အခန်း(၆၃၈) ဆွေမျိုးလောင်းများနဲ့ တွေ့ဆုံခြင်း
Vol. 46 Ch. 638
အခန်း(၆၃၈) ဆွေမျိုးလောင်းများနဲ့ တွေ့ဆုံခြင်း
အကြီးဆုံးယောက်မက နောက်တစ်ပတ်လောက်မှ အိမ်ပြန်ရောက်လာခဲ့သည်။ သူမ ယောက္ခမထံမှ ထိုအကြောင်းကြားသောအခါ သဘောတူလိုက်ပါသည်။
"အငယ်ဆုံးယောက်မလေးရဲ့ ယောက္ခမလောင်းတို့အိမ်ကိုသွားကြည့်ရမှာပေါ့။ အခုထက်ပိုကောင်းတဲ့အချိန်မရှိတော့ဘူး။ မနက်ဖြန်သွားရအောင်အမေ"
"ဟုတ်ပြီ" အမေဟဲက သူမ၏ အကြီးဆုံးချွေးမ၏ ဆုံးဖြတ်ချက်ပြတ်သားသော အပြုအမူကို သဘောကျပြီး သဘောတူလိုက်ပါသည်။
သူတို့ သွားလည်ပတ်ချင်ပါက ကြိုတင် အသိပေးထားရမည်။ ဟဲမြန်မြန်က ပြောလိုက်ပါသည်။ "ဒေါ်လေးလင်းကို ဖုန်းဆက်လိုက်မယ်။”
အကြီးဆုံးယောက်မက ထိုဘက်မှာ ဖုန်းတစ်လုံးရှိကြောင်း ကြားလိုက်တာနဲ့ စိတ်ထဲမှာ မှတ်ထားလိုက်ပါသည်။
အစကတော့ ဖုန်းက ဖက်ထုပ်ဆိုင်မှာ ဆင်ထားခြင်း ဖြစ်သည်။ ဖက်ထုပ်ဆိုင်ကို မကြာခဏ ပိတ်သဖြင့် အိမ်ပြောင်းပြီးနောက် ငွေသုံးပြီး ဖုန်းကို အိမ်ခြံဝန်းကြီးဆီသို့ ရွှေ့ပြောင်းလိုက်ပါပြီ။
အခု မနက် ၁၀ နာရီထိုးနေပြီဖြစ်သည်။ လင်းချင်းဟယ်နဲ့ တခြားသူများ အိမ်မှာ မရှိကြပါ။ ဖုန်းလာဖြေတာ အိမ်တော်ထိန်း ဖြစ်ပါသည်။
"အစ်မလေးမြန်မြန်လား။ သခင်မနဲ့ တခြားသူတွေ အပြင်ထွက်သွားပါတယ်။ အရေးတကြီး ပြောစရာရှိလို့လား။ ရှိရင် ကျွန်မ ဆိုင်သွားပြီး သူတို့ကို သွားပြောပေးပါ့မယ်။" အိမ်တော်ထိန်းက ပြောလိုက်ပါသည်။
"ဘာမှအရေးမကြီးပါဘူး။ မနက်ဖြန်နက်ကျရင် ကျွန်မအမေနဲ့ ကျွန်မအကြီးဆုံးယောက်မတို့ အိမ်လည်လာကြမယ်လို့ပဲ ပြောပေးပါ။" ဟဲမြန်မြန်က ပြောလိုက်ပါသည်။
"ကောင်းပါပြီ။ သခင်မပြန်လာရင် အသိပေးလိုက်ပါ့မယ်။" အိမ်တော်ထိန်းက ပြောလိုက်သည်။
ဟဲမြန်မြန်က ဖုန်းချပြီးနောက် သူမအမေနဲ့ အကြီးဆုံးယောက်မဘက်သို့လှည့်ကာ ပြောလိုက်ပါသည်။ "ဒေါ်လေးလင်း အိမ်မှာမရှိဘူး။ အိမ်တော်ထိန်းက ဖုန်းကိုင်တာ။ ဒေါ်လေးလင်းနဲ့ တခြားသူတွေ ပြန်လာတဲ့အခါကျရင် အိမ်တော်ထိန်းက ပြောပေးမယ်တဲ့။”
"သူတို့မိသားစုက အိမ်တော်ထိန်းတောင် ငှားနိုင်တယ်ပေါ့။" အကြီးဆုံးယောက်မက ပြောလိုက်ပါသည်။
"ကျိုးမိသားစုရဲ့ အိမ်ခြံဝန်းကြီးက သမီးတို့ထက် မသေးငယ်ဘူး။ ကျိုးရွှမ်က အရမ်း နှိမ့်ချနေတတ်လို့သာ။ သူ ချမ်းသာမှန်း သိမှာ မဟုတ်ဘူး။” ဟဲမြန်မြန်က သွားပေါ်အောင် ပြုံးလိုက်ပါသည်။
အိမ်ခြံဝန်းကျယ်ကြီးတစ်လုံး၊ အိမ်စီးကားတစ်စီး၊ ထရပ်ကားကြီး တစ်စီး။ သာမန်မိသားစုဆို ဒါတွေကို တတ်နိုင်ပါ့မလား။
အကြီးဆုံးယောက်မဟဲက သူမယောက္ခမကို ကြည့်လိုက်ပါသည်။ "အမေ မနက်ဖြန် သမီးတို့ဘာယူသွားကြမလဲ။"
"သူ့အမေက ဝိုင်နီသောက်တတ်လား။" အမေဟဲက စဥ်းစားပြီးနောက် မေးလိုက်သည်။
"သောက်တယ်။ အရင်တစ်ခေါက်က သမီးကို သောက်ဖို့တောင် ခေါ်သေးတယ်။" ဟဲမြန်မြန်က ခေါင်းငြိမ့်လိုက်သည်။
အမေဟဲက ဝိုင်နီနှစ်ပုလင်း ယူသွားဖို့ ဆုံးဖြတ်လိုက်ပါသည်။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ နေ့လည်စာစားဖို့ အိမ်ပြန်လာသောအခါ ထိုအကြောင်းကို ကြားလိုက်ရသည်။
သားငယ်က ပြောလိုက်၏။ "အစ်မ မြန်မြန်ရဲ့အမေနဲ့ အကြီးဆုံးယောက်မတို့က ဆွေမျိုးလောင်းတွေရဲ့ အိမ်အခြေအနေကို လာကြည့်တာ မဟုတ်လား။"
"ဒီလိုလာကြည့်တာ ပုံမှန်ပါပဲ။" လင်းချင်းဟယ်က နားလည်ပါသည်။ သူတို့သမီးက သူတို့သားနဲ့ တွဲနေသည့်အဆင့်အထိ ရောက်နေလေပြီ။ မိဘတစ်ယောက်အနေဖြင့် ယောက်ျားလေးဘက်က ဘယ်လို မိသားစုအခြေအနေရှိသလဲ မိသားစုထဲမှာ ဘယ်သူတွေ ရှိသလဲ သိထားရမည်။
မကောင်းဆိုးဝါးတွေနဲ့ ပြည့်နေတဲ့ လူတစ်စု ဖြစ်နေပါက သူတို့ အချိန်မှီ တားလို့ရမယ်မဟုတ်လား။
"ယွမ် ၁၁,၀၀၀၊ ပရိဘောဂနဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေ၊ ရွှေငွေတွေနဲ့ သူတို့အခြေချလို့ရအောင် နောက်ထပ် ယွမ် ၁၀၀,၀၀၀ ပေးမယ်။" ကျိုးချင်းပိုင်က ပါးစပ်ဟလာပါသည်။
သူပြောသည့် ယွမ် ၁၁,၀၀၀ က မင်္ဂလာလက်ဖွဲ့သက်သက်ဖြစ်သည်။ လက်ဖွဲ့ငွေအပြင် ပရိဘောဂနဲ့ အိမ်ထောင်အသုံးအဆောင်ပစ္စည်းများလည်း ရှိသေးသည်။ ရွှေငွေများဆိုတာကတောာ့ ရွှေဆွဲကြိုး၊ ရွှေလက်စွပ်နဲ့ ရွှေလက်ကောက်၊ ငွေလက်ကောက်များကို ဆိုလိုသည်။
အခြေချဖို့ ယွမ် ၁၀၀,၀၀၀ ဆိုတာက သူတို့ လက်ထပ်ပြီးနောက် အဆင်ပြေစေရန် ဖြစ်ပါသည်။ ထိုမိသားစု ပိုင်ဆိုင်မှုများကို လောလောဆယ် လင်မယားနှစ်ယောက်က ပိုင်ဆိုင်ထားသည်။ သူတို့ ဆုံးပါးသွားပါက သေချာပေါက် နောက်ပိုင်းမျိုးဆက်များအတွက် ချန်ထားပေးခဲ့မည် ဖြစ်သည်။ သို့သော်လည်း လောလောဆယ်တော့ မတူသေးပါ။
သားလတ်နဲ့ ဟဲမြန်မြန်တို့သာ မဟုတ်ဘဲ သားကြီးနဲ့ ဝိန်မေ့ကျားတို့လည်း ထိုနည်းလည်းကောင်း ဖြစ်ပါသည်။ အနာဂတ်တွင် သားငယ်လည်း ထိုနည်းလည်းကောင်း အကျိုးခံစားခွင့်ရမည်။ ခြားနားမှုရှိမှာ မဟုတ်ပေ။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ "ဒီတိုင်း လာလည်ပြီး စကားပြောတာနေမှာပါ။ အဲ့လောက် မမြန်ပါနဲ့ဦး။”
"စေ့စပ်မယ့်ကိစ္စတော့ ဆွေးနွေးလို့ရတယ်လေ။ သားကြီးက ဒီနှစ်လက်ထပ်မှာဆိုတော့ သူတို့နှစ်ယောက် စေ့စပ်ထားလို့ရတယ်။ သူတို့မိသားစုကို ကြိုပြောထားလို့ ဘာမှမဖြစ်ပါဘူး။" ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
သတို့သားလောင်းက လက်ဖွဲ့အဖြင့် ကားတစ်စီး ရမလား မရဘူးလားဆိုတာတော့ ဒီတိုင်း စကားအဖြစ် ပြောလိုက်ခြင်း ဖြစ်ပါသည်။ လက်ဖွဲ့ကို သူတို့နှစ်ယောက်အား ပေးပါမည်။ အိမ်ခြံဝန်းကြီးဘက်နဲ့ ဘာမှမဆိုင်ပါ။
နောက်တစ်နေ့ ဟဲမြန်မြန်က သူမအမေနှင့် အကြီးဆုံးယောက်မတို့ဖြင့် ကားမောင်းလာခဲ့ပါသည်။
ကျိုးချင်းပိုင်က ဖက်ထုပ်ဆိုင် သွားဖွင့်သည်။ လင်းချင်းဟယ်နဲ့ သားငယ်တို့ အိမ်မှာရှိရင် လုံလောက်ပါပြီ။ ဘာပဲဖြစ်ဖြစ် မိန်းကလေးဘက်က အဖေလည်း မလာသဖြင့် သူလည်း ရှိနေဖို့ မလိုပါ။
လင်းချင်းဟယ်က သားလတ်၏ ယောက္ခမကို ကြိုဆိုလိုက်ပါသည်။ သေချာပေါက် နွေးထွေးသော ကြိုဆိုမှု ဖြစ်၏။ သူတို့ကို ပျော်ရွှင်စွာဖြင့် ကြိုဆိုလိုက်ပါသည်။ "စဥ်းစားကြည့်မှ ကျွန်မ နည်းနည်းလိုသွားတယ်။ မြန်မြန့်ဆီက ဖုန်းနံပါတ်တောင်းပြီး အစ်မကြီးကို ဖုန်းဆက်ပြီး လာလည်ခိုင်းရမှာပါ။”
"အတူတူပါပဲ၊ ဘာမှမဖြစ်ပါဘူး။" အမေဟဲက ဒီခမည်းခမက်လောင်း လင်းချင်းဟယ်ကို မြင်လိုက်ရသောအခါ ရင်ထဲမှာ ကောင်းကောင်း နားလည်သွားပါသည်။ ဒီလို ခမည်းခမက်လောင်းက သားသုံးယောက်စလုံးကို ပေကျင်းတက္ကသိုလ်ကျောင်းသားများဖြစ်အောင် ပျိုးထောင်နိုင်ခဲ့တာ အံ့သြစရာ မရှိတော့ပါ။ အရှိန်အဝါက တော်တော်ကို ခြားနားပါသည်။
"ကျွန်မတို့ ဒေါ်လေးကို ဒီနေ့ နှောင့်ယှက်မိပြီ။” အကြီးဆုံးယောက်မဟဲကလည်း လိုက်ပြောပါသည်။
"မဟုတ်တာ။ လာမယ်ဆိုရင် အမြဲကြိုဆိုနေမှာပေါ့။" လင်းချင်းဟယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
ဧည့်ခန်းထဲရောက်လာပြီးနောက် ဟဲမြန်မြန်က လက်ဆောင်များကို စားပွဲပေါ်သို့ တင်လိုက်ပါသည်။ လင်းချင်းဟယ်က ပြောလိုက်သည်။ "လူပဲ လာရင် ရပါပြီ။ ဘာလို့ လက်ဆောင်တွေ ယူလာရတာလဲ။"
"အမေ့ကို ဒေါ်လေး ဝိုင်နီကြိုက်တတ်တယ်လို့ ပြောလိုက်လို့ ၂ ပုလင်း ဝယ်လာတာလေ။" ဟဲမြန်မြန်က ပြုံးကာ ပြောလိုက်ပါသည်။
"ကျေးဇူးတင်ပါတယ် အစ်မကြီး။" လင်းချင်းဟယ်က ပြုံးလိုက်၏။
အမေဟဲက ပြန်ပြောသည်။ "ကျွန်မ ပေးသင့်တာပေါ့။ အရင်တစ်ခေါက်တုန်းက ရှောင်းရွှမ်ကို ပင်လယ်မျှော့နဲ့ ပင်လယ်ခရုတွေ လက်ဆောင်ပေးလိုက်တယ်လား။ အဲ့တုန်းက ကျွန်မ ကျေးဇူးမတင်ရသေးဘူး"
"အရသာရှိတယ်မဟုတ်လား။ ကျွန်မ ထပ်ပြင်ပေးမယ်။ အစ်မကြီးနဲ့ မြန်မြန်ရဲ့အဖေတို့ စားဖို့ ပြန်ရင်ယူသွားဦး။" လင်းချင်းဟယ်က ပျော်ရွှင်စွာ ပြောလိုက်ပါသည်။
အမေဟဲကလည်း အားနာနေပါသည်။
သူတို့အမျိုးသမီးတစ်ယောက် စကားစပြောကြသည်။ လင်းချင်းဟယ်နဲ့ အကြီးဆုံးယောက်မဟဲတို့က ပြောတတ်ဆိုတတ်ကြသည်။ အမေဟဲပါ ပါလာသဖြင့် ပထမဆုံးအကြိမ် တွေ့ဖူးခြင်း ဖြစ်တာတောင် မစိမ်းကားကြတော့ပေ။
ကျောင်းမှ စီးပွားရေးအထိ၊ ကလေးများမှ ပညာရေးအထိ လင်းချင်းဟယ် ပြောပြသည်များကို နားထောင်ပြီး အမေဟဲ လေးစားသွားမိပါသည်။ သူတို့က တကယ့်ကို ဆန့်ကျင်ဘက်ပင်။
ဟဲမြန်မြန်က လက်ဖက်ရည်ဖျော်ပြီး ရေငှဲ့ပေးပါသည်။
"သားငယ်ကလည်း အရပ်အရမ်းရှည်တယ်နော်။ ဒါပေမယ့် သူ့အစ်ကိုလတ်နဲ့ မတူဘူး။ သူ့အစ်ကိုလတ်နဲ့ အမေတူတာထင်တယ်။ သားငယ်က အဖေတူတာလား။" အမေဟဲက ရွှင်ပျစွာ ပြောလိုက်ပါသည်။
"ဟုတ်တယ်။ အစ်ကိုကြီးနဲ့ ကျွန်တော်တို့က အဖေနဲ့တူတာ။ အစ်ကိုလတ်နဲ့ မူကြိုအရွယ် ကျွန်တော့်ညီမလေးတို့က အမေနဲ့တူတာလေ။ သူတို့က ချောကြတယ်။ တော်တော် အားသာချက်ရှိတာပေါ့။" ကျိုးကွေ့လိုင်က အတွေ့အကြုံရှိသည့် လူတစ်ယောက်လို မျက်နှာထားမျိုးဖြင့် ပြောလိုက်ပါသည်။
အမေဟဲက အူမြူးသွား၏။ "နင့်အစ်ကိုလတ်က ကြည့်ကောင်းတယ်။ နင်လည်း ကြည့်ကောင်းပါတယ်။ မကောင်းတဲ့အချက် မရှိပါဘူး။”
ကျိုးကွေ့လိုင်က ပြုံးလိုက်သည်။ "အန်တီ့လို သဘောကောင်းတဲ့ ယောက္ခမမျိုးရရင် အိပ်မက်ကနေ ပြုံးပြုံးကြီး နိုးလာရမယ်ထင်တယ်။”
"သားမက်အမြင်မှာ နင့်ဒေါ်လေးကပဲ သဘောကောင်းတဲ့ ယောက္ခမ မဟုတ်ဘူး။ ချွေးမဘက်ကကြည့်ရင်လည်း ယောက္ခမကောင်းတစ်ယောက်ပါပဲ။" အကြီးဆုံးယောက်မဟဲက ဆက်ပြောသည်။
သူတို့နှစ်ယောက် အမေဟဲကို ချီးကျူးလိုက်ကြသည်။ အမေဟဲက အပျော်လွန်နေပါ၏။
ဟဲမြန်မြန်ကတော့ အလွန်စိတ်အေးသွားရသည်။ နောက်ဆုံးတော့ စိတ်ချနိုင်ပါပြီ။
"ကျွန်မ သားကြီးက ဒီနှစ်လက်ထပ်မှာလေ။ ကျွန်မတို့ လက်ဖွဲ့ ယွမ် ၁၁,၀၀၀ ပေးဖို့ စီစဥ်ထားတယ်။ အိမ်ထောင်အသုံးအဆောင်ပစ္စည်းနဲ့ ပရိဘောဂတွေလည်း ပါတယ်။ ကျွန်မတို့ ဝယ်စရာမလိုရင် ၁,၀၀၀ ယွမ်နဲ့ လဲပေးပြီး သူတို့ဖာသာသူတို့ စိတ်ကြိုက်ဝယ်ခိုင်းလိုက်မယ်။ ရွှေထည်သုံးမျိုးနဲ့ ငွေထည်တစ်မျိုးလည်း ရှိတယ်။ အဲ့တာတော့ ကျွန်မတို့ ဝယ်ပေးရမယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။
"ယွမ် ၁၀၀,၀၀၀ လည်း ပေးဦးမယ်လို့ မနေ့က အဖေပြောတယ်နော်။" ကျိုးကွေ့လိုင်က အလိုက်သိစွာ နောက်ကလိုက်ပြောပါသည်။
"အဲ့တာက ညားခါစလင်မယားတွေအတွက် အခြေချဖို့ ယွမ် ၁၀၀,၀၀၀ လေ။ ညီအစ်ကိုသုံးယောက်စလုံး အတူတူပဲရမှာ။ လက်ထပ်စာချုပ်ချုပ်ပြီးတာနဲ့ ပေးမှာပါ။" လင်းချင်းဟယ်က အတည်ပြုလိုက်ပါသည်။