← Chapters

အခန်း(၆၄၇) သားကြီးရဲ့ဖုန်း

Vol. 47 Ch. 647

အခန်း(၆၄၇) သားကြီးရဲ့ဖုန်း

Vol. 47 Ch. 647

အခန်း(၆၄၇) သားကြီးရဲ့ဖုန်း

လင်းချင်းဟယ် အိမ်ပြန်သွားသောအခါ အမေကျိုးက အဖေကျိုးနဲ့ အဘိုးဝမ်တို့ဘက်ကို လှည့်သွားကာ ပြောလိုက်ပါသည်။ "စတုတ္ထချွေးမ တော်တော်ခက်ခဲမှာပဲ။ သူ့ကို အစအဆုံး အားကိုးနေရတယ်။”

"ချင်းပိုင်က တော်တော်လွန်တာပါ" အဖေကျိုးက ပြောလိုက်သည်။

"အစွမ်းအစရှိတဲ့လူတွေက အလုပ်များများ ပိုလုပ်ရတယ်တဲ့" အဘိုးဝမ်က ပြုံးလိုက်သည်။

"အဲ့တာ ဟုတ်တော့ဟုတ်ပါတယ်။။ မိန်းမတစ်ယောက်ဖြစ်ပြီး စတုတ္ထချွေးမက သက်တောင့် သက်သာမနေဘဲ့ အမြဲတမ်း အလုပ်ထွက်လုပ်တယ်။ တစ်ခုခုဖြစ်ရင် ချင်းပိုင်ကို သွားခိုင်းလိုက်လို့ ရရဲ့သားနဲ့" အမေကျိုးက ဝေဖန်၏။

ဘာမှပြောစရာမရှိသော်လည်း လူကြီးများက သူတို့ချွေးမ လင်းချင်းဟယ် အလုပ်ကြိုးစားတာကို သိထားကြပါသည်။

ပြောရမည်ဆိုလျှင် အမေကျိုးက သူ့ချွေးမကို လေးစားပါသည်။ သူမ ပန်းခြံသို့သွားပြီး အဘိုးအိုများနဲ့ စကားပြောသောအခါ သူတို့ချွေးမများက သူမချွေးမလောက် မတော်ကြတာကို သိခဲ့ရသည်။

သိတတ်သည့် ချွေးမတစ်ချို့ရှိသော်လည်း အတိုင်းအတာတစ်ခုအထိသာဖြစ်သည်။

အခု သူမဘဝကိုကြည့်ပါဦး။ သူမအတွက် အိမ်တော်ထိန်းတစ်ယောက် ရှိနေပါသည်။ အရင်တုန်းကသာဆို ဒါမျိုးတွေ စိတ်တောင်ကူးရဲပါ့မလား။

လင်းချင်းဟယ်က လူကြီးများ၏ အတွေးကို မသိခဲ့ပါ။ သူမ ခုနက ပြောသမျှကို နားထောင်ခဲ့သည်။ အမေကျိုးက အသက်ပိုကြီးလာပြီး အရင်ကလောက် ပြောရမခက်တော့ပါ။ ဒီတိုင်း အဆင်ပြေအောင် နေဖို့သာရှိသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကိုချော့ပြောလျှင် ရပါသည်။

လင်းချင်းဟယ် အိမ်ပြန်ရောက်လာတော့ သားကြီးဆီက ဖုန်းလက်ခံရရှိခဲ့သည်။ သူမ ပြန်ရောက်တာနဲ့ ဖုန်းသံမြည်လာ၏။ အိမ်တော်ထိန်းကို ဖုန်းကိုင်ခိုင်းစရာ မလိုအပ်ပေ။ သူမကိုယ်တိုင် ဖုန်းကိုင်လိုက်ပါသည်။

"ဟယ်လို" လင်းချင်းဟယ် ပြောလိုက်၏။

"အမေ" ကျိုးခိုင်က ပြုံးရင်း ဖုန်းထဲမှ ခေါ်လိုက်ပါသည်။ သူ့အမေအသံမှန်း သူသိပါသည်။

"ကောင်စုတ်လေး ဖုန်းခေါ်ရကောင်းမှန်း သိသေးတယ်ပေါ့။ မေ့ကျားကတောင် နင့်ထက် ဖုန်းဆက်တာ ပိုများသေးတယ်" လင်းချင်းဟယ်က သူမ၏သားကြီးအသံကိုကြားတာနဲ့ တရစပ် ဆူပူလိုက်ပါသည်။

ချွေးမလောက် ဝိန်မေ့ကျားက တစ်ပတ်တစ်ခါလောက် ဖုန်းပြန်ခေါ်တတ်သည်။ အချိန်အားပါက နှစ်ခေါက်လောက်တောင် ဖုန်းဆက်တတ်ပါသည်။ သူမ ယောက္ခမလောင်း လင်းချင်းဟယ်နှင့် ပြောစရာစကားများစွာ ရှိသည်။

ဥပမာအာားဖြင့် သူတို့နှစ်ယောက် မနှစ်က နှစ်သစ်ကူး အိမ်ပြန်မလာနိုင်ခဲ့ကြပါ။ သားငယ်က သူတို့ဆီသွားဖို့ ပူဆာ၏။ ကျန့်ကန်းလည်း သွားချင်သည်။ ထို့ကြောင့် လင်းချင်းဟယ်က ခွင့်ပြုခဲ့၏။ သူတို့ဆီသို့ ဝက်သားခြောက်များ၊ စပျစ်ပျားရည်၊ လီမွန်ပျားရည် စသဖြင့် ပို့ပေးခဲ့သည်။ သူတို့နှစ်ယောက်အတွက် အဝတ်အစားအသစ်များလည်း ပို့ဆောင်ပေးခဲ့၏။ ကောင်လေးနှစ်ယောက်က သယ်လာပေးပါသည်။

ဖုန်းထဲတွင် ကျိုးခိုင်က သူ့အမေ၏ အပြစ်တင်စကားကို ရွှင်မြူးစွာဖြင့် ပြန်ဖြေလိုက်သည်။ "အတူတူပါပဲ။ သားဖုန်းဆက်တာဖြစ်ဖြစ် အမေ့ချွေးမဖုန်းဆက်တာဖြစ်ဖြစ် ဘာကွာလို့လဲ။”

"မေ့ကျားကမေ့ကျား နင်ကနင်ပဲ။ နင်အပျင်းကြီးတာကို အကြောင်းပြချက် မပေးနဲ့။” လင်းချင်းဟယ်က ပြောလိုက်သည်။ ထို့နောက် သူမ မေးလိုက်၏။ "နင် ခုတလော ဘယ်ရောက်နေတာလဲ။ နင်တာဝန် ထမ်းဆောင်ရဦးမယ်လို့ မေ့ကျားက ပြောတယ်။”

"အဲ့တာ လျှို့ဝှက်တာဝန်တွေပါ။ အဲ့အကြောင်းတွေမပြောနဲ့ အမေ။ သတင်းကောင်းပြောစရာရှိတယ်။ ဒီနှစ် ကျွန်တော် ရာထူးတိုးတော့မယ်" ကျိုးခိုင်က ပြုံးလိုက်ပါသည်။

လင်းချင်းဟယ်လည်း ပြုံးကာ ပြန်ပြောလိုက်၏။ "ရာထူးတိုးတာတော့ ဝမ်းသာစရာပဲ။ ဒါပေမယ့် အပြင်ဘက်မှာရှိတဲ့အခါ ကိုယ့်ခန္ဓာကိုယ်ထက် ဘာမှ ပိုအရေးမကြီးဘူး။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဦး။ မေ့ကျားနဲ့ မိသားစုကို မစိုးရိမ်ရစေနဲ့ နားလည်လား။”

"နားလည်ပါပြီ" ကျိုးခိုင်က ပြန်ပြောလိုက်ပါသည်။

"နင်ဘယ်တော့ပြန်လာမှာလဲ။ နင့်အဘိုးအဘွားတွေဆီက ငါအခုပဲပြန်လာတာ။ နင့်ခေါင်းကိုင်အဘိုးက ဒီနှစ် မေ့ကျားနဲ့ နင့်မင်္ဂလာကိစ္စအကြောင်းကို ပြောနေပြီ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

သားကြီး၏ မင်္ဂလာကိစ္စက အဟန့်အတားများစွာနဲ့ ကြုံခဲ့ရပါသည်။ ယောက်ဖနှစ်ယောက်က တစ်နှစ်ပြီးတစ်နှစ် ဆက်တိုက် မင်္ဂလာဆောင်ခဲ့သည်။ ထို့ကြောင့် ဒီနှစ်အထိ နှောင့်နှေးခဲ့ရသည်။ လင်းချင်းဟယ်က ဘာပြဿနာမှ မရှိဘူးဟု ထင်ပါသည်။ ဘာပဲဖြစ်ဖြစ် သူက ဒီနှစ်မှ ၂၄နှစ်ပြည့်မှာဖြစ်ပြီး အလွန်ငယ်ပါသေးသည်။

သူတို့နှစ်ယောက်လုံး ငယ်သေး၏။ နည်းနည်းကြာကြာ ထပ်တွဲကြလည်း ပြဿနာမရှိပါ။ လက်မထပ်ခင် တစ်ယောက်အကြောင်း တစ်ယောက်သိအောင်လုပ်ခြင်းက လက်ထပ်ပြီးနောက် ပဋိပက္ခများကို နည်းပါးသွားစေပါသည်။

အမှန်ပင်။ သူမ၏ သားအကြောင်းကို သူမ သိသည်။ သူက သူ့အဖေလိုပင်။ လူတစ်ယောက်ကို ဆုံးဖြတ်ချက်ချပြီးတာနဲ့ ဘဝတစ်သက်တာအတွက် ဖြစ်ပါသည်။ သူသာ မသေချာပါက နဂိုကတည်းက တွဲမှာ မဟုတ်ပေ။

ထို့အပြင် ချွေးမလောင်း ဝိန်မေ့ကျားကလည်း အရမ်းကြီး ပျော့ပြောင်းနေတာ မဟုတ်ပါ။ သူမက ပွင့်လင်းပြီး အစွမ်းအစရှိသည်။ သားကြီးနဲ့ အလွန်လိုက်ဖက်ပါသည်။ ထို့ကြောင့် လင်းချင်းဟယ်က လက်ထပ်ပြီးနောက် သူတို့စုံတွဲ၏ ဘဝအတွက် စိုးရိမ်စိတ်မရှိပေ။

ကျိုးခိုင်က ရွှင်မြူးစွာ ပြန်ဖြေလိုက်သည်။ "နှစ်ကုန်လောက်ကျရင် ကျွန်တော်တို့ပြန်လာမယ်။ ဖုန်းကြိုဆက်မယ်လေ။ ကျွန်တော်တို့ခြံထဲမှာ ဆောင်လို့ရတယ်။”

"နင်လာတောင်မကြည့်ရသေးဘူး။ ခြံက အဲ့လောက် ကျယ်လား မကျယ်လား နင်ဘယ်လိုသိတာလဲ" လင်းချင်းဟယ်က အူမြူးစွာ မေးလိုက်ပါသည်။

"ညီငယ်က ခြံဝန်းကြီးက အရမ်းကျယ်ပြီး တန်ဖိုးကြီးတယ်လို့ ပြောသွားတယ်။ မင်္ဂလာပွဲလုပ်ဖို့ လုံလောက်ပါတယ်။” ကျိုးခိုင်က ပြောလိုက်သည်။

လင်းချင်းဟယ်ကလည်း အပြင်မှာ ကျင်းပဖို့ အစီအစဥ်မရှိပါ။ ဒါက သားကြီး၏ မင်္ဂလာပွဲ ဖြစ်သည်။ သားကြီးပဲဖြစ်ဖြစ် အနောက်က သားနှစ်ယောာက်ပဲဖြစ်ဖြစ် အိမ်က ခြံဝန်းကြီးထဲမှာသာ ကျင်းပပေးဖို့ စီစဥ်ထားပါသည်။

"အချိန်ရရင် မေ့ကျားကို အချိန်ပိုပေးနော်။ နင်က တာဝန်ကျရင်  အကြာကြီးသွားရတာ။ မေ့ကျားမဟုတ်ဘဲ တခြားသူတွေသာဆို သည်းခံနိုင်မလား" လင်းချင်းဟယ်က ပြောလိုက်သည်။

"ကျွန်တော် သိပါတယ်။ မနက်ဖြန် သူ တစ်ရက်အားတယ်လေ။ သူ့ကို မြို့တစ်ပတ် လျှောက်လည်ဖို့ ခေါ်သွားပေးလိုက်မယ်။” ကျိုးးခိုင်က ပြောလိုက်သည်။

"ဒါဆိုလည်း အဆင်ပြေတာပေါ့" လင်းချင်းဟယ်က ကျေနပ်သွားပါသည်။

"ကျွန်တော့်အဘိုးအဘွားတွေနဲ့ ခေါင်းကိုင်အဘိုးတို့ကော အဆင်ပြေရဲ့လား" ကျိုးခိုင်က မေးလိုက်သည်။

"နင့်အဘိုးအဘွားတွေက အဆင်ပြေတယ်။ နင့်ခေါင်းကိုင်အဘိုးကတော့ ငယ်ငယ်တုန်းက ကျေးရွာဘက်မှာ အများကြီးခံစားခဲ့ရတာကိုး။ သူ့ခန္ဓာကိုယ်ကို ပျက်စီးစေခဲ့တယ်။ အခု ရာသီမှာတော့ အဆင်ပြေနေတယ်။ ဆောင်းရာသီရောက်တာနဲ့ သူနေလို့ထိုင်လို့ကောင်းမှာမဟုတ်တော့ဘူး။” လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။

သူတို့ အဘိုးဝမ်၏ ဆေးကုသမှုကို အာရုံစိုက်ထားကြသည်။ သို့သော်လည်း အသက်အရွယ်ကြီးရင့်ပြီဖြစ်သဖြင့် သက်ရောက်မှုက သိပ်မရှိပါ။

"ဒီဘက်မှာ ရှီးပဒီးနည်းနည်းရှိတယ်။ မနက်ဖြန်ကျရင် မြို့ထဲကနေ ပြန်ပို့ပေးလိုက်မယ်" ကျိုးခိုင်က ပြောလိုက်ပါသည်။

"နင်နဲ့ မေ့ကျားတို့စားဖို့ သိမ်းထားပါ။ သားငယ်က ခရီးသွားပြီး တစ်အိတ် ဝယ်လာတယ်။ အခုထိ ကျန်နေတုန်းပဲ။ ပို့ပေးဖို့ မလိုဘူး" လင်းချင်းဟယ်က ပြန်ပြောသည်။

ကျိုးခိုင်က ဘာမှမပြောတော့ပါ။ သူ့အဖေနဲ့ သူ့ညီမလေးအကြောင်း မေးပြီးနောက် ဖုန်းချလိုက်ပါသည်။

"အကြီးဆုံးသခင်လေး ဖုန်းဆက်တာလား" အိမ်တော်ထိန်းက ပြုံးကာ မေးလိုက်ပါသည်။

"ဟုတ်တယ် သူ ဖုန်းမဆက်တာ တော်တော်ကြာပြီ။ နောက်ဆုံးတော့ ဒီနေ့ဆက်ပြီပေါ့" လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။

"ဒုတိယသခင်လေးနဲ့ တတိယသခင်လေးတို့ကိုပဲ ကျွန်မ မြင်ဖူးသေးတယ်။ အကြီးဆုံးသခင်လေးကို မမြင်ဖူးသေးဘူး" အိမ်တော်ထိန်းက ပြုံးကာ ပြောလိုက်ပါသည်။

"ဒီနှစ်ကျရင် မင်္ဂလာဆောင်ဖို့ ပြန်လာလိမ့်မယ်။ အဲ့ကျရင် တွေ့ရမှာ။ သူက သားငယ်နဲ့ တူတယ်။ တော်တော်လေးတူတာ" လင်းချင်းဟယ်က သူမ၏ သားကြီးနဲ့ ပတ်သက်လာရင် စကားများပါသည်။

"ပါရမီရှင်လေးဖြစ်မယ်" အိမ်တော်ထိန်းက ပြောလိုက်၏။

ဒုတိယသခင်လေးကော တတိယသခင်လေးကော ပါရမီရှင်လေးများ ဖြစ်ကြသည်။ အကြီးဆုံး သခင်လေးကလည်း ထိုနည်းလည်းကောင်း ဖြစ်လောက်သည်။ သူက  စစ်တပ်အရာရှိတစ်ဦး ဖြစ်သည်ဟု ကြားမိ၏။ ချီးကျူးဖို့ ကောင်းပါသည်။

"နေ့လည်အတွက် စွပ်ပြုတ်လေး လုပ်ပေးပါဦး" လင်းချင်းဟယ်က ပြောလိုက်သည်။

"ကျွန်မ ပြောင်းဖူးနဲ့ မုန်လာဥတွေ ဝယ်လာတယ်။  ပြောင်းဖူး၊ မုန်လာဥ ဝက်နံရိုးစွပ်ပြုတ် လုပ်ပေးရမလား။” အိမ်တော်ထိန်းက မေးလိုက်သည်။

"ကောင်းပြီ" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။

အိမ်တော်ထိန်းက အလုပ်စလုပ်ပါသည်။ ဒီက ဆက်ဆံရေးများက  ကောင်းလွန်းသည်။ အိမ်ရှင်မိသားစုကလည်း ပညာတတ်တွေ ဖြစ်၏။ ဒီမှာ အလုပ်လုပ်ရတာ သူမ ပျော်ပါသည်။ ပြောစရာမလိုအောင် သူမ အကောင်းဆုံး ကြိုးစားရမည်။

လင်းချင်းဟယ် အနားယူဖို့ အချိန်ရတာ ရှားပါသည်။ တီဗီဖွင့်လိုက်ပြီး သက်တောင့်သက်သာ ကြည့်နေလိုက်သည်။ သူမ နေ့လည်ခင်းကျရင် ကျောင်းသွားပြီး ဘာသာပြန်ဖို့ စာအုပ်တချို့ သွားယူရဦးမည်။ တစ်လလောက် ရပ်နားထားပြီးနောက် သူမဦးနှောက်က အနည်းငယ် အပျင်းထူလာပါသည်။

လူတွေက ဒီလိုပဲဖြစ်သည်။ အလုပ်မရှိတာနဲ့ ပျင်းရိလာတတ်သည်။

ကျိုးချင်းပိုင်က ၁၁ နာရီထိုးသောအခါ သမီးငယ်နှင့် သားငယ်တို့ဖြင့် ပြန်လာခဲ့ပါသည်။

သူ့မိန်းမကို အိမ်မှာတွေ့လိုက်ရသဖြင့် ကျိုးချင်းပိုင် မျက်နှာထားက ပျော့ပြောင်းသွားသည်။ ဒီအဘိုးကြီး၏ နူးညံ့မှုကို သူ့မိန်းမနဲ့ သူ့သမီးရှိမှသာ မြင်နိုင်သည်။

ခဏလောက်ကြာသောအခါ ကန်းကျစ်ပါ ရောက်လာ၏။ လမ်းဘေးဆိုင်အဖြစ်လည်း သုံးသော သုံးဘီးဖြင့် လာခဲ့ခြင်းဖြစ်သည်။

All Chapters