အခန်း(၆၅၂) ဝိုင်နီလုပ်ငန်း
Vol. 47 Ch. 652
အခန်း(၆၅၂) ဝိုင်နီလုပ်ငန်း
"အစ်ကိုလတ်ရဲ့ သူငယ်ချင်းနှစ်ယောက်တော့ သိတယ်။ ဒါပေမယ့် နှစ်ယောက်စလုံးက ရည်းစားနဲ့။ အရင်တစ်ခေါက် သူတို့နဲ့ တွေ့တုန်းက နှုတ်ဆက်တယ်လေ။” ကျိုးကွေ့လိုင်က ထိုအကြောင်းကို ကြားပြီးနောက် ပြောလိုက်ပါသည်။
ထို့နောက် ဆက်ပြောလိုက်သည်။ "အစ်မဝူနီက ကောင်တီမြို့မှာပဲ နေချင်တယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ တတိယဒေါ်လေးက သူ့အတွက် ဒီမှာ အိမ်ထောင်ဖက် ရှာပေးချင်တယ်ဆိုတော့ ရေခြားမြေခြား အချစ်ရေး ဖြစ်မသွားဘူးလား။ ပြဿနာတက်လွယ်တယ်နော်။”
"မိန်းကလေးတွေလေ။ သူသာ တကယ်ချစ်ရင် မြို့တက်လာလိမ့်မယ်။ ပြီးတော့လည်း ကောင်လေးက သူ့ကို ကြိုက်ရင် သူ့နောက် လိုက်သွားချင် လိုက်သွားမှာပေါ့။” လင်းချင်းဟယ်က ပြောလိုက်၏။
"ဖြစ်နိုင်ပါတယ်။ တစ်ခုတည်းသော ပြဿနာကြီးက အလုပ်ပဲ။” ကျိုးကွေ့လိုင်က ထောက်ပြ၏။
"ဒါဆိုလည်း ထပ်ရှာကြည့်ပါဦး။ သင့်တော်တဲ့သူတစ်ယောက်တွေ့မှ ဆက်ပြောကြတာပေါ့။” လင်းချင်းဟယ်က ပြောလိုက်၏။ သူမ စကားလမ်းကြောင်းကို ဝမ်ယွမ်တို့ဘက်သို့ ပြောင်းလိုက်ပါသည်။ "နင့်ဒုတိယယောက်ဖက နင်နဲ့ပူးပေါင်းပြီး ဝိုင်အရောင်းဆိုင်ဖွင့်ချင်နေတယ်လို့ နင့်အစ်မအာ့နီပြောတာ ကြားတယ် ဟုတ်လား။”
"ဟဲဟဲ ကျွန်တော် ဒုတိယယောက်ဖတို့ဆီသွားပြီး အခုလေးတင် စကားပြောလာတာ။ အစ်မအာ့နီက အမေ့ကိုတောင် ပြောပြီးသွားပြီလား။” ကျိုးကွေ့လိုင်က ပြောလိုက်ပါသည်။
"နင်က ဖက်ထုပ်စက်ရုံကြီးဖွင့်ပြီး ဖက်ထုပ်ဘုရင်ကြီး ဖြစ်ချင်တာ မဟုတ်ဘူးလား။” လင်းချင်းဟယ်က သူ့ကိုကြည့်ကာ မေးလိုက်၏။
ဖက်ထုပ်စက်ရုံဖွင့်ဖို့ ကုန်ကျစရိတ်က သေချာပေါက် မနည်းသော်လည်း လင်းချင်းဟယ်က သူ့သား၏ စီးပွားရေး ခရီးလမ်းကို ထောက်ပံ့ပေးချင်ပါသည်။
"ဖက်ထုပ်စက်ရုံဖွင့်တာက နောက်မှပြောလို့ရတယ်။ လောလောဆယ် ကျွန်တော့် ဒုတိယယောက်ဖနဲ့ အတူတူ ဝိုင်အရောင်းဆိုင်ဖွင့်ချင်တယ်။” ကျိုးကွေ့လိုင်က ပြောလိုက်သည်။
"သွင်းကုန်တွေလား" လင်းချင်းဟယ်က သူ့ကိုကြည့်လိုက်ပါသည်။
"အင်း ဒုတိယယောက်ဖကလည်း ကျွန်တော် သွင်းကုန်သမားနဲ့ ဆက်သွယ်နိုင်တာနဲ့ သူငွေရင်းနှီးပေးမယ်တဲ့။ ကျွန်တော်တို့ အမြတ်ကို အညီအမျှ ခွဲယူကြမှာ။” ကျိုးကွေ့လိုင်က ခေါင်းငြိမ့်လိုက်သည်။
ဝိုင်လုပ်ငန်းက အလွန်ကောင်းမွန်ပါသည်။ အခုချိန်ထိ ဝိုင်လုပ်ငန်းက လင်းချင်းဟယ် မလုပ်ရသေးသည့် တစ်ခုတည်းသော လုပ်ငန်း ဖြစ်သည်။ ဆေးလိပ်၊ အရက်၊ လက်ဖက်ရည်လုပ်ငန်းများတွင် ဆေးလိပ်နဲ့ လက်ဖက်ရည်လုပ်ငန်းများက အတော်လေး အဆင်ပြေနေပါသည်။
"တိကျတဲ့ လမ်းကြောင်းတစ်ခု ရနိုင်ရင် ငါလည်း ရင်းနှီးမြှုပ်နှံပေးမယ်။ ငါတို့လည်း အတူတူခွဲ ယူကြမလား။” လင်းချင်းဟယ်က ရွှင်မြူးစွာ အကြံပေးလိုက်သည်။
ကျိုးကွေ့လိုင်က ရယ်ကျဲကျဲဖြင့် ပြောလိုက်၏။ "အမေ့စကားနဲ့ အမေပဲနော်။။ ကျွန်တော့်အိတ်ကပ်ထဲပဲ ရောက်လာမှာ။ မိသားစုငွေဆိုပြီး မလုပ်နဲ့။”
"မလုပ်ပါဘူး။” လင်းချင်းဟယ်က အတည်ပြုပေးလိုက်သည်။
ဒီလိုနဲ့ ကျိုးကွေ့လိုင် ထိုအချိန်ကစပြီး စိတ်နှစ်ထားခဲ့ပါသည်။ သူက အစွမ်းအစရှိသည့် လူမျိုး ဖြစ်သည်။ ငယ်စဥ်ကတည်းက လူတွေနဲ့ ဆက်ဆံတတ်သည်။ သူ့ရဲ့ အပြောစွမ်းရည်ကြောင့် အပြင်ထွက်ကာ စုံစမ်းပြီး နောက်ကျမှ ပြန်ပြန်လာတတ်သည့် တစ်ပတ်လောက် ကြာသောအခါ ဝိုင်သွင်းကုန်များအတွက် တရားဝင် လမ်းကြောင်းတစ်ခုကို ရှာတွေ့ခဲ့ပါသည်။
ဝမ်ယွမ်ကိုခေါ်လိုက်ပြီး အတူတူ ကားဖြင့် သွားကြ၏။ ဝမ်ယွမ်ကလည်း ကျေနပ်သည်။ ၂ပုံး အရင်ဝယ်ကြည့်လိုက်သည်။ တစ်ပုံးက လင်းချင်းဟယ်အတွက်ဖြစ်ပြီး တစ်ပုံးက သူ့အတွက် ဖြစ်သည်။
ဆိုင်ခန်းရင်းနှီးမြှုပ်နှံဖို့အတွက် ယွမ် ၂၀,၀၀၀ ခွင့်ပြုပေးလိုက်ပြီး သားငယ်ကို ကိုယ်တိုင်စီမံခွင့် ပေးလိုက်ပါသည်။ သူမ ဝင်မပါခဲ့ပါ။ ထိုအချိန်ကစပြီး ဝိုင်နီနဲ့ အမြတ်များကိုသာ ယူပါသည်။
ဒီလို ရက်ရောပြီး စိတ်ပူစရာမရှိသည့် သူ့လို လုပ်ငန်းပါတနာကြောင့် ဝန်ပေါ့ရပါသည်။
သားငယ်က အနီးအနားရှိ တက္ကသိုလ်များဆီသို့သွားပြီး ဝန်ထမ်းများကို ခေါ်ယူသည်။ တချို့ ဘွဲရတော့မည့် ကျောင်းသားတွေက အခုချိန်လောက်ဆို အလုပ်များ ရထားပြီးပါပြီ။
အလုပ်ကောင်းကောင်း ချမှတ်ခံထားရသည့် လူတချို့ရှိသည်။ ချမှတ်ထားသည့် အလုပ်ကို မလိုချင်သောတချို့လည်း ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ထိုအလုပ်များက သူတို့ ကိုင်တွယ်နိုင်သည့် အလုပ်မျိုး မဟုတ်သောကြောင့် ဖြစ်သည်။ သူတို့၏ မေဂျာများနဲ့လည်း မသက်ဆိုင်ပေ။ ထို့အပြင် ကျိုးကွေ့လိုင်ပေးသည့် လစာက တကယ်မနည်းပါ။ တစ်လကို ယွမ် ၁၈၀ ကြီးများတောင် ရသည်။ ကော်မရှင်ခလည်း ရသေးသည်။
သို့သော်လည်း ဒီတိုင်း ကောလိပ်ကျောင်းသာားတိုင်းကို လိုက်မမေးပါ။ တခြားလူများ၏ ဖိုင်တွဲများကို စစ်ကြည့်သေးသည်။ ဝါသနာ၊ စိတ်ဝင်စားမှု အရောင်အသွေး မစုံလင်သည့် လူများကို သူ လက်မခံနိုင်လောက်ပါ။
ထို့အပြင် မိသားစုနောက်ခံကိုလည်း မေးခွန်းထုတ်ရမည်။
လစာက မြင့်လွန်းသဖြင့် တချို့လူများက အလိမ်အညာဟု ထင်သွားကြသည်။ ပေကျင်းတက္ကသိုလ်ကျောင်းသားကတ်နဲ့ ဘွဲ့လက်မှတ်များကို စားပွဲပေါ်မှာ တင်ထားသည်။ လာစစ်ကြည့်ချင်သူတိုင်း လာကြည့်နိုင်ပါသည်။
စစ်ကြည့်ပြီးနောက် သူတို့ အထင်ကြီးသွားကြ၏။ ထို့နောက် အလုပ်အကြောင်းကို စတင်မေးမြန်းသည်။ ဒီတစ်ခေါက် သားငယ်၏ ဖိအားနဲ့ သုံးသပ်ချက်များ စတင်ပါပြီ။
လူရွေးပွဲပြီးနောက် သားငယ်က ဘွဲ့ရကျောင်းသား ၄ ယောက်ကို ခန့်အပ်ခဲ့သည်။
အခြေခံလစာက ယွမ် ၁၈၀ ဖြစ်သည်။ ကော်မရှင်ခများကိုလည်း အခြေခံလစာများထဲ ပေါင်းထည့်ပေးသွားမည်။ သူက အများကြီး ပေးရဲသဖြင့် သူ့အတွက် ဝိုင်ကိုကြိုးစားပြီး မရောင်းပေးမှာကိုလည်း စိတ်မပူပါ။
ဒီအလုပ်အတွက် လူမလိုတော့သဖြင့် တခြားလူတွေကတော့ ဒီလိုအလုပ်ကောင်းမျိုးကို ထပ်ပြီး တွေ့နိုင်တော့မှာ မဟုတ်ပါ။
"တခြားနေရာတွေက ခေါ်ပေမယ့် အပေါ်ယံရွှေမှုန်ကြဲထားကြတာ။ ငါတို့ဆိုင်က အခု မင်းတို့ လေးယောက်ပဲ ရှိသေးပေမယ့် နောက်ကို သေချာပေါက် တိုးချဲ့သွားမှာပဲလေ။ မင်းတို့ကို ပြောထားမယ်။ နောက်ပိုင်း စီမံရေးအပိုင်းမှာ မင်းတို့ ပါလာနိုင်မပါလာနိုင်က မင်းတို့ရဲ့ ကိုယ်ပိုင်အစွမ်းအစပေါ်မှာပဲ မူတည်တယ်။” သားငယ်က သူတို့ကို ခေါ်လာရင်း ပြောလိုက်သည်။
ကောလိပ်ကျောင်းသား ၄ ယောက်က သူ့ထက် အနည်းငယ် အသက်ကြီးပါသည်။ သားငယ်က ဒီနှစ်မှ အသက် ၂၀ ဖြစ်သည်။ ကျောင်းဝင်တာ နောက်ကျသဖြင့် ဘွဲ့ရတာလည်း နောက်ကျပါသည်။
သို့သော်လည်း သားငယ်က အရှိန််အဝါအရဆို သူတို့ထက် အများကြီး ပိုအားကောင်းပါသည်။
ကောလိပ်ကျောင်းသားလေးယောက်က အကုန်လုံး တနယ်သားများ ဖြစ်ကြ၏။ မြို့တော်သားများ မဟုတ်ကြပါ။ အဆက်အသွယ်ကောင်းကောင်းရှိသည့် မြို့ကြီးသားများကတော့ ဒီလိုအလုပ်ကို စိတ်ဝင်စားမှာ မဟုတ်ပါ။ သူတို့အိမ်အခြေအနေကလည်း ကောင်းမွန်ကာ ရေသာခိုတတ်ကြလိမ့်မည်။ ဒီက မြို့သားများကို အလုပ်ခန့်ဖို့ စိတ်ကူးမရှိပါ။ တနယ်သားများက ပိုအဆင်ပြေသည်။
မြို့တော်ကို စာလာသင်သော တခြားပြည်နယ်များမှ လူတွေက ဒီကကြွယ်ဝမှုများကို မြင်သွားကြသည်။ အခွင့်အရေးရှိပါက သူတို့ မပြန်ချင်ဘဲ ဒီမှာသာ နေချင်ကြပါသည်။
သားငယ်က ဒီမှာ အဆောင်တစ်ခု ရှာထား၏။ သူတို့ကျောင်းလိုမျိုး အုပ်စုဖွဲ့နေထိုင်သည့် အဆောင်တစ်ခု ဖြစ်သည်။ သူတို့ ၄ယောက် အတူတူ နေကြသည်။ အခြေအနေများက မကောင်းသော်လည်း အဆိုးကြီးတော့ မဟုတ်ပါ။ အလယ်အလတ်လောက်သာ ရှိသည်။
"တစ်လကို ယွမ် ၁၈၀နဲ့ ကော်မရှင်ခပါမယ်။ မင်းတို့အတွက် နေစရိတ် ပေးနိုင်ပေမယ့် စားစရိတ်တော့ မပေးနိုင်ဘူး။ အစားအသောက်ကိစ္စတော့ ကိုယ့်ဖာသာကိုယ် တာဝန်ယူရမယ်။ ငါပေးတဲ့အကျိုးခံစားခွင့်တွေက အကောင်းဆုံးတွေထဲက တစ်ခုပဲနော်။ အဲ့တာကြောင့် မင်းတို့ဘက်ကလည်း ငါ့ကို စိတ်ကျေနပ်အောင် ကြိုးစားပေးရမယ်။ မင်းတို့ ရေသာခိုပြီး လစာတွေကို အလွဲသုံးစားလုပ်ရင် ဘာမှ ဆွေးနွေးနေမှာ မဟုတ်ဘူး။” ကျိုးကွေ့လိုင်က သူတို့ကိုပြောလိုက်ပါသည်။
"ကျွန်တော်တို့ သိပြီးသားပါ။ သေချာပေါက် လစာကို အလကားမယူပါဘူး။” သူတို့ ၄ယောက်က ပြန်ပြောလိုက်ပါသည်။
"ဟုတ်ပြီ။ ဒီနေ့တော့ နောက်ကျနေပြီ။ မင်းတို့တွေ ကိုယ်လက် သန့်စင်လိုက်ကြဦး။ ပြီးရင် ပတ်ဝန်းကျင်ကို လေ့လာထား။ မနက်ဖြန်ကစပြီး အလုပ်စမယ်။ မင်းတို့နဲ့အတူတူ ဆိိုင်ပြန်လည်ပြုပြင် လုပ်ငန်းတွေလုပ်ဖို့ စောင့်နေမယ်။” ကျိုးကွေ့လိုင်က ပြောလိုက်သည်။
သားငယ်က ကောလိပ်ကျောင်းသား ၄ ယောက်ကို လစာကောင်းကောင်း အကျိုးခံစားခွင့်ကောင်းကောင်းနဲ့ ခန့်လိုက်တာ လင်းချင်းဟယ် သိပါသည်။ သူ့ကိုလွှတ်ထားလိုက်၏။ သူ့ကိုယ်ပိုင် စီးပွားရေး ဖြစ်သဖြင့် သူ့ဖာသာသူ ဆုံးဖြတ်ပါစေ။ လူကြီးများ ဝင်ပါဖို့ မလိုပါ။
သို့သော်လည်း နေ့တိုင်း အစောကြီးသွားပြီး နောက်ကျမှပြန်လာတာကို မြင်နေရသဖြင့် လင်းချင်းဟယ်က ဒေါ်လေးကျောင်းကို ညွှန််ကြားလိုက်ပါသည်။ "သူ့ကိုစွပ်ပြုတ်ထပ်ပြုတ်ပေးပြီး အိပ်ယာမဝင်ခင် သောက်ခိုင်းလိုက်နော်။”
"ကောင်းပါပြီ။” ဒေါ်လေးကျောင်းက ပြန်ပြောလိုက်ပါသည်။
ကျိုးကွေ့လိုင် ဒီနေ့ပြန်လာသောအခါ ဒေါ်လေးကျောင်း မအိပ်သေးပါ။ သူ့ကို စွပ်ပြုတ် သောက်ခိုင်းလိုက်ပါသည်။ "သခင်မကြီးက ပြုတ်ခိုင်းထားတာပါ။ တတိယသခင်လေး မအိပ်ခင် သောက်လိုက်ပါဦး။”
"ဟုတ်ကဲ့ပါ။” ကျိုးကွေ့လိုင်က ပြုံးလိုက်ပါသည်။
ပြောင်းဖူး၊ မုန်လာဥနဲ့ ဝက်နံရိုးစွပ်ပြုတ် ဖြစ်သည်။ စွပ်ပြုတ်သောက်ပြီးနောက် သွားတိုက်သည်။ ထို့နောက် အခန်းထဲပြန်ဝင်သွားပြီး အစီအစဥ်များ စတင်ချမှတ်သည်။
ဆိုင်ခန်းပြန်လည်ပြုပြင်မှု ပြီးဆုံးသွားပါပြီ။ သူတို့မနက်ဖြန် ဝိုင်များ စတင်ဝယ်ယူရောင်းချနိုင်ပါပြီ။ အထူးသဖြင့် ဒီနေ့ သူအလုပ်ခန့်ထားသည့် ကောလိပ်ကျောင်းသား ၄ ယောက်က လမ်းမ၊ လမ်းကြားများတွင် ဝိုင်နီ ပရိုမိုးရှင်းကြော်ငြာများ လိုက်လံဖြန့်ချီခဲ့ပါသည်။ ဆိုင်ဖွင့်ပွဲကိုလည်း စီစဥ်ထား၏။
အချိန်ကျပါက သူတို့မိသားစု အိမ်စီးကားနဲ့ ထရပ်ကားတို့ကို ယူဆောင်သွားမည်။ သူ့ဒုတိယယောက်ဖ၏ ကားလည်း ပါသည်။ ဆိုင်မျက်နှာစာကို ပိုလှပစေဖို့ ဖြစ်ပါသည်။
ထိုကိစ္စများကို စဥ်းစားရင်း သားငယ် အိပ်ပျော်သွားပါသည်။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ကတော့ အခန်းထဲမှာ နိုးနေကြဆဲဖြစ်သည်။ မိမိလေးကတော့ ကလေးကုတင်ပေါ်မှာ အိပ်ပျော်နေပါပြီ။
"သားငယ်က မနက်ဖြန် ဆိုင်စဖွင့်မှာ။ ရှင် ကျွန်မနဲ့ လိုက်ခဲ့ရမယ်။” လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ပြောလိုက်ပါသည်။
"သူ့ကိုယ်ပိုင်အကောင့်ထဲ ရောက်မှာပဲကို" ကျိုးချင်းပိုင်က မသွားချင်ပါ။ အပျင်းထူနေခြင်း ဖြစ်ပါသည်။
"သူက ရှင့်သားလေ" လင်းချင်းဟယ်က သူ့ကို မကျေမချမ်း ကြည့်လိုက်၏။
"အင်းပါ အင်းပါ" ကျိုးချင်းပိုင်က သူ့မိန်းမကို ဖက်ကာ သူမ မျက်နှာကို ကြည့်လိုက်သည်။ သူသွားပါ့မယ်။
သားတွေက သူ့အတွက် ဒီလောက် တန်ဖိုးမရှိပါ။