အခန်း(၆၃၃) တတိယ သခင်လေး
Vol. 46 Ch. 633
အခန်း(၆၃၃) တတိယ သခင်လေး
ကျိုူးကွေ့လိုင်က ရှန်ဟိုင်းမြို့တော်တွင် ဒီတစ်ခေါက် ရက် ၂၀ ကျော်လောက် နေခဲ့ပါသည်။ သူပြန်ရောက်လာတာနဲ့ တခြားလုပ်စရာတွေ အများကြီး ရှိပါသေးသည်။ ပထမဆုံး သူမိသားစုလက်အောက်က ဆိုင်အားလုံးကို စစ်ဆေးပြီး ငွေစာရင်းများကို စတင်စစ်ဆေးသည်။
ဝင်ငွေနဲ့ တချို့ကုန်ကျစရိတ်များရှိသည်။ မာချန်းမင်ကို ခေါ်ကာမေးလိုက်သည်။
မာချန်းမင်က ကျိုးကြောင်းသင့်သော ရှင်းလင်းချက် ပေးခဲ့ပါသည်။ ထို့အပြင် ပမာဏကလည်း အများကြီး မဟုတ်ပါ။ မှားယွင်းမှု အနည်းငယ်ရှိတတ်မှန်း ကျိုးကွေ့လိုင် သိသဖြင့် ဘာမှမပြောတော့ပေ။
ဆိုင်၏ ဝင်ငွေများကိုတော့ ကားမောင်းသင်ပြီး ပြန်လာသော ကျိုးအာ့နီက အကောင့်ထဲသို့ တိုက်ရိုက်ထည့်ပေးသည်။ တစ်ချက်လောက်ကြည့်လိုက်ရုံနဲ့ ကျိုးချင်းပိုင် ကြက်သေ သေသွားခဲ့ပါသည်။
သူ့မိသားစု ဝင်ငွေက တကယ်ပဲ မနိမ့်ကျလှပါ။
တော်တော်လေး အထင်ကြီးဖို့ကောင်းပါသည်။
ရှန်ဟိုင်းမြို့တော်ဘက်က အဆင်ပြေလာပါက စီးပွားရေးမှာ နောက်ထပ်တစ်ဆင့်အထိ ရောက်သွားမှာ မလွဲမသွေ ဖြစ်သည်။
ကျိုးကွေ့လိုင်က မာချန်းမင်ကို ညွှန်ကြားလိုက်ပါသည်။ "ဟိုင်းထျန်ဘက်က ဆိုင်နှစ်ဆိုင်ကို ပြင်ဆင်ဖို့ လူတွေရှာထားလိုက်တော့။ ပြီးတော့ ရှိချန်းနဲ့ တုန်ချန်းတို့ဘက်က ဆိုင် ၃ ဆိုင်ကိုလည်း လက်ဖက်ရည်ဆိုင်တွေအဖြစ် ပြုပြင်ရမယ်။”
"ဒါဆို ငါတို့တွေ ဝန်ထမ်းတွေထပ်လိုသေးတာပေါ့" မာချန်းမင်ကပြောလိုက်သည်။
"ဒါဆိုလည်း ခန့်လိုက်ပေါ့။ ဆိုင်ဟောင်းတွေက လူနှစ်ယောက်ကို လွှဲပြောင်းလိုက်ပြီး စတိုးဆိုင်မန်နေဂျာအဖြစ် ရာထူးတိုးပေးလိုက်ပါ။" ကျိုးကွေ့လိုင်က သဘောတူလိုက်ပါသည်။
"မင်းမိဘတွေပြန်လာမယ့်အချိန်ကို မစောင့်တော့ဘူးလား။" မာချန်းမင်က မေးလိုက်ပါသည်။
"ဆိုင်လေးနည်းနည်းပဲကို ကျွန်တော်မစီမံနိုင်ဘူးလား။" ကျိုးကွေ့လိုင်က ဟိတ်ဟန်ဖြင့် ပြောလိုက်ပါသည်။
ပြဿနာ မရှိပါ။ မာချန်းမင်လည်း ဆက်မပြောတော့ပေ။ တစ်ယောက်ယောက်ကို ကိုင်တွယ်ခိုင်းလိုက်သည်။ ကျိုးကွေ့လိုင်က လက်ဖက်ရည်ဆိုင်သို့ ကားမောင်းလာခဲ့သည်။ ကျိုးအာ့နီ ရှိနေပါသည်။ အကောင့်များ စစ်ဆေးနေ၏။
ကျိုးအာ့နီက ရက်အနည်းငယ်လောက် ကားမောင်းသွားသင်ပြီး ကားလိုင်စင်ရပြီးနောက် ပြန်လာခဲ့ပါသည် ကျိုးကွေ့လိုင် မရှိတုန်း မာချန်းမင်ကို လုပ်ငန်းများလုပ်ဖို့ သူမ ကူညီပေးခဲ့ပါသည်။
နေ့စဥ်ရထားသည့် ငွေများကိုတော့ သူမပဲ ကိုင်ထားပါသည်။ ထို့နောက် လင်းချင်းဟယ်၏ အကောင့်ထဲ ထည့်လိုက်မည်ဖြစ်သည်။
"ပြန်လာပြီလား။ နင့်ကို အစောကြီးပြန်ရောက်လာမယ်ထင်မထားဘူး။" ကျိုးအာ့နီက ရွှင်ပျစွာ ပြောလိုက််ပါသည်။
"အဲ့လောက်ကြာဖို့ လိုလို့လား။ ပုံမှန်ဆို တစ်ပတ်လောက်စောပြီးတောင် ပြန်လာလို့ရတယ်။ နည်းနည်းလောက် ထပ်နေလိုက်လို့လေ။" ကျိုးကွေ့လိုင်က ဖြီးလိုက်ပြီး ပြောလိုက်ပါသည်။ "အစ်မအာ့နီ အပြင်က ကားက အစ်မကားလား။"
ကျိုးအာ့နီက နှုတ်ခမ်းတွန့်ကာ ပျော်ရွှင်စွာဖြင့်ပြောလိုက်ပါသည်။ "နင့်ဒုတိယယောက်ဖ ဝယ်ပေးထားတာလေ။"
ကားမောင်းလိုင်စင် စာမေးပွဲက ပြန်လာပြီးနောက် ဝမ်ယွမ်က သူမအတွက် ဝယ်ထားပေးခြင်းဖြစ်သည်။ ယခု သူမ အလုပ်သို့ ကားမောင်းသွားနိုင်ပြီ။ ညနေခင်း အမြွှာနှစ်ယောက်ကို သွားကြိုဖို့လည်း အလွန်အဆင်ပြေပါသည်။
"ကျွတ်... သူဌေးဆိုတဲ့အတိုင်းပါပဲလား။ ကျွန်တော်တော့ မနာလိုဖြစ်တော့မယ်။" ကျိုးကွေ့လိုင်က ထိုင်ကာ ရယ်မောလိုက်ပါသည်။
"အများကြီး မကုန်ပါဘူး။ နင်တို့ရဲ့ ဒီနှစ်စီးပွားရေးကို ကြည့်ပြီး ငါကမှ ပိုတောင် မနာလိုဖြစ်သေးတယ်။" ကျိုးအာ့နီက နောက်လိုက်ပါသည်။
သူမက စာရင်းကိုင်နဲ့ ငွေသွင်းတာဝန်ကို ယူထားပါသည်။ ဝင်ငွေဘယ်လောက်ကောင်းသလဲ ပြောဖို့ လိုသေးလား။ မနှစ်က ယွမ် သိန်းနဲ့ချီပြီး ရှိခဲ့သည်။ ဒီနှစ်ထဲ စီးပွားရေး ပိုတက်လာတာ သိသာပါသည်။
အမှန်ပင်။ ဆိုင်ကိုဖွင့်ထားတာ အလွန်ကြာပြီဖြစ်တာကြောင့်လည်း ပါသည်။ နာမည်က ပိုပိုပြီး တက်လာပါသည်။ ဘာပဲဖြစ်ဖြစ် အရည်အသွေးမြင့်သော လမ်းကြောင်းအတိုင်း လိုက်ခဲ့သောကြောင့် ဖြစ်သည်။
လက်ဖက်ရွက်က မကောင်းပါက ဆိုင်မှာ ပေါ်လာမှာ မဟုတ်ပါ။ အားလုံးကို စစ်ဆေးထားပါသည်။ ထို့အပြင် ပြန်အပ်ပြီး လဲလှယ်သည့် စနစ်လည်း ရှိသည်။ ဆက်ဆံရေးက အလွန်ကောင်းမွန်သဖြင့် ဂုဏ်သတင်း အလွန်မွှေးပျံ့နေပါသည်။
ကျိုးကွေ့လိုင်က လက်ဖက်ရည်ကျိုဖို့ ရေနွေးအိုးတည်လိုက်သည်။ သူပြောလိုက်၏။ "ဒီလုပ်ငန်းတွေက အများကြီး မရပါဘူး။ ဒုတိယယောက်ဖရဲ့ အလုပ်သမား ၁,၀၀၀ ရှိတဲ့ စက်ရုံကြီးနဲ့ ဘယ်ယှဥ်နိုင်မှာလဲ။ ဒါက နေ့တိုင်း ရွှေထုတ်ပေးနေတဲ့ စက်ရုံကြီးလိုပဲ။"
မောင်နှမနှစ်ယောက် တစ်ယောက်စီးပွားရေးကို တစ်ယောက်မြှောက်ပင့်ပြောဆိုနေကြသည်။ ထိုစကားများကိုကြားသည့် တခြားဝန်ထမ်းများလည်း မနေနိင်ဘဲ ရယ်မောကြပါသည်။
အမှန်ပင်။ ဝမ်ယွမ်၏ အထည်စက်ရုံတွင် ဘာမှအပြစ်ဆိုစရာမရှိပါ။ သို့သော်လည်း စက်ရုံက ပိုပိုပြီး ကြီးမားလာလေလေ ဖိအားပိုများလာလေလေဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လူထောင်ချီရှိသည့် စက်ရုံကြီးကို ကျွေးမွေးဖို့က လွယ်ကူပါ့မလား။
အမြတ် မနည်းတာ မှန်သည်။ သို့သော်လည်း လတိုင်း လစာများ ပေးရပါသေးသည်။ တကယ်ပဲ မနည်းသော ပမာဏ ဖြစ်သည်။
လူတစ်ယောက်ကို ယွမ် ၁၀၀ ဝန်းကျင်လစာရှိသည်။ လူ ၁,၀၀၀ဆို တစ်လကို ယွမ် ၁၀၀,၀၀၀ ဆိုသည့် သဘောဖြစ်သည်။ လတိုင်း အလုပ်သမားလစာ ယွမ် ၁၀၀,၀၀၀ ကို ပေးရသည်။ ဒီက အမြတ်ငွေက ၁၀၀,၀၀၀ သာ ရှိသည်။ လုံးဝ မယှဥ်နိုင်ပါ။
အမှန်ပင်။ ယွမ် ၂၀၀ လစာဆိုတာတောင် ရှားပါးသည့် ဒီခေတ်တွင် ပြောစရာမလိုအောင် ယွမ် ၁၀၀,၀၀၀ လစာက ကြောက်ဖို့ကောင်းပါသည်။
တကယ့် အဆင့်မြင့်များနဲ့ နှိုင်းယှဥ်သည့်အခါ အားနည်းချက်များစွာ ရှိနေပါသေးသည်။ အထက်က လူများနောက်တွင် ကျန်ခဲ့ပြီး အောက်ကလူများထက်သာ အဆင့်မြင့်သောသဘော ဖြစ်သည်။
ကျိုးအာ့နီက ပြောလိုက်၏။။ "အိမ်ခြံမြေကြီးကို သွားကြည့်မလား။ မနေ့က နင့်ယောက်ဖနဲ့ ငါသွားကြည့်သေးတယ်။ ပရိဘောဂအသစ်တွေက အသင့်ဖြစ်နေပြီး ပို့ပြီးသွားပြီ။”
"အင်း ခဏနေ သွားကြည့်လိုက်ပါ့မယ်။" ကျိုးကွေ့လိုင်က ပြန်ပြောလိုက်ပါသည်။
"စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့ ဘယ်တုန်းက အိမ်ခြံမြေကြီးကို ဝယ်လိုက်တာလဲမသိဘူး။ အရမ်းကျယ်တာပဲ။ ငါဝင်သွားတော့ လမ်းတောင် ပျောက်တော့မလို့ ဖြစ်သွားသေးတယ်။" ကျိုးအာ့နီက ပြောလိုက်ပါသည်။
သူ့အိမ်ခြံကို သူသွားလည်ပြီးပါပြီ။ ထိုအချိန်တုန်းက လူတွေကိုပြန်တည်ဆောက်ခိုင်းခဲ့သည်။ အလွန်ဆန်းသစ်သည်ဟု ထင်မိပါသည်။
သူ့မိသားစု ဒီလို အိမ်ခြံမြေကြီးကို ဝယ်ထားကြောင်း မသိခဲ့သောကြောင့်ပင်။
ထို့အပြင် သာမန်ခြံဝန်းတစ်ခု မဟုတ်ပေ။ ဝင်ပေါက်နှစ်ခုပါ အိမ်ခြံဝန်းကြီးတစ်ခု ဖြစ်ပါသည်။ ဧရိယာက ကျယ်ပြန့်လွန်းသည်။ သူ့မိဘများကို ဝယ်ဖို့ ဘယ်လောက်ကုန်ခဲ့သလဲဟု မေးခဲ့ဖူးသည်။ သို့သော်လည်း သူမိဘများက ပြန်မဖြေကြပေ။ သူတို့ဝယ်တုန်းကလည်း မပြောခဲ့ပါ။ လျှို့ဝှက်ထားကြပါသည်။
ကျိုးးအာ့နီနဲ့ လက်ဖက်ရည်သောက်ပြီးနောက် ကျိုးကွေ့လိုင်က အိမ်ခြံမြေကြီးကို တစ်ယောက်တည်း ကားမောင်းသွားပါသည်။
အိမ်ထိန်းက ဒီလထဲရောက်လာခဲ့သည်။ အိမ်ရှင်များက ပြောင်းမနေကြသေးသော်လည်း သူမက သစ်ပင် ပန်းပင်များကို နေ့တိုင်း စောင့်ရှောက် သန့်ရှင်းရေးလုပ်ရသည်။ ကျိုးကွေ့လိုင်ကိုလည်း သူမ သိပါသည်။ သူ့ကိုမြင်သောအခါ သူမ နှုတ်ဆက်လိုက်သည်။ "တတိယသခင်လေး”
ကျိုးကွေ့လိုင်က လျှောက်ကြည့်ရင်းပြောလိုက်ပါသည်။ "ဒေါ်လေး သူတို့ စာအုပ်စင်မလုပ်ရသေးဘူး မဟုတ်လား။”
"သစ်တွေကို ပို့လိုက်ပြီလို့တော့ပြောတယ်။ စာအုပ်စင်က ပြီးခါနီးနေပြီး မကြာခင် ပို့ဆောင်ပေးပါ့မယ်တဲ့။" အိမ်ထိန်းက ပြန်ပြောလိုက်ပါသည်။
"အင်း ကျွန်တော့်မိဘတွေလည်း ရက်ပိုင်းအတွင်း ပြန်လာကြတော့မယ်။ ပြန်လာရင် ဒီကိုပြောင်းနေကြတော့မှာ။ ဒေါ်လေး ဒုက္ခများဦးမှာပေါ့။" ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"တတိယသခင်လေးက သဘောကောင်းလိုက်တာ။" အိမ်ထိန်းက ပြန်ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင် အကြာကြီးမနေခဲ့ပေ။ ကုန်ခြောက်ဆိုင်ကို ကားမောင်းသွားခဲ့ပြီး ပင်လယ်ခရု ၂ ကျင်းကို ယူလာခဲ့သည်။ ထို့နောက် သူ့အဘိုးအဘွာများဆီ ညစာစားဖို့ ပြန်လာသည်။
ကားမောင်းလာသည့် လမ်းတစ်ဝက်တွင် မြင်ဖူးသည့် မျက်နှာတစ်ခုကို ကျိုးကွေ့လိုင် မြင်လိုက်ရပါသည်။ အမှန်ပင်။ ထိုလူကတော့ သူ့ကိုမမြင်ပါ။ သူက လမ်းဘေးနားမှာ လျှောက်နေခြင်း ဖြစ်ပါသည်။
ထိုလူက ရှုရှန့်ချမ်းမဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ။
"ဒီကောင် ဘာလို့ အစောကြီး လွတ်လာတာလဲ။ သူလွတ်မှာ နှစ်ကုန်မှ မဟုတ်ဘူးလား။" ကျိုးကွေ့လိုင်က မရပ်ခဲ့ဘဲ သူ့ကိုလွှတ်ထားလိုက်သည်။ တစ်ယောက်တည်း တီးတိုးသာ ရေရွတ်လိုက်မိပါသည်။
ပြောစရာမလိုအောင် ရှုရှန့်ချမ်း ဒီနေ့မနက်စောစော လွတ်လာတာ သူမ သိခဲ့ပါ။ ပထမတော့ နှစ်ကုန်မှ ထွက်ရမည်ဖြစ်သည်။ သို့သော်လည်း စည်းကမ်းလိုက်နာပြီး ကောင်းကောင်းမွန်မွန် နေထိုင်သဖြင့် စောစောလွတ်လာခြင်း ဖြစ်ပါသည်။
သူတို့က ဝမ်းကွဲညီအစ်ကိုများ ဖြစ်သော်လည်း ဘာမှပြောစရာမရှိပါ။ လမ်းကြောင်းချင်း မတူသည့် လူများက အချင်းချင်း မကိုက်ညီနိုင်ပေ။။ ညီအစ်ကိုများကြားမှာတောင် ဒီလိုဖြစ်သဖြင့် ဝမ်းကွဲများဆို မပြောပလောက်တော့ပါ။
ကျိုးကွေ့လိုင်က သူ့ကိုအာရုံမထားဘဲ သူ့အဘိုးအဘွားများ အိမ်သို့ ညစာပြင်ဖို့မောင်းလာခဲ့ပါသည်။
ရှုရှန့်ချမ်း ပြန်လာသောအခါ ဆိုင်စောင့်နေသည့် ကျန်းမေ့လျန်က သူ့ကိုမြင်ပြီးလန့်သွားပါသည်။
"ငါပြန်လာတာ မပျော်ဘူးလား" သူမ ထိတ်လန့်သွားသော မျက်နှာထားကို မြင်သောအခါ ရှုရှန့်ချမ်းက မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်ပါသည်။ ထိုနေရာများက လူနေသင့်သည့် နေရာမဟုတ်ပါ။ တစ်ခေါက်လောက် ဝင်ဖူးရင် တော်ပါပြီ။ သူ ထပ်မဝင်ချင်တော့ပေ။
"ပျော်တာပေါ့ ချမ်းကျစ်ရဲ့။ ရှင်ပြန်လာတာ ပျော်ပါတယ်။" ကျန်းမေ့လျန်က သူမ၏ လိပ်ပြာမလုံစိတ်ကို ဖုံးကွယ်ရင်း အမြန်ပြောလိုက်ပါသည်။ "ကျွန်မလန့်သွားတာပါ။ ဘာလို့ အစောကြီးလွတ်လာတာလဲ။ မဟုတ်မှလွဲရော... ရှင်...ရှင်...”
"ငါလွတ်လာတာ၊ ထွက်ပြေးလာတာ မဟုတ်ဘူး။" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။
သူ့အပြုအမူကိုကြည့်လိုက်သောအခါ အရင်ကလောက် ရန်လိုစိတ်မရှိတော့ပေ။ ထောင်ထဲမှာ နေရသည့် ၂ နှစ်အတွင်း သူ့ မှတ်ဉာဏ်များ တိုးတက်လာတာ သိသာပါသည်။