အခန်း(၆၆၆) ဘဘောမကျပါ
Vol. 48 Ch. 666
အခန်း(၆၆၆) ဘဘောမကျပါ
နောက်တော့ ကျိုးအာ့နီကို ကျိုးလျို့နီ သွားတွေ့ခဲ့ပါသည်။ သူမကို လက်ဖက်ရည်ဆိုင်မှာ တွေ့ခဲ့သည်။
အလွန်ထက်မြက်သည့်ပုံစံ ဝတ်စားထားတာကို သူမ တွေ့လိုက်ရပါသည်။ အသေအချာ ဝတ်စားဆင်ယင်ပြီးနောက် ကြယ် ၃ ပွင့်လောက်က ကြယ် ၇ ပွင့် ဖြစ်လာ၏။ သူမ ဝတ်ထားစားထား သယ်ဆောင်ထားသည့် ပစ္စည်းများက စျေးကြီးမှန်း သိနိုင်ပါသည်။ သူမရဲ့ ဘယ်နေရာကများ ကျေးရွာနောက်ခံကို ထင်ဟပ်နေသေးလို့လဲ။
ကျိုးလျို့နီ ပို၍ပင် စိတ်တိုသွားပါသည်။ အရင်ဘဝတုန်းက ကျိုးအာ့နီ၏ အိမ်ထောင်ရေးကို ပြန်စဥ်းစားကြည့်လိုက်သည်။
အရင်ဘဝကလည်း အိမ််ထောင်ရေး သာယာပါသည်။ မူလတန်းကျောင်းဆရာတစ်ယောက်နဲ့ ဆုံတွေ့ခဲ့သည်။ ဒါက သူတို့ညီအစ်မတွေကြားထဲ အကောင်းဆုံး အိမ်ထောင်ဖက်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် လယ်ကွင်းထဲမှာ အလုပ်လုပ်ရတာနဲ့ လစာ စားရတာနဲ့ ယှဥ်လို့ မရပေ။
သို့သော်လည်း ဒီဘဝနဲ့တော့ နှိုင်းယှဥ်လို့မရပါ။
အနှစ်ချုပ်ပြောရလျှင် ယောက်ျားကောင်းကောင်းရသွားခြင်းကြောင့် ဖြစ်ပါသည်။ ကျိုးလျို့နီ ခါးခါးသီးသီးဖြင့် တွေးကြည့်လိုက်၏။ ထိုအချိန်တုန်းက သူမကိုသာ မြို့တော်မှာ နေခွင့်ပေးလိုက်ပါက ကျိုးအာ့နီဘဝထက်တောင် ပိုကောင်းနိုင်ပါသေးသည်။
ကျိုးအာ့နီရဲ့ လက်ရှိ တန်ဖိုးက ဘာမို့လို့လဲ။ သူမ၏ စတုတ္ထဒေါ်လေးအပေါ် အရင်အတိုင်းပဲ ဖြစ်သည်။ သူမ မွေးရပ်မြေအပေါ် သဘောထားလည်း အရင်အတိုင်းပဲဖြစ်၏။ သို့သော် သူမ မျက်လုံးထဲက စိတ်မပါမှုနဲ့ အထင်သေးမှုကို သည်းခံဖို့ကတော့ မဖြစ်နိုင်ပေ။
လက်ရှိ ကျိုးအာ့နီက အရင်တုန်းက ကျိုးအာ့နီနဲ့ မတူတော့ပါ။ ဝမ်ယွမ်က သူမကို ကာကွယ်ပေးထားသည်။ ထို့ကြောင့် သူမ ယောက္ခမရှေ့မှာတောင် ကျိုးအာ့နီက အရင်ကလို သတိကြီးကြီးထားပြီး မနေရတော့ပါ။
သူမ၏ စတုတ္ထဒေါ်လေး မှန်ပါသည်။ သူတို့သာ နီးစပ်ပါက လာနိုင်သည်။ မနီးစပ်ပါက မလာလည်း ရသည်။ ကျိုးလျို့နီနဲ့ အဆင်မပြေသဖြင့် ဘာမှပြောစရာမလိုတော့ပါ။
ထို့ကြောင့် ကျိုးလျို့နီအပေါ် သူမ၏ သဘောထားက အတော်လေး စိမ်းကားပါသည်။ သူမကို ဝတ္တရားအရသာ ဧည့်ခံလိုက်သည်။
ကျိုးလျို့နီ စိတ်ရှုပ်လာ၏။ ဘာတွေ တော်နေလို့လဲ။ အရင်ဘဝတုန်းက ဆရာတစ်ယောက်နဲ့ရပြီး ဆွေမျိုးတွေ နှိပ်စက်တာကို တစ်သက်လုံး ခံခဲ့ရတာ။ ဒီဘဝမှာလည်း ယောက်ျားကောင်းကောင်း ရထားရုံသာ။
"သမီးအစ်မနဲ့ ခဲအိုတို့လည်း ဒီမှာနေကြတာမလား။ သမီးတူလေး ဒီအသက်အရွယ်တောင် ရောက်နေပြီ။ သမီး မြင်ဖူးသေးဘူး။” ကျိုးလျို့နီက ပြောလိုက်ပါသည်။
ဆိုလိုတာက သူမ ကျိုးစန်းနီကို သွားတွေ့ချင်သည့်သဘော ဖြစ်သည်။
ကျိုးအာ့နီနဲ့ ကျိုးစန်းနီတို့က ရင်းနှီးသည်။ သူမှ ဟိုကိုသွားပြီး နှောင့်ယှက်မှာကို တကယ်မလိုလားပါ။ သို့သော်လည်း သူမက ကျိုးစန်းနီ၏ ညီမအရင်းဖြစ်သဖြင့် ပြောလိုက်ပါသည်။ "နင်သွားချင်ရင် ငါလိုက်ပို့ပေးမယ်လေ။”
ဒီလိုနဲ့ ကျိုးလျို့နီ တစ်ယောက် ကျိုးစန်းနီတို့ အိမ်သို့ ရောက်လာခဲ့ပါသည်။ ထိုအချိန်မှ ကျိုးလျို့နီ ရောက်နေမှန်း ကျိုးစန်းနီ သိသွားသည်။
သူတို့ ပထမဆုံးရောက်လာတုန်းကနဲ့ယှဥ်ကြည့်ပါက ကျိုးစန်းနီနဲ့ လီအိုက်ကော်တို့၏ ပြောင်းလဲမှုများမှာ မသေးငယ်ပေ။ အထူးသဖြင့် အိမ်မှာ နွားလိုမြင်းလို အလုပ်လုပ်ရပြီး အတင်းအကြပ် အလုပ်လုပ်ဖို့သာ ခိုင်းစေခံခဲ့ရသည့် ကျိုးစန်းနီ ဖြစ်သည်။
သူမ ဒီကိုရောက်လာပြီးနောက် အဝတ်အစားအသစ်များ ဝတ်ဆင်ရသည်။ လမ်းပေါ်မှာ စျေးထွက်ဝယ်တိုင်းလည်း ကလေးမရှိသည့်အတွက် သူမကို လက်ညှိုးထိုးမည့် အိမ်နီးချင်းများ မရှိကြပါ။ ဧည့်သည်များကို ဧည့်ခံဖို့ စိတ်ပျော်ပျော်လည်း ထားရသည်။ ဒီလိုမှ သူမ၏ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့၏ ပင်လယ်စာခြောက်များကို ကူရောင်းပေးနိုင်မည်ဖြစ်သည်။
ဒီလိုမှ သူမတို့နှစ်ယောက် အလုပ်ကို ဆက်ပြီး ထိန်းသိမ်းနိုင်မည် ဖြစ်ပါသည်။
ပြောရမည်ဆိုလျှင် ယခုပြောင်းလဲမှုများက ကြီးမားလွန်းလှသည်။ သူမအမေ ဒုတိယမရီးရှေ့မှာ လမ်းဖြတ်လျှောက်သွားရင်တောင် မှတ်မိမှာ မဟုတ်ပါ။
ယခင် ၂ နှစ်တာကာလအတွင်း ကျိုးစန်းနီက အိမ်ကို ပိုက်ဆံပြန်ပို့ပေးခဲ့ပါသည်။ သို့သော်လည်း အကုန်လုံးကို သူမအဖေဆီသို့သာ ပို့ပေးသည်။ အများကြီး မဟုတ်ပါ။ သူမ စုထားသည့် ဆယ်ဂဏန်းမျှသာ ဖြစ်သည်။
ယခု ကျိုးစန်းနီက အလွန်တက်ကြွသောသူဖြစ်နေပါပြီ.။
ငယ်စဥ်ကတည်းက သူမ လှောင်ပြောင်အထင်သေးခဲ့သည့် အစ်မဖြစ်သူမှာ ယခု အများကြီး ပြောင်းလဲသွားတာကို ကျိုးလျို့နီ မြင်လိုက်ရပါသည်။ သူမ၏ မနာလိုဖြစ်မှုကို ဖော်ပြစရာပင် မလိုတော့ပါ။
အရင်ဘဝတုန်းက တောင်ပိုင်းသို့မသွားခင် သတင်းဆိုးတစ်ခုကို ကြားခဲ့ရတာ မှတ်မိသေးသည်။
အရင်ဘဝမှာလည်း သူမ အစ်မက လီအိုက်ကော်နှင့် လက်ထပ်ခဲ့သည်။ ဒီဘဝမှာလည်း ပြောင်းလဲမှု မရှိပါ။ သို့သော် အရင်ဘဝတုန်းက တောင်ပေါ်လမ်းတွင် ခြေချော်ပြီး တောင်အောက်ပြုတ်ကျကာ သေဆုံးသွားခဲ့သည်။ သူမအစ်မက သားလေးတစ်ယောက်မွေးပြီး ထိုအချိန်ကတည်းက လီကျားရွာမှာ မုဆိုးမတစ်ယောက် ဖြစ်လာခဲ့ပါသည်။
သူမ၏ ယောက္ခမမိသားစု၏ လက်ညှိုးထိုးခြင်းကို ခံရပြီး ယောက်ျားကို ကံဆိုးမိုးမှောင်ကျမှုများ ယူဆောင်လာပေးသည်ဟု အပြောခံခဲ့ရ၏။ နောက်တော့ ဘာဆက်ဖြစ်သလဲ သူမ မသိတောပါ။ တောင်ပိုင်းကို သွားပြီးနောက် သူမ ပြန်မသွားခဲ့ပါ။ သူမ၏ ဘဝ ပိုကောင်းမလာနိုင်တာတော့ သေချာပါသည်။
ထင်မထားစွာဖြင့် ဒီဘဝမှာတော့ သူမ မြို့တော်သို့ တက်လာခဲ့ပါသည်။ ဒီလိုဝတ်စားဆင်ယင်ထားပုံကို ကြည့်စမ်းပါဦး။ ကောင်းလိုက်တာ။ ထို့အပြင် သူမပုံစံက သန့်ရှင်းသပ်ရပ်လွန်းသည်။ အကြောင်းမသိသူများက သူမကို မြို့သူတစ်ယောက်ဟု ထင်သွားနိုင်ပါသည်။
ကျိုးစန်းနီက ကျိုးလျို့နီ ရောက်လာတာကိုမြင်သောအခါ အနည်းငယ် အံ့သြသွားမိပါသည်။ သူမညီမ အရင်းကို ကျိုးစန်းနီလည်း သဘောမကျလှပါ။
သို့သော်လည်း ရောက်လာမှတော့ ဘာမှမပြောတော့ပေ။ ဒီတိုင်းသာ မေးလိုက်၏။ "ဘယ်တုန်းက ရောက်တာလဲ။”
"အစ်မ မနေ့က ရောက်တာ။ ဒီနေ့ နင့်ကို တမင် လာတွေ့တာ" ကျိုးလျို့နီက ပြန်ပြောလိုက်၏။
"ဒါဆို ဘယ်တော့ ပြန်ဖို့ စီစဥ်ထားလဲ။” ကျိုးစန်းနီက ထပ်မေးလိုက်သည်။
ကျိုးလျို့နီ တံတွေးသီးသွား၏။ အစကတော့ သူမကိုယ်စား ကူပြောခိုင်းမလို့ ကြံရွယ်ထားခဲ့သည်။ သို့သော်လည်း သူမ ဘယ်တော့ ပြန်မှာလဲဟုသာ မေးလာပါသည်။
"စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ကို ကူဖို့ လာခဲ့တာ။ ငါအကုန်မြင်ပြီးသွားပြီ။ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က ရှုရှန့်ချမ်းကိုတောင် နေခွင့်ပေးတယ်" ကျိုးလျို့နီက ပြောလိုက်ပါသည်။
သူမ ငတုံး မဟုတ်ပေ။ ရှုရှန့်ချမ်း တစ်ခုခုဖြစ်ခဲ့တာဖြစ်နိုင်မှန်း သူမ သိပါသည်။ သူမ ထောင်ကျသည့် သတင်းက ရွာကို ရောက်မလာသေးပါ။ ကွာရှင်းသည့် သတင်းလည်း ပါသည်။ ထို့ကြောင့် လောလောဆယ်တော့ သူမ ဘာမှ မသိရသေးပေ။
"ဘယ်တူမလဲ။ ရှုရှန့်ချမ်းက အခုရင့်ကျက်သွားပြီမို့လို့ နေခွင့်ရသွားတာ။ နင်ကကော" ကျိုးစန်းနီက သူမကို ကြည့်လိုက်ပါသည်။
ငယ်ငယ်လေးကတည်း ဒီညီမနဲ့ အတူ ကြီးပြင်းလာခဲ့ခြင်း ဖြစ်သည်။ သူမ ဘာတွေကြံစည်နေလဲဆိုတာ သူမ လုံးဝ ရိပ်မိပါသည်။ သူမကို ဖုံးကွယ်ထားနိုင်တာ ရှိလို့လား။
သူမရဲ့ အပြုအမူမျိုးနဲ့သာဆို အဆင်ပြေမှာ မဟုတ်ပေ။
"နင်အိမ်ပြန်ရင် ငါ့ကိုလာပြော။ အဖေ့အတွက် အဝတ်အစားနှစ်စုံ ဝယ်ထားတယ်။ သူ့အတွက် ပြန်ယူသွားလိုက်။” ကျိုးစန်းနီက ညွှန်ကြားလိုက်ပါသည်။
"အရင်တစ်ခေါက်က အမေက နင့်ရင်ထဲမှာ သူ မရှိဘူးလို့ ပြောတယ်။ အဖေ့အတွက်ပဲ ပစ္စည်းတွေ ပြန်ပို့ပေးပြီး အမေ့အတွက် မပါဘူး" ကျိုးလျို့နီက ပြောလိုက်ပါသည်။
ကျိုးစန်းနီက သူမအမေအကြောင်း မပြောချင်ပါ။ ထိုအချိန်တွင် ကတ်စတမ်မာတစ်ယောက် ရောက်လာသဖြင့် လီအိုက်ကော်က ဧည့်သည်များကို စပြီး ဧည့်ခံပါသည်။
ငွေရှင်းသည့် ပမာဏက ယွမ် ၁၀၀ ကျော် ရှိသည်။
ယနေ့ခေတ် ပြန်လည်ပြုပြင်ပြောင်းလဲရေးများကြောင့် စီးပွားရေးက တိုးတက်နေသည်။ ယေဘုယျအားဖြင့် ကုန်စျေးနှုန်းများ တက်သွားသော်လည်း အားလုံး၏ လစာလည်း ထိုနည်းလည်းကောင်း တက်နေပါသည်။ အထူးသဖြင့် စားချင်သောက်ချင်ကြသော သူဌေးများအတွက် ပိုမှန်သည်။
လင်းချင်းဟယ်၏ ကုန်ခြောက်ဆိုင်က ယခုဆို ပုံမှန်ဖောက်သည်များရှိသော အခြေခိုင်မာသည့် ဆိုင်တစ်ဆိုင် ဖြစ်လာပါပြီ။ အမြတ်များက အလွန်ကောင်းမွန်ပါသည်။
ကျိုးလျို့နီက ကုန်ပစ္စည်းများကို ကြည့်လိုက်သည်။ အားလုံးက ရှားပါးပစ္စည်းများ ဖြစ်၏။ နောက်ပိုင်းမျိုးဆက်များမှာတောင် အဆင့်မြင့်စားသောက်ဆိုင်တွေမှာသာ တည်ခင်းသည့် အရာများ ဖြစ်သည်။
"ဒီဆိုင်ကို စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ ပိုင်တာလား" ရင်ထဲမှာ သေချာသော်လည်း ကျိုးလျို့နီ မေးကြည့်လိုက်ပါသည်။ ပြဿနာ တစ်ခုခု ရှိနေသည်ဟု ခံစားမိသည်။ သူတို့ စီးပွားရေးလုပ်တာ အလွန် တော်လွန်းနေပါသည်။
သူမ နည်းပေါင်းစုံ စမ်းသပ်ပြီးသော်လည်း အခုထိ ဘာမှ မထူးသေးပေ။
"ပြန်တော့ နင့်ကို ဧည့်ခံဖို့ အချိန်မရှိဘူး" ကျိုးစန်းနီက ပြောလိုက်ပါသည်။
လောလောဆယ် မနက်ခင်းအချိန်ဖြစ်သဖြင့် ကတ်စတမ်မာများ ဝင်ထွက်သွားလာနေကြသည်။ ကျိုးလျို့နီကို အာရုံစိုက်ဖို့ တကယ်ပဲ အချိန်မရှိပါ။
သို့သော်လည်း ကျိုးအာ့နီဘက်ကိုတော့ လှည့်ကာ ပြောလိုက်ပါသည်။ "အရင်တစ်ခေါက်က ယူသွားတာတွေ စားလို့ကုန်ပြီလား။ နည်းနည်းလောက် ထပ်ယူသွားဦးမလား။”
"မကုန်သေးပါဘူး။ ကုန်သွားမှ ထပ်လာယူမယ်လေ" ကျိုးအာ့နီက ပြန်ပြောလိုက်ပါသည်။
ကျိုးစန်းနီက ခေါင်းငြိမ့်လိုက်သည်။ ကျိုးအာ့နီက ကျိုးလျို့နီကိုခေါ်ပြီး အတူတူပြန်သွားကြပါသည်။