အခန်း(၆၄၉) စောင့်ကြည့်ပါ
Vol. 47 Ch. 649
အခန်း(၆၄၉) စောင့်ကြည့်ပါ
ဝမ်ယွမ်ကလည်း လက်ဖက်ရည်ကြိုက်တတ်သူဖြစ်သည်။ သူတို့မိသားစု၏ အကြီးမားဆုံး ဖောက်သည်ကြီး ဖြစ်လောက်သည်။ သူ့ကို ၃၀ ရာခိုင်နှုန်း လျှော့စျေးပေးထားပါသည်။
ဒီကို လက်ဖက်ရွက်များ လာဝယ်ရခြင်းက လက်ဖက်ရွက်များ ကောင်းမွန်ရုံတင်မကဘဲ စျေးနှုန်းလည်း ချိုသာသောကြောင့် ဖြစ်သည်။ သူ့ဖာသာသူသောက်လည်းရသည်။ ဝမ်မိသားစုအိမ်ကို လက်ဆောင်ပေးလည်းရသည်။ ကတ်စတမ်မာများကို လက်ဆောင်အဖြစ် ပေးလည်းရပါသည်။
ဒီလက်ဖက်ရွက်များကို ကျိုးချင်းပိုင်နဲ့အတူတူ သူပထမဆုံး မြည်းကြည့်လိုက်သည်။ လက်ဖက်ရည်အရသာက အလွန် စစ်မှန်ပါသည်။
ထို့ကြောင့် သူပြန်သွားသောအခါ လက်ဖက်ရွက် ၃,၀၀၀ ဖိုး ဝယ်သွားပါသည်။
လင်းချင်းဟယ်က လယ်ဂျာစာအုပ်ကို ကြည့်ရင်း ဒီပမာဏကိုမြင်သောအခါ ပြောလိုက်သည်။ "သူ ဘာလို့ ဒီလောက် အများကြီး ဝယ်သွားတာလဲ။”
ဒီခေတ်မှာ လက်ဖက်ရွက်များ၏ စျေးက နောက်ပိုင်းမျိုးဆက်များလောက် စျေးမကြီးသေးပါ။ တချို့ လက်ဖက်ရွက်များကတော့ ဒီခေတ်မှာတောင် စျေးမပေါပေ။
အလွန်ရှားပါးသည့် တာ့ဟုန်ပေါင် လက်ဖက်ရည်ကဲ့သို့ ဖြစ်၏။
လင်ချင်းဟယ်က တာ့ဟုန်ပေါင် လက်ဖက်ရွက် တစ်သုတ်ကို မှာထားသည်။ ထို တာ့ဟုန်ပေါင်က လုံးဝ အစစ်အမှန် မဟုတ်တာတော့ သိပါသည်။ အဘယ့်ကြောင့်ဆိုသော် အစစ်များက ဝုယီတောင်တွင် ရှိသောကြောင့် ဖြစ်သည်။ တောင်ပေါ်တက်ပြီး စုဆောင်းတတ်အောင် မျောက်များကို လေ့ကျင့်ပေးထားကြသည်။
"သူ့စီးပွားရေးက ကြီးကျယ်တယ်လေ။ လက်ဖက်ရွက် ၃,၀၀၀ ဖိုးဆိုတာ ဘာမှ မဟုတ်ဘူး" ကျိုးချင်းပိုင်က ပြန်ပြောလိုက်ပါသည်။
ကတ်စတမ်မာများနဲ့ လုပ်ငန်းဖော်များကို လက်ဆောင်ပေးတာက လုပ်သင့်ပါသည်။ လတိုင်း သူ အများကြီး လာဝယ်ရ၏။
လင်းချင်းဟယ်လည်း ဘာမှ မပြောတော့ပါ။ ကျိုးချင်းပိုင်က ရေကူးကန်ကိစ္စ ပြောလာ၏။
ဇွန်လသို့ ဝင်လာသောအခါ ရာသီဥတုကလည်း စတင်နွေးလာပြီဖြစ်သည်။ ရေကူးကန်များ တစ်ခုပြီးတစ်ခုဖွင့်လာကြပြီဖြစ်၏။ ဒီအချိန်ကစပြိး စက်တင်ဘာလ အကုန်အထိ ၃လဝန်းကျင်လောက် ဖွင့်လိမ့်မည်။
လင်းချင်းဟယ်လည်း လေ့ကျင့်ခန်း မလုပ်ရတာ ကြာပြီဖြစ်ကြောင်း တွေးမိကာ မငြင်းခဲ့ပါ။
နောက်တစ်နေ့ လင်မယားနှစ်ယောက် မိမိလေးအား ကျောင်းကြိုဖို့ တာဝန်ကို သားငယ်ကို ပေးခဲ့ပြီး ရေကူးကန်သို့ ကားဖြင့် သွားခဲ့ကြသည်။
နွေရာသီအားလပ်ရက် မရောက်သေးသဖြင့် လူတွေ အများကြီးတော့ မရှိပါ။ သို့သော်လည်း ရေကူးနေသည့် လူတချို့ရှိပါသည်။
လင်းချင်းဟယ်က ရေကူးဝတ်စုံ လဲလိုက်ပြီး ရေထဲဆင်းလိုက်သည်။ သူမ ပြောလိုက်၏။ "ကျွန်မကို စိတ်ပူမနေနဲ့။ ကျွန်မဖာ့သာ ဖြည်းဖြည်းချင်း ကူးမယ်။ ရှင့်ဖာသာရှင်ကူး။”
ငယ်ငယ်ကတည်းက အခုချိန်ထိ ကျိုးချင်းပိုင်က ရေကူးရတာ သဘောကျသည်။ ထို့အပြင် ရေကူးကန်မှာ ရေကူးနေတာ ဖြစ်သဖြင့် ဘာမှစိတ်ပူဖို့မလိုပါ။ ကျိုးချင်းပိုင်လည်း သူ့ဖာသာသူ ရေသွားကူးလိုက်ပါသည်။
ကျိုးချင်းပိုင်က သူ့ခန္ဓာကိုယ်ကို အခု အထူး ဂရုစိုက်နေပါပြီ။ မိသားစုတစ်စုလုံး တစ်နှစ် နှစ်ခါ ဆေးသွားစစ်ရသည့်အပြင် မနက်ပိုင်းတွင် အပြေးလေ့ကျင့်ခန်းလုပ်ပြီး ညနေခင်းမှာ ဘတ်စ်ကတ်ဘော ကစားပါသည်။ သူ အချိန်ဖြုန်းဖို့ အသုံးပြုခဲ့သည့် ဖက်ထုပ်ဆိုင်ကိုလည်း သိပ်ပြီး မဖွင့်တော့ပါ။ သူ့တစ်ရက်တာကို အပြည့်အဝ စီစဥ်ထားသည်။
ထို့ကြောင့်ပဲ သူ့ရုပ်ပိုင်းဆိုင်ရာခွန်အားက မငယ်တော့တာတောင် သန်မာနေဆဲဖြစ်သည်။ သူ့အဆုတ်အားကလည်း အလွန်ကောင်းမွန်ပါသည်။
လင်းချင်းဟယ်ကတော့ မတတ်နိုင်ပါ။ တစ်ပတ်လောက် ရေကူးပြီးသောအခါ သူရေကူးတာကိုသာ ကြည့်နေလိုက်ပါသည်။ သူမ အနားယူပြီးမှ ပြန်ကူးလိုက်၏။
"ကျွန်မတို့ မြေတွေ ဘယ်တော့ စလည်ပတ်မလဲ" လင်းချင်းဟယ်က သူတို့နှစ်ယောက်စလုံး နားသောအခါ မေးလိုက်ပါသည်။
"အခု လည်ပတ်ချင်နေပြီလား" ကျိုးချင်းပိုင်က ပြန်မေးသည်။
"ရှန်ဟိုင်းမြို့က လက်ဖက်ရည်လုပ်ငန်း တည်ငြိမ်တဲ့ အထိစောင့်ပြီး ဟိုင်းနန်က ပြန်လာတဲ့အချိန်ကျမှ ဆွေးနွေးကြမလား" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်၏။
ထိုမြေတစ်ကွက်ကို တည်ဆောက်ဖို့ ပိုက်ဆံ အလွန်ကုန်သည်။ သူတို့ စိုက်ပျိုးရေးခြံတစ်ခု တည်ဆောက်လိုက်ရင်တောင် ထည့်စဥ်းစားဖို့ ရှုထောင့်များစွာ ရှိသည်။ မူလ အရင်းအနှီးကလည်း တော်တော်များပါသည်။
အထူးသဖြင့် သူမတို့မိသားစု ငွေအမြောက်အများ အကြွေးကျန်နေသေးသည်။
လင်မယားနှစ်ယောက် ဇိမ်ကျကျ ရေကူးခဲ့ကြသည်။ သူတို့ပြန်ရောက်လာသောအခါ သမီးငယ်လေး၏ စစ်ဆေးမေးမြန်းခြင်းကို ခံခဲ့ရပါသည်။
"ဖေဖေနဲ့ မေမေ ရေသွားကူးတယ်လို့ အစ်ကိုငယ်ကပြောတယ်။ သမီးကိုကျတော့ ခေါ်မသွားဘူး။" မိမိလေးက အပြစ်တင်၏။
ကျိုးချင်းပိုင်က ပြုံးလိုက်ပြီး သူမကို ချီလိုက်ပါသည်။ "သမီးအားလပ်ရက်ကျရင် ဖေဖေ ခေါ်သွားမှာပေါ့။”
"သူ ငယ်သေးတယ်လေ" လင်းချင်းဟယ်က ပြောလိုက်သည်။
"ရေစိမ်တာ ဘာမှ မဖြစ်ပါဘူး" ကျိုးချင်းပိုင်က ပြန်ပြော၏။
သူမ အဖေ၏ ကတိစကားကြောင့် မိမိလေး ပြန်ပျော်ရွှင်သွားပါသည်။ ထို့နောက် ဒီနေ့ သူငယ်ချင်းများနဲ့ ဘာတွေ ကစားခဲ့ကြောင်း သူမအဖေကို ပြန်ပြောပြပါသည်။
နောက်ဆုံးတွင် သူမ ပြောလိုက်သည်။ "ဒီနေ့ ဖန်ဖန် အရမ်းဆိုးတယ်။ သူများနဲ့ ရန်ဖြစ်ပြီး သူများကို ငိုအောင် လုပ်လိုက်တယ်။”
"ရန်ဖြစ်တယ်ဟုတ်လား။ ဆရာမက ဘယ်လိုရှင်းလိုက်လဲ" လင်းချင်းဟယ်က မေးလိုက်သည်။
"သမီးလွယ်အိတ်ထဲက အုန်းသီးသကြားလုံး ပေးလိုက်တာ သူ အငိုတိတ်သွားတယ်။ ဖန်ဖန်နဲ့ ပြန်ခေါ်သွားတယ်။” မိမိလေးက ပြောလိုက်ပါသည်။
ဖန်ဖန်က လီအိုက်ကော်နှင့် ကျိုးစန်းနီတို့၏ သားဖြစ်သည်။ သူက ကြံ့ကြံ့ခိုင်ခိုင်နှင့် ကြီးပြင်းလာပြီး မူကြိုမှာလည်း ရန်ခဏခဏဖြစ်ပါသည်။ သူများကို ငိုအောင်လည်းလုပ်သလို သူလည်း ငိုပါသည်။
မိမိလေးက သူ့နောက်ကလိုက်ပြီး ဖြေရှင်းပေးလေ့ရှိသည်။
"သမီးကို ပေးထားတဲ့ အုန်းသီးသကြားလုံးတွေ အကုန်ကုန်သွားပြီမဟုတ်ဘူးလား။ ဘာလို့ ကျန်သေးတာလဲ။ ဘယ်သူ ပေးတာလဲ။” လင်းချင်းဟယ်က သူမကိုကြည့်လိုက်သည်။
မိမိလေး ကြက်သေ သေသွား၏။ ထို့နောက် သူမအဖေဘက်ကို လှည့်လိုက်သည်။ ကျိုးချင်းပိုင်က ချောင်းဟန့်ပြီး ပြောလိုက်သည်။ "သူ့ကို တစ်လုံးလောက် ပေးလိုက်တာပါ။”
"သူက ငယ်ငယ်လေးပဲရှိသေးတယ်။ ဘာလို့ အဲ့လောက် အများကြီး စားရမှာလဲ။ ရှင် သူ့သွားတွေကို မြင်ချင်သေးရဲ့လား။” လင်းချင်းဟယ်က စိတ်ဆိုးစွာ မျက်စောင်းရွယ်လိုက်သည်။ သူ့ယောက်ျားက ကျန်တာ အကုန်တော်သော်လည်း သူ့သမီးနှင့် ပတ်သတ်လာရင်တော့ စည်းကမ်းမဲ့လွန်းပါသည်။
"ဒီနေ့ ဖန်ဖန်လေးကို ကူညီခဲ့တော့ သကြားလုံးကိစ္စ မဆူတော့ဘူး။ နောက်တစ်ခေါက် အမေ့ကို ဖုံးကွယ်မထားနဲ့။ မဟုတ်ရင် ခရီးသွားတဲ့အခါ သမီးကို မခေါ်တော့ဘူး။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
သူမအသက်အရွယ်နဲ့ မလိုက်အောင် အားလုံးကို နားလည်ပြီး ပြောပြတတ်ပါသည်။ သူမက ပါးနပ်သည်။ မဟုတ်ပါက သူမအဖေကို ဒီလောက် ပျော့ပြောင်းသွားအောင် ဂျီကျနိုင်မှာ မဟုတ်ပါ။
"နောက်ကို စကားနားထောင့်ပါ့မယ်။ ဖေဖေနဲ့ မေမေတို့ သွားတဲ့နေရာတိုင်း သမီးကိုခေါ်ပါ။” မိမိလေးက ပြန်ပြောလိုက်သည်။
ထိုအခါမှ လင်းချင်းဟယ်က ခွင့်လွှတ်လိုက်သည်။
သားငယ်က မေးလိုက်၏။ "အမေ ဒေါ်လေးကျောင်းရဲ့ သမီးနာမည်က အာ့တျယ်လို့ခေါ်တယ်မလား။”
"အေး" လင်းချင်းဟယ်က ပြန်ဖြေ၏။
"သူ့ကို အလုပ်လာလုပ်ခိုင်းထားတာလာား" သားငယ်က မေးလိုက်၏။
"အဲ့တာ ဘာဖြစ်လို့လဲ။” လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်ပြီး မေးလိုက်ပါသည်။
"အမေ ငယ်ငယ်ရွယ်ရွယ်လေးကို အိမ်တော်ထိန်းခန့်ဖို့ မသင့်တော်ဘူးလို့ အမေပဲပြောထားတာ မဟုတ်ဘူးလား။” ဇဝေဇဝါဖြစ်စွာဖြင့် သားငယ်က မေးလိုက်ပါသည်။
"အာ့တျယ်က စရိုက်ကောင်းတဲ့သူပါ" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
သူမလည်းတကယ်ပဲ လူငယ်များကို အိမ်တော်ထိန်းအဖြစ် ခန့်အပ်ဖို့ စိတ်ကူးမရှိခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူမ မိသားစုမှာ ယောက်ျားသားတွေ အများကြီး မဟုတ်ပါလား။ အတော်လေး မသင့်တော်ပါ။ အထူးသဖြင့် သူတို့စရိုက်က စိတ်မချရပေ။ အလွယ်တကူ ပြဿနာတက်နိုင်၏။
သို့သော်လည်း သူမမြင်သလောက်တော့ တျယ်လေးက မိန်းကလေးကောင်းလေး ဖြစ်ပါသည်။ ပထမဆုံး သူမ၏ အမေ ဒေါ်လေးကျောင်းက ဖြောင့်မတ်သည့် လူတစ်ယောက်ဖြစ်သည်။ ဒီနှစ်အစပိုင်းမှစပြီး အခုချိန်ထိ ရှောင်းတျယ်က ခဏခဏလာဖူးသည်။ အကြိမ်တိုင်း လာရောက်ကူညီခြင်း ဖြစ်၏။ ကူညီလုပ်ကိုင်ပေးပြီးနောက် ချက်ချင်း ပြန်သွားသည်။ လျှောက်လည်းမလည်သလို ဟိုစပ်စပ် ဒီစပ်စပ်လည်း မလုပ်ပါ။
လင်းချင်းဟယ် သတိထားမိတာကြာပြီဖြစ်သော်လည်း ဘာမှမပြောခဲ့ပေ။ သူမက အလွန်တော်သည့် ပုံပေါက်သည်။ ထို့အပြင် အိမ်မှာလည်း တကယ်ပဲ အကူလိုနေသဖြင့် လာခွင့်ပေးလိုက်ခြင်း ဖြစ်ပါသည်။
လောလောဆယ် သူမတူ ကန်းကျစ်အတွက် လင်းချင်းဟယ် မစဥ်းစားပေးရသေးပါ။ သူမက သားငယ်ကို မေးလိုက်၏။ "ဘာလို့ ရုတ်တရက်ကြီး ဒီအကြောင်းတွေ မေးနေတာလဲ။”
လူပျိုသခင်လေးများကို အာ့တျယ် ရှောင်ဖယ်နေတာကို သူမ သတိထားမိသည်။
"ဘာမှ မဟုတ်ပါဘူး။ သိချင်လို့ပါ။ သူ့ကို ကန်းကျစ်နဲ့ တွဲပေးတော့မယ်ထင်လို့ပါ" သားငယ်က အူမြူးစွာ ပြောလိုက်သည်။
လင်းချင်းဟယ် လန့်သွား၏။ သူမတင်မဟုတ်ဘဲ ကျိုးချင်းပိုင်လည်း ပါသည်။ သူ့မိန်းမကို သူကြည့်လိုက်သည်။
"ငါ့မှာ အဲ့လိုစိတ်ကူး မရှိပါဘူးဟယ်" လင်းချင်းဟယ်က အမှန်တိုင်း ပြောလိုက်သည်။ အိမ်မှာ လာကူခိုင်းခြင်းသာ ဖြစ်သည်။ အာ့တျယ်က အလုပ်သမားကောင်း ဖြစ်ပါသည်။ သူမ အမေနဲ့ အလုပ်တူတူလုပ်နေခြင်းသာ ဖြစ်သည်။ သူတို့နှစ်ယောက်၏ လစာအဆင့်က သေချာပေါက် သူတို့အတွက် အဆင်ပြေလိမ့်မည်ဟု ထင်သည်။
သူမ တကယ်ပဲ အများကြီး မတွေးခဲ့ပါ။
"စောင့်ကြည့်ပါ။ ဒီတိုင်း စောင့်ကြည့်ဦး" လင်းချင်းဟယ်က ပြောလိုက်၏။
သူ့တူက ဒီ့ထက်ပိုကောင်းသည့်လူနဲ့ ထိုက်တန်သည်ဟု ထင်တာ မဟုတ်ပါ။ အိမ်ထောင်ရေးနှင့် ပတ်သတ်လာရင် လက်တွေ့ဆန်ဆန် လက်ထပ်နိုင်ရင် အဆင်ပြေပါပြီ။ ကျိုးချင်းပိုင်၏ သဘောတရားကတော့ လက်တွေ့မကျတာတွေနောက်ကို လိုက်ပြီး မတော်မတရား မြင့်မားနေသည့် ပန်းတိုင်များ မထားဖို့သာ ဖြစ်သည်။