အခန်း(၆၅၉) ကွာရှင်းရုံလေးနဲ့
Vol. 47 Ch. 659
အခန်း(၆၅၉) ကွာရှင်းရုံလေးနဲ့
"လေ့ကျင့်ရေးဆင်းတယ်လို့တော့ မဟုတ်ပါဘူး။ အတွေ့အကြုံ လာယူတာပါ။ ဒေါ်လေးလင်းတို့က ရှန်ဟိုင်းမြို့တော်မှာ ဆိုင်နည်းနည်းရှိတယ်။ အကုန်လုံးကလည်း အလားအလာရှိကြတယ်လေ။ ဒီမှာ အတွေ့အကြုံလာယူရတာ တန်ပါတယ်" ကျန်းဟန်က ပြောလိုက်ပါသည်။
ကျိုးဝူနီက ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်ပါသည်။ "မျက်နှာသစ်ပြီး မနက်စာစားဖို့ ပြင်တော့လေ။”
"အင်း" ကျန်းဟန်က ပြန်ပြောလိုက်ပြီး အရင်ဆုံး မျက်နှာသစ် သွားတိုက်လိုက်ပါသည်။
ကျိုးဝူနီ လှည့်ထွက်သွားသောအခါ ကျန်းဟန်က သူ့အကြည့်နဲ့ လိုက်ပို့နေတာကို သတိမထားမိလိုက်ပါ။ သူ့မျက်လုံးများက တောက်ပနေပါသည်။
လင်းချင်းဟယ် မနက်နိုးလာတော့ ဒီကိစ္စများကို မပြောပေ။ ကျိုးချင်းပိုင်ကတော့ ဖက်ထုပ်ဆိုင်ကို ထွက်သွားတာ ကြာပါပြီ။
ရှုရှန့်ချမ်းက အနည်းငယ် တာဝန်ယူနိုင်နေပြီဖြစ်သော်လည်း လူမစည်ကားသည့်အချိန်များကိုသာ ကိုင်တွယ်နိုင်သည်။ မနက်ပိုင်း လူစည်ကားလျှင် သူ ခေါင်းတွေ ချာချာလည်နေရ၏။ ထို့ကြောင့် ကျိုးချင်းပိုင် သွားဖို့ လိုပါသည်။
မနက်စာစားပြီးနောက် လင်းချင်းဟယ်က ဝူနီကို ပြောလိုက်ပါသည်။ "ရောက်လက်စနဲ့ နင်နဲ့ အာ့ရွှယ်တို့ လမ်းလျှောက်ပြီး လျှောက်ကြည့်ကြပါလား။”
"အစ်မကြီးမင် ကျွန်တော် လိုက်ပြပေးရမလား" ကျန်းကမ်းက လက်မြှောက်လိုက်သည်။
ယခု သူက မြို့တော်နဲ့ ရင်းနှီးနေပြီဖြစ်သဖြင့် သူတို့ဘယ်ပဲသွားသွား ဧည့်လမ်းညွှန်ပေးဖို့ ပြဿနာမရှိပါ။
"ရပါတယ်။ ငါလမ်းသိတယ်။ အာ့ရွှယ်ကို လိုက်ပို့ပေးလို့ရပါတယ်" ကျိုးဝူနီက ရွှင်ပျစွာဖြင့် ပြန်ပြောလိုက်သည်။
သူမနဲ့ အာ့ရွှယ်တို့ နှစ်ယောက်တည်းထွက်လာခဲ့ကြသည်။ ကျိုးဝူနီ ဒီကိုမရောက်တာ တော်တော်ကြာပါပြီ။ ထို့ကြောင့် သူမအတွက် အသစ်အဆန်း ဖြစ်နေ၏။ လင်းရွှယ်ကတော့ ဒီလောက် ကြွယ်ဝသည့် မြို့တော်ကြီးကို တစ်ခါမှ မမြင်ဖူးပါ။ ထို့ကြောင့် ပျော်ရွှင်နေပါသည်။
လင်းချင်းဟယ်က သူတို့ သုံးဖို့အတွက် ယွမ် ၁၀၀ ထုတ်ပေးလိုက်သည်။ ထို့နောက် သူတို့ကို လွှတ်ထားပေးလိုက်ပါသည်။
ယနေ့ မြို့တော်ကြီးက အလွန်စည်ကားလျက်ရှိ၏။ နောက်ပိုင်းမျိုးဆက်များလောက် ဒီခေတ်က လုံခြုံရေးက သိပ်မကောင်းမွန်သေးသော်လည်း ဒါဘယ်လိုနေရာမျိုးလဲဆိုတာ သိရမည်။ မကြာသေးခင်ကမှ ရာဇဝတ်မှုနှိမ်နင်းရေး ပြင်းပြင်းထန်ထန် ဆောင်ရွက်ခဲ့ကြသည်။ မြို့တော်တစ်ခုလုံးက အခြေအနေလည်း အလွန်ပြင်းထန်ခဲ့ပါသည်။
ကျန်းကမ်းနဲ့ ကျန်းဟန်တို့က မိမိလေးကို ကျိုးကွေ့လိုင်နှင့်အတူ မူကြိုသို့ လိုက်ပို့ပေးကြပါသည်။ နောက်တော့ သူတို့အလုပ်များခဲ့ကြ၏။ လင်းချင်းဟယ်ကတော့ သူမ၏ ကိုယ်ပိုင်စတူဒီယိုအကြောင်း စဥ်းစားနေဆဲ ဖြစ်သည်။
သူမသာ စတူဒီယိုတစ်ခု ဖွင့်လိုက်ပါက လုပ်စရာအလုပ်ရနိုင်သည်ဟု ခံစားမိပါသည်။
သို့သော်လည်း ရှုရှန့်မိန် ရောက်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူမကိုမြင်သောအခါ လင်းချင်းဟယ်က မျက်ခုံးပင့်လိုက်ပြီး မေးလိုက်ပါသည်။ "ဘာကိစ္စရှိလို့လဲ သခင်မလေးရှု"
"သမီးကို ဘာလို့ အဲ့လို ပြောနေတာလဲ ဒေါ်လေး" ရှုရှန့်မိန်က အပြုံးတွန့်တွန့်ဖြင့် ပြန်ပြောလိုက်ပါသည်။
ရှုရှန့်ချမ်းကိုတော့ သူမ စိတ်ပျော့ပြီး အခွင့်အရေးပေးနိုင်သည်။ ရှုရှန့်မိန်အပေါ်မှာတော့ ဘာခံစားချက်ကောင်းမှ မရှိတော့ပါ။
မကွာရှင်းခင်ကတည်းက သူမအတွက် နောက်အိမ်တစ်အိမ် ရှာထားရကောင်းမှန်း သိသည်။ ဒီလို ဉာဏ်နီဉာဏ်နက်များပုံမျိုးနဲ့ သူမ၏ စိတ်ဓာတ်အဆင့်အတန်းက ဘယ်လိုရှိနိုင်မှာလဲ။
"ကျိုးမိသားစုနဲ့ ရှုမိသားစုတို့က အဆက်အသွယ်ဖြတ်လိုက်ကြပြီ။ နင့်အမေကိုယ်တိုင် သူ့အမေကို အဲ့လိုပြောသွားတာ မဟုတ်ဘူး။ အဲ့တော့ သခင်မရှု ပြောစရာရှိရင် တဲ့တိုးပဲပြောပါ"လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ရှုရှန့်မိန်က သူမကိုဦးညွတ်လိုက်ပြီး ပြောလိုက်ပါသည်။ "ဒေါ်လေးကို ကျေးဇူးတင်ဖို့လာခဲ့တာပါ။ ချမ်းကျစ်ကို လက်ခံပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
"ရှုရှန့်ချမ်းကို လက်ခံတာ ငါမဟုတ်ဘူး။ နင့်ဦးလေးပဲ။ အခွင့်အရေးက တစ်ခါပဲရမယ်။ ဒီတစ်ခါ ကောင်းကောင်းမနေဘဲ အရင်လို အကျင့်မျိုးတွေ ရှိနေဦးမယ်ဆိုရင်တော့ ဘာမှတွန့်ဆုတ်မနေဘဲ ကန်ထုတ်ပစ်ရလိမ့်မယ်" လင်းချင်းဟယ်က တည်ငြိမ်စွာ ပြောလိုက်ပါသည်။
"စိတ်မပူပါနဲ့ ဒေါ်လေး။ ချမ်းကျစ်က တကယ် အများကြီး ပြောင်းလဲသွားပါပြီ။ ဒီတစ်ခေါက် သူကွာရှင်းတုန်းက ဘာမှ မတောင်းခဲ့ဘူး။ အကုန်လုံးကို ကျန်းမေ့လျန်ကို ပေးလိုက်တာ။" ရှုရှန့်မိန်က နှုတ်ခမ်းစူကာ ပြောလိုက်ပါသည်။
"ကျန်းမေ့လျန်ကိုပဲ ပေးသင့်တာပေါ့။ အဲ့ပိုက်ဆံက သူရှာထားတာမှ မဟုတ်တာ" လင်းချင်းဟယ်က ရိုးရိုးသားသား ပြောလိုက်ပါသည်။
သူမ ကျန်းမေ့လျန်ဘက်က ပြောပေးနေတာ မဟုတ်ပါ။ ဒါက အမှန်တရား ဖြစ်ပါသည်။ ရှုရှန့်ချမ်းက ထောင်ကျနေစဥ် ကျန်းမေ့လျန်က ပိုက်ဆံရှာခဲ့၏။ ရှုရှန့်ချမ်းက ဒါကို နားလည်ထားသဖြင့် ကျန်းမေ့လျန်ဆီက ပိုက်ဆံ မတောင်းခဲ့ပေ။
ရှုရှန့်မိန်က ဆက်မပြောတော့ပါ။ ထို့အစား သူမ အမေကိစ္စကို ပြောပြလိုက်ပါသည်။ သူမ အမေက နောင်တရနေပြီး ကျိုးမိသားစုကို အမှားလုပ်မိသည်ဟု ဝန်ခံသည်ဟု ပြောပါသည်။ ကျိုးမိသားစုကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုနေ၏။
"ငါ့ကို အဲ့တာ လာပြောစရာမလိုပါဘူး။ နင့်အမေကို သူ့အမေဆီ ကိုယ်တိုင်သွားပြောခိုင်းလိုက်လေ" လင်းချင်းဟယ်က ပြောလိုက်သည်။
ရှုရှန့်မိန်က သူမကို မကြိုဆိုမှန်း နားလည်သဖြင့် မနှောင့်ယှက်တော့ဘဲ ထွက်လာခဲ့ပါသည်။
လင်းချင်းဟယ်က သူမကျောကို သွေးအေးသော မျက်နှာမျိုးဖြင့် ကြည့်နေပါသည်။
ရှုရှန့်မိန်် သူမကို သစ္စာဖောက်သွားပြီးကတည်းက ဒီတူမကို သဘောမကျတော့ပါ။ အခု ဒီကွာရှင်းမှုက သူမအတွက် သူမအစီအစဥ်ချထားခြင်းဟု ဆိုနိုင်သည်။ အများကြီး တွက်ချက်ကာ ကလေးကိုတောင် တာဝန်မယူခဲ့ပေ။ ဒါက ဘယ်လို မိဘမျိုးလဲ။
ကလေးလေးက ကျောက်မိသားစုနဲ့ နေနိုင်လိမ့်မယ်လို့ထင်နေတာလား။
ဘာပဲဖြစ်ဖြစ် လင်းချင်းဟယ်က သူမနဲ့ စကားမပြောချင်တော့ပါ။
ရှုရှန့်မိန်က သူမ အဘွားကိုလာတွေ့ပါသည်။
မောင်နှမနှစ်ယောက်စလုံး မြို့တော်မှာ ရှိနေပြီး ရှုရှန့်ချမ်းကလည်း ဖက်ထုပ်ဆိုင်မှာ သွားကူနေပြီဖြစ်သဖြင့် ကွာရှင်းသည့်ကိစ္စကို ဖုံးကွယ်ထားလို့ မဖြစ်နိုင်တော့ပါ။ ထို့ကြောင့် လင်းချင်းဟယ်က ကျိုးအာ့နီကို အမေကျိုးအား ကြိုပြောထားဖို့ ပြောလိုက်ပါသည်။
ထင်မထားလောက်အောင် အမေကျိုးက အလွန်တည်ငြိမ်လှသည်။ သူတို့ ဒီအရွယ်တောင် ရောက်နေပြီဟု ပြောခဲ့၏။။ သူတို့ ဘယ်လိုဘဝမျိုးနဲ့ နေနေကြတာလဲဆိုတာ သူတို့သိသည်။ သူတို့ကို မအုပ်ချုပ်နိုင်သလို အုပ်လည်း မအုပ်ချုပ်ချင်တော့ပေ။
အခု အမေကျိုးက အများကြီး စိတ်လွတ်လူလွတ်ဖြစ်လာပြီဖြစ်သည်။ အရင်တုန်းကသာဆိုရင် တာဝန်အားလုံးကို ယူလိမ့်မည်။
ရှုရှန့်မိန်က ရင်ကြားစေ့ဖို့ ရောက်လာသောအခါ အမေကျိုးက ပြောလိုက်ပါသည်။ "ငါတို့က သားအမိတွေပဲ။။ အဲ့ဒီဆက်နွယ်မှုကိုတော့ ဖြတ်တောက်လို့ မရဘူး။ နောက်ကိုလည်း သူမြို့တက်လာဖို့ အခြေအနေမှ သိပ်မရှိတာ။ နောက်တစ်ခါ ဖုန်းဆက်ရင် ကိုယ့်ဘဝကိုယ် ကောင်းကောင်းနေဖို့ပဲ ပြောလိုက်။ အများကြီး မစဥ်းစားနဲ့လို့။”
ရှုရှန့်မိန်က ငိုနေပါသည်။ "အဘွား သမီးအမေကို တကယ် ခွင့်လွှတ်မှာလား။”
"ငါနင်တို့ကို ခွင့်လွှတ်လွှတ် မလွှတ်လွှတ် ဘာအရေးလဲ။ နင့်အဘိုးနဲ့ ငါတို့က သိပ်နေရတော့မှာတောင် မဟုတ်ဘူး။ အဲ့တာကြောင့် ပျော်စရာတွေကိုပဲ စိတ်ထဲထားပြီး စိတ်ညစ်စရာတွေကို မေ့ထားချင်တယ်။” အမေကျိုးက ပြန်ပြောလိုက်ပါသည်။
အကြီးဆုံးသမီးက ဆက်ဆံရေးဖြတ်တောက်မည်ဟု လာပြောသွားစဥ်က အမေကျိုး ဒေါသထွက်လွန်းသဖြင့် သတိတောင်လစ်လုနီးပါး ဖြစ်သွားခဲ့သည်။
သို့သော်လည်း ဒီတစ်ခေါက်တော့ ဘာမှမဖြစ်တော့ပေ။
ရှုရှန့်မိန် ဒီဘက်က ပြန်လာခဲ့၏။ နောက်ဆုံးတော့ ရှုရှန့်ချမ်းကို သွားတွေ့ခဲ့ပါသည်။ ရှုရှန့်ချမ်းကို လက်ခံလိုက်ပြီး ဖက်ထုပ်ဆိုင်မှာ ကူညီပေးနေတာကို သူမ သိပါသည်။ ထို့ကြောင့် ကျေးဇူးသွားတင်လိုက်ခြင်း ဖြစ်၏။ သို့သော်လည်း သူမ မောင်ကို မပြောရသေးပါ။
ယခု ဒီဘက်ကိုရောက်လက်စနဲ့ သူမမောင်ကို သွားတွေ့ဦးမည်ဖြစ်သည်။
ကျိုးချင်းပိုင်က သူ့ကိုအပြင်ထွက်ပြောဖို့ လက်ပြလိုက်ပါသည်။ ကိုယ့်ကလေးကိုယ် မလိုချင်ဘဲ နေဖို့ တခြားနေရာကောင်းတစ်ခုသာ ရှာတတ်သည့် ဒီတူမကို သူလည်း သဘောမကျပါ။ ဉာဏ်နီဉာဏ်နက် များလွန်းပါသည်။
"အစ်မ နင်ဒီကိုဘာလာလုပ်တာလဲ။” ရှုရှန့်ချမ်း ထွက်လာပြီးနောက် ပြောလိုက်ပါသည်။
"နင် ဒီမှာ အဆင်ပြေရဲ့လား" ရှုရှန့်မိန််က မေးလိုက်ပါသည်။
"အဆင်ပြေပါတယ်။ အစ်မ။ နင်လည်း ကိုယ့်ဘဝကိုယ် ကောင်းကောင်းနေပါ။ ငါ့ကိုစိတ်ပူစရာမလိုဘူး။” ရှုရှန့်ချမ်းက ပြန်ပြောလိုက်သည်။
မနက်ပိုင်းစောစောထကာ ဆိုင်ဖွင့်ပြီး ည ၉ နာရီတွင် ဆိုင်ပိတ်သည်။ သူ့ဘဝက အလွန်ပြည့်စုံပါသည်။ ထို့အပြင် နေစရာစားစရာများလည်း ပါဝင်သည်။ လစာက ယွမ် ၁၀၀ ကျော်ကျော်လောက်ပဲရကာ ကိုယ့်ဆိုင်ကိုယ်ဖွင့်တာထက် အများကြီး နည်းသော်လည်း သူ့ကိုယ်ပိုင်ဆိုင် မဖွင့်ချင်ပါ။ သူ့ဦးလေးလက်အောက်မှာပဲ အေးအေးချမ်းချမ်း အလုပ်လုပ်ချင်တော့သည်။
"နင်အဆင်ပြေရင် ရပါပြီ။ ငါအမေနဲ့ ဖုန်းပြောသေးတယ်။ အမေက နင်အားရင် ဖုန်းဆက်ဦးတဲ့။" ရှုရှန့်မိန်က ပြောလိုက်ပါသည်။
ရှုရှန့်ချမ်းက မျက်မှောင်ကြုတ်သွားသည်။ "ဘာလို့ အမေ့ကို အဲ့အကြောင်း သွားပြောတာလဲ။ အခု ရွာထဲက လူတွေ အကုန်လုံး သိကုန်ပြီ။ နောက်ပိုင်း အဖေနဲ့ အမေတို့ ရွာထဲမှာ ဘယ်လိုနေကြမလဲ။”
"ဒီအတိုင်း ကွာရှင်းတာလေးကို ရေးကြီးခွင်ကျယ်မှ မဟုတ်တာ။ အနှေးနဲ့ အမြန်ဆိုသလို သူတို့သိကြမှာပဲ" ရှုရှန့်မိန်က ပြန်ပြောလိုက်ပါသည်။
ရှုရှန့်ချမ်းကတော့ ဘာမှမပြောနိုင်တော့ချေ။
"နင်ဦးလေးတို့ဘက်မှာပဲ ဆက်လုပ်နေဦး။ နောက်မှ ငါစုံစမ်းပြီး နင်ကိုယ်ပိုင်ဆိုင်ဖွင့်ဖို့ ဆိုင်တစ်ဆိုင် ရှာပေးမယ်" ရှုရှန့်မိန်က ပြောလိုက်ပါသည်။
"တော်ပြီ။ ငါဆိုင်မဖွင့်ချင်တော့ဘူး" ရှုရှန့်ချမ်းက ခေါင်းခါလိုက်ပါသည်။
ရှုရှန့်မိန်က လောလောဆယ်တော့ ဘာမှမပြောတော့ပေ။ သူမ ဦးလေးကို သွားနှုတ်ဆက်လိုက်ပြီး ပြန်သွားပါသည်။
သူမ ပြန်သွားတာနဲ့ ကျိုးချင်းပိုင်က သူ့တူကိုပြောလိုက်ပါသည်။ "အရေးကြီးဆုံးက ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်နိုင်ဖို့ပဲ။ ကျန်တာ ဘာမှ ခေါင်းထဲသိပ်မထည့်နဲ့။”