အခန်း(၆၃၄) ကလေးယူကြရအောင်
Vol. 46 Ch. 634
အခန်း(၆၃၄) ကလေးယူကြရအောင်
ထိုအခါမှ ကျန်းမေ့လျန်၏ မျက်နှာပေါ်တွင် အပြုံးပေါ်လာသည်။ ထို့နောက် သူမ ပြောလိုက်၏။
"ဒီမှာ ဆိုင်ခဏစောင့်ဦး။ ကျွန်မရှင့်အစ်မဆီ အသိသွားပေးလိုက်ဦးမယ်။ သူရှင့်အကြောင်းပဲ တစ်ချိန်လုံးတွေးနေတာ။”
"ငါ့ဖာသာငါ သွားလိုက်ပါ့မယ်...။”
"ရှင်နားဦးမှပေါ့။ ခရီးပန်းလာတာကို။ ကျွန်မပဲ သွားလိုက်ပါ့မယ်" ကျန်းမေ့လျန်က အမြန် တိုက်တွန်းလိုက်ပါသည်။
သူမ ပြောပြီးတာနဲ့ အိတ်ကို ယူလိုက်ပြီး ရှုရှန့်မိန်ကို သွားရှာခဲ့ပါသည်။ ဒီအချိန်ဆို ရှုရှန့်မိန်က အိမ်မှာ မရှိပါ။ ထို့ကြောင့် ကျောက်ကျွင့်ကိုသာ တွေ့ခဲ့ပါသည်။
ကျောက်ကျွင့်က မျက်ခုံးပင့်လိုက်၏။ "နေ့ခင်းကြောင်တောင်ကြီး ရောက်လာတာလား။”
ကျန်းမေ့လျန်က ဘေးပတ်လည်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်သည်။ ဘယ်သူမှ မရှိမှန်း သေချာကာမှ စိတ်အေးသွားကာ တိုးတိုးလေး ပြောလိုက်ပါသည်။ "ရှုရှန့်ချမ်း ပြန်လွတ်လာပြီ။”
ကျောက်ကျွင့် ဒါကိုကြားသောအခါ သူမကို အထဲဝင်ခိုင်းလိုက်ပြီး ပြောလိုက်၏။ "နှစ်ကုန်မှ လွတ်လာမှာမဟုတ်ဘူးလား။ ဘာလို့ အခုပြန်လွတ်လာတာလဲ။”
ကျန်းမေ့လျန် ဘယ်လိုလုပ်သိမည်နည်း။ သူမ ရှုရှန့်ချမ်းကို အသေးစိတ် မေးမကြည့်ရသေးပါ။ ရှုရှန့်ချမ်း အသိမပေးဘဲ ပြန်လာတုန်းက သူမ လန့်သွားခဲ့ပါသည်။
ကံကောင်းစွာဖြင့် နေ့ဘက်ပြန်လာသည်။ ညဘက်သာ ပြန်လာပြီး အိမ်ကို ကျောက်ကျွင့်ရောက်နေတာနဲ့ ဆုံသွားပါက သူမ ဘာလုပ်ရမည်နည်း။
သူ ထောင်ကျပြီး ၃ ရက်အကြာတွင် ကျောက်ကျွင့်က သူ့အိမ်ကို ရောက်လာခဲ့ကြောင်း ရှုရှန့်ချမ်း မသိခဲ့ပါ။ ယောက်ျားတစ်ယောက်နဲ့ မိန်းမတစ်ယောက် အတူရှိနေသည့်အခါ ဘာဖြစ်သလဲ ပြောဖို့မလိုတော့ပေ။
ထိုဆက်ဆံရေးက ဒီနေ့ထိတောင် ဆက်လက် တည်ရှိနေပါသေးသည်။ ကျန်းမိန့်လျန်က ကျောက်ကျွင့်၏ လျှို့ဝှက်မယားဟု ပြောနိုင်ပါသည်။
ကျောက်အိမ်တံခါးဝသို့ ဝင်လိုက်သောအခါ ကျန်းမေ့လျန်၏ လက်ကို ကျောက်ကျွင့်က ဆွဲလိုက်ပါသည်။ ကျောက်ကျွင့် အေးဆေး တည်ငြိမ်နေတာကို သူမ မြင်လိုက်ရသည်။ သူမ ပြောလိုက်၏။ "အခု ဘာလုပ်ကြမလဲ။”
"ဘာလုပ်ရမလဲ၊ ပုံမှန်အတိုင်းပဲနေပေါ့" ကျောက်ကျွင့်က ဂရုမစိုက်စွာ ပြောလိုက်ပါသည်။
ရှုရှန့်ချမ်း ပြန်လာလည်း ဘာဖြစ်လဲ။ သူ့မိန်းမနဲ့ သူအိပ်ဦးမည်ဖြစ်သည်။ ဘယ်သူ့ကိုမှ ပြဿနာရှာမှာမှမဟုတ်တာပဲ။
ကျန်းမေ့လျန်က တွန့်ဆုတ်နေ၏။ "ကျွန်မတို့ အဆက်ဖြတ်ကြမလား။”
သူမက မိန်းမတစ်ယောက်ဖြစ်သဖြင့် ရှုရှန့်ချမ်း ပြန်ရောက်မလာရင် ပြဿနာ မရှိပါ။ သူမယောက်ျားက ထောင်ကျနေသဖြင့် သူမလည်း လိုအပ်ချက်တွေရှိသည်။
ထို့ကြောင့် ထိုနေ့ည ကျောက်ကျွင့် သူမကို လာတွေ့တော့ မူယာမာယာတစ်ဝက်လောက်များပြီး လိုက်လျောခဲ့ပါသည်။ ဒါက ရှုရှန့်ချမ်း ပြန်မလာတုန်းကဖြစ်သည်။ အခုပြန်လာပြီဖြစ်သဖြင့် သူတို့ ဘယ်လိုလုပ်ပြီး ဒီအတိုင်း ဆက်နေနိုင်ပါဦးမည်နည်း။
သူသာ ဒါကိုသိသွားရင် ဘယ်လိုလုပ်ကြမလဲ။
"ဘာစိတ်ပူစရာလိုလို့လဲ။ မင်းအိမ်ကို နောက်ဆို မသွားတော့ရုံပဲပေါ့။ ငါတို့ အပြင်မှာ အခန်းတစ်ခန်း ငှားလို့ရတာပဲ" ကျောက်ကျွင့်က သူမပုံစံကိုမြင်သောအခါ ပြောလိုက်ပါသည်။
"ကျွန်မတော့ အဆက်ဖြတ်သင့်တယ် ထင်တယ်။” ကျန်းမေ့လျန်က တွန့်ဆုတ်နေသည်။
"မင်း ငါနဲ့ ဖြတ်နိုင်လို့လား" ကျောက်ကျွင့်က အနည်းငယ် ပြုံးရင်း ပြန်ပြောလိုက်ပါသည်။
ကျန်းမေ့လျန်၏ မျက်နှာက အနည်းငယ် ရှက်သွေးဖြာသွားပါသည်။ ရိုးရိုးသားသားပြောရလျှင် သူမလည်း မဖြတ်နိုင်ပါ။ ကျောက်ကျွင့်က တကယ်တော်လွန်းသည်။ ဝန်ခံရမှာ ရှက်ဖို့ကောင်းသော်လည်း သူ့အစွမ်းအစတွင် သူမ အရှုံးပေးပြီးသား ဖြစ်သည်။
"စိတ်မပူပါနဲ့၊ သူ မသိပါဘူး။ သူ့ကို ဆိုင်ပဲ ကြည့်ခိုင်းထားလိုက်ပေါ့။ ဒါဆို ဘယ်လိုလုပ်ပြီး သိတော့မှာလဲ။" ကျောက်ကျွင့်က ပြောလိုက်ပါသည်။
ကျန်းမေ့လျန်က သူ အာမခံပေးသဖြင့် အနည်းငယ် စိတ်အေးသွားပါသည်။ ထို့နောက် သူ့ကိုကြည့်လိုက်ပြီး ပြောလိုက်ပါသည်။ "ရှင် ဒီရက်ပိုင်းထဲ ဘယ်တွေသွားနေတာလဲ။ ကျွန်မအိမ်ကို မလာဘူးနော်။”
"သူငယ်ချင်းတွေနဲ့ သွားသောက်နေတာလေ။ ဘာလို့လဲ ကိုယ့်ကိုသတိရလို့လား။" ကျောက်ကျွင့်က ကျီစယ်လိုက်ပါသည်။
ကျန်းမေ့လျန်က ရှက်သွေးဖြာသွားပြီး ခေါင်းငြိမ့်လိုက်ပါသည်။ သူမ၏ ညုတုတု အမူအယာကိုမြင်ပြီး ကျောက်ကျွင့် သူမကို ဒုတိယထပ်က သူတို့အခန်းဆီ ခေါ်သွားပါတော့သည်။
သူမ ပြန်ထွက်လာသောအခါ နာရီဝက်တောင် ရှိနေပါပြီ။ ကျန်းမေ့လျန်က ရှုရှန့်မိန်ကို ရွှင်ပျစွာဖြင့် သွားတွေ့ခဲ့သည်။
ရှုရှန့်မိန်လည်း ဒီဖောက်ပြန်မှုအကြောင်း မသိပေ။ သူမ၏ မောင်ဖြစ်သူ ထောင်ကျနေတာ ၂ နှစ်ကြာပြီဖြစ်ပြီး ကျန်းမေ့လျန်တို့ဘက်ကို ခြေတောင်မချခဲ့ပါ။ ထို့ကြောင့် ကျန်းမေ့လျန်တစ်ယောက် သူမယောက်ျားနဲ့ ပတ်သတ်နေတာကို ဘယ်လိုလုပ်ပြီး သိနိုင်မည်နည်း။
သို့သော်လည်း သူမ မသိရင်တောင် ရှုရှန့်မိန် ကျန်းမေ့လျန်ကို သဘောမကျတာကတော့ လျော့ကျမသွားပါ။ သူမမောင်က ဒီမိန်းမကို လက်ထပ်လိုက်သဖြင့် ၃ ခါတိတိ ကံဆိုးကာ ရန်ဖြစ်ခဲ့ရသည်ဟု ခံစားမိသည်။
မိသားစုထဲမှာ စင်ကြယ်သည့် မိန်းမတစ်ယောက်သာရှိပါက သူမမောင် ဒီလောက်ထိ စည်းပျက်ကမ်းပျက် ဖြစ်နေပါ့မလား။
"နင် ဘာလာလုပ်တာလဲ။" ရှုရှန့်မိန်က ဒေါသကြီးစွာ မေးလိုက်ပါသည်။
"တတိယယောက်မ ရှန့်ချမ်း ပြန်လွတ်လာပြီ။ ကျွန်မ အဲ့တာ လာပြောတာပါ။" ကျန်းမေ့လျန်က ပြောလိုက်ပါသည်။
ရှုရှန့်မိန် ကြက်သေ သေသွား၏။ ထို့နောက် သူမ ပြောလိုက်သည်။ "ချမ်းကျစ် ပြန်လွတ်လာပြီ ဟုတ်လာား။ နင်လိမ်နေတာလား။”
"ငါ နင့်ကို ဘာလို့ လိမ်ရမှာလဲ တတိယယောက်မရဲ့။ သူ တကယ်ပြန်လွတ်လာပြီ" ကျန်းမေ့လျန်က အတည်ပြုပေးလိုက်ပါသည်။
"ဘယ်တုန်းက ပြန်လွတ်လာတာလဲ။ ဒီနှစ်အကုန်မှ မဟုတ်ဘူးလား။" ရှုရှန့်မိန်က အမြန်ပြောလိုက်သည်။
သူမ မွေးရပ်မြေကို ဖုန်းဆက်တိုင်း သူမ အမေက ဖုန်းထဲမှ သူ့သားအကြောင်း မေးသည်။ အသံကလည်း ငိုသံပါနေ၏။
ကျန်းမေ့လျန်က ပြန်ပြောလိုက်ပါသည်။ "မသိဘူး၊ မမေးကြည့်ရသေးဘူး။ ထွက်ပြေးလာတာ မဟုတ်ဘူး။ လွတ်လာတာတဲ့။”
ရှုရှန့်မိန့်က ဆိုင်ကို ဝန်ထမ်းများဆီ အပ်ခဲ့ပြီး ကျန်းမေ့လျန်နဲ့ လိုက်လာခဲ့သည်။
အချိန်အတော်ကြာသော်လည်း ရှုရှန့်ချမ်းက ဘာမှမပြောခဲ့ပါ။ ထောင်ထဲမဝင်ခင်တုန်းကနဲ့ ယှဥ်ကြည့်လျှင် ရှုရှန့်ချမ်း၏ အရှိန်အဝါတစ်ခုလုံးက တည်ငြိမ်ကာ သိမ်မွေ့လာပါသည်။
ရှုရှန့်မိန်ရောက်လာတာနဲ့ ငိုယိုပြိး သူမမောင်ကို ဖက်လိုက်ပါသည်။ ရှုရှန့်ချမ်းက အံ့သြဖို့ကောင်းလောက်အောင် သူမကို စိတ်မရှုပ်တော့ပါ။။ ထို့အစား သူပြောလိုက်သည်။ "တတိယအစ်မ ငါဘာမှမဖြစ်ပါဘူး။ လွတ်လာပြီပဲ။”
"နင် ဘာမှမဖြစ်တာ ကောင်းတာပေါ့။ ဘာမှမဖြစ်တာ ကောင်းတာပေါ့။" ရှုရှန့်မိန်က ထပ်ခါထပ်ခါ ပြောလိုက်ပါသည်။ "ဒါနဲ့ ဘာလို့ လဝက်လောက် စောလွတ်လာတာလဲ။ သတင်းလည်း ဘာမှမရဘူး။”
"အထဲမှာ စည်းကမ်းလိုက်နာတယ်။ တာဝန်တွေကို ပြီးအောင် လုပ်တယ်။ အမှားတွေကိုလည်း ရိုးရိုးသားသား ဝန်ခံလို့ ငါ့ကို စောစော လွှတ်ပေးလိုက်တာလေ။" ရှုရှန့်ချမ်းက အမှန်တိုင်း ပြောလိုက်ပါသည်။
ရှုရှန့်မိန်က အပျော်လွန်သွားပါသည်။ အကြာကြီး ထိုင်စကားပြောပြီးနောက် သူမ ဖုန်းရုံတစ်ခုတွင် ဖုန်းသွားဆက်သည်။ သူမအမေကို သတင်းကောင်းပြောဖို့ စိတ်ထပ်မပူစေဖို့ ဖုန်းသွားဆက်ခြင်း ဖြစ်သည်။
ရှုရှန့်ချမ်းက ကျန်းမေ့လျန်ဘက်ကိုလှည့်လိုက်သည်။ "မေ့လျန် ကလေးယူကြရအောင်။"
ထောင်ထဲမှာရှိနေစဥ်ကာလအတွင်း သူ အများကြီး စဥ်းစားခဲ့ပါသည်။ အရင်တုန်းက တကယ်ပဲ သူဟာ စိတ်လိုက်မာန်ပါ ပြုလုပ်တတ်ပြီး ရိုင်းစိုင်းခဲ့သည်။ အခုတော့ အစကပြန်စပြီး ကလေးတစ်ယောက်ယူဖို့ စီစဥ်ထားပါသည်။
ကလေးတစ်ယောက်ရှိပါက မိသားစုတစ်စုလို ပိုပြီး ခံစားရစေသည်။ ထောင်ထဲမှာတုန်းက မိသားစုနဲ့ ကလေးများရှိသော တခြားလူများ၏ အကြောင်းကို ကြားခဲ့ရသည်။ အများစုက ထောင်ထဲကထွက်ပြီး လူအသစ်တစ်ယောက်လို နေထိုင်ကာ သူ့မိန်းမနှင့် ကလေးတွေအတွက်ကိုလည်း ပြန်လည်ပေးဆပ်သွားဖို့ မျှော်လင့်နေကြပါသည်။
ရှုရှန့်ချမ်း၏ စကားကိုကြားသောအခါ ကျန်းမေ့လျန်၏ မျက်နှာ တင်းမာသွားပါသည်။
လွန်ခဲ့သည့် ၂ နှစ်ဝန်းကျင်အတွင်း သူမ ကလေးမမွေးနိုင်တာ သေချာသလောက် ရှိသွားခဲ့ပါသည်။ အဘယ့်ကြောင့်ဆိုသော် သူမကော ကျောက်ကျွင့်ကော အကာအကွယ် အသုံးမပြုခဲ့သောကြောင့် ဖြစ်ပါသည်။
အထူးသဖြင့် ကျောက်ကျွင့်နဲ့ အတူ ပထမဆုံး ငြိသွားစဥ်က ကျောက်ကျွင့်၏ ကိုယ်ဝန်ကိုရဖို့ သူမ မျှော်လင့်ခဲ့ပါသည်။
သူမ ကိုယ်ဝန်ရလာပါက ရှုရှန့်ချမ်း၏ ကလေးဟု ပြောလို့ရပါသည်။ စိတ်ပူစရာ မရှိပေ။
သို့သော်လည်း လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမ ကိုယ်ဝန် မရခဲ့ပါ။
သို့သော်လည်း ရှုရှန့်ချမ်း ထောင်ကလွတ်လာပြီး ကလေးလိုချင်နေသည်။ သူမ ဘယ်လိုလုပ်ပြီး မွေးပေးနိုင်မည်နည်း။
"အင်း ကလေးယူလို့ရပါတယ်။” သို့သော်လည်း ကျန်းမေ့လျန်ကတော့ အားတင်းပြီး ပြန်ဖြေလိုက်ပါသည်။
ရှုရှန့်ချမ်းက ဘာမှ မပြောတော့ပါ။ သူ့အစ်မကို သွားရှာသည်။ သူ့မိဘများအား သူဘေးကင်းကြောင်း ပြောခဲ့သည်။ သူ့တတိယအစ်မ ဖုန်းပြောနေတာကို မြင်သွားသည်။ သူ့အမေနဲ့ ပြောနေတာ သေချာသဖြင့် သူ ယူပြီး ဆက်ပြောလိုက်ပါသည်။
သူ့အမေက ဖုန်းထဲတွင် ငိုကြွေးနေသည်။ ရှုရှန့်ချမ်းကလည်း စိတ်ရှည်စွာ သူမကို စကားပြောခဲ့သည်။ နာရီဝက်ကျော်ကျော်လောက် စကားပြောပြီးနောက် ဖုန်းချလိုက်ပါသည်။
"အစ်မ ငါအဘိုးနဲ့အဘွားဆီ သွားလည်လိုက်ဦးမယ်။ ဦးလေးနဲ့ ဒေါ်လေးတို့ဆီကောပဲ။ နင်ရော လိုက်ဦးမလား။" ရှုရှန့်ချမ်းက ဖုန်းချကာ ပြောလိုက်ပါသည်။
"ဘာ။ နင်သွားလည်မလို့လား။" ထိုစကားကိုကြားသောအခါ ရှုရှန့်မိန်၏ မျက်လုံးများ နီရဲသွားပါသည်။
"သွားလည်ရမှာပေါ့။" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။
"ထားလိုက်စမ်းပါ။ ငါတို့မိသားစုနဲ့ ကျိုးမိသားစုနဲ့ အဆက်အသွယ်ဖြတ်လိုက်ပြီ။ သူတို့ ဘယ်လောက်တောင် အသည်းမာသလဲ နင်မသိဘူးနော်။ ငါတို့မိဘတွေ ဒီအထိ လာတောင်းပန်တာတောင် သူတို့က နင့်ကို မကယ်ချင်ကြဘူး။” ရှုရှန့်မိန်က အံကြိတ်လိုက်ပါသည်။