အခန်း(၆၃၅) အနိုင်ကျင့်မခံခဲ့ရပါ
Vol. 46 Ch. 635
အခန်း(၆၃၅) အနိုင်ကျင့်မခံခဲ့ရပါ
ရှုရှန့်မိန်က ကျိုးမိသားစုကို လုံးဝ စိတ်နာနေခဲ့ပါပြီ။
အစောပိုင်းတုန်းက သူမ ရည်းစားကိစ္စကြောင့် သူတို့ မကျေမနပ်ဖြစ်ခဲ့ကသည်။ သူမ အပျော် သူမ ရှာတာ ဘာဖြစ်လဲ။ သူမအတွက် သူမ မကြိုးစားပါက သူမ ဘဝကောင်းကောင်း ဘယ်လိုလုပ်ပြီး ရနိုင်မှာလဲ။
ဒါတွေကို ဘေးဖယ်ထားလိုက်ပါဦး။ နောက်ထပ်ကော ဘာတွေဆက်ဖြစ်သေးသလဲ။ သူမဘက်က စပြီး ဦးညွှတ်ခဲ့သည်။ သူတို့ သဘောထားက အေးလည်းမအေး နွေးလည်းမနွေးထွေးပါ။ သူမ၏ မောင်ဖြစ်သူ ကိစ္စကျမှသာ သူမ ဒေါသအထွက်ဆုံး ဖြစ်ခဲ့ရပါသည်။
သူ သံတိုင်ကြားမှာ အပိတ်လှောင်ခံရတော့မည်။ ကျိုးမိသားစုမှာ အဆက်အသွယ်ရှိတာ သိသာပါသည်။ သို့သော်လည်း သူတို့ မကူညီခဲ့ပါ။ သူမ မိဘများ ရောက်လာပြီး ဒူးထောက်တောင်းပန်ခဲ့တာတောင် ကျိုးမိသားစုက တုပ်တုပ်မလှုပ်ခဲ့ပါ။
ထိုအချိန်တုန်းက သူမ အမေက အလွန်အမင်း ဒေါသထွက်ခဲ့သည်။ အဆက်အသွယ်ဖြတ်မည်ဟု တဲ့တိုးပြောခဲ့၏။ ကျိုးမိသားစုကို မိသားစုအရင်းဆို ဆက်ဆံတော့မှာ မဟုတ်ပေ။
လွန်ခဲ့သော ၂ နှစ်အတွင်း ရှုရှန့်မိန်က သူမ လုပ်ငန်းကို ဆက်လုပ်ခဲ့သည်။ သို့သော်လည်း ကျိုးမိသားစုအိမ်ကို ခြေတစ်လှမ်းတောင် မချခဲ့ပါ။
"သူတို့ ငါ့ကို အရမ်းစိတ်ပျက်ခဲ့လို့နေမှာပေါ့။" ရှုရှန့်ချမ်းက ခေါင်းခါလိုက်ပါသည်။
"ချမ်းကျစ် နင်အဲ့ကိုသွားစရာမလိုဘူးနော်။ နင် အဆူခံရပြီး ဆုံးမခံရဦးမယ်။ အခု ငါတို့မိသားစုက သူတို့မိသားစုနဲ့ ဘာမှမဆိုင်တော့ဘူး။ ဘာလို့ သွားမှာလဲ။ တခြားဟာတွေထက် ဆိုင်သွားဖွင့်တာမှ ကောင်းဦးမယ်။ အခု စီးပွားရေးက ပိုပိုကောင်းလာပါပြီ။" ရှုရှန့်မိန်က ဖျောင်းဖျလိုက်သည်။
လွန်ခဲ့သည့် ၂ နှစ်အတွင်း သူမ ငွေအများကြီး ရခဲ့ကာ ဒုတိယဆိုင်ခွဲကိုပင် ဖွင့်နိုင်ခဲ့သည်။ ယခု ဆိုင် ၂ဆိုင်ဖွင့်ထားပြီး တစ်လကို ယွမ် ၁,၀၀၀ ကျော်လောက် အလွယ်လေး ရနိုင်ပါသည်။
"ငါ အလုပ်လုပ်မှာပါ။ ဒါပေမယ့် ငါ့အဘိုးအဘွားတွေ အိမ်ကိုလည်း သွားလည်ရမယ်။” ရှုရှန့်ချမ်းက စိတ်မပြောင်းပါ။
နောက်တစ်နေ့ကျ သူရောက်လာခဲ့ပါသည်။ သူရောက်လာသောအခါ အမေကျိုးက အိမ်တော်ထိန်းအသစ်ကို သစ်သီးပန်ကိတ်လုပ်ဖို့ ပြောနေသည်။
သူမ အသက်အရွယ်နဲ့ မလိုက်အောင် စားနိုင် သောက်နိုင်ကာ ကျန်းမာရေးကောင်းပါသည်။
ထိုအိမ်တော်ထိန်းက အနီးအနားရပ်ကွက်တစ်ခုက ဖြစ်သည်။ သက်လတ်ပိုင်း အမျိုးသမီးတစ်ဦး ဖြစ်၏။ အရင်က နိုင်ငံပိုင်ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ခဲ့ဖူးသည်။ သို့သော် အလုပ်ဖြုတ်ခံခဲ့ရသည်။ သားလတ်က ထိုအကြောင်းကြားကာ သူမကို သွားဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။
တစ်ရက်ကို သုံးနပ်ချက်ဖို့နဲ့ အဝတ်အစားများ လျှော်ဖွပ်ရန် တာဝန်ယူဖို့သာ လိုပါသည်။
အဝတ်လျှော်ဖို့ အဝတ်လျှော်စက်လည်း ရှိသည်။ အလွန် လွယ်ကူသော အလုပ်ဟု ဆိုနိုင်သည်။ တစ်လကို ၁၃၀ ယွမ် လစာပေးသည်။ အမှန်ပင်။ သူမ သေချာပေါက် ပျော်ပျော်ကြီး လုပ်နိုင်ပါသည်။
အမြဲလိုလို အဖေကျိုး၊ အမေကျိုးနဲ့ အဘိုးဝမ်တို့ကို ဘာစားချင်သလဲ သူမ မေးတတ်၏။ ထို့နောက် ချက်ပြုတ်ပေးပါသည်။ သူမ၏ အချက်အပြုတ်ကောင်းမွန်မှု၊ သန့်ရှင်းသပ်ရပ်မှု၊ အလုပ်ကြိုးစားသော စရိုက်တို့ကြောင့် အမေကျိုး ကျေနပ်အားရမိပါသည်။
ပထမတော့ သူမကို လစာပေးတာ များလွန်းသည်ဟု ထင်ခဲ့သည်။ သူမတို့ မျိုးဆက်မှာတုန်းက လယ်မှာ တစ်နှစ်လုံး အလုပ်လုပ်ရင်တောင် ယွမ် ၁၀၀ ဆိုတာကို မမြင်ရနိုင်ပါ။
သို့သော်လည်း အခုတော့ လက်ခံလိုက်ပါပြီ။ သူမ စျေးထွက်ဝယ်ဖို့ကော ချက်ပြုတ်ဖို့ကော မလိုပါ။ ပန်းခြံသွားပြီး တခြား အဘွားအိုများနဲ့ ပေကျင်းအော်ပရာနားထောင်ရင်း သီဆိုဖို့ အချိန်အများကြီး ပိုရှိသွားပါသည်။ ဒီလို ဘဝက အလွန်လှပလွန်းပါသည်။
ယနေ့ ချက်ပြုတ်စရာများကို ညွှန်ကြားပြီးနောက် အမေကျိုး အပြင်ထွက်ဖို့ ပြင်လိုက်ပါသည်။ ထို့နောက် သူမ မြေးကို တွေ့လိုက်ရပါသည်။
အမေကျိုး အံ့သြသွားပြီး ပြောလိုက်သည်။ "ချမ်းကျစ် လွတ်လာပြီလား။”
"အဘွား ကျွန်တော်လွတ်လာပါပြီ။" ရှုရှန့်ချမ်းက ခေါင်းငြိမ့်လိုက်သည်။
အမေကျိုး၏ မျက်နှာထား ပြောင်းလဲသွားသည်။ "ဒီနှစ်ကုန်မှ မဟုတ်ဘူးလား။ နင်ထွက်ပြေးလာတာလို့တော့ မပြောနဲ့နော်။”
ရှုရှန့်ချမ်းက ခေါင်းခါပြီး ပြန်ပြောလိုက်ပါသည်။ "အဘွား ကျွန်တော် တကယ်လွတ်လာတာပါ။”
အကြောင်းအရင်းကို အဘွားဖြစ်သူအား ရှင်းပြလိုက်သည်။ ထိုအခါမှ သူ့အဘွားက သူ့ကို ဒေါသထွက်သော မျက်နှာဖြင့် မကြည့်တော့ပါ။
အမေကျိုး စိတ်အေးသွားသည်။ သူ ထွက်ပြေးလာတာဆိုလျှင် ကျိုးမိသားစုကိုယ်တိုင် ထောင်ထဲ ပြန်ပို့ပေးပါမည်။
"အရင်တစ်ခေါက် နင့်အမေ ဒီကိုလာသွားတယ်။ ငါနဲ့ နင့်အဘိုးကို အဆက်အသွယ်ဖြတ်သွားပြီ။ နင်ထပ်လာဖို့ မလိုတော့ဘူး။" အမေကျိုး သူ့ကို အထဲဝင်ဖို့ ခေါ်သော်လည်း မျက်စောင်းထိုးလိုက်ပါသည်။
ထိုအချိန်တုန်းက သူမ အသက်ရှူမှားရလောက်အောင်တောင် စိတ်ဆိုးခဲ့ရသည်။ အရင်တုန်းက သူမ သမီးကြီးမှာ ဘာမှ ဆိုးရွားတာ မရှိဘူးဟု ထင်ခဲ့၏။ သို့သော်လည်း အခုတော့ သူမမှာ အကျင့်ဆိုးများဖြင့် ပြည့်နှက်နေသည်ဟု ထင်ရပါသည်။
ဒီမြေးကလည်း သူမကြောင့်ပဲ ဒီလိုပုံစံဖြစ်လာတာ ဖြစ်ရမည်။ သူမသာ ကောင်းကောင်းမွန်မွန် ဆုံးမခဲ့ပါက ဒီလို ဆင်ခြင်မဲ့စွာ နေထိုင်မှာ မဟုတ်ပါ။
ကလေးတွေကို ဆုံးမရတာ သူမတစ်ယောက်တည်း မဟုတ်ပါ။ စတုတ္ထချွေးမကျတော့ ဘာကြောင့် လောင်တနဲ့ သူ့ညီအစ်ကိုတွေကို ကောင်းကောင်းမွန်မွန် သင်ကြားပြသပေးနိုင်ခဲ့တာလဲ။ အားလုံးကလည်း အောင်မြင်လာကြလေပြီ။
"အဘွား ကျွန်တော့်အမေအကြောင်းလည်း သိတာပဲ။ ကျွန်တော့်ကို အရမ်းချစ်လို့ပါ။ ကျွန်တော် ဒီလိုဖြစ်သွားလို့ အရမ်းလန့်သွားတာနေမယ်။ အဲ့တာကြောင့် နည်းနည်း စိတ်လွတ်သွားတာ ဖြစ်မှာပါ။ သူနဲ့ မယှဥ်ပါနဲ့ အဘွား။" ရှုရှန့်ချမ်းက ပြန်ပြောလိုက်ပါသည်။
"ယှဥ်ဖို့ စိတ်တောင်မဝင်စားဘူး။ ငါ့ကိုလည်း ထောက်ပံ့ပေးစရာ မလိုဘူး။ နင့်ဦးလေးနဲ့ ဒေါ်လေးတို့ ရှိရင် ငါစိတ်ပူစရာမလိုဘူး။" အမေကျိုးက ရွဲ့စောင်းပြောလိုက်ပါသည်။
အမေကျိုးက အခုတော့ ယုံကြည်ချက်များ ပြည့်ဝနေလေပြီ။ သူမမှာ သူမကို ပြုစုပေးနေသည့် သားတစ်ယောက် ချွေးမတစ်ယောက် ရှိသည်။ သမီးအကြီးဆုံးကတော့ တခြားသူတစ်ယောက်၏ ချွေးမဖြစ်ကာ တခြားသူတစ်ယောက်၏ အမေ ဖြစ်နေလေပြီ။ သူမ၏ အသက်အရွယ်မှာ စိတ်ပူနေဖို့ မလိုတော့ပါ။
ထို့ကြောင့် အဆက်အသွယ်ဖြတ်ချင်ပါက ဖြတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ဒီဘဝမှာ တစ်ယောက်မျက်နှာတစ်ယောက် သိပ်ပြီးမြင်ကြရတော့မှာလည်း မဟုတ်ပေ။
ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။ "ကျွန်တော့်ဦးလေးနဲ့ ဒေါ်လေးတို့နှစ်ယောက်စလုံး သိတတ်တာ ကျွန်တော်သိပါတယ်။”
"နင်လွတ်လာပြီဆိုတော့ ငါဘာမှမပြောတော့ဘူး။ ငါပြောလည်း နင်ကြိုက်တာမဟုတ်ဘူး။ နင့်ဘဝနင် ကောင်းကောင်းမွန်မွန်သာနေ။ နင့်ဦးလေးနဲ့ ဒေါ်လေးတို့ ဆီကို သွားဖို့ မလိုဘူး။ သူတို့ခရီးထွက်သွာားလို့ အိမ်မှာ မရှိဘူး။ နင့်စီးပွားရေးကို သေချာ စီမံချေ။" အမေကျိုးက ပြောလိုက်သည်။
ဒီမြေးကို စိတ်မပျက်ဘူးဟု အမေကျိုး မပြောနိုင်ပေ။
သူနဲ့ သူ့အစ်မတို့ အမေကျိုးကို ဒေါသထွက်ပြီး ဆေးရုံရောက်အောင် ပို့ခဲ့တာ ဘယ်နှခါရှိနေပြီလဲ။ စတုတ္ထချွေးမပြောတာမှန်ပါသည်။ နောက်ပိုင်း ဒီကိစ္စများကို အာရုံထားပြီး သူမခန္ဓာကိုယ်ကို ထိခိုက်လာပါက ဘာမှပြောစရာမရှိတော့ပါ။ သူမကို ဆေးရုံစောင့်ပေးဖို့ တခြားတစ်ယောက်ယောက်ကိုသာ ငှားလိုက်ရတော့မည်။ ဘယ်သူမှ အချိန်မရှိကြပါ။
အားလုံးက ကိုယ့်ကိစ္စနဲ့ကိုယ် အလုပ်ရှုပ်နေကြပါသည်။ ၁ ရက် ၂ ရက်လောက်ဆို မပြောပလောက်ပေ။ မကြာခဏဖြစ်နေပါက ဘယ်သူက သည်းခံနိုင်မည်နည်း။ တစ်ယောက်ယောက်ကို ငှားလိုက်တာ အကောင်းဆုံး ဖြစ်ပါသည်။
ထို့ကြောင့် ထိုအချိန်တုန်းက အမေကျိုး ဟန်ဆောင်ချင်တောင် ဟန်ဆောင်လို့မရတော့ပါ။ ဆေးရုံက အမြန်ဆုံး ဆင်းလာရ၏။
သူမ သေသေချာချာ စဥ်းစားပြီးပါပြီ။
သူမဘဝက အခုအလွန်ကောင်းမွန်နေပါပြီ။ မြေးများက အရွယ်ရောက်လာပြီ။ မြေးမများကလည်း အိမ်ထောင်ကျကုန်ကြပြီ။ သူမနဲ့ သူမ ယောက်ျားတို့ကလည်း ကျန်းမာရေး ကောင်းမွန်၏။ ဘာကြောင့် သူမ သားမက်ကိစ္စကြောင့် ဒေါသထွက်ရမည်နည်း။ အထူးသဖြင့် သူမ၏ သမီးနဲ့ သားမက်တို့က သူမကို အဆက်အသွယ်ဖြစ်သွားပြီ မဟုတ်ပါလား။
အမေကျိုး စဥ်းစားကြည့်လေလ ခေါင်းမီးတောက်လာလေလေ ဖြစ်သည်။ ဒါ သူမ ခံစားခဲ့ရတာတွေ သဲထဲရေသွန် ဖြစ်သွားတာနဲ့ အတူတူပဲ မဟုတ်လား။
ထို့ကြောင့် သူမ သေချာစဥ်းစားပြီး ဒီကိစ္စများကို ဝင်မပါတော့ဖို့ ဆုံးဖြတ်လိုက်ခြင်း ဖြစ်ပါသည်။ သူမတို့ အဘိုးအဘွားဘဝဖြင့်သာ အေးဆေးနေနိုင်ပါသည်။
ရှုရှ့န်ချန်းက ခဏလောက် ထိုင်စကားပြောပြီး ပြန်သွားခဲ့သည်။
သူ့ဦးလေးနဲ့ ဒေါ်လေးတို့ အိမ်မှာ မရှိတာ သိသော်လည်း သွားလည်ခဲ့ပါသေးသည်။ ကျိုးမိသားစု လွန်ခဲ့သော ၂ နှစ်အတွင်း ဘယ်လောက်တောင် တိုးတက်လာသလဲ မသိပါ။ ကျိုးကွေ့လိုင်ကို ဆိုင်မှာ လက်ဖက်ရည်လာဝယ်သည့် ဘော့စ်ကြီးတစ်ယောက်နဲ့ လက်ဖက်ရည်သောက်နေတာကို မြင်လိုက်ရပါသည်။
သူ ခဏလောက် တွန့်ဆုတ်သွားသော်လည်း ဝင်ခဲ့ပါသေးသည်။
ကျိုးကွေ့လိုင်လည်း သူမနေ့က ပြန်လွတ်လာတာ သိပြီးသားဖြစ်သည်။ ထို့ကြောင့် မအံ့သြပါ။ သူ့ကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ ထို့နောက် လက်ဖက်ရည်ကို ဘော့စ်ကြီးအား ဆက်ပြီး မိတ်ဆက်ပေးနေ၏။
ဘော့စ်ကြီး ထွက်သွားသောာအခါ လက်ဖက်ရွက် ယွမ် ၄,၀၀၀ ဖိုး ဝယ်သွားပါသည်။ တကယ်ပဲ ဖောက်သည်ကြီး ဖြစ်ပါသည်။
"စောစောလွတ်လာတာလား။" ထိုအခါမှ ကျိုးကွေ့လိုင်က ရှုရှန့်ချမ်းဘက်သို့ လှည့်လိုက်သည်။
"အေး လမ်းလျှောက်လာတာပါ။ ဒီလက်ဖက်ရည်ဆိုင်က မင်းဟာလား။" ရှုရှန့်ချမ်းက မေးလိုက်ပါသည်။
"မနှစ်တစ်နှစ်က ဖွင့်ထားတာလေ။" ကျိုးကွေ့လိုင်က ခေါင်းငြိမ့်ပြီး ပြောလိုက်ပါသည်။ "အဘိုးအဘွားတို့အိမ်ကို သွားပြီးပြီလား။"
"သွားပြီးပါပြီ။" ရှုရှန့်ချမ်းက ပြန်ပြောလိုက်ပါသည်။ "ထောင်ထဲမှာ ငါ့ကိုဂရုစိုက်ပေးတဲ့ လူတစ်ယောက် ရှိတယ်။ ကျိုးမိသားစုက အဆက်အသွယ် သုံးထားတာလား။"
ထောင်ထဲမှ ဘဝက ခက်ခဲပါသည်။ သို့သော်လည်း ထောင်ထဲရောက်ပြီးနောက် သိပ်ပြီး အနိုင်ကျင့်မခံရပါ။ တစ်ယောက်ယောက်က သူ့ကို ကူညီပေးသည်။ သို့သော် ဘာတစ်ခွန်းမှ မပြောပါ။ သူတို့ဘာကြောင့် အလကားသက်သက် ကူညီပေးကြမှာလဲ။။ ကျိုးမိသားစုလက်ချက်ကြောင့်ပဲ ဖြစ်နိုင်ပါသည်။
"လက်ဖက်ရည် သောက်ပါဦး။" ကျိုးကွေ့လိုင်က သူခန့်မှန်းနိုင်လိုက်တာကို မြင်ပြီး ဆက်မပြောတော့ဘဲ လက်ဖက်ရည်တစ်ခွက် ပေးလိုက်ပါသည်။