အခန်း(၆၆၁) ရှန်ဟိုင်းမြို့သို့ အတူတူသွားခြင်း
Vol. 48 Ch. 661
အခန်း(၆၆၁) ရှန်ဟိုင်းမြို့သို့ အတူတူသွားခြင်း
ဒီနေ့ ကျိုးဝူနီက လင်းရွှယ်ကိုခေါ်ပြီး လျှောက်သွားခဲ့ပါသည်။ မနက်ပိုင်းက ထွက်သွားကြပြီး ညနေခင်းကျမှ ပြန်လာကြပါသည်။ ရှုခင်းကောင်းသည့် နေရာများစွာကို သူတို့လည်ပတ်ခဲ့ကြသည်။
သူတို့နှစ်ယောက် ပျော်ခဲ့ရသော်လည်း ပင်ပန်းရပါသည်။ ရေချိုး ညစာစားပြီးနောက် သူမတို့နှစ်ယောက် ကိုယ်ပိုင်အခန်းများဆီသို့ ပြန်ကာ အိပ်စက်အနားယူဖို့ ပြင်လိုက်သည်။
မနက်ဖြန်လည်း တခြားတစ်နေရာရာကို လျှောက်လည်ပါဦးမည်။
လင်းချင်းဟယ်က ကျိုးဝူနီ အခန်းထဲဝင်လာပြီး ကျန်းဟန်၏ အခြေအနေကို ပြောပြလိုက်ပါသည်။
ကျိုးဝူနီက ရှက်သွား၏။ "စတုတ္ထဒေါ်လေး ဘာလို့ ဒီအကြောင်းတွေ ပြောနေတာလဲ။ အခု သမီးတို့က တစ်အိမ်တည်းနေကြတာ ခဏခဏ တွေ့နေကြတာပဲကို။”
"ငါပြောချင်တာ အဲ့သဘော မဟုတ်ဘူး။ ဒီနေ့ နင့်အမေ ငါ့ကိုဖုန်းဆက်ပြီး ရှာပေးဖို့ပြောတာ။ အဲ့တာကြောင့် ငါတွေးနေတာ။ ကျန်းဟန်က စိတ်အားထက်သန်မှုရှိတဲ့ လူတစ်ယောက်ပဲ။ နင်လည်းတွေ့ပြီးပြီ မဟုတ်လား။ သိမ်မွေ့ပြီး ပညာရေးလည်း မဆိုးဘူး။ သူက အထက်တန်းကျောင်းပဲ အောင်ထားတာ ဆိုပေမယ့် နင့်ထက်လည်းငယ်တယ်။ နင်တို့ တွဲချင်ကြရင် မမနဲ့ မောင်လေးတို့အတွဲလို့ သတ်မှတ်လို့တောင်ရတယ်။ အများကြီး ပိုပျော်ရမှာ။” လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ဒါက လက်တွေ့ကိုကြည့်ခြင်းအားဖြင့် သိနိုင်ပါသည်။ ဒီလိုစုံတွဲမျိုးများရှိသည့် မိသားစု၏ ပျော်ရွှင်မှုက ပိုမြင့်မားလေ့ရှိပါသည်။
"သမီးထက် ငယ်တယ်ဟုတ်လား ဘယ်ဖြစ်မှာလဲ။” ကျိုးဝူနီက အံ့သြသွားပြီး ပို၍ပင် ရှက်လာပါသည်။
ဒီလိုမောင်လေး တစ်ယောက်ကို ဘယ်လိုလုပ် လက်ထပ်နိုင်မည်နည်း။
"နင်ရူးနေလား။ နင်တို့ နှစ်ယောက်က အဲ့လောက် ကွာလို့လား။ ဘာအရေးလဲ။ ပြီးတော့ ပိုငယ်တော့ ပိုကောင်းတယ်။ နေ့ဘက်ကျရင် ခွေးပေါက်လေးက ညဘက်ကျရင် ဝံပုလွေလိုပဲ" လင်းချင်းဟယ် စနောက်လိုက်ပါသည်။
ကျိုးဝူနီ၏ မျက်နှာ ရှက်သွေးဖြာသွားသည်။ ကျန်းဟန်ကို ဒီလိုတွေးကြည့်သောအခါ သူမ မဖြစ်နိုင်ဘူးဟု ခံစားမိဆဲဖြစ်၏။
"မရှက်ပါနဲ့။ သူလည်း နင့်ကိုသဘောကျတယ်လို့ ငါထင်တယ်။ နင်တို့နှစ်ယောက်ကို အောင်သွယ်ပေးချင်မှန်းသိလို့လားမသိဘူး။ သူ့အခြေအနေကို ဒီနေ့ အသည်းအသန် ပြောပြနေတယ်။" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။
"ဒါဆို သူ့အခြေအနေက ဘယ်လိုလဲ" ကျိုးဝူနီက ရှက်ရွံ့စွာ ပြောလိုက်ပါသည်။
ကဏ္ဍတိုင်းတွင် ကျန်းဟန်က အတော်လေး တော်ပါသည်။ ကျိုးဝူနီက အများကြီး မစဥ်းစားပါ။ သို့သော်လည်း မနေ့ညက ကျန်းကမ်း ပြောလိုက်စဥ်က သူမလည်း ထိုအတွေးမျိုး ဝင်ခဲ့ပါသည်။
လင်းချင်းဟယ်က ပြန်ပြောပြလိုက်ပြီး နောက်ဆုံး ပြောလိုက်ပါသည်။ "ကျန်းဟန် ဒီကိုရောက်နေတာ ရက်တော်တော်ကြာပြီ။ သူလည်း သေချာ လျှောက်မသွားဖူးသေးဘူး။ မနက်ဖြန် အာ့ရွှယ်နဲ့ အပြင်သွားဦးမှာမလား။သူ့ကိုပါ နင်တို့နဲ့ခေါ်သွားပါလား။”
"စတုတ္ထဒေါ်လေးကလည်း..."
"တော်ပြီ တော်ပြီ ဒီလိုပဲလုပ်" သူမက ကန့်ကွက်ချင်တာထက် ရှက်နေတာ ဖြစ်မှန်းသိသောကြောင့် လင်းချင်းဟယ်က လက်ရမ်းကာ ပြောလိုက်ပါသည်။ သူမ ထပြန်သွား၏။
ကျန်းကမ်း၊ ကျန်းဟန်နှင့် သားငယ်တို့က တီဗီကြည့်နေဆဲဖြစ်သည်။ ကျိုးချင်းပိုင်ကတော့ အခန်းထဲမှာ သူ့သမီးလေးကို ချော့သိပ်နေပါသည်။
မိမိလေးကို သူအလိုလိုက်ထား၏။ အိပ်သောအခါ သူမ အဖေကိုပါ အခန်းထဲဝင်ခိုင်းပြီး ချော့သိပ်ခိုင်းသည်။ ဖက်ကာ၊ နမ်းကာ ချော့သိပ်ပြီးမှ အိပ်ပျော်သွားတတ်ပါသည်။ ကျိုးချင်းပိုင်ကလည်း ပျော်ပျော်ကြီး ချော့သိပ်သည်။
လင်းချင်းဟယ်က ထိုင်လိုက််ကာ ပြောလိုက်ကသည်။ "ကျန်းဟန် နင်ဒီရောက်တာ ရက်တော်တော်ကြာပြီနော်။ မြို့တော်ရဲ့ ရှုခင်းတွေကို မမြင်ဖူးသေးဘူး။ မနက်ဖြန် ဟုန်မင်နဲ့ အာ့ရွှယ်တို့နဲ့ လိုက်သွားပြီး လျှောက်လည်ချေ။”
ကျန်းဟန် ရင်ခုန်သံ နည်းနည်းမြန်သွားပြီး ချက်ချင်း သဘောတူလိုက်ပါသည်။ "ဟုတ်ကဲ့ပါ။”
"ကျွန်တော်လည်း လိုက်မယ်" ကျန်းကမ်းကလည်း ပြောလိုက်၏။
"ဟုတ်ပြီ နင်တို့ အတူတူသွားကြပေါ့" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။
ပွင့်ပွင့်လင်းလင်း ပြောခြင်းဖြစ်သဖြင့် သူ့အမေမှာ ဉာဏ်နီဉာဏ်နက်များရှိနေလိမ့်မည်ဟု ကျိုးကွေ့လိုင် မတွေးခဲ့ပါ။
လင်းချင်းဟယ်က ဒုတိယဝိုင်အရောင်းဆိုင် ဖွင့်မည့်အချိန်ကို မေးလိုက်ပါသည်။
"အမေဖွင့်ချင်ရင် ကျွန်တော်ရက်ပိုင်းအတွက် စစီစဥ်လို့ရတယ်။ ရှီးမန်က ဆိုင်ဆိုရင် အဆင်ပြေလား" ကျိုးကွေ့လိုင်က မေးလိုက်သည်။
"အင်း တစ်ယောက်ယောက် ခေါ်သွားပြီး ဆိုင်ကို အလှဆင်လိုက်" လင်းချင်းဟယ်က မကန့်ကွက်ပါ။
ဝိုင်နီများကို အချိန်အကြာကြီး စုဆောင်းထားလို့ရသည်။ သက်တမ်းရင့်လေလေ တန်ဖိုး ပိုကြီးလေလေ ဖြစ်သည်။
ကျိုးကွေ့လိုင်ကလည်း သဘောတူလိုက်ပါသည်။
သူကလည်း အမြော်အမြင်ရှိသော လူတစ်ယောက် ဖြစ်၏။ သူ့ဒုတိယယောက်ဖနှင့် ပူးပေါင်းပြီး ဖွင့်ထားသည့် ဝိုင်အရောင်းဆိုင်မှာ အခုဆို အခြေငြိမ်လုနီးပါးဖြစ်နေပြီ။ ဆိုင်စောင့်သည့် ကောလိပ်ကျောင်းသား ၄ ယောက်ကလည်း အတော်လေး ထူးချွန်ကြပါသည်။
ထို့ကြောင့် ဒုတိယဆိုင်ကို စတင်ပြင်ဆင်တော့မည်။
ထို့အပြင် ကျန်းဟန်ကလည်း ကျိုးဝူနီ၊ လင်းရွှယ်တို့နဲ့ အတူတူ လျှောက်လည်ဖို့ လိုက်သွားသည်။
လင်းရွှယ်က ဉာဏ်ကောင်း၏။ ပထမနေ့တွင် ကျိုးဝူနီနှင့် ကျန်းဟန်တို့ကြားက ပုံမှန်မဟုတ်သော အခြေအနေကို ခံစားမိသည်။ သူမ ဘာလုပ်ရမလဲသိကာ ကျန်းကမ်းကို တခြားတစ်နေရာရာ လိုက်ပို့ပေးဖို့ ပြောလိုက်၏။ သူတို့နှစ်ယောက်အတွက် အခွင့်အရေး ဖန်တီးပေးလိုက်ပါသည်။
လျှောက်လည်ရသည့် ရက်များကြာလာပြီ ဖြစ်သဖြင့် ကျိုးဝူနီနှင့် ကျန်းဟန်တို့လည်း တစ်ယောက်ကို တစ်ယောက် ရင်းရင်းနှီးနှီး သိနေကြပါပြီ။
ကျန်းဟန်က ဒီဘက်မှာ အကြာကြီး နေလို့မရပါ။ သူ ရောက်နေတာ ၁၀ ရက်နီးပါး ရှိနေပြီ။ သူ ရှန်ဟိုင်းမြို့တော်သို့ ပြန်ဖို့ အချိန်ကျပါပြီ။
လင်းချင်းဟယ်က ကျိုးဝူနီကို ခေါ်ကာ မေးကြည့်လိုက်သည်။
သူတို့နှစ်ယောက်အခြေအနေက ကောင်းသော်လည်း အဆက်အသွယ်များကို အားကိုးဖို့ လိုအပ်ပါသေးသည်။ ခံစားချက်က အရေးအကြီးဆုံးဖြစ်၏။
ကျိုးဝူနီက အနည်းငယ် ရှက်သွားပြီး ပြောလိုက်ပါသည်။ "လောလောဆယ်တော့ ဒီတိုင်းပဲ တွဲလိုက်ပါဦးမယ်။”
"သူ့ကို အဆင်ပြေတယ်လို့ ထင်ရင် မနက်ဖြန် သန်ဘက်ခါ ကျန်းဟန် ပြန်တဲ့အခါကျ စည်ကားတဲ့ ရှန်ဟိုင်းမြို့ကြီးကို ကြည့်ဖို့ အာ့ရွှယ်နဲ့ လိုက်သွားလေ" လင်းချင်းဟယ်က အကြံပေးလိုက်ပါသည်။
ဒါက ကျိုးဝူနီအား ကျန်းဟန်၏ အိမ်ကိုသွားကာ အခြေအနေကို အကဲခတ်ခိုင်းလိုက်ခြင်းဖြစ်၏။
သူတို့ လက်ထပ်ပြီး အိမ်ပြောင်းနေကြမှာ ဖြစ်သော်လည်း စစ်ဆေးကြည့်ဖို့လိုအပ်ပါသေးသည်။
ကျိုးဝူနီက ရှက်သွားသည်။ "ဒီလိုသွားဖို့ မစောလွန်းသေးဘူးလား။”
"နင်အလကားသွားမှာမှ မဟုတ်တာ။ ရှန်ဟိုင်းမြို့တော်ကို သွားလည်တာပဲလေ။ စိတ်ထဲအရမ်း စဥ်းစားမနေနဲ့။” လင်းချင်းဟယ်က နှစ်သိမ့်လိုက်ပါသည်။ "လက်ထပ်ဖို့ကို မလောနဲ့ဦး။ နင်တို့နှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက်သိပြီးမှ လက်ထပ်လည်း နောက်မကျဘူး။”
ရှန်ဟိုင်းမြို့တော်သို့ လိုက်သွားခြင်းက ခင်ပွန်းလောင်း၏ မိသားစုအခြေအနေကို သွားကြည့်ခြင်း ဖြစ်သည်။ လက်ထပ်ဖို့ သွားတာ မဟုတ်ပါ။
"မနက်ဖြန်ကျမှ အမေ့ကို ဖုန်းဆက်ပြီး မေးကြည့်ပါဦးမယ်" ကျိုးဝူနီက ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က စိတ်ထဲမှ တွေးလိုက်၏။ နင့်အမေကိုသာ မေးကြည့်ရင် နင့်အမေက ချက်ချင်း လက်ထပ်ခိုင်းလိမ့်မယ်။
သေချာပါသည်။ နောက်တစ်နေ့ ကျိုးဝူနီ ဖုန်းဆက်တော့ တတိယမရီးက တွန့်ဆုတ်မှု မရှိဘဲ ဖုန်းဖြေလိုက်ပါသည်။ "နင်သွားလည်တဲ့အခါကျရင် လက်ဆောင်နည်းနည်း ဝယ်သွားဖို့ မမေ့နဲ့။ အိမ်ကို လက်ချည်းဗလာနဲ့ မသွားနဲ့ နားလည်လား။ ပြီးတော့ သေသေသပ်သပ် ဝတ်စားသွားချေ။”
ကျိုးဝူနီ စိတ်ညစ်သွားပါသည်။
လင်းချင်းဟယ်က သူမဖုန်းချသည့်အချိန်ထိ စောင့်ကာ ရွှင်ပျစွာဖြင့် ပြောလိုက်သည်။ "သွားလည်ရင် လက်ဆောင်တော့ ယူသွားမှ ဖြစ်မှာပေါ့။ ဒီတိုင်း လူ့ကျင့်ဝတ်အရပါ။ အရမ်းကြီး လှလှပပ ဝတ်ဆင်သွားစရာတော့ မလိုဘူး။ ပုံမှန်အတိုင်း ဝတ်ရင် ရပါပြီ။”
ထို့ကြောင့် ကျိုးဝူနီ ဆုံးဖြတ်ချက် ချလိုက်ပါသည်။ မနက်ဖြန်မနက် အစောဆုံးရထားဖြင့် ကျန်းဟန်နှင့်အတူ ရှန်ဟိုင်းမြို့တော်သို့ လိုက်သွားမည်ဖြစ်သည်။ လင်းရွှယ်ပါ သူတို့နှင့် လိုက်လာပါမည်။
ကျန်းကမ်းက နွေရာသီအားလပ်ရက်မှာ အိမ်မပြန်ခဲ့သဖြင့် ဒီတစ်ခေါက် သူတို့နဲ့လိုက်ဖို့ လင်းချင်းဟယ် အတင်းတိုက်တွန်းခဲ့ပါသည်။ လမ်းတွင် ရွှယ်မိန့်လီနှင့် ကျန်းယွီတို့အတွက် ဒေသထွက်မုန့်မျိုးစုံနဲ့ ရေပန်းစားသည့် အဝတ်အစားများစွာကို ဝယ်ခဲ့ပါသည်။
ကျန်းကမ်းကလည်း မတုံးအပါ။ ဒီတစ်ချိန်လုံး သူ့ဒုတိယဝမ်းကွဲအစ်ကိုက အစ်မကြီးဟုန်မင်နှင့် တွဲနေတာ သူသိပါသည်။
ကျန်းဟန် ရေချိုးခန်းဝင်နေစဥ် သူလိုက်သွားပြီး တိုးတိုးလေးမေးလိုက်ပါသည်။
"အေး" ကျန်းဟန်က ပြုံးလိုက်သည်။
"ငါထင်သားပဲ" ကျန်းကမ်း ချက်ချင်းပဲ အံ့သြသွားပါသည်။ ထို့နောက် ပြုံးလိုက်၏။"ဒါဆို ကြိုးစားပြီး တိုက်ခိုက်ရမယ်နော် ဒုတိယအစ်ကို။ အစ်မကြီးမင်က ကြည့်လိုက်ရုံနဲ့ ကျက်သရေရှိတဲ့ မိန်းကလေးပဲ။ အကြီးဆုံးမရီးလိုမျိုး အပြစ်ရှာတတ်ပြီး ပွစိပွစိ လုပ်တတ်တဲ့ လူမျိုး မဟုတ်ဘူး။ အခွင့်အရေးကို ရအောင်ယူရမယ်။”
"ငါတို့အိမ်က သေးလွန်းပါတယ်။ မင်းတို့အစ်မကြီးမင် သဘောကျပါ့မလားတောင် မသိဘူး"ကျန်းဟန်က စိုးရိမ်စွာ ပြောလိုက်ပါသည်။
"လက်ထပ်ပြီးရင် အိမ်ငှားနေလိုက်ပေါ့။ ငါ့ခေါင်းကိုင်အဖေတို့ ရှန်ဟိုင်းမြို့မှာ အိမ်တစ်လုံး ရှိတယ်။ လက်ဖက်ရည်ဆိုင်နဲ့လည်း မဝေးဘူး။ အစ်မကြီးမင် စာသင်လို့ရတဲ့ စာသင်ကျောင်းတစ်ခုလည်း ရှိတယ်။ အဲ့မှာ အရင်နေနှင့်လို့ရတယ်။ ပိုက်ဆံစုပြီးမှ ကိုယ်ပိုင်အိမ်ဝယ်လိုက်ပေါ့" ကျန်းကမ်းက ပြန်ပြောလိုက်ပါသည်။