အခန်း(၆၆၇) ကြွက်ချေး
Vol. 48 Ch. 667
အခန်း(၆၆၇) ကြွက်ချေး
ကျိုးလျို့နီ ပြန်သွားသည်။ လီအိုက်ကော်က ကျိုးစန်းနီကို ပြောလိုက်သည်။ "ဘာလို့ သူ့ကို မောင်းထုတ်လိုက်တာလဲ။”
"မောင်းထုတ်ရမှာပေါ့။ သူ ဘယ်လိုလူမျိုးလဲဆိုတာ ရှင်မသိပါဘူး။ သူနဲ့ ပတ်သတ်မိရင် ပြဿနာတွေဆုံးမှာ မဟုတ်တော့ဘူး။” ကျိုးစန်းနီက ပြန်ဖြေလိုက်၏။
အခုလို အေးချမ်းသော နေ့ရက်များကို ရဖို့က မလွယ်ကူလှပေ။ ကျိုးစန်းနီက လုံးဝ အထိခိုက်မခံနိုင်ပါ။
သူ့ညီမက လူကောင်းဖြစ်ပြီး သူမ၏ အမှားများကို တကယ်ပဲ နောင်တရနေသူဖြစ်ပါက ယခု ဘဝကောင်းကောင်းနဲ့ နေနေပြီဖြစ်သဖြင့် အတိတ်ကို ပြန်မတွေးတော့ဘဲ ကူညီပေးမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် သူမက ကွာရှင်းထားသူ ဖြစ်သည်။ ကွာရှင်းထားသော အမျိုးသမီးများက ခက်ခဲလေ့ရှိကြပါသည်။
သို့သော်လည်း သူမ ဝင်လာတော့ သူမ၏ မျက်လုံးထဲက အကြည့်ကို တွေ့လိုက်ရပါသည်။ သူမ ပိုကောင်းလာသည်ဟု မယုံကြည်နိုင်လောက်သော အကြည့်မျိုး ဖြစ်သည်။
ရှုရှန့်ချမ်းက ထောင်ကျပြီး ကျန်းမေ့လျန်၏ ဖောက်ပြန်ခြင်းကိုလည်း ခံခဲ့ရသဖြင့် သူ့စိတ်သူ ပြောင်းလဲနိုင်ခဲ့သည်။ ထိုအခါမှ သူ့အပေါ် ဘယ်သူက ကောင်းသလဲဆိုတာကို နားလည်သွားခဲ့၏။ ထို့ကြောင့်လည်း သူ့ကို ကယ်တင်နိုင်ခြင်း ဖြစ်သည်။
သို့သော်လည်း ကျိုးလျို့နီ၏ ပုံစံနဲ့တော့ တွန့်ဆုတ်စရာ မလိုတော့ပါ။
ကျိုးစန်းနီက ပြောလိုက်ပါသည်။ "သူ့ကို ဂရုမစိုက်နဲ့ နားလည်လား။ သူသာ ဆက်နေရင် ဒုတိယ ရှုရှန့်မိန်ဖြစ်လာမှာပဲ။”
ရှုရှန့်မိန်က ကွာရှင်းပြီး ကလေးကိုတောင် မလိုချင်ခဲ့ပေ။ ပိုက်ဆံသာ တောင်းယူသွားခဲ့သည်။ မကွာရှင်းခင် ကတည်းက နောက်ထပ် မိသားစု တစ်စုကို ရှာဖွေထားသည်။ ကျိုးအာ့နီက သူမကို တိတ်တဆိတ် ပြောပြထားခြင်း ဖြစ်၏။
လက်ရှိတွင် ရှုရှန့်မိန်က တခြားတစ်ယောက်ယောက်နဲ့ လက်ထပ်ထား၏။ သို့သော်လည်း သူမ၏ ဘဝက ကောင်းမွန်နေသည်ဟု ဆိုနိုင်သည်။ တခြား အထည်ဆိုင်တစ်ခုကို ဖွင့်ထားပြီး အထည်စက်ရုံသို့ သွားကာ ပစ္စည်းသွားယူလေ့ရှိပါသည်။
သို့သော်လည်း သူမနဲ့ ဘယ်သူက ပြဿနာတက်ချင်တာလည်း မသိပါ။ နေ့တိုင်း ဂန်းစတားများက သူမ ဆိုင်ကို အမြဲလာလာတတ်သည်။ ပိတ်ရမလိုတောင် ဖြစ်ခဲ့၏။
လီအိုက်ကော်က ဘာမှမပြောတော့ပါ။
ကျိုးလျို့နီက ကျိုးအာ့နီ၏ ကားနဲ့ လက်ဖက်ရည်ဆိုင်သို့ ပြန်လိုက်စီးလာပါသည်။ လမ်းတစ်လျှောက်လုံးမှာလည်း မနာလိုဖြစ်မိပြန်၏။
ကျိုးအာ့နီက ကားတစ်စီးတောင် မောင်းနိုင်နေပြီး သူမ ယောက်ျားက ဝယ်ထားပေးခြင်း ဖြစ်သည်။
ကံကြမ္မာက ကောင်းလွန်းပါသည်။ ယောက္ခမဖြစ်သူ၏ ရက်ရက်စက်စက် ဆက်ဆံမှုကို ခံခဲ့ရသော အရင်ဘဝက ကျိုးအာ့နီနဲ့ လုံးဝ ခြားနားနေပါသည်။ အခု သူ့ယောက်ျားက ဘယ်လောက် အလိုလိုက်ထားသလဲ ကြည့်ပါဦး။
ကျိုးအာ့နီ အလွန်နေရခက်နေသည်။ ကျိုးလျို့နီက ချီးကျူးစကားများ ပြောနေသည့်ပုံပေါက်သော်လည်း ထိုစကားလုံးများတွင် မနာလိုမှု အရိပ်အယောင်များ ပါနေကာ သူများကို အသက်ရှူကျပ်စေလောက်သည်။
ဘာတွေ မနာလိုဖြစ်နေတာလဲ။ သူမ ငယ်ငယ်ကတည်းက စရိုက်မပြောင်းဘဲ ကောင်းကောင်း နေထိုင်ပါက စတုတ္ထဒေါ်လေးက သူမက လွဲပြီး တူမတွေအားလုံးကို မြေတောင် မြှောက်ပေးပါ့မလား။
အခု သူမ ဒီအဆင့်ထိ ရောက်သွားပြီဖြစ်သဖြင့် ဘယ်သူ့ကို အပြစ်တင်နိုင်မည်နည််း။
လက်ဖက်ရည်ဆိုင်သို့ ပြန်ရာလမ်းတွင် ကျိုးလျို့နီက သူမ အဘိုးအဘွားများကို တွေ့ချင်သည်ဟု ပြောလိုက်သည်။
ကျိုးအာ့နီက ချက်ချင်း ပြောလိုက်၏။ "အဲ့ကိုမသွားနဲ့။ နင်သွားရင် နင့်ကို သေချာပေါက် ဆူကြလိမ့်မယ်။”
"ဆူခံရမယ်ဆိုရင်တောင် သမီးသွားရမှာပေါ့။ အဝေးကြီးက လာခဲ့တာ သွားမလည်လို့ ဖြစ်ပါ့မလား။ ပြီးတော့ သူတို့ ဘယ်လိုနေလဲ သမီးမသိဘူး။ သွားကြည့်ရမယ်" ကျိုးလျို့နီက စိတ်မပြောင်းပေ။
စကားကို လှလှပပပြောသွားသော်လည်း အသုံးမဝင်ပါ။ လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့ သူတို့ မိသားစုကို မြို့တော်သို့ ခေါ်လာတုန်းက အဘိုးအဘွားများ၏အိမ်က အစားအသောက်များက ပိုကောင်းသဖြင့် သူမ မကြာခဏ လာလာစားတတ်သည်။ စားသောက်ပြီးနောက် ပါးစပ်ကိုသုတ်ပြီး ပြေးထွက်သွားသည်။ ပန်းကန်တွေ တူတွေ သိမ်းဖို့တောင် မကူပါ။
ကျိုးအာ့နီက သိပါသည်။ သူမ အမေက ကျိုးလျို့နီကို အတုမယူဖို့ သတိပေးဖူးသည်။
သို့သော်လည်း သူမပြောတာ မှန်နေပါသည်။ သူမက သူတို့မြေးဖြစ်သည်။ လူကြီးနှစ်ယောက်ဆီကို သွားမလည်ပါက မကောင်းပါ။
သို့သော်လည်း သူမ မြေးမကျိုးလျို့နီကို အမေကျိုးမြင်တော့ မြင်မြင်ချင်းတောင် မမှတ်မိတော့ပါ။
"နင် လျို့နီလား" မသဲမကွဲ မျက်လုံးများဖြင့် အမေကျိုး သိတော့ သိနိုင်ပါသေးသည်။ သူတို့ မြို့ကို ရောက်လာတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ သူ့မြေးမကို မမြင်ရတာ တော်တော်ကြာနေပါပြီ။ သူမ ပြောလိုက်၏။ "နင်ဘာလို့ ဒီလောက် အရွယ်ရင့်လာတာလဲ။”
သူမ တကယ်ပဲ အရွယ်ရင့်လာပါသည်။ ကျိုးလျို့နီက သူမ၏ အစ်မအရင်း ကျိုးစန်းနီထက် ၂ နှစ် ပိုငယ်ပါသည်။ သို့သော်လည်း ၅ နှစ် ၆ နှစ်လောက် ပိုကြီးသည့်ပုံပေါက်နေသည်။
ထို့အပြင် ကျေးရွာမှာတုန်းက နေရောင်ကြောင့် အသားမည်းလွယ်သည်။ ထို့ကြောင့် အသားလည်း မည်းကာ ပုံပန်းသဏ္ဌာန်က ကြည့်လိုက်ရင် ရင့်ထော်နေပါသည်။
ဒီက သူ့ဝမ်းကွဲညီအစ်မများနဲ့ ယှဥ်လို့မရပါ။
ကျိုးလျို့နီ ရင်ထဲက စိတ်ဓာတ်ကျဆင်းမှုကို မဆိုဦးနဲ့။ သူမ၏ အဘွားကတောင် မမှတ်မိတော့ပါ။ သူမ အသားအရည်က အခု အနည်းငယ် ဆိုးရွားနေသော် ပိုက်ဆံရကာ ချမ်းသာလာပါက ပြန်လည် ပြုပြင်နိုင်ပါသည်။
"ဒါပေမယ့် ဘာလို့ ဒီကိုရောက်နေတာလဲ။ အိမ်မှာ မဟုတ်ဘူးလား။ နင့်ယောက်ျားနဲ့ ကလေးကို ဂရုမစိုက်ဖို့ မလိုဘူးလား" အမေကျိုးက ဆက်ပြောသည်။
ရှုရှန့်ချမ်းနဲ့ ရှုရှန့်မိန်တို့က မြို့တော်မှာ နေသဖြင့် သူတို့ကိစ္စက ဖုံးမရပါ။
သို့သော်လည်း ကျိုးလျို့နီ၏ ကွာရှင်းပြတ်စဲမှုအကြောင်းကိုတော့ အမေကျိုး မသိသေးပါ။ သူမ လက်ထပ်ထားသည်ဆိုတာကိုသာ သိပါသည်။
ကျိုးလျို့နီက ကျိုးအာ့နီကို ကြည့်လိုက်သည်။ ကျိုးအာ့နီ၏ မျက်နှာကတော့ ဗလာဖြစ်နေပါသည်။ သူမ အဘွားက အခု အများကြီး စိတ်တည်ငြိမ်နေပြီဆိုတာကို သိသဖြင့် ပြောလိုက်ပါသည်။ "လျို့နီ ကွာရှင်းထားတာ ကြာပြီ။ ကလေးကို သူမခေါ်ဘူး။ ကလေးက ယောက်ျားဘက်က မိသားစုနဲ့နေတာလေ။”
အမေကျိုး တုန်လှုပ်သွား၏။ သူမ၏ အကြည့်က ကျိုးလျို့နီဘက် ရောက်သွားပါသည်။ "ကွာရှင်းလိုက်ပြီကိုး။ ကွာရှင်းလိုက်ပြီဆိုရင်လည်း နင့်အမေကို မြန်မြန်လိုက်ရှာဖို့ ပြောလိုက်လေ။ ဘာလို့ ဒီကို ရောက်လာတာလဲ။”
အမေကျိုးက သားများကိုသာ ဦးစားပေးခြင်း မဟုတ်ပါ။ ကျိုးခိုင်နဲ့ ညီအစ်ကိုတွေကို အချစ်ဆုံး ဖြစ်သော်လည်း မြေးမများကလည်း မဆိုးလှပါ။ လုံလုံလောက်လောက် မစားသောက်ရဘဲ နွားလို မြင်းလို အလုပ်လုပ်ရသည့် တခြား မြေးမများနဲ့ယှဥ်ရင် သူမက သဘောကောင်းသည့် အဘွားတစ်ယောက် ဖြစ်ပါသည်။
မဟုတ်ပါက ကျိုးအာ့နီ၊ ကျိုးစန်းနီနဲ့ တခြားသူတွေက သူတို့အပေါ် အလွန်သိတတ်နေမည်နည်း။ နှစ်သစ်ကူးတုန်းက လူကြီးနှစ်ယောက်ကို ပျော်စေဖို့ စာအိတ်နီကြီးတစ်ခု ပေးခဲ့ပါသည်။
ကျိုးအာ့နီက ပိုတော်သည်။ ထို့ကြောင့် မကြာခဏ ငွေပေးတတ်၏။ သူမအဖေ အကြီးဆုံးသားကိုယ်စား လုပ်ကျွေးခြင်းဟု သတ်မှတ်နိုင်ပါသည်။
လတိုင်း လင်းချင်းဟယ်ပေးသည့် ပုံသေ ပမာဏတစ်ခု ရှိသော်လည်း တခြား မြေးများက ပေးပါသေးသည်။ ပေါင်းကြည့်လိုက်သောအခါ အများကြီး ဖြစ်သည်။ အဘွားအို အမေကျိုးက အတော်လေး ချမ်းသာနေပါသည်။
မကြာသေးခင်ကမှ တခြား အဘွာအိုများနဲ့ မာကျောက် ကစားတတ်အောင် သင်နေပြီ ဖြစ်သည်။
ဒါတွေကို အသာထား။ အားလုံးကို အမြဲတမ်း ဝန်ထုပ်ဝန်ပိုးပေးနေသော ဒီမြေးမကို အမေကျိုး ကြည့်မရပါ။
ကွာရှင်းပြီးနောက် သူမတို တခြားသူတွေက ဖုံးကွယ်ထားတာ ဖြစ်မည်။ အမေကျိုး နားလည်ပါသည်။ သို့သော်လည်း ဒီဘက်မှာလည်း ကွာရှင်းသည့် သတင်းများစွာကို ကြားဖူးကာ အသားကျနေပြီ ဖြစ်သဖြင့် သူမ သိပ်ပြီး စိတ်ဆိုးမှာ မဟုတ်ပါ။
သို့သော်လည်း မျက်နှာ ပျက်စရာတော့ကောင်းပါသည်။
ကျိုးမိသားစုမှာ ဒီလို ကြွက်ချေးတစ်ယောက် ရှိနေသည်။
သူ့အဘွားရင်ထဲမှာ သူမနေရာကို သူမ မသိသော ကျိုးလျို့နီကတော့ သူမကို သနားစေချင်နေသေးသည်။ "အဘွား။ သမီးရွာမှာ နေလို့မရတော့ဘူး။ ကွာရှင်းပြီးတော့ နေ့တိုင်း လက်ညှိုးထိုးခံနေရတယ်။ အဲ့နေ့ရက်တွေ ဘယ်တော့မှ အဆုံးသတ်မှာလဲ။”
"အဲ့တာ နင်ကွာရှင်းလိုက်လို့ မဟုတ်ဘူးလား။ နင်မကွာရှင်းရင် တခြားသူတွေက နင့်ကို အတင်း ကွာရှင်းခိုင်းနိုင်မှာလား။ နင့်ဆွေမျိုးတွေ သည်းမခံနိုင်တာ တစ်ခုခုကို လုပ်မိလို့ နေမှာပေါ့။" အမေကျိုးက ပြောလိုက်သည်။
ကျိုးအာ့နီက ကျိုးလျို့နီကို ကြည့်လိုက်၏။ ကျိုးလျို့နီ ဘာလုပ်ခဲ့သလဲဆိုတာ သူမ သိပါသည်။
ကျိုးလျို့နီ မပြောရဲတော့ပေ။ သူမ ကွာရှင်းသည့်အကြောင်း အဘွားကို ဆက်ပြောပါက သူမကို ကူပြောပေးဖို့ စကားတစ်ခွန်းမှ ဟမှာ မဟုတ်တော့ပေ။
ကျိုးအာ့နီကလည်း မပြောပါ။ သူမ အဘွားကို စိတ်မတိုစေချင်ပေ။
"အဘွား သမီး အခု ဒီမှာနေချင်လို့။ သမီးမြို့တော်မှာ နေလို့ရလားဟင်။ ရှုရှန့်ချမ်းလည်း နေလို့ ရတာပဲ။ ပြီးတော ပန်းကန်ဆေးဖို့ အလုပ်ခန့်ထားတဲ့ အဒေါ်တစ်ယောက်ကို မြင်ခဲ့တယ်။ သမီး နေရာကောင်းကောင်း တောင်းတာ မဟုတ်ပါဘူး။ အဲ့အဒေါ်ကို အလုပ်ဖြုတ်ပြီး သမီးကို ခန့်လိုက်ပါလား" ကျိုးလျို့နီက အောက်ကျစွာ ပြောလိုက်ပါသည်။
သူမ နေလို့ရတာနဲ့ ကျန်တာ ဆက်ပြီး ကြံစည်မည်။ အခုတော့ နေဖို့ရဖို့သာ အဓိကပင်။
"ဒါတွေဘာလို့ ငါ့လာပြောနေတာလဲ။ နင့်အဘိုးနဲ့ ငါနဲ့ ဒါတွေဝင်မပါဘူး။ နင်နေချင်ပြီး ပန်းကန်ဆေးချင်တယ်ဆိုရင် နင့်စတုတ္ထဦးလေးနဲ့ စတုတ္ထဒေါ်လေးတို့ကို ပြောလိုက်။ ဒါပေမယ့် စည်းမရှိကမ်းမရှိ စရိုက်မျိုးနဲ့ဆို နင်ပန်းကန်တောင်ဆေးလို့ရမယ်လို့ ငါတော့မထင်ဘူး။” အမေကျိုးက ပြောလိုက်ပါသည်။