← Chapters

ရွာအပြန်

Vol. 7 Ch. 98

ရွာအပြန်

Vol. 7 Ch. 98

ဟန်လိသည် ကောင်းကင်သက်တန့်တောင်တန်းများကနေ ထွက်ခွာလာပြီး သိပ်မကြာခင်မှာ ဂိုဏ်းချုပ်ဝမ်သည် လီဖေးယွီကို သူ၏ ဆက်ခံသူအဖြစ် ထုတ်ပြန်ကြေညာကာ ပြင်ပဓားသွားဂိုဏ်းခွဲ၏ ခေါင်းဆောင်အဖြစ် ရာထူးထိုးပေးခဲ့သည်။ ထိုစဉ်မှစ၍ ဝမ်ကြွယ်ချူးသည် သူ့ကို များစွာ အရေးပေးပြီး ယုံကြည်မှု ထားလာ၏။ ထို့အပြင် ထိုစဉ်မှစ၍ နောင်ကာလတခုတွင် ဟန်လိ၏ တတိယဦးလေးသည် အမှုမဲ့အမှတ်မဲ့ ဂိုဏ်း၏ စည်းမျဉ်းကို ချိုးဖျက်ခဲ့သေး၏။ သူက သူ့အသက်အတွက် ပူပန်ခဲ့သော်လည်း ဂိုဏ်းချုပ်ဝမ်က ကြားဝင်ကာ သူ့ကို ကာကွယ်ပေးခဲ့သည်။

ဂိုဏ်းချုပ်ဝမ်ကိုယ်တိုင်လည်း ဂိုဏ်း၏ အနာဂတ်ပဋိပက္ခများထဲမှ တစ်ခုအတွက် အားကောင်းသော ရန်သူများနှင့် ရင်ဆိုင်ခဲ့ရကာ မသေမရှင်ပါ ဖြစ်ခဲ့သည်။ သို့သော် ဂိုဏ်းဝင်များက သူ ဒဏ်ရာများကြောင့် သေတော့မည်ဟု ထင်ကြတိုင်း ဂိုဏ်းချုပ်ဝမ်သည် ကျောက်စိမ်းပုလင်းတစ်ခုအတွင်းမှ ဆေးလုံးတစ်လုံးကို သောက်သုံးခဲ့သည်။ ထိုသို့သောနည်းဖြင့် သူသည် မယုံနိုင်စွာ အသက်ရှင်ခဲ့သည်ပင်။ ထိုဆေးလုံး သောက်သုံးပြီးပါက သူသည် သေနိုင်သော ဒဏ်ရာများကနေ ပြန်ကောင်းလာရုံသာမက အသက်ဓာတ်ပါ အပြည့်အဝ ပြန်ရရှိလေ၏။ သို့အတွက် တခြားသူများက မနာလို ဖြစ်ကြသည်။ သူတို့က ထိုဆေး၏ မူလဇစ်မြစ်နှင့် ပတ်သတ်၍ အသေးစိတ် သိရအောင် စူးစမ်းသည်။ သို့သော် သူတို့ သူ့ကို မေးသည့်အခါတိုင်း ဝေ့လည်ကြောင်ပတ် စကားများကိုသာ ကြားရပြီး သူ့လျှို့ဝှက်ချက်ကို သိချင်သူတိုင်းသည် လက်ဗလာနှင့်သာ လှည့်ပြန်သွားရသည်။

ဝမ်ကြယ်ချူး အသက်ကြီးရင့်ကာ ကွယ်လွန်သွားပြီးနောက် သူက အသက်ဓာတ်မြှင့်တင်ခြင်းဆေးလုံး ဟု အမည်ပေးထားသော ဆေးလုံးပါဝင်သော ကျောက်စိမ်းပုလင်းကို ချန်ထားခဲ့၏။ ထိုအချိန်၌ ယင်းဆေးပုလင်းထဲတွင် ဆေးလုံးသုံးလုံးသာ ကျန်တော့သည်။ ထိုဆေးလုံးများကြောင့် ဝမ်ကြွယ်ချူး၏ မျိုးဆက်များသည် ပြဿနာများ၊ သွေးထွက်သံယိုများ ကြုံခဲ့ရဿည်။ မည်သို့ပင်ဖြစ်စေ ထိုအဖြစ်အပျက်များသည် ခုမှစ၍ အနာဂတ်တွင် ဖြစ်လာမည့် အရာများသာ။ သို့အတွက် ခုချိန်၌ ယင်းတို့ကို ဆွေးနွေးနေစရာ မရှိလေပေ။

ခုလက်ရှိ၌ လီဖေးယွီသည် သူ့လက်ထဲ၌ ပုလင်းအချို့နှင့် စက္ကူစာရွက်တစ်ရွက်ကို ကိုင်ထား၏။ သူက ကျန်းရွှယ်အာထံမှ သူ့နေအိမ်သို့ ပြန်ရောက်လာရုံရှိသေး ထိုပစ္စည်းများသည် သူ့အိမ်ထဲ၌ ရှိနေသည်ကို တွေ့ခဲ့ရသည်။

စက္ကူစာရွက်မှာ ဟန်လိ ချန်ထားပေးခဲ့ခြင်းပင်။ ၎င်းစာရွက်ထဲ၌ ပါဝင်သော အကြောင်းအရာက အလွန်ရိုးရှင်းသည်။ ဟန်လိသည် ချီးရွှမ်ဂိုဏ်းကနေ ထွက်သွားပြီး နောင်တွင် လုံးဝ ပြန်မရောက်လာနိုင်တော့ ဖြစ်နိုင်သည်ဟု ရေးထားသည်။ ယင်းစာရွက်ထဲ၌ ဆေးပုလင်းများအကြောင်းကိုလည်း ဖော်ပြပေးထားသည်။ ထိုဆေးလုံးများက လီဖေးယွီ၏ သက်တမ်းကို ဆွဲဆန့်ပေးနိုင်လိမ့်မည်။ ထို့ကြောင့် ဟန်လိသည် လီဖေးယွီက သူ၏ သည်လက်ဆောင်ကို မငြင်းပယ်ဖို့ မျှော်လင့်ထားသည်။

စက္ကူစ၏ ကျောဘက်တွင်မူ ဟန်လိ၏ လက်မှတ်အနီးအနား၌ သူ့ပြုံးနေသောမျက်နှာပုံကို ရေးဆွဲထားသည်။ ထိုအပြုံးက လီဖေးယွီနှင့်ကျန်းရွှယ်အာတို့ မကြာခင် လက်ထပ်နိုင်မည်ဟု မျှော်လင့်ကြောင်း၊ အတူတူ သားသားမီးမီးများ ပိုင်ဆိုင်ဖို့ မျှော်လင့်ကြောင်းကို ဖော်ပြထားသော အပြုံး။ သူတို့ လက်ထပ်ပွဲအတွက် ဂုဏ်ပြုလိုသော အပြုံးပင်။

လီဖေးယွီသည် တုန်လှုပ်နေရာကနေ ပြန်သတိဝင်လာသည့်နောက် သူသည် နေအိမ်ထဲကနေ အတင်း ပြေးထွက်ကာ သူ့အိမ်နှင့် အနီးတွင် ရှိသည့် တောင်ထွတ်ငယ်တစ်ခုပေါ်သို့ အလျင်စလို လှမ်းတက်လာသည်။

ထိုတောင်ထိပ်ပေါ်၌ လီဖေးယီသည် ချီးရွှမ်ဂိုဏ်း၏ ပင်မဂိတ်တံခါးရှိရာထံ လှမ်းကြည့်နေသည်။ သူက အစိမ်းရောင်ကွင်းပြင်တစ်ခုကိုသာ မြင်ရသည်။ သူ့အနေဖြင့် တစုံတစ်ယောက်၏ အရိပ်ကိုမူ ရှာတွေ့နိုင်စွမ်း မရှိတော့ပေ။ သို့သော် သူသည် နေ့တဝက်လုံး မလှုပ်မယှက် စောင့်နေခဲ့သည်။

သူ့မျက်နှာထက်၌လည်း စိတ်ခံစားချက်တို့ အထင်းသား ပေါ်နေပြီး သူက ခပ်တိုးတိုး ရေရွတ်လိုက်၏။ “မင်းကိုယ်မင်း ဂရုစိုက်ပါ…ဟန်လိ။ မင်ရဲ့ အနာဂတ်လမ်းကြောင်းမှာ အဆင်ပြေဖို့ ငါ ဆုတောင်းပေးပါတယ်…”

ထို့နောက်တွင် လီဖေးယွီသည် တောင်ထိပ်မှ ဖြည်းဖြည်းချင်း ပြန်ဆင်းလာ၏။ သူ့နောက်ကျောမှ စိတ်အားငယ်ခြင်းအငွေ့အသက်ကို ထုတ်လွှတ်နေပေသည်။

ထိုအခိုက်တွင် အရှေ့အရပ်သို့ ဦးတည်သောလမ်းမထက်၌ မြင်းလှည်းတစင်း မောင်းနှင်နေသည်။

ဟန်လိနှင့် ဝိညာဉ်သေတို့က ထိုမြင်းလှည်းအတွင်း၌ ထိုင်နေကြသည်။ ထိုမြင်းလှည်းအတွင်းမှာ မကျဉ်းကျုတ်သော်လည်း ဟန်လိက ငွေစသုံးစ ပေးကာ ငှားယမ်းထားခဲ့သည်ဖြစ်၍ မြင်းလှည်းအတွင်း၌ သူနှင့်ဝိညာဉ်သေတို့နှစ်ယောက်သာ ရှိနေကြခြင်း ဖြစ်သည်။

သည်သစ်သားမြင်းလှည်းက အပြင်ပိုင်းမလှဘဲ စုတ်စုတ်ပြတ်ပြတ် ဖြစ်ပေါ်နေ၏။ သို့သော် အတွင်းပိုင်းကမူ အင်မတန် သန့်ရှင်းသပ်ရပ်မှု ရှိ၏။ ထိုမျှသာမက မြင်းလှည်းကို ဆွဲသော မြင်းနှစ်ကောင်သည်လည်း အားကောင်းမောင်းသန်ပင်။ယင်းမြင်းနှစ်ကောင်က ထိုလှည်းကို ဆွဲပေးနေခြင်းသည် လေထဲတွင် ပျံနေရသကဲ့သို့ သက်တောင့်သက်သာ ရှိကာ ခရီးတွင်သည်။

ထို့ကြောင့်လည်း ဟန်လိက ငွေစသုံးစသုံးကာ ဒီလှည်းကို ငှားခဲ့တာ ဖြစ်၏။ ပုံမှန်ဆို ဒီလိုလှည်းမျိုးအတွက် ငွေစတစ်စဆို လုံလောက်သည်။

မြင်းလှည်းသမားက ပိန်ပိန်ပါးပါးနှင့် သက်လတ်ပိုင်းအရွယ် ရှိ၏။ ဟန်လိကို ခရီးလမ်း မေးမြန်းရုံကလွဲ၍ သူက မလိုအပ်သော စကားအပိုများကို မပြောသည့်အတွက် ဟန်လိသည် ကျေနပ်မှုခံစားမိ၏။

ဟန်လိဘေးရှိ ဝိညာဉ်သေ၏ ကြီးမားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကာ မျက်နှာဖုံးတပ်ထားသဖြင့် ဆန်းကြယ်သလို ဖြစ်နေစေ၏။ မြင်းလှည်းသမားကသာ စပ်စုသူ ဖြစ်ခဲ့ပါက ပြဿနာများ ဖြစ်လာနိုင်သည် မဟုတ်လား။

ဟန်လိ၏ ပုခုံးထက်တွင်မူ အကင်းပါးသော အဝါရောင်အမွှေးအတောင်များဖြင့် တိမ်တောင်ပံငှက် ရှိနေ၏။ ၎င်းက မျက်လုံး တဝက်မှိတ်ထားကာ အနားယူနေသည့်အလား။

ဟန်လိ၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ဝိညာဉ်သေကမူ ခရီးဆောင်အိတ်ကြီးတစ်ခုကို သယ်ထား၏။ ထိုအိတ်ထဲ၌ အဝတ်အစားများအပြင် ရွှေစ၊ငွေစနှင့် အတော်လေး လေးသည့် ပုလင်းအချို့တို့ ပါဝင်သည်။

သမားတော်မော့၏ သေတမ်းစာနှင့် တချို့သေးသေးမွှားမွှား ပစ္စည်းပစ္စယများကိုတော့ ဟန်လိက သူ့ကိုယ်ပေါ်၌ သယ်ဆောင်လာ၏။ သူက ယင်းပစ္စည်းများကို အထားမှား၍ ပျောက်သွားမှာကို စိုးရိမ်သောကြောင့်ပင်။

ဟန်လိသည် မြင်းလှည်းအတွင်း၌ တိတ်တဆိတ် ထိုင်ကာ လှည်းဘီးသံကို နားထောင်လို့နေသည်။ သူ့မျက်နှာထက်၌လည်း မည်သည့်စိတ်ခံစားမှု အမူအရာမှ ရှိမနေ။ သူ့အတွက် ချီးရွှမ်ဂိုဏ်းကနေ ထွက်လာရခြင်းအပေါ် စိတ်ခံစားချက် ရှိနေစရာ အကြောင်းမရှိပေ။

သူ့အတွက် မချန်ထားချင်သည့် တစ်ခုတည်းသော သူမှာ သူ့သူငယ်ချင်း၊လီဖေးယွီတစ်ယောက်သာ ရှိ၏။ သူ ပေးထားခဲ့သော ဆေးဝါးများကြောင့် လီဖေးယွီသည် သက်တမ်းရှည်ရှည် ပိုနေနိုင်ကာ သူ့လက်ကျန်ဘဝကို အေးဆေးဆေး နေနိုင်ဖို့ လုံလောက်လိမ့်မည်ဟု ဟန်လိ မျှော်လင့်မိသည်။

ထိုအကြောင်းတွေးကာ သူက အကျောဆန့်လိုက်၏။ သူသွားမည့်နေရာကိုမူ ဟန်လိက မြင်းလှည်းသမားအား အစောတည်းက ပြောထားခဲ့ပြီး ဖြစ်သည်။ သူ သွားနေသော နေရာမှာ သူ၏ ဇာတိမြေဖြစ်သော ရွာငယ်လေးထံသို့ပင်။

မဖြစ်နိုင်တော့သည်ကို သိသော်လည်း ဟန်လိသည် သူ မျက်လုံး ဖွင့်သည်နှင့် သူ့အနီးအနား၌ သူ့မိသားစုဝင်များ၏မျက်နှာများကို တွေ့မြင်နိုင်ရလိမ့်မည်ဟု မျှော်လင့်ထားမိသည်။

သူ အိမ်က ထွက်လာခဲ့တာ နှစ်များစွာ ကြာခဲ့ပြီ မဟုတ်လား။ သူတို့၏ မျက်နှာများသည် သူ့မှတ်ဉာဏ်ထဲ၌ ဝေဝေဝါးဝါးသာ ရှိနေခဲ့တာ ကြာပေပြီ။ ထို့ကြောင့် ဟန်လိသည် သူ၏ ခရီးစဉ်အရှည်ကြီး မစတင်ခင် သူ့မိသားစုဝင်များကို နောက်ဆုံးအကြိမ်အဖြစ် သွားတွေ့ဖို့ လိုသည်။ မဟုတ်ပါက သူ့စိတ်နှလုံးသည် မတင်မကျ ဖြစ်ရလိမ့်မည်။

“ခုချိန်မှာ ငါ့ညီမလေး ဘာများ လုပ်နေမလဲ ငါ သိချင်မိတယ်။ သူမက ခုဆို ဆယ့်ခြောက်၊ဆယ့်ခွန်လောက် ရှိရောပေါ့။ အရွယ်ရောက်နေလောက်ပြီ။ ငါ ရခဲ့တဲ့ စာတွေအရဆို သူမက မိသားစုအတွက် ကောင်းမွန်တဲ့သူ တစ်ယောက်ဖြစ်ပြီး ခုလက်ထပ်ဖို့ ပြင်ဆင်နေတယ်တဲ့…”

ဟန်လိသည် အိပ်ချင်မူးတူး ဖြစ်နေရင်း သူ့စိတ်ထဲတွင် အားနည်းသော၊ အကောင်သေးသော သူ့ညီမဖြစ်သူ၏ ပုံရိပ်လေး ပေါ်လာ၏။ သူရွာတွင် ရှိခဲ့စဉ်က ထိုပုံရိပ်သည် သူ့နောက်၌ အမြဲကပ်ပါလာတတ်ပြီး ‘စတုတ္ထအစ်ကို၊ စတုတ္ထအစ်ကို’ ဟု အော်ခေါ်တတ်ပေသည်။

“အချိန်ကုန်တာ တကယ် မြန်လွန်းတာပဲ…”

သူ့မှတ်ဉာဏ်များထဲရှိ နွေးထွေးသော ရပ်ဝန်းထဲ၌ ဟန်လိသည် အိပ်ပျော်သွားခဲ့လေသည်။ သည်တစ်ကြိမ်၌ သူသည် အေးအေးချမ်းချမ်း၊ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားခဲ့တာ ဖြစ်၏။ သူ ငယ်စဉ် သူ့ဘေးတွင် မိဘများက ကာကွယ်ပေးနေမည်ဟု ယုံကြည်ခဲ့သော အသိမျိုးဖြင့် နှစ်ခြိုက်စွာ အိပ်စက်ခဲ့ရချိန်များကဲ့သို့ပင်။

အဝါရောင်မြေသားလမ်းအတိုင်း ခရီးနှင်လာပြီး ငါးရက်မြောက်နေ့တွင် ဟန်လိသည် နောက်ဆုံး၌ အကွာအဝေးတစ်ခုရှိ ရွာလေးတစ်ရွာကို လှမ်းမြင်ရလေပြီ။

သည်ရွာလေး၌ စပါးခင်းများအတန်းလိုက်၊ ရေတိုက်စား၍ ဂလိုင့်ဖြစ်နေသော လမ်းများ၊ ရွှံသားနံရံအိမ်ငယ်များ ရှိပေသည်။ ယင်းမြင်ကွင်းကို ဟန်လိက နေ့စဉ် စိတ်ကူးကြည့်ခဲ့ဖူးသည်။ ခုခါ၌ ထိုမြင်ကွင်းက ဟန်လိ၏ မျက်စိရှေ့တွင် နောက်ဆုံး၌ ပေါ်လာခဲ့ပေပြီ။

ဟန်လိသည် စိတ်လှုပ်ရှားမှုကို ဖိနှိပ်လိုက်၏။ သူက မြင်းလှည်းသမားကို ရွာနှင့် အတန်ငယ် ဝေးသော နေရာတွင် ရပ်ခိုင်းကာ လှည်းထဲ၌ ဝိညာဉ်သေကို နေခဲ့ခိုင်း၏။ ထို့နောက် ဟန်လိက သူ တစ်ယောက်တည်း ရွာရှိရာသို့ လျှောက်လာသည်။ သူ ရွာနှင့် နီးလာသည်နှင့် သူ့နှလုံးခုန်တာ ပိုမြန်ဆန်လာ၏။

ဟန်လိသည် ထိုသို့သော ခံစားမှုမျိုးကို မခံစားမိရသည်မှာ ကြာမြင့်ခဲ့လေပြီ။

All Chapters