အခန်း(၆၆၀) ရည်မွန်ပြီး ကျက်သရေရှိသော
Vol. 48 Ch. 660
အခန်း(၆၆၀) ရည်မွန်ပြီး ကျက်သရေရှိသော
"ဦးလေး ကျွန်တော်နားလည်ပါတယ်" ရှုရှန့်ချမ်းက ပြောလိုက်ပါသည်။
ကျိုးချင်းပိုင်က ဓာတ်ပြားဟောင်းကြီး မဖွင့်တတ်သဖြင့် သူ့ကို အများကြီး မပြောတော့ပါ။ မနက်ခင်းလူစည်ကားချိန်ပြီးသွားပြီး လူနည်းလာပြီဖြစ်သဖြင့် ရှုရှန့်ချမ်းကို တစ်ယောက်တည်း ကြည့်ခိုင်းပြီး သူပြန်သွားပါသည်။
အိမ်အရင်ပြန်လာပြီး ဖုန်းဆက်နေသည့် သူ့မိန်းမကို မြင်လိုက်ရပါသည်။
လင်းချင်းဟယ် ဖုန်းဆက်တာမဟုတ်ဘဲ တတိယမရီးက ဖုန်းခေါ်ခြင်း ဖြစ်သည်။ ကျိုးဝူနီတို့ကို လှမ်းမေးခြင်း ဖြစ်၏။ အိမ်ထောင်ဖက်ရှာဖွေခြင်းကိစ္စကိုပြောပြီး သူမ၏ သမီးကြီးအတွက် ခန်းဝင်ပစ္စည်းများစွာ ပြင်ဆင်ထားကြောင်း ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။ "ဆက်မပြောနဲ့တော့၊ တစ်ယောက်တော့ရှိတယ်။ ဒါပေမယ့် သူက ရှန်ဟိုင်းမြို့တော်ကလေ။ နားထောင်ချင်လား"
"ပြောပါ ပြောပါ" တတိယမရီးက စိတ်အားထက်သန်သွား၏။
သမီးကြီးက မငယ်တော့ပေ။ သူမ အသက်အရွယ်တုန်းကဆို ရေလာမြောင်းပေး လုပ်တတ်နေပြီ ဖြစ်သည်။ သို့သော်လည်း သူမကတော့ လက်မထပ်ချင်သေးပေ။ ထို့ကြောင့် သူမ စိုးရိမ်ပူပန်နေရပါသည်။
"ရှန်ဟိုင်းမြို့တော်မှာ ကျွန်မရဲ့ ခေါင်းကိုင်ဆွေမျိုးတွေရှိတာ သိတယ်မလား။ သူက ကျွန်မ ခေါင်းကိုင်ဆွေမျိုးတွေရဲ့ ဦးလေးဘက်က အမျိုးပဲ။ ကျွန်မခေါင်းကိုင်သားရဲ့ ဝမ်းကွဲအစ်ကိုလည်း ဟုတ်တယ်။ သူက ဝူနီထက် နည်းနည်းတော့ ငယ်တယ်။ ဒါပေမယ့် အရမ်းကြီးတော့ အသက်မကွာပါဘူး။ ကိစ္စမရှိဘူး" လင်းချင်းဟယ်က ပြောလိုက်သည်။
"သူ့ပုံစံက ဘယ်လိုလဲ" တတိယမရီးက မေးလိုက်ပါသည်။
"အရပ် ၅ပေ ၁၀လက်မလောက်ရှိတယ်။ ပုံပန်းသဏ္ဌာန်ကလည်း မဆိုးပါဘူး။ အကျင့်စရိုက်ပိုင်းမှာတော့ တော်တော်လေး ကောင်းတယ်။ စိတ်အားထက်သန်မှုလည်း ရှိတယ်။ အခု ကျွန်မ လက်ဖက်ရည်ဆိုင်ရဲ့ စီမံရေးအပိုင်းမှာ အလုပ်လုပ်နေတယ်လေ။ အနာဂတ်မှာ သေချာပေါက် တိုးတက်လာမယ့်လူပါ။” လင်းချင်းဟယ်က ပြောလိုက်သည်။ "ဝူနီကိုလည်း သူတွေ့ပြီးသွားပြီ။”
"သူ့မိသားစုအခြေအနေကကော" တတိယမရီးက ဝမ်းသာသွားသည်။ သို့သော် သူ့သမီးကိစ္စဖြစ်သဖြင့် ရှင်းရှင်းလင်းလင်းဖြစ်အောင် ထပ်မေးရပါမည်။
လင်းချင်းဟယ်က ပြန်ပြောလိုက်ပါသည်။ "သူ့မိသားစုအကြောင်းကိုတော့ ကျွန်မ သိပ်မသိသေးဘူး။ မိန့်လီကို ခဏနေရင် ဖုန်းဆက်ကြည့်လိုက်ဦးမယ်။”
"ဟုတ်ပါပြီ။ နင်ကောင်းတယ်လို့ ထင်ရင် နင်ပဲဆုံးဖြတ်ပါ။ နင်ကိုင်တွယ်ပေးမယ်ဆို ငါစိတ်ချတယ်။” တတိယမရီးက တာဝန်ပေးလိုက်သည်။
လင်းချင်းဟယ် ရယ်ရခက် ငိုရခက်ဖြစ်နေလေပြီ။ သို့သော်လည်း ဘာမှ မပြောတော့ပေ။ တတိယမရီးနဲ့ ဖုန်းပြောတာကို ချလိုက်ပြီး ရွှယ်မိန့်လီကို ဖုန်းဆက်လိုက်ပါသည်။ ရွှယ်မိန့်လီ အိမ်မှာလည်း ဖုန်းတစ်လုံး ဆင်ထား၏။ သူမတို့နှစ်ယောက် မကြာခဏ စကားပြောကြပါသည်။
ရွှယ်မိန့်လီက ဒီကိစ္စကြောင့် ဖုန်းခေါ်လိမ့်မည်ဟု ထင်မထားခဲ့ပါ။ သူမ စိတ်လေးစွာဖြင့် ပြောလိုက်ပါသည်။
"ဒီတူ ကျန်းဟန်ကတော့ သေချာပေါက် လူကောင်းလေးပါ။ ကျွန်မ အကြီးဆုံးအစ်ကိုကြီးရဲ့ မိသားစုက ဆင်းရဲလွန်းတာ တစ်ခုပဲ။”
"ဘယ်လိုမျိုး ဆင်းရဲတာလဲ" လင်းချင်းဟယ်က မေးလိုက်ပါသည်။
အခုချိန်ထိတောင် လူများစွာက ဆင်းရဲနေကြဆဲ ဖြစ်သည်။ လုံးဝ မချမ်းသာကြပေ။
"မိသားစု တစ်စုလုံးက အားလုံး စုပြုံနေကြတာလေ။ ပြဿနာတွေလည်း အများကြီး ဖြစ်ကြတယ်။ တူယောက်မတွေကလည်း အဆင်ပြေဖို့ မလွယ်ဘူး" ရွှယ်မိန့်လီက ပြောလိုက်ပါသည်။
သူမ၏ အကြီးဆုံးမိသားစုနဲ့ သူမတို့ ဆက်ဆံရေးက မဆိုးရွားဘဲ သွေးသားရင်းများ ဖြစ်ကြသော်လည်း လင်းချင်းဟယ်ကို လိမ်ညာလို့ မဖြစ်ပါ။ အမှန်တိုင်း ပြောပြရပါမည်။
"ကျန်းဟန်ကို ငွေရှာခိုင်းပြီး အိမ်တစ်လုံး ဝယ်ခိုင်းလိုက်ပါလား။” လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
"အခုချိန် အိမ်တစ်လုံးဆိုတာ ဝယ်ဖို့ မလွယ်တော့ဘူးလေ။ ဒါပေမယ့် သူဝယ်နိုင်ရင်တော့ ကောင်းတာပေါ့။ လင်မယားနှစ်ယောက် ကိုယ့်ဖာသာကိုယ်နေနိုင်ပြီး သူတို့ဘဝလည်း သက်တောင့်သက်သာ ရှိလိမ့်မယ်" ရွှယ်မိန့်လီက ဒါကိုကြားသောအခါ ပြုံးလိုက်ပါသည်။
"ကျွန်မပြောပြမယ်။ ကျန်းဟန်က တကယ်တော်တဲ့ ကောင်လေးပါ။ အရမ်းလည်း စိတ်ဓာတ်တက်ကြွမှုရှိတယ်။ သူက မိသားစုကို သိတတ်တယ်ဆိုပေမယ့် မတွေးခေါ်တတ်တဲ့လူမျိုး မဟုတ်ဘူး။ သူ့မိဘစကားတစ်ခွန်းပဲ မဟုတ်ဘူး။ အိမ်ပြဿနာကိုသာ ဖြေရှင်းနိုင်ရင် လက်ထပ်လို့ ရပါတယ်။”
လင်းချင်းဟယ်က သူမနဲ့ ခဏလောက် စကားပြောပြီးခါမှ ဖုန်းချလိုက်ကြပါသည်။ ထို့နောက် တတိယမရီးကို ဖုန်းပြန်ခေါ်ရသေးသည်။ ကျိုးချင်းပိုင်က တီဗီကြည့်ရင်း စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။ "မင်းတော်တော် တက်ကြွနေပါလား။”
မနေ့ညက လောလောဆယ်တော့ စိတ်မပူသေးဖို့ သူမ ပြောခဲ့သည်။ ဒီနေ့ကျတော့ ပြန်စလာပါသည်။
လင်းချင်းဟယ်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်၏။ "တတိယမရီးက အလျင်လိုနေလို့ မဟုတ်ဘူးလား။”
ကျိုးဝူနီ၏ လက်ရှိအသက်အရွယ်နဲ့ဆို တကယ်ပဲ မငယ်ရွယ်တော့ပါ။ အထူးသဖြင့် လက်ရှိပတ်ဝန်းကျင်တွင် မိန်းကလေးငယ်များက အိမ်ထောင်ရေးနောက်ကျလို့မဖြစ်ပေ။
တတိယမရီးနဲ သူမ ဖုန်းဆက်ပြောလိုက်သည်။ တတိယမရီးက အခုအလုပ်အရမ်းရှုပ်နေပါသည်။ ကိစ္စတော့မရှိပါ။ တတိယအစ်ကိုနဲ့ ကလေးတွေက နွေရာသီအားလပ်ရက်ဖြစ်သဖြင့် အိမ်မှာရှိကြပါသည်။
အိမ်ပြဿနာရှိကြောင်း ကြားသောအခါ တတိယမရီးက ပြောလိုက်ပါသည်။ "အဲ့တာ ပြဿနာကြီး ကြီးမားမား မဟုတ်ပါဘူး။ အရင်ဆုံဂ သူတိ့ကို အိမ်ငှားပြီးနေပါစေပေါ့။ ပိုက်ဆံစုပြီးမှ သင့်တော်တဲ့အိမ်ဝယ်လည်း နောက်မကျပါဘူး။ ငါတီဗီကြည့်ထားတယ်။ နောက်ပိုင်းကျရင် မြို့တော်ကြီးတွေမှာ ကော်မာရှယ်အိမ်တွေရှိလာမယ်လို့ ပြောတယ် ဟုတ်တယ်မလား။”
"ရှင်သိတယ်ပေါ့" လင်းချင်းဟယ်က ပြုံးလိုက်သည်။
"သိတာပေါ့။ တီဗီတစ်လုံးရှိရင် မသိနိုင်တာ ဘာရှိလို့လဲ။” တတိယမရီးက ရွှင်ပျစွာ ပြန်ဖြေလိုက်ပါသည်။
"အဲ့တာ အကြံကောင်းပဲ။ အရင်ဆုံး အိမ်ငှားနေပြီး နောက်မှ သင့်တော်တဲ့အိမ်တစ်လုံး ဝယ်လိုက်။ ဒါပေမယ့် ဝူနီနဲ့ ကျန်းဟန်တို့က အချိတ်အဆက် မမိသေးဘူးထင်တယ်။” လင်းချင်းဟယ်က ပြောလိုက်သည်။
"နင်က ကောင်လေးကို စစ်ကြည့်လိုက်လေ။ ဒီအသက်အရွယ်မှာ မိန်းမတော့ လိုချင်မှာပဲ။ ဝူနီက ဘယ်မှာဖြစ်ဖြစ် စာသင်စားလို့ရတယ်။ သူ့မှာ ကိုယ်ပိုင်ဝင်ငွေရှိတယ်" တတိယမရီးက ပြောလိုက်သည်။
လင်းချင်းဟယ် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။ သို့သော်လည်း သူမ သဘောတူလိုက်ပါသည်။ ဖုန်းချပြီးနောက် လင်းချင်းဟယ် ကျိုးချင်းပိုင်ဘက်ကို လှည့်လိုက်သည်။ "လက်ဖက်ရည်ဆိုင်ကို သွားကြရအောင်။”
ကျိုးချင်းပိုင်က သူမကို မောင်းပို့လိုက်သည်။
လက်ဖက်ရည်ဆိုင်တွင် ကျိုးအာ့နီက ငွေစာရင်း စစ်နေ၏။ ကျန့်ဟန်းနှင့် တခြားဝန်ထမ်းများက စျေးရောင်းနေသည်။ ဒါက သူမမိသားစု၏ မြို့တော်ထဲက အကြီးဆုံးလက်ဖက်ရည်ဆိုင်ဖြစ်ပြီး ပထမဆုံး လက်ဖက်ရည်ဆိုင်လည်း ဖြစ်သည်။
"ရှောင်ကမ်း ဘယ်မှာလဲ။” လင်းချင်းဟယ်ရောက်လာပြီး ကျန်းဟန်ကို မေးလိုက်ပါသည်။
"သူ့တတိယအစ်ကိုနဲ့အတူ ဝိုင်အရောင်းဆိုင်ကို သွားတယ်" ကျန်းဟန်က ဒေါ်လေးလင်းကို ခေါ်ပြီးနောက် ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ ထို့နောက် ကျိုးချင်းပိုင်နဲ့ အတူတူ ထိုင်လိုက်ပြီး သူ့ကို ရေနွေးကျိုကာ လက်ဖက်ရည် ဖျော်ခိုင်းလိုက်ပါသည်။ သူ့ကိုကြည့်ရင်း လင်းချင်းဟယ် ပြောလိုက်၏။
"နင် ဒီနှစ် အသက်ဘယ်လောက်ရှိပြီလဲ။”
"၂၃ နှစ်ပါ" ကျန်းဟန်က ရှက်ရွံ့စွာ ပြုံးလိုက်ပါသည်။
လင်းချင်းဟယ်ကလည်း ရွှင်ပျစွာ ပြောလိုက်၏။ "အိမ်ထောင်ပြုဖို့ အချိန်ကျပြီနော်။”
"သင့်တော်တဲ့သူ မတွေ့သေးပါဘူး" ကျန်းဟန် အနည်းငယ် စိတ်လှုပ်ရှားသွားပြီး စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်ပါသည်။
အသက် ၂၃ နှစ်က မငယ်တော့ပါ။ သင့်တော်သည့်သူ တစ်ယောက်ယောက်သာရှိပါက သူသေချာပေါက် မိန်းမယူချင်ပါသည်။
"အိမ်ထောင်ဖက်ရှာရင် စံနှုန်းထားတာတွေ ဘာတွေ ရှိလား။ ငါ့ကို ဒေါ်လေးလင်းလို့ ခေါ်လို့ နင့်ကိုအလကားခေါ်ခိုင်းလို့မရဘူးပေါ့။ သင့်တော်တဲ့သူတစ်ယောက်ယောက်တွေ့ရင် ငါမိတ်ဆက်ပေးမယ်။ နင်စိတ်ချပါ။” လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
"ကျွန်တော့်မိသားစုက ဆင်းရဲတယ်လေ။ ဘာစံနှုန်းထားလို့ရမှာလဲ။ မိန်းကလေးဘက်က မိသားစု ကျွန်တော့်ကို အထင်မသေးရင်ပဲ တော်ပါပြီ" ကျန်းဟန်က တွန့်ဆုတ်နေပါသည်။
သူ့မိသားစုက ဆင်းရဲ၏။ သူ့အကြီးဆုံးမရီးကလည်း စိတ်ဓာတ်မကောင်းပေ။ အလွန်အပြစ်ရှာတတ်သူ ဖြစ်သည်။ သူ့မိသားစု၏ အားနည်းချက်များကို တစ်ခါမှ မပြောဖူးပေ။
သူက အိမ်မှာ သားအလတ်ဖြစ်သည်။ သူ့အောက်မှာ မောင်နှမတချို့ရှိသေး၏။ သူ့အကူအညီကြောင့် သူ့မိဘများက စိတ်မဖိစီးရပါ။
"နင့်အောက်မှာ မောင်နှမတွေရှိသေးတယ်လို့ ကြားတယ်နော်" လင်းချင်းဟယ်က မေးလိုက်သည်။
"ဟုတ်တယ် သူတို့ ပညာသင်နေတုန်းပဲ" ကျန်းဟန်က ခေါင်းငြိမ့်လိုက်သည်။
"သူတို့ကို နင်က ထောက်ပံ့ပေးနေတာလား။ လတိုင်း ဘယ်လောက်ပေးလဲ" လင်းချင်းဟယ်က ဆ်ကမေးသည်။
"ကျွန်တော့်လစာ တစ်ဝက်ပါ။” ကျန်းဟန်က ပြောလိုက်၏။ သူက ပါးနပ်သူ ဖြစ်သည်။ လင်းချင်းဟယ် ပြောတာကိုမစောင့်ဘဲ သူ့ဘက်က ဦးစွာ ပြောလိုက်ပါသည်။ "ကျွန်တော်က အခု အိမ်ထောင်မကျသေးလို့ များများပေးတာပါ။ နောက်ပိုင်းကျရင်တော့ သေချာပေါက် ဒီလောက် အများကြီး ပေးနိုင်မှာတော့ မဟုတ်ဘူး။”
လင်းချင်းဟယ်က ပြုံးလိုက်ပြီး ပြောလိုက်ပါသည်။ "နင့်မှာ မိသားစုလေးရှိရင် နင့်မိသားစုအတွက် စဥ်းစားပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ကလေးကို ဘယ်သူမွေးမွေး ဘယ်သူပဲပျိုးထောင်ပျိုးထောင် လောကရဲ့လမ်းစဥ်ပဲကို။”
အမှန်ပင်။ မိသားစု ဆင်းရဲသည့်အခါ မိသားစုအပေါ်သိတတ်ပြီး အစွမ်းအစလည်းရှိပါက အနည်းငယ် ထောက်ပံ့ပေးလို့ ရပါသည်။ သို့သော်လည်း အထောက်အပံ့ ပမာဏကိုတော့ သတိထားဖို့ လိုအပ်သည်။
ကျန်းဟန်နဲ့ ဒီကိစ္စကို အများကြီး သိပ်မပြောခဲ့ပေ။ ထို့အစား လုပ်ငန်းကိစ္စဘက်သို့သာ စကားလမ်းကြောင်း လွှဲလိုက်ပါသည်။
ကျန်းဟန်က သေသေချာချာ လေ့လာပြီး နားထောင်နေသည်။ သို့သော်လည်း သူ့စိတ်ကတော့ ဒေါ်လေးလင်း သူ့ကို အိမ်ထောင်ဖက် ရှာပေးချင်တာလားဟုသာ တွေးနေမိသည်။ မဟုတ်မှလွဲရော ကျိုးဟုန်မင်များလား။
ကျန်းဟန်က ကျိုးဟုန်မင်၏ ရည်မွန်ပြီး ကျက်သရေရှိသော ပုံပန်းသဏ္ဌာန်ကို မြင်ယောင်မိသည်။ သူ ဘာမှမခံစားရဘူးဟု မပြောနိုင်ပါ။