ချို့ယွင်းချက်
Vol. 7 Ch. 96
ထိုအဆောင်၏ ပျံသန်းခြင်းကို ထိန်းချုပ်ဖို့ လေ့ကျင့်နေရင်း ဟန်လိသည် ရွှေ့ပြောင်းခြင်းပညာရပ်ကို သုံးကာ သည်အဆောင်ကို မီးခိုးရောင်အလင်းတန်းအဖြစ် ပြောင်းလဲနိုင်သည်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းသည် လူပု အသုံးပြုခဲ့စဉ်ကလောက် ထက်ရှမှု မရှိသော်လည်း အင်ပြည့်အားပြည့်အသုံးပြုပါက အရာအားလုံးနီးပါးကို ဖြတ်တောက်ပစ်နိုင်သည်။ သူ ဆန္ဒရှိသလိုလည်း ၎င်းကို အသုံးပြု၍ တိုက်ခိုက်နိုင်သည်။
အစပိုင်း၌ ထိုသို့သော မီးခိုးရောင်အလင်းတန်းကို ထုတ်ဖော်ဖို့ သူ့မှော်စွမ်းအားများစွာ ကုန်ခမ်းစေ၏။ ဟန်လိက ထာဝရနွေဦးပညာရပ်၏ အဋ္ဌမအဆင့်ကို ကျင့်ကြံပြီးသည့်အခါတွင်မူ သူသည် မီးလုံးပညာရပ်ကို အကြိမ်ရာချီ ဆက်တိုက် အသုံးပြုလာနိုင်သည်။ သို့သော် ဟန်လိသည် မီးခိုးရောင်အလင်းတန်းကို ထိန်းချုပ်ဖို့ ကြိုးစားသည့်အခါတိုင်း သူ၏ မှော်စွမ်းအားသည် ဆယ့်ငါးမိနစ်လောက်သာ ခံပြီး လုံးဝ ခြေကုန်လက်ပမ်း ကျသွားသည်။
အခုအခါ၌ ဘုန်းကြီးလူပုသည် မီးခိုးရောင်အလင်းတန်းကို ချက်ခြင်း အသုံးပြုနိုင်စွမ်း မရှိသည်ကို ပြန်အမှတ်ရ၏။ ထိုသူ၏ မှော်စွမ်းအားသည် အကန့်အသတ် ရှိလွန်းပြီး ထိုအဆောင်ကို အချိန်ခဏသာ ထိန်းချုပ်နိုင်ခဲ့လိမ့်မည်။ ထို့ကြောင့်လည်း ဟန်လိက မီးခိုးရောင်အလင်းတန်းကို လှမ်းယူဆောင်သည့်အခါ၌ ခုခံမှုအားမှာ လုံးဝ အားနည်းနေခဲ့တာ ဖြစ်နိုင်သည်။
လူပုသည် မီးခိုးရောင်အလင်းတန်းကို ထိန်းချုပ်နေချိန်၌ သူ့မှော်စွမ်းအား တဝက်ကျော်လောက်ကို အသုံးပြုရတာ ဖြစ်နိုင်သည်။ ထို့အပြင် ဟန်လိ၏ မှော်စွမ်းအားက အနှီလူပုထက် များစွာ သာလွန်ထားပြီး ဖြစ်သည်။
ထို့အပြင် မီးခိုးရောင်အလင်းတန်း၏ နောက်ပြဿနာတစ်ခုမှာ ၎င်း၏တိုက်ခိုက်မှု အကွာအဝေးသည် အကန့်အသတ် ရှိခြင်းပင်။ ထိုအလင်းတန်းကို သုံးမီတာအဝန်းအဝိုင်းအတွင်း လွယ်လွယ်ကူကူ ထိန်းချုပ်၍ ရနိုင်သည်။ ယင်းထက် ကျော်လွန်ပါက သူ့ထိန်းချုပ်မှုသည် တင်းကြပ်လေးလံလာလိမ့်မည်။ သို့ဖြစ်၍ သူ့ထိန်းချုပ်မှု လွတ်သွားနိုင်သည်။ ယင်းက လေးမီတာခွဲထက် ကျော်လွန်သွားပါက ၎င်း၏ အစစ်အမှန်ပုံစံဖြစ်သော အဆောင်အဖြစ်သို့ ပြန်ပြောင်းကာ မြေပြင်ထက်သို့ ပြုတ်ကျသွားနိုင်သည်။
ထိုပြစ်ချက်နှစ်ခုအတွက် ဟန်လိသည် သူ၏ မှော်စွမ်းအားသာ တိုးတက်လာပါက ယင်းပြဿနာများသည် တဖြည်းဖြည်း ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။ သို့သော် နောက်ထပ် ပြဿနာတစ်ခု ရှိသေးပြန်၏။ ယင်းမှာ အဆောင်၏ သိသိသာသာ ချို့ယွင်းချက်ပင်။ ထိုအဆောင်ကို အကြိမ်များစွာ အသုံးပြုပြီးနောက် ဟန်လိသည် အဆောင်ပေါ်၌ ရေးဆွဲထားသော မီးခိုးရောင်ဓားငယ်၏ အေးစက်စက်တောက်ပမှုသည် တဖြည်းဖြည်း အားပျော့လာခြင်းကို သတိပြုမိခဲ့သည်။ ထိုအဆောင်၌ အသုံးပြုနိုင်သည့် အကြိမ်အရေအတွက် အကန့်အသတ် ရှိနိုင်ပေမည်။ ထိုအကန့်အသတ်ထက် ကျော်လွန်သွားပါက ၎င်းအဆောင်သည် အသုံးမဝင် ဖြစ်သွားနိုင်သည်။
ဟန်လိသည် ထိုမီးခိုးရောင်အလင်းတန်းကို ထိန်းချုပ်နိုင်ဖို့ သင်ယူပြီးသည်နှင့် သူသည် လေ့ကျင့်ခြင်းကို ချက်ခြင်း ရပ်တန့်ပစ်ခဲ့၏။ တကယ်တော့ သူသည် ဒီအဆောင်ကို အန္တရာယ်များသော အခြေအနေများ၌ သေရေးရှင်ရေးအခိုက်အတန့်မှာ အသုံးပြုနိုင်စွမ်း ရှိတာကို လိုချင်တာ ဖြစ်၏။ နောက်ပိုင်း ဘေးကြပ်နံကြပ်တိုက်ခိုက်မှုများ၌ သည်အဆောင်က သူ့အသက်ကို ကယ်တင်ပေးနိုင်စွမ်း ရှိချင်ရှိလာနိုင်လိမ့်မည်။
ထိုနည်းတူစွာ ဟန်လိသည် ရွှေရောင်အလင်းအကာကို ထုတ်ပေးနိုင်သော ရွှေရောင်အဆောင်မှာလည်း အလားတူ ဖြစ်လိမ့်မည်ဟု ယုံကြည်သည်။ သို့သော် သူ့ထံ၌ အချိန်သိပ်မရှိ၍ သူသည် ၎င်းကို အသုံးပြုရမည့် နည်းလမ်းကို မသိနေသေးပေ။ သူက ၎င်းကို သိမ်းဆည်းထားပြီး အနာဂတ်တွင် အသုံးပြုရန်သာ ကြိုပြင်ဆင်ထားသည်။
ဟန်လိသည် အနားယူပြီးနောက် သူက တြိဂံပုံအမိန့်ပေးတံဆိပ်ပြားနှင့် ချင်ဂိုဏ်း၏ မှတ်တမ်းစာအုပ်ကို စူးစမ်းကြည့်သည်။ ကံမကောင်းစွာဖြင့် သူသည် ယင်းပစ္စည်းနှစ်ခုထံမှ မည်သည့် အကျိုးအမြတ်ကိုမျှ မရခဲ့ပေ။
သည်လိုဖြင့် ငါးရက်တာ ကုန်လွန်သွားခဲ့သည်။ ဟန်လိသည် တခြားသူများကို သူနှင့် လာမတွေ့ဖို့ ကြေညာချက် ထုတ်ထားချိန်၌ လီဖေးယွီကမူ သူ့ထံ ဝရောသုန်းကား ရောက်လာ၏။ သူက ဟန်လိကို မြင်သည့်အခါ ဟန်လိသည် နတ်ဆိုးတစ်ပါးအဖြစ် ပြောင်းလဲသွားပြီဖြစ်သော ကောလဟာလ ဇာတ်ကြောင်းကို ပြောပြလာခဲ့သည်။
ထိုစကားများကြောင့် ဟန်လိသည် ဆွံ့အကာ ပြောစရာ စကားမဲ့ရသည်။ သူက ရယ်ရမည်လား၊ ငိုရမည်လားကိုပင် မသိတော့ပေ။ သူသည် မျက်နှာကြောတင်းကာ လီဖွေးယွီထံ မအိမသာဖြစ်ဟန်ဖြင့်သာ ကြည့်နိုင်တော့၏။ လီဖေးယွီက သူ့အမူအရာပေါ် အူမြူးနေတာ သိသာသည်။
နောက်ဆုံးတွင် လီဖေးယွီသည် အူလိုက်အသည်းလိုက် ရယ်မောနေသည်ကို ရပ်ကာ တဖြည်းဖြည်း ပြုံးယောင်သမ်းလာ၏။ သူက ဟန်လိကို အလေးအနက်လေသံဖြင့် ဆိုလာသည်။ “ငါ ဒီကို ရောက်လာတဲ့အကြောင်းရင်းကို မင်း သိမှာပါ…”
“မဟုတ်မှလွဲရော ဂိုဏ်းရဲ့ အကြီးအကဲတွေက စိတ်ပူပန်နေလို့ ငါ့ ရည်ရွယ်ချက်ကို သိရအောင် မင်းကို ကင်းထောက်ခိုင်းလိုက်တာမလား…” ဟန်လိသည် မထူးခြားနားဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“ဟားဟား…မင်း ပြောတဲ့အတိုင်းပဲ…” သူသည် အကြီးအကဲများ၏ ယုံကြည်မှု ဝန်ထုတ်ဝန်ပိုးကို ထမ်းထားရသကဲ့သို့ သက်ပြင်းချကာ ဆို၏။
“ဒါပေမဲ့လည်း အဲ့လူတွေကို ပြန်တင်ပြဖို့အတွက် မင်းသူငယ်ချင်း ငါ့ကို ဘာများ မှာကြားဖို့ အစီအစဉ် ရှိလဲ။ ဒီကို လာထောက်လှမ်းခိုင်းခဲ့တဲ့အတွက် သူတို့က ငါ့ကို ပြင်ပဓားသွားဂိုဏ်းခွဲရဲ့ ခေါင်းဆောင်အဖြစ် ရာထူးတိုးပေးမယ်လို့ ကတိပေးထားကြတယ်…” လီဖေးယွီသည် ကျီစယ်ပြုံး ပြုံး၍ ဆိုလာ၏။
ဟန်လိက မျက်မှောင်ကြုတ်သွားသည်။ သူက စဉ်းစားပြီးနောက် ပြောလိုက်၏။ “ကြည့်ရတာ ဂိုဏ်းချုပ်ဝမ်နဲ့ အကြီးအကဲတွေက ပူပန်သောက ရောက်နေတဲ့ပုံပဲ။ ဒီကိစ္စကို ရှင်းလင်းပေးလိုက်တာပေါ့။ မဟုတ်ရင် သူတို့ ကောင်းကောင်းအိပ်မပျော် ဖြစ်နေလိမ့်မယ်…”
“ဟုတ်ပြီလေ။ ဒီလိုဆိုတော့လည်း မင်း ပြန်ရောက်ရင် ဂိုဏ်းချုပ်ဝမ်ကို သွားပြောထားလိုက်။ ငါ သူ့ကို မနက်ဖြန်ကျရင် နေဝင်တောင်ထွတ်မှာ ကိုယ်တိုင်လာတွေ့မယ်လို့…။ ပြီးရင် သူ စိတ်ပူနေဖို့ မလိုဘူးလို့လည်း ပြောလိုက်အုံး…”
ဟန်လိက ပြုံး၍ ဆို၏။
“ကောင်းတယ်။ ငါ ဒီအကြောင်း ပြန်တင်ပြလိုက်မယ်…” လီဖေးယွီက ပုခုံးတွန့်ကာ ဆို၏။
ထို့နောက်တွင် ဟန်လိနှင့်လီဖေးယွီတို့သည် ခဏတဖြုတ် စကားပြောနေကြ၏။ ဟန်လိက မီးလုံးပညာရပ်ကိုပင် လီဖေးယွီအား ပြသလိုက်သေးသည်။ ထိုအခါ လီဖေးယွီအတွက် လုံးဝ အသိအမြင် ပွင့်သွားစေကာ နောက်ရက်များတွင် သူ့အနေဖြင့် မနာလို ဖြစ်မိပေတော့မည်။
ထို့နောက် လီဖေးယွီက တောင်ကြားထဲကနေ ပြန်ထွက်ကာ ဝမ်ကြွယ်ချူးထံ ဟန်လိပြောခဲ့သော စကားများကို သွားရောက်တင်ပြလေ၏။
ဟန်လိသည် အခန်းတံခါးဝတွင် ရပ်၍ အကွာအဝေးတစ်ခုရှိ ထွက်ခွာသွားသော လီဖေးယွီ၏ ပုံရိပ်ကို ငေးကြည့်နေကာ အချိန်အတန်ကြာ မိန်းမောနေသည်။ ရုတ်တရက် သူက ထူးဆန်းစွာ ပြုံး၍ အခန်းထဲသို့ ဝင်ကာ တံခါးပြန်ပိတ်လိုက်သည်။
နောက်နေ့မနက်ခင်း၌ ကောင်းကင်သည် အလင်းဓာတ် တောက်ပါလာစဉ် ဟန်လိသည် နေဝင်တောင်ထွတ်သို့ လျှို့ဝှက်စွာ တက်လာခဲ့၏။ သူက ဂိုဏ်းချုပ်ဝမ်၏ အခန်းထဲထိ လူမသိသူမသိအောင် ခြေသံလုံလုံဖြင့် ဝင်လာခဲ့သည်။
ဂိုဏ်းချုပ်ဝမ် နိုးလာသည့်အခါ၌ သူ့အိပ်ယာဘေးတွင် လူတစ်ယောက် ရပ်နေသည်ကို မြင်သည်။ သူက ထိုသူ့ကို မြင်သည့်အခါ လန့်သွားပြီးနောက် အားတင်းကာ ပြုံး၍ မေးလိုက်သည်။ “သမားတော်ဟန်…ဘာကြောင့် ရောက်လာရတာလဲ။ ကျုပ် ခင်ဗျားကို မကြိုဆိုမိတဲ့အတွက် ခွင့်လွှတ်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ကျုပ်တို့ တွေ့ဖို့ သဘောတူထားတာ နေ့လယ်ခင်းမှမလား။ ဘာကြောင့်များ အစောကြီး ကိုယ်တိုင်ကိုယ်ကျ ပေါက်ချလာရတာလဲ…”
ဟန်လိသည် ဂိုဏ်းချုပ်ဝမ်ကို အေးစက်စက် ကြည့်လိုက်၏။ ထိုအကြည့်က ဝမ်ကြွယ်ချူး၏ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးအမျှင်များအားလုံးကို ထောင်မတ်သွားစေသည်။ သူ့မျက်နှာမှာလည်း ဓားဖြင့်မွှမ်းခံရသကဲ့သို့ နာကျင်သွားသည့်အလား။
ဝမ်ကြွယ်ချူး ကြောက်လန့်သွားသည်ကို မြင်သည့်အခါ ဟန်လိက စိတ်ထဲကနေ ကြိတ်၍ ကျေနပ်သွားသည်။ သူက ဝမ်ကြွယ်ချူးကို ကောင်းကင်မျက်လုံးပညာရပ် အသုံးပြုကာ ကြည့်ခဲ့ခြင်းပင်။ လွန်ခဲ့သော ရက်အနည်းငယ်က သူသည် ကောင်းကင်မျက်လုံးပညာရပ်၏ အသုံးဝင်မှုအသစ်တစ်ခုကို တွေ့ရှိခဲ့သေး၏။ သူ့အနေဖြင့် ၎င်းမျက်လုံးပညာရပ်ကို သုံးကာ သာမန်သေမျိုးများ၏ စိတ်ဝိညာဉ်ကို ကြောက်လန့်သွားအောင် လုပ်ဆောင်နိုင်ခြင်းပင်။
“အကြောင်းရင်းရယ်လို့ မရှိပါဘူး။ နံနက်အစောပိုင်းမှာ လူတိုင်းရဲ့ စိတ်က နည်းနည်းပိုကြည်လင်နိုင်တယ်လို့ ကျုပ်ခံစားမိလို့ ဒီလို ရောက်လာခဲ့တာပဲ။ ဒီလို စိတ်ကြည်နေရင် သူတို့အနေနဲ့ တဖက်သူအပေါ် မသင့်မတင့်တဲ့ ကိစ္စတွေ အတင်းအကြပ် မလုပ်မိလောက်ဘူးလေ…”
ဟန်လိ၏ မျက်နှာအမူအရာမှ မပြောင်းလဲသော်လည်း သူ့လေသံကမူ အဓိပ္ပာယ်တမျိုး ပါဝင်နေသည်။