အခန်း(၆၆၂) ဂြိုဟ်ဆိုးတစ်ယောက် ပူးကပ်ခံရခြင်း
Vol. 48 Ch. 662
အခန်း(၆၆၂) ဂြိုဟ်ဆိုးတစ်ယောက် ပူးကပ်ခံရခြင်း
ကျိုးဝူနီနှင့် လင်းရွှယ်တို့လည်း သူတို့နဲ့လိုက်လာကာ အဘိုးကျန်းနဲ့ အဘွားကျန်းတို့ဘေးအိမ်မှာ တည်းခိုလိုက်ကြပါသည်။
လင်းချင်းဟယ် ကိုယ်ဝန်ဆောင်စဥ်က နေခဲ့သည့် အိမ်လေး ဖြစ်၏။
ယခု မငှားရသေးသဖြင့် လူကြီးနှစ်ယောက်ကသာ ထိန်းသိမ်းထားပေးသည်။ တစ်ခါတစ်လေ တံမြက်စည်း သွားလှည်းပေးပြီး သန့်ရှင်းရေး လုပ်ပေးရင် လုံလောက်ပါပြီ။
အဘွားကျန်းက ဒီအိမ် ဥယျာဥ်ထဲမှာ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထားသည်။ သူတစ်ယောက်တည်း အကုန်မစားနိုင်ပါ။ ထို့ကြောင့် ခြင်းနှစ်ခြင်းစာလောက် ထုပ်ပိုးပြီး နေ့စဥ် ဟင်းသီးဟင်းရွက်စျေးမှာ သွားရောင်းရပါသည်။ ထိုအခါမှ သူမ စိတ်အေးရ၏။
ကျန်းကမ်းနှင့် ကျန်းဟန်တို့ဟာ ကျိုးဝူနီနှင့် လင်းရွှယ်တို့ကို ခေါ်လာပြီး ဒီအိမ်မှာပဲ တည်းခဲ့ကြပါသည်။
အဘိုးအဘွားများဖြစ်သည့် အဘိုးကျန်း အဘွားကျန်းတို့ကလည်း သူတို့ချွေးမ ရွှယ်မိန့်လီဆီမှ အကြောင်းစုံကြားထားပြီးသားဖြစ်သဖြင့် ကျိုးဝူနီနှင့် လင်းရွှယ်တို့အား သူတို့ဘယ်လိုဆက်ဆံသလဲ ပြောဖို့ မလိုတော့ပါ။
အထူးသဖြင့် အဘွားကျန်းဖြစ်သည်။ ဝူနီ၏ လက်ကို ကိုင်ကာ သူမက လှပပြီး ပွင့်လင်းသည်ဟု ပြော၏။ အမှန်ပင်။ လင်းရွှယ်ကိုလည်း အဒေါ်ဖြစ်သည်နှင့် တူသည်ဟု ချီးမွန်းပါသေးသည်။ သူမကလည်း လှပါသည်။
ညစာအတွက် အဘွားကျန်းတို့နဲ့ပဲ အတူတူစားကြသည်။ သူတို့ဖာသာသူတို့ ချက်ပြုတ်ဖို့ မလိုအပ်ပါ။
ကျန်းကမ်းကတော့ သူ့အမေထုထောင်းတာကို ခံနေရပါသည်။ သူ့ခေါင်းကိုင်အမေသာ ပြန်မလွှတ်ပါက သူအိမ်ပြန်လာဖို့ အစီအစဥ်မရှိတော့သည့် ပုံပင်။
"အမေ အမေ ကျွန်တော် အဝတ်အစား လှလှလေးတွေ အများကြီး ဝယ်လာတယ်လေ။ တော်လား ဝတ်ကြည့်ပါဦး" ကျန်းကမ်းက တောင်းတောင်းပန်ပန်ဖြင့် အာရုံလွှဲလိုက်ပါသည်။
ကျိုးကွေ့လိုင်က ခေါင်းဆောင်ကျန်းကို နိုင်ငံခြား ဝိုင်နီတစ်ပုလင်း လက်ဆောင်ပေးလိုက်ပါသည်။ ယူလာတာတွေက စျေးမပေါပေ။
"ဘာကိုနင်ယူဝယ်လာတာလဲ။ နင့်ခေါင်းကိုင်အမေ ငါ့ကိုလက်ဆောင်ပေးလိုက်တာမလား" ရွှယ်မိန့်လီက မျက်စောင်းထိုးလိုက်ပါသည်။
ထို့နောက် သူမ အဝတ်အစားများကို သွားဝတ်ကြည့်ပါသည်။ သူမ မျက်လုံးများတောက်ပသွားပြီး သားဖြစ်သူကို ဆူဖို့တောင် မေ့သွားပါသည်။ "နင့်ခေါင်းကိုင်အမေရဲ့ အမြင်ကတော့ အပြစ်ကိုမရှိဘူး။ သူရွေးပေးလိုက်တဲ့ အထည်တွေက အကုန်တော်တယ်။”
"သမီးဟာလေးတွေလည်း လှတယ်" ကျန်းယွီကလည်း သူမရသည့် ဂါဝန်လေးကို သဘောကျပါသည်။
ခေါင်းဆောင်ကျန်းက ဝိုင်နီကို အကဲခတ်ကာ သဘောကျနေပါသည်။ တကယ်ပဲ နိုင်ငံခြား ဝိုင်စစ်စစ် ဖြစ်သည်။
မိသားစုပြန်လည်ငြိမ်သက်သွားသောအခါ ကျိုးဝူနီနဲ့ ကျန်းဟန်အကြောင်းကို သူ့အား စမေးပါသည်။
"အတည်တကျ မရှိသေးပါဘူး။ ကျွန်တော့် ဒုတိယအစ်ကိုကလည်း အစမ်းခန့်ကာလပဲ ရှိသေးတယ်။ အစ်မကြီးမင်မှာ ဘယ်လိုသဘောထားရှိလဲဆိုတာလည်း မသေချာသေးဘူး။ သူက အခြေအနေ အရမ်းကောင်းတယ်လေ။” ကျန်းကမ်းက ပြောလိုက်သည်။
ရွှယ်မိန့်လီက ကျိုးဝူနီ၏ အခြေအနေကို မသိသဖြင့် မေးလိုက်ပါသည်။
"ဒီနေ့ နောက်ကျနေပြီ။ မနက်ဖြန်ကျမှ အစ်မကြီးမင်ကို အမေကိုယ်တိုင် သွားတွေ့လိုက်ပါလား။ သူက အရမ်းလှပြီး အရမ်းလည်း ပွင့်လင်းတယ်။ ပြီးတော့လည်း အထက်တန်းကျောင်းတစ်ခုမှာ ဆရာမလုပ်နေတာ။ အခြေတည်ငြိမ်တဲ့ အလုပ်ပဲ။ ဒီလောက်ကောင်းတဲ့ အခြေအနေတွေကြောင့် ကျွန်တော့် ဒုတိယအစ်ကိုတော့ အဆင်မပြေမှာ စိုးတယ်။” ကျန်းကမ်းက သူ့ရိုးရိုးသားသား အထင်အမြင်ကို ပြောပြလိုက်ပါသည်။
နောက်ပိုင်းမျိုးဆက်များမှာတောင် စာသင်သည့် ကောင်မလေးများက အလွန်ရေပန်းစားသည်။ အခုခေတ်ဆို ပြောဖို့ မလိုတော့ပါ။ သူတို့က အခြေခိုင်သည့် လုပ်ငန်းတစ်ခုကို ရထားသည်။ လစာက မမြင့်သော်လည်း အကျိုးခံစားခွင့်များက ကောင်းမွန်ပြီး လူနေမှု အဆင့်အတန်းကလည်း အတော်လေး မြင့်မား၏။ သူတို့ချွေးမများက ဆရာမများဟု ပြောသည့်အခါ အားလုံး အထင်ကြီးကြမည်။
နောက်တစ်နေ့ ရွှယ်မိန့်လီက ကျိုးဝူနီကို လာတွေ့လိုက်ပါသည်။ ကျိုဝူနီက တရားလွန်လှပနေတာမျိုးတော့ မဟုတ်ပါ။ သို့သော်လည်း ချိုမြိန်သည့် အမျိုးအစားထဲ ပါဝင်သည်။ အဘွားတို့ခေတ်က ကျေနပ်မည့် ပုံပန်းသဏ္ဌာန်နဲ့ အရှိန်အဝါမျိုးရှိ၏။
ရွှယ်မိန့်လီက သူမကိုမြင်သောအခါ အလွန် သဘောကျသွားပါသည်။ "မနေ့ညက ကောင်းကောင်း အိပ်ပျော်ရဲ့လား။ ဒီနေ့ ဒေါ်လေးတို့အိမ်မှာ လာစားရမယ်နော်။ ဒေါ်လေး ဒီနေ့မနက်ပဲ ဟင်းချက်ပစ္စည်းတွေ အများကြီး ဝယ်ထားတယ်။”
ကျိုးဝူနီက ပြုံးကာ ပြောလိုက်ပါသည်။ "ဒါဆိုလည်း ဒေါ်လေးကို ဒုက္ခပေးရဦးမှာပေါ့။”
"ဘာဒုက္ခမှ မရှိပါဘူး။ ဒီကိုလာတာနဲ့တင် ဒေါ်လေး ဝမ်းသာပါတယ်" ရွှယ်မိန့်လီက ပြုံးလိုက်ပါသည်။
ဒီကိုကောင်မလေးများ လိုက်လာခဲ့တာက လှပသည့် ရှုခင်းများကို ကြည့်ဖို့ ဖြစ်ပါသည်။ ယောက်ျားလေးဘက်က အိမ်ကို တန်းသွားဖို့ မလိုပေ။
သို့သော်လည်း ကျန်းကမ်းအိမ်ကို သွားတာကတော့ ခြားနားပါသည်။ သူတို့ကြားထဲ ခေါင်းကိုင်ဆွေမျိုးဟူသော ဆက်ဆံရေး ရှိ၏။
ရွှယ်မိန့်လီက သူတို့ကို ခေတ္တဧည့်ခံလိုက်ပြီး သူမသားအား သူတို့ကို အပြင်လိုက်ပို့ခိုင်းလိုက်ပါသည်။ ရှန်ဟိုင်းမြို့တော်ကလည်း သံသယဖြစ်စရာမရှိအောင် ဖွံ့ဖြိုးတိုးတက်နေပါပြီ။ ဘတ်စ်ကားများစွာ ရှိလာပြီ။ ထို့ကြောင့် အတော်လေး အဆင်ပြေပါသည်။
ရွှယ်မိန့်လီက သူမယောက္ခမအိမ်သို့ ရောက်လာ၏။ "အမေ ဒီကောင်မလေးကို ဘယ်လိုသဘောရလဲ။”
"ဘာအပြစ်မှ ပြောစရာမရှိဘူး။ နင့်အစ်ကိုကြီးတို့ အိမ်ကိုရောက်ရင် သဘောမကျမှာပဲ စိတ်ပူမိတယ်" အဘွားကျန်းက ရိုးရိုးသားသား ပြောလိုက်ပါသည်။
ဒီကောင်မလေးမှာ ဘာအပြစ်အနာအဆာ ရှိနိုင်မှာလဲ။ သူမက ကောလိပ်ကျောင်းသူတစ်ယောက် ဖြစ်ခဲ့ပြီး ဆရာမတစ်ယောက်လည်း ဖြစ်သည်။ ဒါ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ သူမကို လက်ထပ်သည့် မည်သူမဆို ကံကောင်းလိမ့်မည်။
ရွှယ်မိန့်လီက ရွှင်ပျစွာ ပြောလိုက်ပါသည်။ "အစ်မလင်းချင်းဟယ်ကို ပြောပြီးပြီ။ သူလည်း ရှောင်မင်ကို ပြောပြီးလောက်ပြီထင်တယ်။ သူက ဒီထိတောင်ရောက်လာပြီဆိုတော့ မိသားစုအခြေအနေကို ဂရုစိုက်မှာ မဟုတ်ဘူးလို့ ထင်တာပဲ။”
ထို့နောက် သူမ ဆက်ပြောလိုက်ပါသည်။ "ရှောင်ကမ်း မနေ့က ပြန်ရောက်တော့ ပြောပြတယ်။ လက်ထပ်ပြီးရင် နေစရာ မရှိသေးဘူးတဲ့။ သူတို့ လောလောဆယ် ဒီမှာနေလို့ရတာပဲလေ။ သူ့ခေါင်းကိုင်အဖေနဲ့ ခေါင်းကိုင်အမေတို့က ဒီမှာမနေကြဘူးမလား။ အဲ့အိမ်က ဒီတိုင်း အလွတ်ကြီး ရှိနေတာလေ။ နောက်ပိုင်း သင့်တော်တာ တစ်ခုခုပေါ်လာရင် သူတို့ကိုယ်ပိုင်အိမ် ဝယ်လိုက်လို့ရတာပဲ မဟုတ်လား။”
"ဒါဆို ချင်းဟယ်ကို မေးကြည့်လေ။ ဖြစ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒီဘက်မှာဆို ငါလည်း ကူညီပေးလို့ရတယ်" အဘွားကျန်းက ထိုစကားများကိုကြားသောာအခါ အမြန် ပြောလိုက်ပါသည်။
ကျန်းဟန်က သူမ မြေးဖြစ်သည်။ သူမ မြေး၏ မင်္ဂလာကိစ္စကို သူမ ကူညီပေးရပါမည်။ အထူးသဖြင့် ဒီလိုအိမ်ထောက်ဖက်ကောင်းမျိုးနဲ့ ဆုံရချိန်တွင်ဖြစ်သည်။
"ရှောင်ကမ်းရဲ့အဖေနဲ့ မနေ့ညက သမီးပြောကြည့်ပြီးပြီ။ သူတို့ အောင်အောင်မြင်မြင်နဲ့ လက်တွဲနိုင်မယ်ဆိုရင် ရှောင်းမင်ရဲ့ လုပ်ငန်းကို ဒီလွှဲပြောင်းလို့ရတယ်တဲ့။ သူ ကူညီပေးမှာမို့လို့ ပြဿနာမရှိဘူးတဲ့။” ရွှယ်မိန့်လီက ပြောလိုက်ပါသည်။
အဘွားကျန်းက ခေါင်းငြိမ့်လိုက်ပါသည်၊။
ကျန်းဟန်က တစ်မနက်လုံး လက်ဖက်ရည်ဆိုင်တွင် အလုပ်များနေခဲ့သည်။ နေ့လည်ကျမှ နေ့လည်စာ ပြန်လာစားပါသည်။
ကျိုးဝူနီ လင်းရွှယ်တို့လည်း ပါလာ၏။ သူတို့နှစ်ယောက် စားသောက်ပြီးသောအခါ အပြင်ထွက်သွားကြပါသည်။ လင်းရွှယ်က အိမ်မှာပဲ တီဗီကြည့်ကျန်ခဲ့၏။
ရွှယ်မိန့်လီက လင်းချင်းဟယ်ကို ရွှင်ပျစွာဖြင့် ဖုန်းဆက်ကာ စကာအများကြီးပြောခဲ့ပါသည်။
လင်းချင်းဟယ် ဖုန်းချလိုက်သောအခါ ကျိုးချင်းပိုင်နဲ့ ဆွေးနွေးခဲ့၏။ "ကျွန်မတို့ အဲ့ဒီဘက်က အိမ်မှာ မနေသေးဘူးမလား။ အဲ့အိမ်ကို ဝူနီနဲ့ ကျန်းဟန်တို့ လက်ထပ်ပြီးရင် ငှားလိုက်ကြမလား။”
"အဲ့အဆင့်တောင် ရောက်သွားပြီလား။ ကျန်းဟန်က ဝူနီတို့ မိဘတွေကို ပြန်မတွေ့ရသေးဘူးလေ။” ကျိုးချင်းပိုင်က ပြောလိုက်ပါသည်။
"ကျွန်မတော့ သူတို့ လက်တွဲနိုင်လိမ့်မယ်လို့ ထင်နေတယ်" လင်းချင်းဟယ်က ပြုံးလိုက်သည်။
သူမကျိုးဝူနီ၏ ကိစ္စကို လွှတ်ထားပေးလိုက်ပါသည်။ အရွယ်ရောက်ပြီးသား မိန်းကလေးတစ်ယောက် ဖြစ်သောကြောင့် သူမကိစ္စကို သူမ သိပါလိမ့်မည်။
သားငယ်၏ ဒုတိယဝိုင်အရောင်းဆိုင်ကို ဖွင့်တော့မည်။ လင်းချင်းဟယ်က ငွေအမြောက်အများ ရင်းနှီးမြှုပ်နှံထားပါသည်။ အားလုံးက အဆင့်မြင့် နိုင်ငံခြားဝိုင်နီများ ဖြစ်သည်။ လုံးဝ စျေးမပေါပါ။
"တစ်ရက်ကို တစ်ပုလင်းပဲ ရောင်းနိုင်ရင်တောင် အရင်းကျေတယ်" သားငယ်က ပြုံးကာ ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "အရင်ဖွင့်ကြည့်ပြီး လူပြောများလာအောင် လုပ်ချေ။”
ထိုစဥ် အိမ်က ဖုန်းမြည်လာသည်။ ကျိုးကွေ့လိုင်က အနားမှာရှိနေသဖြင့် ကိုင်လိုက်ပါသည်။ သူ ပျော်ရွှင်စွာဖြင့် ခေါ်လိုက်၏။ "အကြီးဆုံးဒေါ်လေး”
"လောင်စန်းလား နင့်အမေ ရှိလား" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
"အမေရှိတယ် ဘာဖြစ်လို့လဲ" သူ့အကြီးဆုံး ဒေါ်လေး၏ စိတ်ပူပန်နေသော လေသံအား ကြားလိုက်ရသောအခါ ကျိုးကွေ့လိုင် ပြန်ပြောလိုက်ပါသည်။
"အကြီးဆုံးမရီး ဘာဖြစ်လို့လဲ" လင်းချင်းဟယ် ဖုန်းကိုင်လိုက်ပြီး ပြောလိုက်ပါသည်။
"ဟိုကောင်မလေး လျို့နီ ရူးသွားပြီ ထင်တယ်။ သူ လွန်ခဲ့တဲ့ ရက်ပိုင်းလောက်က ရေထဲ ပြုတ်ကျသွားတာ။ အကယ်ခံလိုက်ရပြီး အဖျားတွေ ဆက်တိုက်တက်တယ်။ မနေ့တစ်နေ့ကမှ နိုးလာတယ်။ နိုးလာပြီးကတည်းက သူ့အပြုအမူတွေ ပုံမှန်မဟုတ်ဘူး" အကြီးဆုံးမရီးက ပြောလိုက်ပါသည်။
"ဘာကို ပုံမှန်မဟုတ်တာလဲ" လင်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။
"သူ ရူးသွားတာ ထင်တယ်။ သူ့အဘိုးနဲ့ အဘွားက ဘာလို့ မသေသေးတာလဲတဲ့။ သူတို့ သေသွားသင့်တာ ကြာပြီတဲ့။ နင်က ဘာလို့ တခြားယောက်ျားတစ်ယောက်နဲ့ လိုက်ပြေးမသွားတာလဲတဲ့။ လောင်တတို့ ညီအစ်ကိုတွေက ဘာလို့ ကလေကချေတွေ ဖြစ်မလာတာလဲတဲ့။ သူ မရူးရင် ဘာတွေဖြစ်နေတာလဲတဲ့။ သူ့အဖေက သူ့ကို ပိတ်ထားရတယ်။ ဒါပေမယ့် ဒီမနက် နိုးလာတော့ မိသားစု ပိုက်ဆံတွေခိုးသွားပြီး ပျောက်သွားကြတယ်။ သူတို့ ဒီကိစ္စအကြောင်း ပြောနေတာ ၂ ရက်လောက်ရှိပြီ။ သူမြို့တော်ကို တက်သွားပြီး နင့်ကိုလာရှာတာလား မသိဘူးနော်။” အကြီးဆုံးမရီးက ဖုန်းထဲက ရှင်းပြလိုက်ပါသည်။
လင်းချင်းဟယ် ကြက်သေသေသွားပါသည်။
ဒီဂြိုဟ်ဆိုး ကျိုးလျို့နီ အပူးကပ်ခံလိုက်ရတာလား။