အခန်း(၆၄၅) သဲထဲရေသွန်ဖြစ်သွားပြီ
Vol. 46 Ch. 645
အခန်း(၆၄၅) သဲထဲရေသွန်ဖြစ်သွားပြီ
နောက်ကွယ်မှာ သားအရင်းက အတင်းတုပ်တာခံနေရသည့် ကျိုးချင်းပိုင်ကတော့ သူ့သမီးနဲ့ ကစားနေပါသည်။ ခြံထဲတွင် လက်သမားတစ်ယောက်ကို လုပ်ခိုင်းထားသည့် စကိတ်ဘုတ်တစ်ခု ရှိပါသည်။ မိမိလေးအတွက် ဖြစ်၏။
ဒီနေ့ ရှုရှန့်ချမ်း ရောက်လာသေးသည်။ သူ့အဘိုးအဘွားများဆီသို့ သွားခဲ့ပြီး သူ့ဦးလေးတို့ အိမ်ပြောင်းသွားကြောင်း ကြားခဲ့ရသသည်။
သူ အထဲမဝင်ခဲ့ပါ။ ဒီအဖိုးတန်သည့် အိမ်ခြံဝန်းကြီးကို ခပ်ဝေးဝေးကသာ ကြည့်ခဲ့သည်။ သူ့မျက်လုံးတွေထဲမှာလည်း အရှက်တရား အရိပ်အယောင်များ ရှိနေပါသည်။
သူ ကျန်းမေ့လျန်နဲ့ လက်ထပ်ပြီးနောက် သူ့ဦးလေးက သူ့ကို လုံးဝ အဆက်ဖြတ်လိုက်ပြီဖြစ်ကြောင်း သိပါသည်။ သူရန်ဖြစ်ပြီး ပြဿနာတက်ရင်တောင် သူ့ဦးလေးက သူ့ကိုဆူငေါက်သေးသည်။ ဒီလို မကောင်းသည့်မိန်းမမျိုးနဲ့ လက်ထပ်ပြီးနောက် သူ့ဦးလေးက သူ့ကို အရေးတောင် မစိုက်တော့ပါ။
အခုမှပဲ ကျန်းမေ့လျန်လိုမိန်းမမျိုးကို လက်ထပ်ချင်သဖြင့် သူ့ဦးလေးနဲ့ သူ့မိသားစုတို့က သူနဲ့ လုံးဝ အဆက်ဖြတ်ခဲ့မှန်း နားလည်သွားပါသည်။
အဘယ့်ကြောင့်ဆိုသော် သူနဲ့လက်ထပ်ထားသည့် ကျန်းမေ့လျန်က သူ့ယောက်ဖ ကျောက်ကျွင်းနဲ့ ဖောက်ပြန်လိမ့်မည်ဟု သူ မထင်ထားမိခဲ့သောကြောင့်ပင်။
ရှုရှန့်ချမ်း ဒီဖောက်ပြန်မှုကိုသိသွားရပုံကတော့ သူရင်းနှီးသည့်ကောင်လေးတစ်ယောက်က လာပြောသွားခြင်းကြောင့်ဖြစ်ပါသည်။
သူဆိုင်ကို ကြည့်နေတုန်း သူ့မိန်းမနဲ့ ယောက်ျားတစ်ယောက် ဧည့်ရိပ်သာတစ်ခုထဲ ဝင်သွားတာကို မြင်ခဲ့သည်ဟု ပြောသည်။ တစ်ယောက်နဲ့ တစ်ယောက် ဖက်ထားကာ ပျော်ပျော်ရွှင်ရွှင် ရယ်မောစကားပြောရင်း ဝင်သွားကြခြင်း ဖြစ်၏။
ထိုကောင်လေးက ဒီရပ်ကွက်က မဟုတ်ပါ။ ဒီကနည်းနည်းဝေးပါသည်။ သူ လမ်းဘေးဆိုင်ဖွင့်ခဲ့တုန်းက ရှုရှန့်ချမ်း သူနဲ့ ဆုံခဲ့ဖူးခြင်း ဖြစ်၏။ သူ့ကို ညစာတစ်ခေါက် ခေါ်ကျွေးဖူးသဖြင့် ကျန်းမေ့လျန်က ရှုရှန့်ချမ်းမိန်းမဖြစ်မှန်း သိပါသည်။
ထို့ကြောင့် သူစိတ်ဖိစီးစွာဖြင့် ရှုရှန့်ချမ်းကို လာပြောခြင်း ဖြစ်သည်။
ရှုရှန့်ချမ်းက ကျန်တာ ဘာမှမပြောတော့ပါ။ ဆိုင်ပိတ်ပြီးနောက် သူ့ကို ထောင့်တစ်ထောင့်နားအထိ လိုက်လာပြီး စောင့်ကြည့်နေခဲ့သည်။ ကျန်းမေ့လျန် မနက်ပိုင်း အပြင်ထွက်သွားပြီး နေ့လည်ခင်း ကျောက်ကျွင်းနဲ့ ဧည့်ရိပ်သာထဲက ပြန်ထွက်လာသဖြင့် ဒီလောက်အကြာကြီး ဘာလုပ်နေတာလဲ မမေးဖို့ လိုပါဦးမလား။
ရှုရှန့်ချမ်းက တွန့်ဆုတ်မှုမရှိဘဲ သူ့အစ်မကို ဖောက်ပြန်မှုအကြောင်း ပြောပြခဲ့ပါသည်။ သူ့အစ်မက မယုံကြည်ပါ။ ကျန်းမေ့လျန်နဲ့ ကျောက်ကျွင်းတို့ ဖောက်ပြန်နေတာ အခုမှ မဟုတ်ကြောင်းကိုလည်း ရှုရှန့်ချမ်း သိပါသည်။
သူတို့နှစ်ယောက် သူ ထောင်ကျနေကတည်းက ဖောက်ပြန်နေတာ ဖြစ်ရမည်။
ဒီတစ်ခေါက် မိတာလည်း နောက်ဆုံးဖြစ်မှာ မဟုတ်ပါ။ သူကလည်း အခွင့်အရေးများ ဖန်တီးပေးခဲ့သည်။ ကျန်းမေ့လျန်ကို သူမအမေအိမ် မကြာခဏပြန်ဖို့ ပြောခဲ့သည်။ ဆိုင်ကို တစ်ယောက်တည်း သူကြည့်နိုင်၏။
ကျန်းမေ့လျန်က အပြင်ပိုင်းမှာတော့ အိမ်ပြန်သည့်ပုံစံ ဟန်ဆောင်ခဲ့သည်။ သို့သော်လည်း ကျောက်ကျွင်းနဲ့ ဧည့်ရိပ်သာကို သွားခဲ့ပါသည်။ အခုတော့ သူ့အစ်မ မယုံလို့ ရပါဦးမလား။
ဒါတွေအားလုံးက လွန်ခဲ့သည့် လဝက်လောက်က ဖြစ်ပျက်ခဲ့ခြင်း ဖြစ်သည်။ ရှုရှန့်ချမ်းက ကျန်းမေ့လျန်ကို ရွံရှာသွားမိပါသည်။ သို့သော်လည်း သူ့စိတ်ကို ရှည်ရှည်ထားပြီး သည်းခံနေလိုက်၏။ အဘယ့်ကြောင့်ဆိုသော် သူ့အစ်မက ဒီခွေးနဲ့ ခွေးမကို အလွယ်တကူ လွှတ်မပေးနိုင်ဘူးဟု ဆိုသောကြောင့် ဖြစ်ပါသည်။
သူ့အစ်မ ဘာလုပ်မလဲ သူ မသိပါ။ သူ့မှာလုပ်ဖို့လည်း အားမရှိတော့ပါ။ သူ့ဘဝမှာ ကျရှုံးမှုတွေ များလွန်းနေပြီဟု ခံစားမိသည်။
သူ့ဘဝတင်မဟုတ်ဘဲ သူ့အစ်မဘဝလည်းပါသည်။ အရင်တုန်းက သူ့အစ်မရဲ့ကိုယ်ပိုင်အစွမ်းအစနဲ့ အိမ်ထောင်ဖက်တွေ့တာကို သူ့ဒေါ်လေးက ဘာလို့ သဘောမကျခဲ့တာလဲ။ ကျောက်ကျွင်း၏ စရိုက်ကို ဖောက်မြင်ခဲ့ကြောင့်ဖြစ်မည်ဟု ထင်မိသည်။
သူ့ယောက်ဖ၏ မိန်းမကိုတောင် ခိုးယူသွားသည်။ သူက လူမှ ဟုတ်သေးရဲ့လား။
ကျန်းမေ့လျန်လည်းပါသည်။ သူမယောက်ျားရဲ့ ယောက်ဖနဲ့တောင် ဖောက်ပြန်သည်။ အရင်တုန်းက တခြားလူများ၏ ကလေးများကို ဖျက်ချခဲ့တာ အံ့သြစရာ မရှိတော့ပါ။
သူ ဂရုမစိုက်ဘူးဟု သူပြောခဲ့မိသည်။ အနာဂတ်မှာ သူမ ရှိနေပေးရင် အဆင်ပြေပြီဟု ပြောခဲ့မိ၏။ အပျက်မက အပျက်မပဲဖြစ်ပါသည်။ သူမ၏ အကျင့်စရိုက်က ပြောင်းလဲဖို့ခက်၏။ တစ်သက်လုံးလည်း ပြောင်းလဲလို့ရမှာ မဟုတ်ပါ။
ရှုရှန့်ချမ်း အထိနာသွားသည်။ အတော်လေး အထိနာသွားပါသည်။ ဆိုင်ကို ကျန်းမေ့လျန်ဆီ ပစ်ပေးခဲ့ပြီး အသက်ဝဝရှူနိုင်ဖို့ ထွက်လာခဲ့ရ၏။
သူ လမ်းလျှောက်ရင်း လမ်းလျှောက်ရင်း သူ့အဘိုးအဘွားမျာား အိမ်သို့ ရောက်သွားသည်။ သူ့အဘိုးအဘွားများက သူ့ကို ဂရုတောင် သိပ်မစိုက်ပါ။ အရင်တုန်းက မြင်ရင်တော့ ဆူငေါက်ကြလိမ့်မည်။ အခုတော့ ဘယ်သူမှ သူ့ကို မဆူကြတော့ပါ။
၂ နှစ်လောက် ထောင်ကျပြီးနောက် ရှုရှန့်ချမ်း၏ စိတ်ပိုင်းဆိုင်ရာ အများကြီး ရင့်ကျက်သွားခဲ့ပါသည်။ အခု ဘယ်လောက်ထိ ရင့်ကျက်ပြီး တည်ငြိမ်နေပြီလည်း ပြောဖို့ မလိုသလို သူ့အပေါ် ဘယ်သူက ကောင်းခဲ့သလဲဆိုတာကိုလည်း မြင်နိုင်နေပါပြီ။
အရင်တုန်းက သူမသိခဲ့ပါ။ ကျိုးမိသားစုက သူတို့ မောင်နှမကို အထင်သေးသည်ဟု ထင်ခဲ့၏။ အခုတော့ ပြန်စဥ်းစားကြည့်မှ ကျိုးမိသားစု အထင်သေးတာခံရဖို့ သူတို့ရဲ့ ဘယ်နေရာက ထိုက်တန်နေလို့လဲ။ သူ့အစ်မကော သူကော စုံလုံးကန်းခဲ့ကြပါသည်။
စုံလုံးကန်းသည့်အပြင် လူကြီးများ ပြောတာကိုလည်း နားမထောင်ဘဲ ကိုယ့်ဆုံးဖြတ်ချက်နဲ့ကိုယ်သာ လုပ်တတ်ကြသည်။ သူတို့အမြင်ကသာ ကောင်းသည်။ သူတို့ထက် လူကြီးများက အများကြီးအတွေ့အကြုံရှိကြောင်းကို မသိခဲ့ကြပါ။ လူကြီးတွေရဲ့ ပြောစကားများကို နားမထောင်သည့် အကျိုးဆက်အနေဖြင့် သူတို့ အခု ခံစားနေကြရပါပြီ။
လူကြီးတွေရဲ့ စကားများကို နားထောင်သည့်လူများကို ကြည့်လိုက်ပါဦး။ အစ်မအာ့နီနဲ့ အစ်မ စစ်နီတို့ နှစ်ယောက်စလုံး မြို့သားများနဲ့ လက်ထပ်နိုင်ခဲ့ကြသည်။ ဟူကျစ်နဲ့ ကန်းကျစ်တို့လည်း သေချာပေါက် ရှေ့လျှောက် တိုးတက်ကြပါဦးမည်။
သူ့အစ်မနဲ့ သူ့ကို ကြည့်လိုက်ပါဦး။ အကြာကြီး ခြေများပြီးနောက် ဘာအကျိုးထူးလာလို့လဲ။ နောက်ဆုံးမှာတော့ သဲထဲရေသွန် ဖြစ်သွားခဲ့ပါပြီ။
သူ ပြန်သွားပြီး ကျန်းမေ့လျန်ကို ချက်ချင်း ကွာရှင်းချင်သည်။ သို့သော်လည်း သူ့အစ်မက သူ့ကို စောင့်ခိုင်းထား၏။ ဒီလောက်နဲ့ ကွာရှင်းလိုက်ပါက အရှုံးများလွန်းပါသည်။ သူတို့နှစ်ယောက်ကို အလွယ်လေး လွှတ်မပေးနိုင်ပါ။
ရှုရှန့်ချမ်းကလည်း သူ့အစ်မကို မတားခဲ့ပါ။ သူ့အစ်မ ဘာလုပ်တော့မှာလဲ မသိသော်လည်း သူ့အစ်မ စိတ်ကို သူသိသည်။ သူမ ပိုက်ဆံရအောင် လုပ်ပါလိမ့်မည်။
သူကတော့ တစ်ပြားမှ တောင်းဖို့ စိတ်မကူးပါ။ ကျန်းမေ့လျန်ဆီကလည်း ဘာမှမလိုချင်ပါ။ သူ ကွာသာ ကွာရှင်းချင်သည်။ သို့သော်လည်း သူ့အစ်မက သူနဲ့ ခြားနား၏။ သူမက မိန်းမဖြစ်သည်။ ပိုက်ဆံရမှဖြစ်မည်။ မဟုတ်ပါက ရှင်သန်ဖို့ ဘဝက ခက်ခဲလွန်းပါလိမ့်မည်။
ထို့ကြောင့် ရှုရှန့်ချမ်း မတားခဲ့ခြင်း ဖြစ်သည်။
လောလောဆယ်တော့ ဦးလေးဖြစ်သူ၏ ခြံဝန်းဆီကို လျှောက်သွားပါသည်။ သို့သော်လည်း အထဲမဝင်ရဲပါ။ ဝင်ဖို့ မျက်နှာလည်း မပြဝံ့တော့ပါ။
သမီးလေးကိုချီပြီး ထွက်လာသည့် ကျိုးချင်းပိုင်က သူ့ကိုမြင်သွားခြင်း ဖြစ်ပါသည်။
"ဦးလေး" ရှုရှန့်ချမ်းက နှုတ်ဆက်လိုက်ပါသည်။ ထို့နောက် သူ့ဦးလေးလက်ထဲက ဝမ်းကွဲညီမလေးကို ကြည့်လိုက်ပါသည်။
ကျိုးချင်းပိုင်က အသိအမှတ်ပြုလိုက်၏။ သူ့တူ ထောင်ထဲက စောစောလွတ်လာတာကို သိပါသည်။ သို့သော်လည်း ဘာမှမပြောခဲ့ပါ။ အခု လွတ်လာပြီဆိုတောာ့ သူ့ဘဝနဲ့ သူ နေပါစေတော့။ ဘာမှပြောဖို့ မလိုတော့ပါ။
ခုနက အပြုအမူကြောင့် အသိအမှတ်ပြုလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "ဘာလို့ လာခဲ့တာလဲ။”
"အဘိုးနဲ့အဘွားတို့က ဦးလေးတို့အိမ်ပြောင်းသွားပြီလို့ ပြောလိုက်လို့ ကျွန်တော် လာကြည့်တာပါ။" ရှုရှန့်ချမ်းက ပြန်ပြောလိုက်သည်။
ကျိုးချင်းပိုင်ကခေါင်းငြိမ့်လိုက်သည်။ နောက်လှည့်ပြီး သူ့သမီးလေးကို အိမ်ထဲပြန်ခေါ်သွားပါသည်။ ရှုရှန့်ချမ်းက တွန့်ဆုတ်သွားပြီး ပြောလိုက်၏။ "ဦးလေး ကျွန်တော် မဝင်တော့ဘူး။”
ကျိုးချင်းပိုင်က သူ့ကိုလှည့်ကြည့်လိုက်၏။ ရှုရှန့်ချမ်းက ပြောလိုက်သည်။ "ကျွန်တော် ဒီတိုင်းလာကြည့်တာပါ။ ဘာမှမဟုတ်ပါဘူး။”
ကျိုးချင်းပိုင်က ခွင့်ပြုလိုက်ပါသည်။ သူ့သမီးလေးကို ကားထဲထည့်ပြီး လက်ဖက်ရည်ဆိုင်ကို မောင်းသွားလိုက်ပါသည်။
ရှုရှန့်ချမ်းက တစ်ယောက်တည်းပြန်လာ၏။ ရှုရှန့်မိန်က သူ့ကို ရှာနေကာ ပြန်လာသောအခါ ပြောလိုက်ပါသည်။ "နင်ဘယ်သွားတာတုန်း။”
"ဦးလေးအိမ်သွားတာပါ" ရှုရှန့်ချမ်းက ဖြေလိုက်၏။
"ဘာလုပ်ဖို့ အဲ့ဒီကိုသွားတာလဲ။ ဒီအကြောင်းသူတို့သိသွားရင် ငါတို့မောင်နှမတွေကို လှောင်ရယ် ရယ်နေကြမှာပဲ" ရှုရှန့်မိန့်က ခါးခါးသီးသီး ပြောလိုက်သည်။
ကျန်းမေ့လျန်ကို သူမ မုန်းသည်။ ကျောက်ကျွင်းကို ပိုလို့တောင်မုန်းသေးသည်။ သူ့ကို လက်ထပ်ဖို့အတွက် ကျိုးမိသားစုကိုတောင် သူမ အတိုက်အခံလုပ်ခဲ့ပါသည်။ သူမလက်ထပ်ပြီးကတည်းက သူ့ကို အမြဲအလျှော့ပေးခဲ့သည်။ ဒါတောင် ကျောက်ကျွင်းက ဒါမျိုး လုပ်ရဲသေး၏။
"အစ်မ ငါကျန်းမေ့လျန်ကို ဘယ်တော့ ကွာရှင်းလို့ရမှာလဲ။" ရှုရှန့်ချမ်းက မေးလိုက်ပါသည်။
"ဘာတွေလောနေတာလဲ။ ငါ့ဘက်က ပြင်ဆင်ပြီးတာနဲ့ ဒင်းတို့တွေကို လုံးဝ အလွတ်မပေးဘူး။" ရှုရှန့်မိန်က ပြောလိုက်၏။
ရှုရှန့်ချမ်း ဘာမှမပြောတော့ပါ။
ရှုရှန့်မိန်က မကြာသေးခင်ကမှ ကျောက်မိသားစုနဲ့ ရင်းနှီးသည့် လီမိသားစု၏ တတိယသခင်လေးကို ပစ်မှတ်ထားနေခဲ့သည်။ ထိုတတိယသခင်လေးက တစ်ချိန်တုန်းက သူမကို ဖွင့်ပြောဖူးသည်။ အခုတလော သူမ၏ ဖြားယောင်းမှုကြောင့် နောက်တစ်ဖန် ပြင်းပြင်းထန်ထန် ပိုးပန်းလာပြန်သည်။