ယန်အာ၏ မိုးကြိုးစမ်းသပ်ချက်
Vol. 86 Ch. 1203
“ဒီကမ္ဘာဦးအာကာပြင်ကလည်း ကောင်းမယ့်ပုံပဲဟ…”
ဤစကားပြီးသွားချိန်၌ အားကောင်းသော စွမ်းအားတစ်ခုက လွှမ်းခြုံသွားသည်။ ချိန်စုယင်နှင့် ချူယို့တို့မှာ လေပြင်းများကြားမှ သစ်ရွက်များပမာ အစအနမကျန် သိမ်းယူခံလိုက်ရလေသည်။
ထို့နောက် ခရမ်းရောင် တာအိုစည်းမျည်းကို သိမ်းယူသွားသော ထိုဓားအလင်းတန်းက ဤကမ္ဘာဦး အာကာပြင်တစ်ခုလုံးကို ယူဆောင်ရန် တစ်ခေါက် ပြန်လာလေသည်။
***
ဤကမ္ဘာဦးအာကာပြင်မှ သန်းထောင်ချီ အကွာလောက်က ခန်းမတစ်ခုထဲတွင် အစိမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားသော လော့ရှုက ရုတ်တရက်ကြီး မတ်တပ် ထရပ်လိုက်သည်။ သူက ခေါင်းမော့ပြီး အာကာပြင်ဆီသို့ လှမ်းကြည့်ကာ တဖြည်းဖြည်းနှင့် စိတ်လှုပ်ရှားလာလေသည်။
“စကြဝဠာ တာအိုစည်းမျည်းပါလား”
သူက စိတ်လှုပ်ရှားမှု အပြည့်ဖြင့် အော်ပြောလိုက်သည်။ နှစ်ပေါင်းများစွာ စကြဝဠာ တာအိုစည်းမျည်းနှင့် ထိတွေ့ထားလေရာ ဤစွမ်းအားကို အဘယ်ကြောင်င့် သူက မမှတ်မိဘဲ နေပါ့မည်နည်း။
ထို့နောက်တွင် သူ၏ ကိုယ်ထည်က ဖျက်ခနဲ လက်သွားကာ ခန်းမထဲမှ ချက်ချင်း ထွက်ခွာသွားသည်။
“ကမ္ဘာဦး အာကာပြင်လား”
ဓားအလင်းတန်းက ကမ္ဘာဦး အာကာပြင်ကို မသိမ်းယူနိုင်သေးခင် လော့ရှုက အမြန်လှုပ်ရှားလိုက်သည်။ ကမ္ဘာဦး အာကာပြင်နှင့် စကြဝဠာ တာအိုစည်းမျည်းတို့သည် ထိပ်တန်းအဆင့် ရတနာများ ဖြစ်သည်။
“ဘုန်း”
လော့ရှု၏ တာအိုစည်းမျည်းက ဓားအလင်းတန်း၏ တာအိုစည်းမျည်းနှင့် ထိပ်တိုက်တွေ့သွားသည်။ သူတို့နှစ်ယောက်ကြားမှ အာကာပြင်အတွင်း ကြီးမားသော အက်ကြောင်းကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ ကမ္ဘာဦးအာကာပြင်မှာ အက်ကြောင်းထဲ ရောက်သွားပြီး မျက်စိတစ်မှိတ်စာအတွင်း ပျောက်ကွယ်သွားလေသည်။
“လော့လား”
လော့ရှုက သူ လုပ်နေသည်များကို ရပ်ကာ ဤအရပ်ရှည်ရှည်နှင့်လူအား တအံ့တသြ စိုက်ကြည့်လိုက်သည်။ သူ့ရှေ့တွင် ရပ်နေသည်မှာ အရပ်ရှည်ရှည်နှင့် လူတစ်ယောက်မှန်း သိသာနေပါသော်လည်း လော့ရှုက ကံကြမ္မာဓား၏ စွမ်းအားကိုသာ ခံစားလို့ရသည်။ ဤဓားက စကြဝဠာကြီးကို တစ်ချက်တည်းနှင့် ထက်ခြမ်းခြမ်းပစ်နိုင်သယောင် ခံစားလိုက်ရသည်။
လော့သည် ဒဏ္ဍာရီတွေထဲတွင်သာ တည်ရှိခဲ့သည်။ ဤလူမှာ တကယ်ပဲ လော့ ဖြစ်နေသည်များလား… ဒဏ္ဍာရီတွေထဲတွင် လော့က စကြဝဠာ တာအိုစည်းမျည်းကိုးခုကို ရရှိခဲ့သည်ဟု ဆိုကြသည်။ သို့သော် သူက ထိုတာအိုစည်းမျည်းကိုးခုနှင့် မပေါင်းစပ်ခဲ့နိုင်ပေ။
ထို့ကြောင့် သူက သူ့ကိုယ်သူ တာအိုစည်းမျည်းတစ်ခုအဖြစ် ပြောင်းကာ ကံကြမ္မာဓားနှင့် ပေါင်းစပ်လိုက်သည်။ ဓားသခင် ဖြစ်လာပြီးသည့်နောက် သူက တခြားစကြဝဠာ တာအိုရှစ်ခုကို သူ၏ တပည့်ရှစ်ယောက်ဆီသို့ ပေးခဲ့သည်။ သူတို့ကို ကံကြမ္မာ ဝိဇ္ဇာများဟုလည်း ခေါ်ကြသည်။
ဒဏ္ဍာရီများသည်ကား နောက်ဆုံးတွင်တော့ ဒဏ္ဍာရီများသာ ဖြစ်သည်။ လော့ရှု နတ်ဘုရားအာဏာစက်ကို ရပြီးသည့်နောက်တွင် သူက ကံကြမ္မာဝိဇ္ဇာဟူ၍ တစ်ယောက်ကိုမျှပင် မတွေ့ဖူးသေးပေ။
သို့သော်လည်း တခြားမည်သည့်ဓားကများ အာကာပြင်ထဲတွင် အက်ကြောင်းတစ်ခု ဖြစ်သွားစေနိုင်သနည်း။
ရိုးရိုးအက်ကြောင်းပင် မဟုတ်၊ ကမ္ဘာဦးအာကာပြင် ထွက်ပြေးလွတ်မြောက်သွားနိုင်စေသည့် အာကာပြင်အက်ကြောင်းတစ်ခု…
“ဟုတ်တယ်… မင်းက ငါ့ကို တာအိုစည်းမျည်းတစ်ခု လာပေးနေတာပဲကိုး”
လော့က စကြဝဠာတာအိုစည်းမျည်း၏ စွမ်းအားကို အလျင်အမြန်ပဲ သတိပြုမိသွားသည်။ သူ၏လက်ကို မတင်လိုက်ခြင်းဖြင့် အာကာပြင်အား ထိုးခွဲနိုင်သည့် ကြောက်မက်ဖွယ် ဓားအလင်းတန်းက လော့ရှုဆီသို့ ပြေးဝင်သွားသည်။
လော့ရှုမှာ ဝိဇ္ဇာတစ်ယောက် ဖြစ်နေသည့်တိုင်အောင် ချွေးစေးများဖြင့် ပြည့်သွားရသည်။ ဤအခိုက်အတန့်၌ သူက စကြဝဠာကြီးတစ်ခုလုံးမှာ တစ်ပေါင်းတစ်စည်းတည်းဖြစ်သွားပြီး သူတစ်ယောက်တည်း ကွဲထွက်သယောင် ခံစားလိုက်ရသည်။
အဘယ်ကြောင့် လော့ရှုက ဤနားလေးတွင်ပင် ဆက်လက်ကြောက်ဒူးတုန်နေရဲပါ့မည်နည်း။ သူ၏ကိုယ်ထဲမှ တာအိုစည်းမျည်းများ တဟုန်ထိုးထွက်လာပြီး ငွေရောင်တိမ်ပုံစံတာအိုစည်းမျည်းများက သူ၏ပတ်ပတ်လည်တွင် စုဝေးလာသည်။ သူအစောပိုင်းက လက်လျော့လိုက်ရသော စကြဝဠာကြီးမှာ ဤငွေရောင်တိမ်တိုက်များထဲ၌ အသက်ဓာတ်အငွေ့အသက်များကို အသစ်တစ်ဖန် ရရှိလာပုံပေါ်လေသည်။
“ဘန်း ဘန်း ဘန်း”
စကြဝဠာတာအိုစည်းမျည်းအတွင်းမှ စည်းမျည်းများက အဆက်မပြတ် ပေါက်ကွဲနေသည်။ သူတို့နှစ်ယောက်က စတင် မတိုက်ခိုက်ရသေးသော်လည်း ဤပတ်ဝန်းကျင်အား အသက်ရှုကြပ်စေနိုင်လောက်သည့်အထိ အားကောင်းသော စွမ်းအားများက ရှိနှင့်နေလေပြီ။
နောက်ထပ် ပုံရိပ်နှစ်ခုက ဤနေရာထဲသို့ အရှိန်ဖြင့် ရောက်ရှိလာကြပြန်သည်။ သူတို့ ရောက်လာသည့်အတွက် အသက်ရှုကြပ်စေသည့် အာကာပြင်က ပျောက်ကွယ်သွားလေ၏။
လော့ရှုက အသားကုန် အော်နေနှင့်ပြီ ဖြစ်သည်။
“တာအိုရောင်းရင်း ချင်းယွမ်၊ တာအိုရောင်းရင်း ဖိုတိ၊ ဒီလူက လော့ပဲ။ သူက စောစောလေးကတင် ခရမ်းရောင်တာအိုစည်းမျည်းနဲ့ ကမ္ဘာဦးအာကာပြင်တစ်ခုကို ရသွားတာ။ ကျုပ် ပြောတာမမှားဘူးဆိုရင် ဒီလူ့ဆီမှာ အနည်းဆုံး စကြဝဠာ တာအိုစည်းမျည်း သုံးခုတော့ ရှိလောက်တယ်။ ကျုပ်တို့တွေ အမြန်သူ့ကို ပူးပေါင်းတိုက်ခိုက်ကြရအောင်…”
ကမ္ဘာဦး အာကာပြင်မှာ အာကာပြင်အက်ကြောင်းထဲ ကျသွားမှန်း မြင်လိုက်ရသော်လည်း လော့ရှုက အမှန်တရားကို ယခုအချိန်၌ ထုတ်ပြောမည်မဟုတ်ပေ။
လော့ရှု၏ ပြောစရာမလိုပါဘဲ ဝိဇ္ဇာချင်းယွမ်နှင့် ဝိဇ္ဇာဖိုတိတို့က အားကုန်သုံးကာ တိုက်ခိုက်နေနှင့်ပြီ ဖြစ်သည်။ သူတို့သုံးယောက်က လော့အား ဝိုင်းလိုက်ကြသည်။
တာအိုစည်းမျည်းမျိုးစုံတို့က အချင်းချင်း ထိပ်တိုက်တွေ့ဆုံသွားကြသည်။ အာကာပြင်မှာလည်း အဆက်မပြတ် ပြိုလဲပျက်စီးလာလေ၏။ အာကာပြင် စတင်ပြိုလဲလာသည်သာမက နဂိုကတည်းက မတည်ငြိမ်သော စည်းမျည်းများသည်ပင် စတင် စုတ်ပြဲလာလေသည်။ သူတို့လေးယောက်ကြားမှ တိုက်ပွဲအတွင်း ပျက်စီးစွမ်းအားတစ်ခုက စတင်ဖြစ်ပေါ်လာလေ၏။
…………………………..
နတ်ဘုရားကုန်းမြေ၏ ဇာမဏီတောင်သည် ပုံမှန်အားဖြင့် နတ်ဘုရားကုန်းမြေထဲမှ သာမန်တောင် တစ်လုံးသာ ဖြစ်သည်။ နတ်ဘုရားကုန်းမြေထဲမှ စည်းမျည်းများ ပြန်ကောင်းသွားပြီးသည့်နောက်တွင်မှ မြေနေရာဒေသများက ပုံမှန် သိပ်မဟုတ်တော့ချေ။
မိုးမြေစည်းမျည်းများက ပြန်ကောင်းသွားပြီ ဖြစ်သော်လည်း ဇာမဏီတောင်မှ နတ်ဘုရား ဝိညာဉ်စွမ်းအားများမှာ အရမ်းကြီး သိပ်သည်းမလာခဲ့ချေ။ ထို့ကြောင့် ဤတောင်၌ ကျင့်ကြံသူတွေလည်း သိပ်မရှိချေ။ အများစုသည် နတ်ဘုရားမြေမြင့်ဟု ယခင်က ခေါ်ခဲ့သည့်နေရာသို့ သွားရန်ရွေးချယ်ခဲ့ကြသည်။ ပြန်လည်ကောင်းမွန်လာပြီးနောက် နတ်ဘုရားမြေမြင့်ရှိ နတ်ဝိညာဉ်စွမ်းအားသည် နတ်ဘုရားမြေနိမ့်ရှိ စွမ်းအားထက် သိသိသာသာ ပိုမိုသိပ်သည်းလေသည်။
ဤအခိုက်အတန့်၌ တိမ်မည်းများက ဇာမဏီတောင်၏မိုးကောင်းကင်ပေါ်တွင် စတင်ဖြစ်ပေါ်လာလေသည်။ ထိုတိမ်မည်းများထဲ၌ မိုးကြိုးစများ စတင်ဖြစ်ပေါ်နေသည်။ မီးခိုးရောင်ဝတ်ရုံနှင့် အားနည်းဟန်ရှိသည့် ကောင်မလေးတစ်ယောက်က သူမ၏ မှော်ရတနာကို ကိုင်လျက် တောင်ထိပ်တည့်တည့်တွင် မတ်တပ်ရပ်နေ၏။ ကောင်မလေး၏ ဘေးတွင် သာမန်ဝိညာဉ် စွမ်းအားစုစည်းရေး အစီအရင်တစ်ခု ရှိနေသည်။ ဤအစီအရင်အတွင်း၌ အင်မတန်နည်းသော နတ်ဘုရားကျောက် အနည်းငယ်သာ ရှိလေသည်။
“ဝုန်း ဝုန်း ဝုန်း”
အချိန်တိုလေးအတွင်း များစွာသော မိုးကြိုးချက်များက ဆင်းသက်လာသည်။
မီးခိုးရောင်ဝတ်ရုံနှင့် ကောင်မလေးက သူမ၏ မှော်ရတနာနှင့် မိုးကြိုးချက်များကို ခံယူလိုက်သည်။ သိသာစွာပင် သူမက သူမ၏ မိုးကြိုးစမ်းသပ်ချက်ကို ကျော်လွှားနေခြင်း ဖြစ်သည်။
မိုးကြိုးချက်များက တစ်ချက်ပြီးတစ်ချက် ဆင်းသက်လာကာ မီးခိုးရောင်ဝတ်ရုံနှင့်ကောင်မလေးက အားလုံးကို မှော်ရတနာကို သုံး၍ ခုခံလိုက်သည်။
ပတ်ဝန်းကျင်ထဲမှ နတ်ဝိညာဉ်စွမ်းအားများမှာ ဤကောင်မလေး၏ သိမ်းကျုံးစုပ်ယူခြင်းကို ခံလိုက်ရသည်။ ဤကောင်မလေး၏ ကျင့်ကြံဆင့်သည် အလျင်အမြန် တိုးတက်လာသည်။ သို့သော် သူမ၏ မျက်နှာထားက ပြောင်းသွားသည်။
သူမက အမြဲတမ်း ဂူပိတ်ကျင့်ကြံနေခဲ့သဖြင့် အတွေ့အကြုံ သိပ်မရှိချေ။ သို့ဖြစ်ရာ နတ်ဘုရားဘုရင် မိုးကြိုးစမ်းသပ်ချက်သည် ထိုမျှအထိ များပြားသော နတ်ဝိညာဉ်စွမ်းအားများ လိုလိမ့်မည်ဟု သူမက မသိခဲ့ချေ။ မိုးကြိုးချက်ပထမတစ်လှိုင်းပြီးသွားသည့်အချိန်၌ သူမ စုဆောင်းထားသော နတ်ဘုရားကျောက် နည်းနည်းလေးမှာ ကုန်သွားလေပြီ။ နောက်ပိုင်းလှိုင်းတွေအတွက် သူမက သူမ၏ ကိုယ်ဖြင့် နတ်ဝိညာဉ် စွမ်းအားတွေကို စုပ်ယူပြီး မနည်းခုခံနေရသည်။
လုံလောက်သည့် နတ်ဝိညာဉ် စွမ်းအားတို့ကို စုပ်ယူပြီးပါသော်လည်း သူမက လောကနတ်ဘုရား အဆင့်၏ နှောင်ကြိုးများကို မချိုးဖောက်နိုင်သေးဘဲ ဖြစ်နေသည်။ သူမသည် နတ်ဘုရားဘုရင်အဆင့်သို့ မတက်လှမ်းနိုင်သေးဘဲ ဖြစ်နေသည်။
သို့တိုင် နောက်ထပ် မိုးကြိုးချက်တစ်လှိုင်းက ပြင်းထန်းစွာ ဆင်းသက်လာပြန်သည်။ ထိုးဖော်ရန် နတ်ဝိညာဉ်စွမ်းအား လိုအပ်နေသော မီးခိုးရောင်ဝတ်ရုံနှင့် ကောင်မလေးက ချက်ချင်းပင် ကြီးမားအားကောင်းသော ဖိအားကြီးတစ်ခုကို ခံစားလိုက်ရသည်။ သူမ၏ မျက်နှာမှာလည်း အရမ်းကို ဖြူဖျော့သွား၏။
နယ်လှည့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် သူမသာ သူမ၏ မိုးကြိုးစမ်းသပ်ချက်အား မကျော်ဖြတ်နိုင်ခဲ့ပါက ဖြစ်လာမည့် နောက်ဆက်တွဲ အကျိုးဆက်များကို သူမ ကောင်းကောင်းသိသည်။
“ဝုန်း ဝုန်း ဝုန်း”
နတ်ဝိညာဉ်စွမ်းအား လုံလောက်လောက် မလုံလောက်လောက်၊ မိုးကြိုးချက်များက အညှာအတာမဲ့စွာ ဆက်လက်ကျဆင်းနေဆဲပဲ ဖြစ်သည်။
“ဘန်း ဘန်း ဘန်း”
မီးခိုးရောင်ဝတ်ရုံနှင့်ကောင်မလေး၏ မှော်ရတနာသည် မိုးကြိုးချက်များ၏ တစ်ဝက်လေးကိုသာ ရင်ဆိုင်ခုခံနိုင်လေသည်။ တခြားမိုးကြိုးချက်များက သူမပေါ်သို့ တိုက်ရိုက် ထိမှန်သွားသည်။
အားပြင်းလွန်းသော မိုးကြိုးချက်များက မီးခိုးရောင်ဝတ်ရုံနှင့် ကောင်မလေး၏ ကိုယ်ပေါ်သို့ ကျဆင်းသွားသည်နှင့် သူမ၏ အရိုးများက ကွဲအက်လာပြီး သွေးများမှာလည်း နေရာအနှံ့ ပန်းထွက်ကုန်သည်။ ကောင်မလေးက မြေပေါ်သို့ လဲကျသွားကာ သူမ၏ မျက်နှာမှာ အင်မတန်ဖြူဖျော့နေလေသည်။
“သခင်လေး… ယန်အာတော့ သခင်လေးကို နောက်ဘဝမှပဲ တွေ့နိုင်ပါတော့မယ်”
စိတ်အားငယ်သွားသည့် အရိပ်အယောင်များက မီးခိုးရောင်ဝတ်ရုံနှင့် ကောင်မလေး၏ မျက်လုံးများထဲတွင် ဖြတ်ပြေးသွားသည်။ သူမ သည်နေ့ သေချာပေါက် သေရတော့မည်မှန်း သူမက သိလိုက်သည်။ ဤမိုကြိုးချက်များက သူမ၏ အရိုးများကို ကွဲအက်သွားစေသည်။ သူမတွင် သူမကိုယ်သူမ ကာကွယ်ရန် အခွင့်အရေးများပင် မရှိတော့ချေ။ နောက်ထပ် မိုးကြိုးချက်များ ရောက်လာပါက သူမသည် ပြာမှုန့်များအဖြစ် ပြောင်းသွားတော့မည့်ဟန် ရှိသည်။
နှမြောစရာကောင်းသည်မှာ သူမ အောင်မြင်ဖို့ နည်းနည်းလေးသာ လိုတော့သည်။ အကယ်၍ သူမဆီတွင် လုံလောက်သည့် နတ်ဝိညာဉ် စွမ်းအားသာ ရှိခဲ့ပါက စောစောက မိုးကြိုးချက်များနှင့် သူမက နတ်ဘုရားဘုရင်အဆင့်သို့ တက်လှမ်းနိုင်လိမ့်မည် ဖြစ်သည်။ ဤလာတော့မည့် မိုးကြိုုးချက်တစ်လှိုင်းက သူမအား ပိုပြီး အားကောင်းလာစေရန် လုပ်ပေးလိမ့်မည်။ ထို့အပြင် နောက်ထပ် ထပ်လာမည့် မိုးကြိုးချက်တစ်လှိုင်းက သူမ၏အင်အားကို နောက်ထပ်အဆင့်တစ်ဆင့်သို့ ရောက်အောင် တိုးတက်စေလိမ့်မည်ဖြစ်သည်။
သူမ၏ မိုးကြိုးစမ်းသပ်ချက်ကို ကျော်လွှားပြီးကာ နတ်ဘုရားဘုရင်ဖြစ်ပြီးသွားလျှင် သူမက သူမ၏ သခင်လေးကို သွားရှာရန် အာကာပြင်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။ နှစ်ပေါင်းများစွာ အသည်းအသန် ကြိုးစားခဲ့ပြီးနောက်၊ အခက်အခဲများစွာကို တွေ့ကြုံခဲ့ပြီးသည့်နောက် သူမ နည်းနည်းလေး လိုအပ်နေဆဲ ဖြစ်သည်။
ကျင့်ကြံဖို့ကိုသာ အရူးအမူး အာရုံစိုက်ခဲ့သော ဤမီးခိုးရောင်ဝတ်ရုံနှင့် ကောင်မလေးမှာ ကျန်းရှင်းမှ ယန်အာ ဖြစ်လေသည်။ သူမက သူမ၏ မှတ်ဉာဏ်များကို ပြန်ရပြီးသည့်နောက် သူမ၏ စိတ်ထဲတွင် တစ်ခုတည်းသာ ရှိတော့သည်။ သူမက သူမ၏သခင်လေးကို ဖြစ်နိုင်သမျှ မြန်မြန် ပြန်တွေ့ချင်လှသည်။
သူမ လုပ်ခဲ့သည့်အရာအားလုံးမှာ သူမ၏ သခင်လေးအတွက်သာ ဖြစ်သည်။ ကျန်းရှင်းမှ အင်မော်တယ်လောကသို့ ထွက်ခွာခြင်း၊ ထိုမှတစ်ဆင့် နတ်ဘုရားကုန်းမြေဆီသို့ ရောက်လာခြင်း၊ သူမ၏ မိုးကြိုးစမ်းသပ်ချက်ကို ဤနေရာတွင် ကျော်လွှားဖို့ လုပ်ခဲ့ခြင်းနှင့် နတ်ဘုရားဘုရင်သို့ တက်လှမ်းပြီးပါက အာကာပြင်ထဲသို့ ဝင်ရန် ပြင်ဆင်ခြင်း…
သူမ လုပ်ခဲ့သမျှအားလုံးမှာ သူမ၏ သခင်လေးအတွက်ချည်းသာ ဖြစ်သည်။ သူမ ရရှိခဲ့သမျှ အရာအားလုံးကို ကျင့်ကြံရေး အရင်းအမြစ်များအတွက် လဲလှယ်ခဲ့သည်။ ထို့ကြောင့် သူမဆီတွင် အမျိုးသမီး ကျင့်ကြံသူအများစု ဝတ်လေ့ရှိသည့် သာမန်လက်ဝတ်လက်စား တစ်ခုမျှပင် မပိုင်ဆိုင်ပေ။ သူမဆီတွင် အပိုကာကွယ်ရေး မှော်ရတနာလည်း မရှိတော့ပေ။
ကောင်းကင်မှာ ပိုပြီး ကြောက်စရာကောင်းသော မိုးကြိုးချက်များဖြင့် ပြည့်နှက်လာသည်။ ဤမြင်ကွင်းကို မြင်လိုက်သည့် မည်သူမဆို နောက်ထပ် ရောက်လာတော့မည့် မိုးကြိုးချက်လှိုင်းမှာ မည်မျှ ကြောက်စရာကောင်းလိုက်မည်ဖြစ်ကြောင်း ပြောနိုင်လိမ့်မည်သာ ဖြစ်သည်။
“ဝုန်း”
နားကွဲလုနီးနီး မိုးခြိမ်းသံကြီးကို ကြားလိုက်ရကာ သူမ၏ ခေါင်းပေါ်သို့ မိုးကြိုးချက်က ထိမှန်တော့မည့်ဆဲဆဲ ဖြစ်နေသည်။ ယန်အာက သူမ၏မျက်လုံးများကို ပိတ်လိုက်သည်။ သူမ၏ စိတ်ထဲတွင် ပေါ်လာသည့် တစ်ခုတည်းသောအတွေးမှာ သူမ၏ သခင်လေးသာ ဖြစ်၏။
သူမက သူမအား မိုးကြိုးချက် ထိမှန်ရန် စောင့်နေလိုက်သည်။ ထို့နောက် သူမ ဤလောကမှ ထွက်သွားတော့မည်။ နောက်ဘဝ၌ သူမ၏ သခင်လေး မည်မျှအံ့သြထူးချွန်ကြောင်းကို သူမ မှတ်မိနိုင်ဖို့အတွက် သူမ ဆုတောင်းမိသည်။ သို့ဖြစ်ရာ သူမ၏ စိတ်ထဲတွင် မိုဝူကျိ၏ ပုံရိပ်တို့ဖြင့်သာ ပြည့်နေလေ၏။
သိပ်မကြာခင်၌ ယန်အာက တစ်ခုခု မှားနေမှန်း သတိထားမိသွားသည်။ သူမက မျက်စိကို မြန်မြန် ပြန်ဖွင့်လိုက်သည်။ ထိုအခါ ကောင်းကင်ပေါ်မှ ပျားအုံသဏ္ဍာန် ဧရာမ ပစ္စည်းတစ်ခု ပြုတ်ကျလာသည်ကို မြင်လိုက်ရသည်။
အမှန်ပင်… ဤအရာသည် ကမ္ဘာအပြင်ဘက်မှ အာကာပြင် ဖြစ်နေသည်မှာ သေချာသည်။ နတ်ဘုရားကုန်းမြေကြီး စုတ်ဖြဲခံလိုက်ရသည်ကိုပင် သူမ မြင်လိုက်ရသည်။ ထိုအက်ကြောင်းမှာ ယခုအချိန်အထိ ဖြည်းဖြည်းချင်း ပြန်ကောင်းတုန်းပဲ ရှိသေးသည်။
“ဘန်း”
ဧရာမပျားအုံကြီးက မြေကြီးပေါ်သို့ ကျသွားပြီး ထိုပြုတ်ကျသံကြီးမှာ မြေကြီးကို ခွဲရန်ပင် လုံလောက်နေလေသည်။
အံ့သြသွားသော ယန်အာသည် သူမ ရှိနေသည့်တောင်က ဤပျားအုံသဏ္ဍာန်ပစ္စည်းကြောင့် တစ်ခြမ်းတည်းသာ ကျန်တော့သည်ကို ကြည့်ကြည့်လိုက်၏။ ထို့နောက် သူမက ကျယ်ပြောလှသော ကမ္ဘာဦးစွမ်းအားကို ခံစားနိုင်လိုက်သည်။ မိုးကြိုးစမ်းသပ်ချက်ကြောင့် ဒဏ်ရာရနေသော သူမ၏ကိုယ်သည် လျင်မြန်စွာ ပြန်ကောင်းစပြုလာသည်။
ဘာတွေဖြစ်ကုန်တာလဲ…
ယန်အာက ကမ္ဘာဦးစွမ်းအားတို့ ထုတ်လွှတ်နေသော ဤပျားအုံကြောင့် ဖြစ်လာရသည့် ဧရာမတွင်းကြီးကို စိုက်ကြည့်လိုက်သည်။
စက္ကန်းအနည်းငယ်အတွင်း သူမက အသိစိတ် ပြန်ကပ်သွားသည်။ ဤသည်မှာကား အင်မတန်ရှားပါးသော မဟာအခွင့်အရေး တစ်ခုဖြစ်သည်မှာ မလွဲပေ။ ဤကဲ့သို့ ကမ္ဘာဦးရတနာသည် သူမကိုယ်၏ အရိုးနှင့် အသွေးအသားတို့အတွက် အရမ်းကို အသုံးဝင်လေသည်။ သူမက ကမ္ဘာဦး စွမ်းအားများကို အလောတကြီး စုပ်ယူလိုက်သည်။ သူမ၏ ကျင့်ကြံဆင့်မှာ တိုးတက်နေဆဲ ဖြစ်သည်။
“ဝုန်း ဝုန်း ဝုန်း”
နောက်ဆုံးဖြစ်သော မိုးကြိုးချက်များက ဆင်းသက်လာသည်။ တစ်ပြိုင်နက်တည်းလိုလိုပင် ယန်အာကလည်း လောကနတ်ဘုရားအဆင့်၏ နှောင်ကြိုးများကို ချိုးဖောက်နိုင်သွားသည်။ နောက်ဆုံးတွင်တော့ သူမ နတ်ဘုရားဘုရင်အဆင့်ထဲသို့ တက်လှမ်းခဲ့လေပြီ။
နောက်ဆုံးလှိုင်းမှ မိုးကြိုးချက်များက ယန်အာအား ပွန်းရာပဲ့ရာ အနည်းငယ်ရစေလိုက်သည်။ သို့သော် ဤဒဏ်ရာများက ကျယ်ပြောလှသော ကမ္ဘာဦးစွမ်းအားများအောက်တွင် ချက်ချင်း ပြန်ကောင်းသွား၏။
ယန်အာ၏ စိတ်စွမ်းအားက အနည်းဆုံး အဆ ၁၀၀ လောက်တော့ တိုးတက်လာသည်။ သူမ၏ စိတ်စွမ်းအားကို အပြင်ဘက်သို့ ဒလဟောဖြန့်ကျက်လိုက်စဉ် သူမက လူဆယ်ယောက်လောက် သူမဆီသို့ ဦးတည်ကာ အပြေးလာနေမှန်း သတိပြုမိသွားသည်။
မကောင်းတော့ဘူး…
နယ်လှည့်ကျင့်ကြံသူ တစ်ယောက်အနေနှင့် နှစ်ပေါင်းများစွာသော အခက်အခဲများကို ရင်ဆိုင်ကြုံတွေ့ခဲ့ပြီးနောက် သူမက မည်ကဲ့သို့သော အခြေအနေမျိုးမှာ အသက်အန္တရာယ် ရှိနိုင်ကြောင်း ကောင်းကောင်းသိသည်။ သူမ၏ မိုးကြိုးစမ်းသပ်ချက်က ပြီးသွားပြီ ဖြစ်လေရာ လက်ရှိတွင် နတ်ဘုရားကုန်းမြေပေါ်သို့ ပြုတ်ကျလာသော ကမ္ဘာဦးပျားအုံကသာလျှင် သူမအတွက် အကြီးမားဆုံး အန္တရာယ်ကြီး ဖြစ်နေသည်။
ယန်အာက သူမ၏ ကျင့်ကြံဆင့် အခြေတည်ရန် မလုပ်နေတော့ပေ။ သူမက ကမ္ဘာဦးပျားအုံကို သူမ၏ ကမ္ဘာထဲသို့ အလျင်စလို သိမ်းယူလိုက်သည်။ သူမ၏ကို ယ်မှာ ဖျက်ခနဲ လက်သွားပြီးနောက် မပိတ်သေးသော အာကာပြင်အက်ကြောင်းထဲသို့ ခုန်ဝင်ပျောက်ကွယ်သွားလေ၏။
ယန်အာ ထွက်သွားသည့်အချိန်နှင့် တစ်ပြိုင်နက်တည်း၌ လူဆယ်ယောက်လောက်က ကျန်ရှိနေသေးသော ဇာမဏီတောင် တစ်ခြမ်းပေါ်သို့ ရောက်ရှိလာသည်။ သူတို့ထဲမှ လေးယောက်မှာ သဟဇာတနတ်ဘုရားများ ဖြစ်နေကြသည်။
ကမ္ဘာဦးစွမ်းအားက အပြီးအပိုင် မပျောက်ကွယ်သွားသေးပေ။ ဆယ်ယောက်သော အဆင့်မြင့်ကျင့်ကြံသူတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အရူးတောင်မှ ဘာဖြစ်သွားမှန်း ပြောနိုင်ပေလိမ့်မည်။ ကမ္ဘာဦးရတနာတစ်ခုက အာကာပြင်အက်ကြောင်းမှတဆင့် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။ သို့သော် ထိုအရာအား ဤနေရာတွင် မိုးကြိုးစမ်းသပ်ချက် လာခံယူသော ကံကောင်းသည့် ကျင့်ကြံသူတစ်ယောက်က ယူသွားလေပြီ။ ဤကျင့်ကြံသူက ထွက်ပြေးရန်အတွက် အာကာပြင်အက်ကြောင်းကိုပင် အသုံးပြုခဲ့သေးသည်။
ဘာဖြစ်ခဲ့သည်ကို သူတို့အားလုံးက သိသော်လည်း အရမ်းကို နောက်ကျသွားဆဲ ဖြစ်သည်။ အကယ်၍ သူတို့သည် လက်ရှိထက် ဆယ်ဆကျော် ပိုပြီးအားကောင်းလာလျှင်ပင် ဤနေရာမှ အာကာပြင်ကို စုတ်ဖြဲနိုင်လိမ့်မည် မဟုတ်ပေ။
***