အခန်း(၆၅၀) ဖုန်းဆက်ခြင်း
Vol. 47 Ch. 650
အခန်း(၆၅၀) ဖုန်းဆက်ခြင်း
ကျိုးချင်းပိုင်က စောင့်ကြည့်ဦးဟု ပြောသဖြင့် အစက သိပ်ပြီး ဂရုမစိုက်ခဲ့သည့် လင်းချင်းဟယ်လည်း စောင့်ကြည့်ခဲ့ပါသည်။
အာ့တျယ်၏ ပုံပန်းသဏ္ဌာန်က သာမန်ပင်။ သူမ ရုပ်အရမ်းမဆိုးဘူးဟု ပြောနိုင်ရုံလောက်သာရှိသည်။ သို့သော်လည်း ဒီကောင်မလေးက အလုပ်ကြိုးစားပြီး လက်တွေ့ကျသူဖြစ်တာတော့ အမှန်ပင်။
ထို့အပြင် သူမ၏ အပ်ချုပ်စွမ်းရည်ကလည်း ထူးချွန်သည်။ အချက်အပြုတ်ကိုလည်း သူမ အမေဆီက သင်ထားတာ ဖြစ်နိုင်ပြီး အလွန်ကျွမ်းကျင်ပါသည်။
အမှန်ပင်။ အရေးအကြီးဆုံးကတော့ အာ့တျယ်၏ အကျင့်စရိုက် ဖြစ်ပါသည်။
သူမက တကယ်ပဲ လက်တွေ့ဆန်သာ မိန်းကလေး ဖြစ်သည်။ အလှအပ တစ်ခါမှ မမက်ဘဲ အလုပ်ကိုသာ ဝီရိယရှိရှိလုပ်ပါသည်။ ဥယျာဥ်ကို တာဝန်ယူထားပြီး အချိန်အားပါက သစ်ကိုင်းသစ်ရွက်များကို ညှပ်ပေးပါသည်။
သူမ ရောက်လာသဖြင့် အိမ်က ပရိဘောဂများ ဖုန်တက်ချိန်တောင် မရတော့ပါ။ ထောင့်စွန်းများမှာတောင် ဖုန်မရှိပါ။
ဒီလိုကြည့်ပါက ကောင်မလေးမှာ တော်ပါသည်။
ကျိုးချင်းပိုင်မှာလည်း အာ့တျယ်နဲ့ ကန်းကျစ်တို့ကို တွဲပေးချင်သည့် စိတ်ကူးရှိသဖြင့် လင်းချင်းဟယ်က ဒေါ်လေးကျောင်း၏ သဘောထားကို စမ်းသပ်ကြည့်ဦးမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် အာ့တျယ်က လက်မထပ်ရသေးတာ သူမ သိပါသည်။ သို့သော်လည်း အာ့တျယ်မှာ တခြားတစ်ယောက်ယောက် ရှိနေမလားဆိုတာတော့ သူမ မသိပေ။
"တျယ်လေးက အရွယ်ရောက်နေပြီနော်။ ဒီနှစ်ဆို မငယ်တော့ဘူး။ ဒေါ်လေးကျောင်း သူ့အတွက် တစ်ယောက်ယောက် တွေ့ထားပြီးပြီလား မသိဘူး။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
အိမ်တော်ထိန်း ဒေါ်လေးကျောင်းက ရွှင်မြူးစွာ ပြန်ဖြေလိုက်ပါသည်။ "သူက မငယ်တော့တာတော့ ဟုတ်ပါတယ်။ ဒီတိုင်း ဒီကောင်မလေးက ၂ နှစ်လောက် စောင့်ပြီး မိသားစု အခြေအနေ ပိုကောင်းလာမှ လက်ထပ်ချင်တယ်တဲ့လေ။”
"အခု ကျွန်မတို့အိမ်မှာ ရှင်တို့နှစ်ယောက် ရှိနေပြီဆိုတော့ အဲ့လောက် မဆိုးတော့ဘူးမလား" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ဒေါ်လေးကျောင်း၏ မိသားစုအကြောင်းကို တစ်ခါမှ မမေးဖူးပါ။ ဒီနေ့မေးဖို့ ရှားရှားပါးပါး အခွင့်အရေးဖန်လာ၏။ ဒေါ်လေးကျောင်းကလည်း ဘာမှ ဖုံးကွယ်ထားစရာမရှိဘဲ ပြောလိုက်ပါသည်။ "သူ့အောက်မှာ မောင်လေးနှစ်ယောက်ရှိတယ်။ နှစ်ယောက်စလုံးက အထက်တန်းကျောင်းတက်နေကြပြီ။”
အာ့တျယ်က အလတ်ဖြစ်သည်။ သူမ အထက်က မောင်နှမများကတော့ အိမ်ထောင်ပြုပြီးသွားကြပြီး မိသားစုကို မကူညီနိုင်ပါ။
ဒေါ်လေးကျောင်း၏ ယောက်ျားက လွန်ခဲ့သည့် နှစ်အနည်းငယ်လောက်က ဆုံးပါးသွားခဲ့သည်။ ထိုအချိန်တုန်းက မိသားစု၏ အခြေအနေမှာ အတော့်ကို ခက်ခဲခဲ့ပါသည်။ အာ့တျယ်က ဆောင်းရာသီတွင် မီးသွေးများ လိုက်ပို့ဆောင်ပေးရင်း ပိုက်ဆံရှာခဲ့ခြင်းကြောင့် သက်သာသွားသည်။ မဟုတ်ပါက သူတို့ ဆောင်းရာသီမှာ ရှင်သန်နိုင်မှာ မဟုတ်ပါ။
လင်းချင်းဟယ်၏ အိမ်တော်ထိန်းတာဝန်ကို လက်ခံပြီးချိန်ကစပြီး အိမ်ကအခြေအနေများ အလွန်တိုးတက်လာခဲ့သည်။ အာ့တျယ်က အလုပ် မရှိသေးသော်လည်း ဒီကို ရောက်မလာခင်က မီးသွေးများ လိုက်ပို့ပေးနေဆဲ ဖြစ်ပါသည်။
သူမ ရတာ အလွန်နည်းပါသည်။ အနည်းနဲ့အများ အပိုဝင်ငွေသဘောဖြစ်၏။
သို့သော်လည်း ဒီမှာ အလုပ်လုပ်ရတာနဲ့တော့ မယှဥ်နိုင်ပါ။ လစာက အတော့်ကိုမြင့်ပါသည်။
"အိမ်ကအခြေအနေက အရင်တုန်းက အဆင်မပြေပါဘူးရှင်။ တချို့လူတွေက လာပြီး သူ့ကို မေးကြတယ်။ သူကိုယ်တိုင်က လက်မခံတာပါ။” ဒေါ်လေးကျောင်းက ပြန်ပြောလိုက်ပါသည်။
တကယ်တော့ သူမလည်း တစ်ကိုယ်ကောင်း အနည်းငယ် ဆန်ခဲ့မိသည်။ အဘယ့်ကြောင့်ဆိုသော် သူမ၏ သမီးဖြစ်သူသာ လက်ထပ်သွားပါက သူမတစ်ယောက်တည်း ပိုပြီး ဝန်ပိသွားလိမ့်မည်။ သူမ အစီအစဥ်က သားနှစ်ယောက် ကောလိပ်ရောက်ကာ အရန်လုပ်ငန်းများ လုပ်နိုင်သည့် အထိစောင့်ပြီးမှ သူမ၏ သမီးဖြစ်သူကို လက်ထပ်ခိုင်းဖို့ဖြစ်သည်။ သူတို့က အထက်တန်း ဒုတိယနှစ်ရောက်နေကြပြီ ဖြစ်၏။ ၁ နှစ် လိုပါသေးသည်။ အရမ်းကြီး နောက်မကျလောက်ပါ။
"အခု ဒီအလုပ်ရပြီဆိုတော့ ပေါ့ပါးသွားပြီမလား" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
"ဟုတ်ပါတယ်" ဒေါ်လေးကျောင်းက ပြန်ပြောလိုက်သည်။
လင်းချင်းဟယ်က ဆက်မပြောတော့ပါ။ ဒီကိစ္စကို နောက်မှ ဆက်ဆွေးနွေးလို့ရပါသည်။ ကန်းကျစ်ကလည်း အခု အလောတကြီး မဟုတ်သေးပါ။
လင်းချင်းဟယ်က ကန်းကျစ်၏ အိမ်ထောင်ရေးကိစ္စကို အများကြီး ယုံကြည်ချက်ရှိပါသည်။ ဒီကောင်လေး၏ အရပ်က ၅ပေ ၁၀လက်မ ရှိသည်။ သေချာပေါက် မပုပါ။
အရေးအကြီးဆုံးက ဒီကောင်လေးက တာဝန်သိတတ်ပြီး အလွန်စိတ်အားထက်သန်မှု ရှိပါသည်။ ကော်မာရှယ်အိမ်ကိစ္စအကြောင်း သူမပြောတာကို နားထောင်ပြီးကတည်းက သူ အလုပ်ကြိုးစားနေခဲ့တာ မဟုတ်ပါလား။
ဒီနှစ် စီးပွားရေးများက အလွန်ကောင်းမွန်သဖြင့် မနှစ်ကထက် အလုပ်ကြိုးစားခဲ့သည်။ အရင်လက သူ ဘယ်လောက်ရသလဲ လင်းချင်းဟယ် မေးခဲ့ရာ ၁,၅၀၀ ဟု ပျော်ပျော်ကြီး ပြန်ဖြေခဲ့ပါသည်။
ယွမ် ၂၀၀ လစာတောင် ရှားပါးသည့် ဒီခေတ်မှာ သူက တစ်လ ယွမ် ၁,၅၀၀ ရနိုင်သည်။ ဒါ ဘယ်လို အဆင့်မျိုးလဲ။
အဓိကအချက်မှာ သူက ဆေးလိပ်မသောက်၊ အရက်မသောက်တတ်တာပဲဖြစ်သည်။ အိမ်တစ်လုံးဝယ်ဖို့သာ စိတ်နှစ်ပြီး စုထား၏။
တကယ်တော့ လင်းချင်းဟယ်က သူ့ကို စီးပွားရေးကြီးကြီးမားမား တစ်ခုလုပ်ဖို့ အားပေးချင်သည်။ သို့သော်လည်း ထိုအတွေးကို ဖျောက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ တကယ့် စီးပွားရေးအကြီးစားကြီး မဟုတ်ပါက သာမန်လူများ၏ စိတ်ထဲတွင် ပိုက်ဆံကို စုထားတာသာ ပိုကောင်းပြီး နောက်ပိုင်း ကော်မာရှယ်အိမ်များ ပေါ်လာပါက အပြိုင်ဝယ်ယူမည် ဖြစ်သည်။ အိမ်တစ်လုံးဝယ်ဖို့ကလည်း အရေးကြီးပါသည်။
ငွေပိုရှိပါက နောက်တစ်လုံး ဝယ်နိုင်သည်။ သာမန်လူများအတွက် စီးပွားရေးလုပ်တာထက် ပိုမကောင်းဘူးလား။
ထိုနေ့က လင်းချင်းဟယ် အကြီးဆုံးမရီးကို ဖုန်းဆက်ခဲ့ပါသည်။ အချိန်ကို တွက်ကြည့်သောအခါ သူမ ဖုန်းမဆက်တာတောင် ကြာပြီ ဖြစ်သည်။
အတော်ကြာခါမှ အကြီးဆုံးမရီးက ဖုန်းလာကိုင်သည်။ သူမ ပျော်ရွှင်စွာ ပြောလိုက်၏။ "ငါအလုပ်တွေများလွန်းလို့ နင့်ကို ဖုန်းမဆက်မိတာတောင် မေ့နေတယ်။”
"ဘာတွေ အလုပ်များနေတာလဲ အကြီးဆုံးမရီး။” လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
"tခုတလော ဘဲတွေက ဥဝပ်နေပြီလေ။ အပြင်ဘက်မှာ ဝပ်ကြတော့ ချုံးကျစ်နဲ့ ငါတို့ နေ့တိုင်း ဘဲဥတွေ လိုက်ကောက်ရတယ်။ နင့်အကြီးဆုံးအစ်ကို ကောက်ရင်တော့ အမြဲကျန်ခဲ့တာပဲ။” အကြီးဆုံးမရီးက ပြုံးလိုက်သည်။
ချုံးကျစ်က ကျိုးတာ့နီ၏ ယောက်ျား ဖြစ်သည်။ ယခု သူက သူ့ယောက္ခမနှင့် ပူးပေါင်းပြီး ဘဲမွေးမြူရေးလုပ်ငန်း လုပ်နေပါပြီ။
ဒီနှစ် မြေကို ဝယ်နိုင်ရောင်းနိုင်ပြီ။ သူတို့ မြေကွက်ကြီးကြီးတစ်ကွက်ဝယ်ပြီး ငွေများစွာ ရင်းနှီးမြှုပ်နှံခဲ့သည်။ ဘဲမွေးမြူဖို့ ဖြစ်၏။
"ဒါဆို ဥဝပ်နေကြပြီလား။” လင်းချင်းဟယ်က ပြောလိုက်သည်။
"ဟုတ်တယ်။ ဥတွေက တော်တော်လေး ကောင်းတယ်။ တခြားသူတွေ မွေးတဲ့ ဘဲတွေက ငါတို့လောက် ဥဥတာမမြန်ဘူး။ နင့်အစ်ကိုကြီးနဲ့ ချုံးကျစ်တို့ ကျေးဇူးကြောင့်ပေါ့။ သူတို့ ခဏခဏ ငါးတွေ၊ ပုစွန်တွေဖမ်းပြီး ဘဲတွေကို ကျွေးတယ်လေ" အကြီးဆုံးမရီးက ရှင်းပြလိုက်ပါသည်။
"ဒါဆို ဒီနှစ်တိုးတက်မှုက မဆိုးဘူးပဲ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ဒီနှစ် အများကြီး မွေးထားတယ်။ တတိယမောင်နဲ့ လောင်တတို့ တတိယဦးလေးတို့ဆိုင်တွေက အကုန်မယူနိုင်တော့ဘူး။ အခု တခြားဆိုင်တွေကိုပါ ဆက်သွယ်နေရပြီ။” အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
သူမ မိသားစုနဲ့ သူမအကြီးဆုံးသားမက်၏ မိသားစုတို့က ပူးပေါင်းပြီး ဘဲ ၃,၀၀၀ကျော် မွေးထားပါသည်။ အများစုက ဘဲမများ ဖြစ်သည်။ ဘဲထီးများက အရွယ်ရောက်တာနဲ့ တန်းရောင်းရ၏။ မြေနေရာနဲ့ ရိက္ခာ အကုန်များသောကြောင့် ဖြစ်ပါသည်။
လင်းချင်းဟယ်က ပြုံးကာ တုန်းကျစ်၏ ကြက်ခြံအကြောင်းကို မေးလိုက်ပါသည်။
"တုန်းကျစ်က သူ့ယောက်ဖနဲ့ ပြဿနာတက်တော့မလို့။” အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
"ဘာကို ဆိုလိုတာလဲ" လင်းချင်းဟယ်က မေးလိုက်၏။
အကြီးဆုံးမရီးက ထိုကိစ္စကို ပြန်ပြောပြလိုက်ပါသည်။ ယခင်တုန်းက တုန်းကျစ်မှာ တစ်ယောက်တည်း လုပ်ကိုင်ပြီး အရောနှောမခံပေ။ ထို့နောက် ဘာကြောင့်မှန်းမသိဘဲ သူ့ယောက်ဖ ၃ ယောက်က လုပ်ငန်းပူးပေါင်းလာသည်။ ထိုယောက်ဖများကလည်း သူတို့ မိန်းမများ၏ အစ်ကို၊ မောင်များကို ဆက်ပြီး လုပ်ငန်းပူးပေါင်းခိုင်းသည်။ ဒီလိုနဲ့ ရှုပ်ထွေးလာခဲ့၏။
နောက်ဆုံးမှာတော့ တုန်းကျစ်ဘက်ကပဲ အနစ်နာခံပြီး နောက်ဆုတ်ခဲ့ရပါသည်။ အစက ပြန်စဖို့ တခြားတစ်ယောက်ယောက်ကို ငှားရမ်းခဲ့၏။ အရင်တစ်ခြံ၏ စီမံရေးများကို သူ့ယောက်ဖဆီသို့ လွှဲပေးလိုက်ရပါသည်။
"တုန်းကျစ် လာလည်တော့ နင်ပြောတာကို နားမထောင်ခဲ့မိဘဲ လုပ်ငန်းပူးပေါင်းလိုက်မိတယ်လို့ ပြောတယ်" အကြီးဆုံးမရီးက သက်ပြင်းချလိုက်ပါသည်။
"တစ်ခါသေဖူးရင် ပျဥ်ဖိုး နားလည်ပေါ့။ သူက အလားအလာရှိတဲ့ ကောင်လေးပါ။ ငယ်ပါသေးတယ်။ နည်းနည်းလောက် ကျရှုံးတာ ဘာမှမဖြစ်ဘူး။” လင်းချင်းဟယ်က ပြောလိုက်သည်။
"ဟုတ်တယ်။ သူ အဆင့်ပိုမြင့်သွားပြီ။ တောင်ထိပ်ခြံတစ်လုံး စာချုပ်ချုပ်ထားတယ်။ နောက်ပိုင်း အခြေအနေကောင်းလာမှာပါ။” အကြီးဆုံးမရီးက ထောက်ခံစွာ ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် သူမ မှတ်မိသွားပြီး ပြောလိုက်၏။
"စကားမစပ် တတိယမောင်ရဲ့ အိမ်မှာ ဖုန်းတစ်လုံး ဆင်လိုက်ပြီ။ နင့်တတိယမရီးက ငါတို့ဖုန်းပြောရင် နင့်ကိုပြောလိုက်ဖို့ မှာထားတယ်။ နင်အားရင် သူ့ကိုဖုန်းဆက်ပြီး စကားပြောရအောင်တဲ့။”
"သူတို့နှစ်ယောက်က တတ်နိုင်တယ်နော်။ ကျွန်မတို့ဖုန်း အဲ့ဒီတုန်းက ဆင်တုန်းကဆို ထောင်ချီပေးရတယ်လေ။ ကျွန်မ ခေါင်းတောင်ကိုက်တယ်။” လင်းချင်းဟယ်က ထိုအကြောင်းကြားသောအခါ ရွှင်မြူးစွာဖြင့် ပြောလိုက်ပါသည်။
"သူတို့နှစ်ယောက် အခုဆို ဝင်ငွေအရမ်းကောင်းနေပြီ။ ပြီးတော့လည်း ဆင်ထားတဲ့ဖုန်းကို တခြားသူတွေ သုံးလည်း ရတယ်။ ဖုန်းငှားစားတာပေါ့။ သူတို့ အရှုံးမရှိဘူး။” အကြီးဆုံးမရီးက ပြုံးလိုက်၏။
"ကောင်းတာပေါ့။ တတိယမရီးကို ဖုန်းဆက်လိုက်ဦးမယ်။။ ကျွန်မတို့စကားမပြောတာ တော်တော်ကြာပြီ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
အကြီးဆုံးမရီး ပေးသည့် ဖုန်းနံပါတ်ကို ချရေးပြီးနောက် လင်းချင်းဟယ် တတိယမရီးတို့ အိမ်ကို ဖုန်းဆက်လိုက်ပါသည်။