တိုးတိုးတိတ်တိတ် ညှိနှိုင်းခြင်း
Vol. 7 Ch. 97
ဂိုဏ်းချုပ်ဝမ်သည် ထိုအကြောင်းကို ကြားသည့်အခါ သူ့စိတ်နှလုံးသည် မခုန်ပေါက်မိဘဲ မနေနိုင် ဖြစ်မိ၏။
မနေ့တုန်းက သူနှင့် တခြားအကြီးအကဲများသည် လီဖေးယွီထံ သတင်းစကားကို ကြားသိရ၏။ ဟန်လိက သူတို့နှင့် မနက်ဖြန်နေ့လယ်ခင်းကို လာတွေ့လိမ့်မည်။ သူတို့အကြီးအကဲများထဲမှ တချို့လူများက ဟန်လိသည် အန္တရာယ်များလွန်းသည်ဟု ခံစားမိကာ ဟန်လိကို သတ်ဖို့ အခွင့်အရေးတစ်ခု ရှာပြီး အလစ်တိုက်ခိုက်သင့်ကြောင့် ပြောလာခဲ့သည်။
သို့သော် ထိုအုပ်စုနှင့် ဆန့်ကျင်ဘက် အမြင်ရှိသူများလည်း ရှိကြ၏။ သူတို့က ထိုသို့သော လုပ်ဆောင်မှုက အန္တရာယ်များလွန်းကာ သူတို့သာ လုပ်ကြံမှု မအောင်မြင်သည်နှင့် ဒုက္ခပင်လယ်ဝေသွားလိမ့်မည်ဟု ထင်မြင်ကြသည်။
သည်လိုဖြင့် ချီးရွှမ်ဂိုဏ်း အကြီးအကဲများသည် ဟန်လိကို တိုက်ခိုက်မည့်အဖွဲ့ကတစ်ဖွဲ့၊ မတိုက်ခိုက်သင့်ဟု ထင်သောသူများကတဖွဲ့ ဖြစ်ကုန်သည်။ ယင်းနှစ်ဖွဲ့က တညလုံး အသည်းအသန် ငြင်းခုန်ကြသည်။
အမှန်တကယ်၌ ဟန်လိသည် အန္တရာယ်များလွန်းလှသည်ဟု ဆိုကြသော သူများသည် ဟန်ဆောင်ပန်ဆောင်သာ ပြောနေကြာတာ ဖြစ်၏။ သူတို့ထဲ၌ သမားတော်ဟန်ထံမှ အကျိုးအမြတ်ကို ရိတ်သိမ်းချင်သူများ ရှိနေ၏။ ဟန်လိ၏ ကျင့်ကြံခြင်းပညာရပ်များကို မနာလိုအားကျနေသူများ ရှိနေ၏။ သို့ဖြစ်၍ ဟန်လိကို တိုက်ခိုက်မည် မဟုတ်သောဘက်မှ ငြင်းခုန်နေသူများထံ၌လည်း ယင်းသို့သော စိတ်များ ရှိနေနိုင်သည်သာ။
ဂိုဏ်းချုပ်ဝမ် ရှိနေလျက်ဖြင့်ပင် ထိုအုပ်စုနှစ်စုက ဒေါသဖြစ်ကာ စိတ်လှုပ်တရှားဖြင့် ရန်စောင်ကာ စကားများနေ၏။
နောက်ဆုံးတွင် အသေအကြေတိုက်ပွဲ၌ အသက်ရှင်ခဲ့သော မီးခိုးရောင်ဝတ်စုံနှင့်သိုင်းဦးလေး ရောက်လာသည့်အခါ သူက ထိုပဋိပက္ခသည် အတော်နှင့် ငြိမ်သက်မည့်ပုံ မရသည်ကို မြင်၏။ ထိုအခါ သူသည် စကားအနည်းငယ် ပြောကာ သည်လူအုပ်ကို ငြိမ်ကျသွားစေသည်။
“မင်းတို့က သူ သေသွားခဲ့ပြီးရင် သူ့အကြီးအကဲတွေ ရောက်လာမှာကို မကြောက်ကြဘူးလား…” မီးခိုးရောင်ဝတ်စုံနှင့်လူ၏ စကားတို့က ရေအေးအေးဖြင့် လောင်းချလိုက်သလိုပင်။ အကြီးအကဲများ၏ လောဘတက်နေသော စိတ်များကို ချက်ခြင်း ငြှိမ်းသေသွားစေ၏။
“အမှန်ပဲ။ ဟန်လိက ငယ်ရွယ်လွန်းတယ်။ ဒါပေမဲ့ သူက ဒီလောက်ထိ ကြမ်းတမ်းနေပြီ။ သူ့နောက်မှာ အင်မောတယ်အကြီးအကဲတစ်ယောက် ရှိနေမှာ ကျိန်းသေတယ်။ ကျုပ်တို့က သူ သေဆုံးသွားတဲ့ ကိစ္စကို ဖုံးကွယ်ထားနိုင်ခဲ့ရင်တောင် သူ့အကြီးအကဲတွေ ရောက်လာတာနဲ့ ဒီမှာရှိတဲ့လူတိုင်း ဆိုးဆိုးဝါးဝါး သေကုန်လိမ့်မယ်…”
သူတို့သည် ဟန်လိကို သတ်ဖြတ်ခြင်းက သူတို့ကိုယ်ကို သတ်ခြင်းနှင့် တူညီနေသည်ဟု သဘောပေါက်သွားသည့်အခါ ဟန်လိကို အဆိပ်ခတ်မည်ဟု ကြံစည်ထားသောသူများသည် လုံးဝ စိတ်ပြောင်းသွားတော့သည်။ သို့သော် လောဘကြောင့် တစ်ယောက်စ၊နှစ်ယောက်စတော့ ကျန်သေး၏။ အခုအခါ သူတို့သည် ဟန်လိနှင့် ရင်ဆိုင်ဖို့ ပိုသင့်တော်သောနည်းလမ်းများကို အကြုံပြုခဲ့ကြ၏။
ဂိုဏ်းချုပ်ဝမ်သည် ဟန်လိထံမှ အဓိပ္ပာယ်ပါသော စကားများကို ခုလေးတင် ကြားလိုက်ရ၏။ သူက မလုံမလဲ ဖြစ်သွားကာ ဟန်လိထံ၌ ကြီးမားသောစွမ်းအားတစ်ခု ပိုင်ဆိုင်ထားသည်ဟု ယုံကြည်နေ၏။ အကြောင်းမှာ ဝမ်ကြွယ်ချူးသည် မနေ့တုန်းက အဖြစ်အပျက်များကို ဟန်လိက အသေးစိတ် သိထားပြီး ဖြစ်သည်ကို မသိသောကြောင့်ပင်။ သူက ပို၍ သတိထားလာသည်။
သို့ပေမည့် ဝမ်ကြွယ်ချူးသည် ဂိုဏ်းချုပ်တစ်ယောက် ဖြစ်ခဲ့တာ နှစ်ပေါင်းများစွာ ရှိခဲ့ပေပြီ။ ထို့ကြောင့် သူ့အတွေ့အကြုံများကလည်း သာမန်မဟုတ်ပေ။ သူက ကောင်းကင်မျက်လုံးပညာရပ်၏ သက်ရောက်မှုကို အလျင်အမြန် ချိုးဖျက်ကာ သူ့ပုံမှန်အသွင်ဟန်တိုင်း ပြန်ရရှိသွား၏။
“နတ်သမားတော်ဟန်လိ…ဘာကြောင့် ဒီစကားတွေကို ဆိုရတာလဲ။ ကျုပ်တို့ဂိုဏ်းတစ်ခုလုံးက သင့်ကို လုံလောက်အောင်တောင် ကျေးဇူးမတင်ရသေးပါဘူး…”
ဝမ်ကြွယ်ချူးက အခြေအနေကို ရှင်းပြပြီးနောက် ဟန်လိစကားများ၏ နောက်ကွယ်မှ အဓိပ္ပာယ်ကို သိရအောင် လုပ်မည်ဟု ဆုံးဖြတ်သည်။
“ဒါဆို ဘာကြောင့် ကျုပ်ကို ထိခိုက်စေချင်တဲ့သူတွေ ရှိနေတယ်လို့ ကြားခဲ့ရတာလဲ…”
ဟန်လိသည် ရယ်ကျဲကျဲဖြင့် ပြန်ပြောလာသည်။
ဂိုဏ်းချုပ်ဝမ်သည် ထိုစကားကို ကြားသည့်အခါ ထိတ်ခနဲ ဖြစ်သွား၏။ သို့သော် ဟန်လိထံမှ ဒေါသဖြစ်ဟန် အမူအရာကို မတွေ့သည့်အခါ သူက အနည်းငယ် ပြန်တည်ငြိမ်သွားသည်။ ဟန်လိသည် ဒေါသထွက်သည့်လေသံဖြင့် မပြော၊ သူ့ထံ ကိုယ်တိုင်လာခဲ့သည် ဖြစ်၍ ဒီသမားတော်ဟန်က ဖြစ်စဉ်အသေးစိတ်ကို မသိဘဲ ကောလဟလာအချို့ကိုသာ ကြားခဲ့တာ ဖြစ်နိုင်သည်ဟု ဂိုဏ်းချုပ်ဝမ် ထင်မိသည်။ ဝမ်ကြယ်ချူးက ဟန်လိနှင့်ချီးရွှမ်ဂိုဏ်းကြား ပတ်သတ်မှုကို အဖုအထစ် မဖြစ်စေဖို့ နည်းလမ်းအချို့ ရှိနေပုံ ရသည်။
“နတ်သမားတော်ဟန်က အထင်လွဲနေတာ နေမှာပါ။ မနေ့တုန်းက ကျုပ်တို့ဂိုဏ်းမှာ တရားမျှတမှုကို ဖောက်လွှဲဖောက်ပြန်လုပ်ဖို့ ကြံစည်တဲ့ လူအနည်းငယ် တကယ်ပဲ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျေးဇူးပြုပြီး စိတ်အေးအေးထားပေးပါ။ ဒီလူတွေကိုလည်း ဖမ်းဆီးပြီး သေချာ မေးမြန်းနေပါတယ်။ ဂိုဏ်းအဖွဲ့ဝင်အများစုကတော့ ဘယ်လိုပဲဖြစ်ဖြစ် သမားတော်ဟန်ကို ကျေးဇူးတင်နေကြတာ။ ကျုပ်တို့က ကျုပ်တို့ မိတ်ဆွေတွေ ထိခိုက်ပြီး ရန်သူတွေကို ဝမ်းမြောက်စေမယ့် အလုပ်မျိုး လုံးဝ လုပ်မှာ မဟုတ်ပါဘူး…”
ထိုစကားများကို ကြားသည့်အခါ ဟန်လိသည် စိတ်ထဲကနေ လှောင်ရယ်ရယ်မိသည်။ သူသည် သူ့ခွန်အား ထုတ်ပြပြီး ချီးရွှမ်ဂိုဏ်းကို ကပ်ဘေးကြုံရာကနေ ကူညီပေးခဲ့သည့်အချိန်မှစ၍ သူ့ကိုယ်သူ “ငှက်သေမှ၊ လေးပြန်ရုတ်”၊ “မြစ်ကူးပြီးရင် တံတားဖျက်” စသည့်စကားပုံနှစ်ခုကို သတိပေးနေခဲ့သည်။ သူသည် တခြားသူများ၏ ကြင်နာမှုကို မယုံပေ။ သူ့ကို ကျေးဇူးတင်ကြသည်ကိုလည်း မယုံပေ။ လူသားများ၏ စိတ်က အမှန်တကယ် ခန့်မှန်းဖို့ ခက်သည် မဟုတ်လား။ အကျိုးအမြတ်အတွက် တရားမျှတမှုကို ဖောက်ပြားခဲ့သူများသည် မရှားလှပေ။
ဤသည်မှာ ဟန်လိ တောင်ကြားကို ပြန်ရောက်လာပြီးနောက် မည်သူနှင့်မျှ မတွေ့ဟု ထုတ်ပြန်ခဲ့သည့်အကြောင်းရင်းများထဲက တစ်ခုဖြစ်၏။ သူက ထိုအကြီးအကဲဆိုသူများကို အကြောက်တရား သွင်းပေးခဲ့သောကြောင့်သာ မဟုတ်ပါက ထိုသူများသည် လောဘကြောင့် အကျိုးအကြောင်းပင် သိကြလိမ့်မည် မဟုတ်ပေ။
သူသည် လီဖေးယွီကို အကြီးအကဲများနှင့် တွေ့မည်ဟု သတင်းစကား ပို့ခိုင်းခဲ့သော်လည်း အမှန်တော့ ထိုသူများနှင့် တွေ့ဖို့ အစီအစဉ် ရှိမနေပေ။
သူ့ခုလက်ရှိ ခွန်အားက ကျန်းဟူရှိ သာမန်ကျွမ်းကျင်သူများထက် များစွာ သာလွန်သော်ငြားလည်း အကြီးအကဲများက အရှက်မဲ့သော နည်းလမ်းအချို့ကို အသုံးပြုခဲ့လျှင် သူ့ကို သတ်ပစ်နိုင်မည့် နည်းလမ်းများစွာ ရှိနေသေးသည် မဟုတ်လား။
ထို့အတွက်ကြောင့် သူ့ဘေးကင်းလုံခြုံမှုအတွက် သူသည် နေ့တဝက်စောကာ ရည်ရွယ်ချက်ရှိရှိ ရောက်လာခဲ့တာ ဖြစ်သည်။ ဂိုဏ်းချုပ်ဝမ်ကိုသာ ခြေသံလုံလုံဖြင့် လာတွေ့ခဲ့တာ ဖြစ်၏။
အခုလေးတင် သူသည် ဝမ်ကြွယ်ချူးထံကနေ သက်သေအနည်းငယ် ရလိုက်ပေပြီ။ ချီးရွှမ်ဂိုဏ်း၏ အကြီးအကဲများက အမှန်တကယ်ပင် သူ့ကို ဆန့်ကျင်ဖို့ တွေးခဲ့တာ ဖြစ်နိုင်သည်။
သို့သော်လည်း ထိုသည်က ကိစ္စမရှိပေ။ တဖက်လူက သူ့ကို အမှန်တကယ် တိုက်ခိုက်ချင်လျှင်ပင် သူ့ကို ဒေါသထွက်စေတော့မည် မဟုတ်ပေ။ ချီးရွှမ်ဂိုဏ်းမှ နံပါတ်တစ်ဖြစ်သော ဂိုဏ်းချုပ်ဝမ်နှင့် သူ့ကြားက ကိစ္စပြီးသည်နှင့် သူသည် အဝေးသို့ ရောက်နေလောက်ပေမည်။ ထို့ကြောင့် သူက ထိုအကြီးအကဲဆိုသူများနှင့် ဆက်၍ ပတ်သတ်စရာ ရှိတော့မည် မဟုတ်ပါ။
ဝမ်ကြွယ်ချူးကို တချက် လှမ်းကြည့်ပြီးနောက် ဟန်လိက ထူးဆန်းသောလေသံဖြင့် ပြောလာ၏။ “ကျုပ် အဓိပ္ပာယ်မရှိတာတွေ ဆက်မပြောတော့ဘူး။ ကျုပ် ဂိုဏ်းချုပ်ဝမ်ကို ဖုံးကွယ်မထားတော့ပါဘူ။ ခင်ဗျားနဲ့ ကျုပ် ခုလိုတွေ့ပြီးတာနဲ့ ကျုပ် ဒီနေရာကနေ ထွက်ပြီး အဝေးကို သွားတော့မှာ။ ကျုပ် ကောင်းကင်သက်တန့်တောင်တန်းတွေဆီ ပြန်ရောက်လာနိုင်တော့မှာ မဟုတ်လောက်ဘူး။ ကျုပ် မထွက်သွားခင် ဂိုဏ်းချုပ်ဝမ်နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိစေမယ့် ညှိနှိုင်းမှုတစ်ခု လုပ်ကြရအောင်…”
“ညှိနှိုင်းမှုလား…” ဟန်လိ ထွက်ခွာသွားမည့်စကားကို ကြားသည့်အခါ ဂိုဏ်းချုပ်ဝမ်သည် မင်သက်သွား၏။ သို့သော် ဟန်လိက သူနှင့် အပေးအယူလုပ်မည်ဟူသော စကားကို ကြားရသည့်အခါတွင်မူ သူက မျက်လုံးပြူးမျက်ဆန်ပြူးပါ ဖြစ်သွားလေ၏။
“နတ်သမားတော်ဟန်က ကျုပ်နဲ့ ဘာများ ညှိနှိုင်းချင်တာလဲ…” ဂိုဏ်းချုပ်ဝမ်သည် စိတ်စနိုးစနှောင့်ဖြစ်ကာ ပြန်မေးသည်။
…………
နေမွန်းတည့်ချိန် ရောက်လာသည့်အချိန်ထိ ဟန်လိသည် နေဝင်တောင်ထွတ်၏ ဂိုဏ်းခန်းမတွင် ပေါ်မလာခဲ့ပေ။ ထိုအစား ဂိုဏ်းချုပ်ဝမ်သာ တွေ့ဆုံဆွေးနွေးမည့် နေရာထံ စိတ်လှုပ်ရှားနေသော ဟန်ပန်ဖြင့် ရောက်လာသည်။
ဂိုဏ်းချုပ်ဝမ်က အကြီးအကဲများကို ဟန်လိအား စောင့်နေဖို့ မလိုတော့ကြောင်း ရှင်းပြခဲ့၏။ အကြောင်းမှာ ဟန်လိသည် ကောင်းကင်သက်တန့်တောင်တန်းများထံမှ ထွက်သွားခဲ့ပြီး ဟူ၍ပင်။ သူလည်း ဟန်လိ မည်သည့်နေရာသို့ ထွက်သွားသည်ကို မသိပေ။ သို့သော် သူက ဟန်လိသည် ကျင်းစီရင်စုနှင့် ယွဲ့ဒေသကနေပင် ထွက်သွားလောက်ပြီဟု ခန့်မှန်းမိ၏။ ထို့အတွက်ကြောင့် သူတို့အားလုံး၏ ဟန်လိအပေါ် စိုးရိမ်ထိတ်လန့်နေသော ပြဿနာများသည် လွင့်ပါးသွားခဲ့လေပြီ။
ထိုအကြောင်းများကို ကြားသိရသောအခါ သည်နေရာရှိ လူများသည် မျက်လုံးပြူး၊မျက်ဆန်ပြူး ဖြစ်ကုန်၏။ သူတို့က တစ်ယောက်နှင့်တစ်ယောက် တုန်လှုပ်စွာ ကြည့်မိကုန်သည်။ အစည်းအဝေးခန်းမတခုလုံးသည် လုံးဝ ငြိမ်သက်တိတ်ဆိတ်သွား၏။
“သူက ဒီကို ရောက်မလာတော့တာလား။ ဒါဆို ကျုပ်တို့ရဲ့ အစီအစဉ်တွေက အလကားဟသ ဖြစ်ကုန်ပြီပေါ့။ ဘာကြောင့်လဲ…သူ ဘာကြောင့် ထွက်သွားတာလဲ…”
ထိုကဲ့သို့ အဖြေမရှိသော မေးခွန်းများကို သူတို့၏ ခေါင်းထဲ၌ တွေးမိကုန်သည်။