွားပြီလား။ သူ ဘယ်ကို သွားတာလဲ…” ဂိုဏ်းချုပ်ဝမ်၏ မျက်နှာထက်တွင် စိတ်ရှုပ်ထွေးဟန် ဖြစ်ပေါ်နေ၏။ သူက ခါးသီးစွာ ပြုံး၍ တကိုယ်တည်း ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။

သူက ဘေးပတ်လည်သို့ ကြည့်လိုက်ပြီး သူ့အကြည့်က လူတစ်ယောက်ထံ ကျရောက်သွားသည်။ ဝမ်ကြွယ်ချူး၏ မျက်လုံးက ရုတ်တရက် တောက်ပသွားကာ သူက နှုတ်ခမ်းတွန့်ကွေးကာ ပြုံးမိ၏။

ခုချိန်၌ လီဖေးယွီသည် ကျန်းရွှယ်အာနှင့် စိတ်လှုပ်တရှား စကားပြောနေ၏။ သူ့သူငယ်ချင်းဖြစ်သူဟန်လိက သူ့ကိုယ်သူ အစွမ်းထက်သူအဖြစ် ထုတ်ပြခဲ့သည့်အတွက်ကြောင့် အခုအခါ လီဖေးယွီသည် တချို့သူများ၏ အာရုံစိုက်စရာ ဖြစ်လာခဲ့သည်။ ထိုသည်ကို သူက သတိမပြုမိပေ။

ထိုသို့ဖြင့် ဝံပုလွေရိုင်းဂိုဏ်းနှင့် ကျန်သည့်ကျူးကျော်သူများသည် ကောင်းကင်သက်တန့်တောင်ကနေ အလျင်အမြန် ပြန်ဆုတ်လာကြ၏။ သူတို့သည် မြင်းများကို ကဆုန်ပေါက် စီးနင်းကာ ညကြီးမင်းကြီး ချီးရွှမ်ဂိုဏ်း နယ်နိမိတ်ကနေ အသည်းအသန် ထွက်ပြေးကြသည်။ ချီးရွှမ်ဂိုဏ်း၏ ထိပ်ပိုင်းပုဂ္ဂိုလ်များ ထိခိုက်ခဲ့ရသဖြင့် ဂိုဏ်းချုပ်ဝမ်သည် နောက်ဆုတ်ပြေးသော ကျူးကျော်သူများနောက်သို့ သူ့လူများကို မလိုက်ခိုင်းတော့ပေ။

သည်နေ့မှာ နေ့တာ ရှည်လွန်းခဲ့၏။ သည်နေ့ ကုန်လွန်သည်နှင့် ဝံပုလွေရိုင်းဂိုဏ်းနှင့် ချီးရွှမ်ဂိုဏ်းနှစ်ခုစလုံးသည် သူတို့၏ ဆိုင်ရာဂိုဏ်းအလံများကို ချကာ အတိုက်အခိုက်များ ရပ်စဲ၍ သူတို့၏ ဆုံးရှုံးမှုများကနေ အားပြန်မွေးရလိမ့်မည်။

သည်တကြိမ်၌ နှစ်ဖက်ဂိုဏ်းနှစ်ခုကြား တိုက်ပွဲသည် အလှည့်အပြောင်းများလွန်းခဲ့သည်။ ဒီနောက်ပိုင်း၌ ဒဏ္ဌာရီလာအင်မောတယ်တစ်ယောက်၏ အကြောင်း၊ သူ၏ နတ်ဆိုးဆန်သောပုံရိပ်အကြောင်းမှာ ဂိုဏ်းများကြား ထိပ်ပိုင်းဆွေးနွေးစရာ ခေါင်းစီး ဖြစ်လာပေလိမ့်မည်။ ထိုဇာတ်လမ်းကား မျိုးဆက်များစွာထိပါ လက်ဆင့်ကမ်းသွားလိမ့်မည်။

နတ်ဘုရားလက်တောင်ကြား၏ နယ်နိမိတ်အစပ်၌ ဟန်လိသည် လီဖေးယွီထံကနေ သူက မီးနတ်ဆိုးတစ်ယောက် ဖြစ်သည့် ပုံပြင်ဇာတ်လမ်းကို ကြားခဲ့ရသည်။ သူက စွံ့အမိရပေသည်။ ထိုစဉ် လီဖေးယွီသည် ဟန်လိ၏ အမူအရာကို အူလိုက်အသည်းလိုက် ရယ်မောနေတော့သည်။ သူ ရယ်မောနေခဲ့တာ နေ့တဝက်ပင် ကြာခဲ့လေ၏။

ဤသည်မှာ အသေအကြေတိုက်ပွဲပြီးနောက် ငါးရက်နေ့၊ နေ့လယ်ပိုင်းချိန် ဖြစ်သည်။

တိုက်ပွဲည၌ ဟန်လိသည် လူအုပ်နှင့် ရောနှောကာ နေဝင်တောင်ထွတ်ကနေ ထွက်လာခဲ့၏။ သူက ဝိညာဉ်သေကို ပြန်ရှာပြီးသည်နှင့် သူတို့သည် နတ်ဘုရားလက်တောင်ကြားသို့ ပြန်လာခဲ့ကြသည်။

သူ ပြန်ရောက်လာသည်နှင့် မည်သူ့ကိုမျှ မတွေ့ဟု ပြောကြားခဲ့၏။ ထိုအထဲတွင် ချီးရွှမ်ဂိုဏ်း၏ ရာထူးအမြင့်ဆုံးသူများကိုပါ ပါသည်။

ဟန်လိ၏ ကျော်ကြားမှုကြောင့် ထိပ်ပိုင်းမှလူများက မကျေမနပ် မပြဝံ့ကြပေ။ သူတို့က ဖိတ်ကြားချက်မရှိဘဲ နတ်ဘုရားလက်တောင်ကြားသို့ လာဝံ့ကြမည် မဟုတ်ပါ။ သူတို့သည် အချိန်တခုကြာ နတ်ဘုရားလက်တောင်ကြား အပြင်၌ နာနာခံခံ စောင့်နေရုံသာ တတ်နိုင်၏။ ထို့နောက်တွင် သူတို့သည် သက်ပြင်းချကာ လာလမ်းအတိုင်း လှည့်ပြန်သွားကြ၏။

နောက်ရက်များ၌ ဟန်လိက လူပု၏ ဓားအဆောင်ကို အသုံးပြုကာ ရွှေ့ပြောင်းခြင်းပညာရပ်အား စတင် လေ့ကျင့်သည်။

သူ့ထံ၌ အချိန်အများကြီး မရှိတော့သည်ကို သိ၍ ဟန်လိက ထိုပညာရပ်ကို အသည်းအသန် လေ့ကျင့်သည်။ နေ့စဉ်နေ့တိုင်း သူက တောင်ကြားအနှံ့ တောက်ပသွားစေသော အဆောင်များကို ပြုလုပ်၏။ သူ့စွမ်းအင် ကုန်ခမ်းသွားသည့်အထိ ထိုဓားဖြင့် လေ့ကျင့်သည်။ သည့်နောက်တွင် သူက မျက်လုံးမှိတ်ကာ လေ့ကျင့်၍ ကုန်ခမ်းသွားသော သူ့စွမ်းအားကို ပြန်ဖြည့်တင်းသည်။

ထိုသို့ဖြင့် ဟန်လိသည် သုံးရက်တိုင်တိုင် ထပ်ခါထပ်ခါ ဇွဲနပဲကြီးစွာ လေ့ကျင့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူသည် ရွှေ့ပြောင်းခြင်းပညာရပ်၏ ကနဦးအဆင့်ကို ကောင်းကောင်း ကျွမ်းကျင်သွားတော့သည်။

All Chapters