အခန်း(၆၆၈) ဝူနီရဲ့ မင်္ဂလာပွဲ
Vol. 48 Ch. 668
အခန်း(၆၆၈) ဝူနီရဲ့ မင်္ဂလာပွဲ
ဒီမြေးမရဲ့ စရိုက်ကို အမေကျိုး သိပါသည်။
ရှင်းရှင်းပြောရလျှင် သူတို့အားလုံးက မိသားစုတစ်စုတည်း ဖြစ်သည်။ ဘယ်သူ့အကြောင်း ဘယ်သူ မသိဘဲ နေမည်နည်း။
ဘာကြောင့် ကွာရှင်းခဲ့ရသလဲဆိုတာ သူမ စိတ်မဝင်စားပါ။ ဘာပဲဖြစ်ဖြစ် ကွာရှင်းပြီးသွားခဲ့ပြီ။ ငြင်းခုံဖို့လည်း အသုံးမဝင်ပါ။ သို့သော်လည်း ဒီမြေးမ ဒီမှာ နေနိုင်လား မနေနိုင်လားဆိုတာကတော့ သူမ ဝင်ရှုပ်လို့ရသည့် ကိစ္စ မဟုတ်ပေ။
သူမကို ဝင်ပါစေချင်ပါက အရင်တုန်းက ဘာကြောင့် စကားနားမထောင်ခဲ့တာလဲ။ စားစရာရှိပါက သူများထက် မြန်မြန်စားသည်။ အလုပ်လုပ်ဖို့ ခေါ်ရင်တော့ အမြဲတမ်း ရေသာခို၏။ သူမက ငပျင်းတစ်ယောက်သာ ဖြစ်ပါသည်။
"အဘွား အကုန်လုံး နေလို့ရတာကို ဘာလို့ သမီးကျနေလို့မရတာလဲ။ သမီးစတုတ္ထဒေါ်လေးနဲ့ ဦးလေးတို့က တူတွေ တူမတွေ အများကြီးကို စောင့်ရှောက်ပေးထားတာကို ဘာလို့ သမီးကျတော့ ဂရုမစိုက်ကြတာလဲ" ကျိုးလျို့နီက ပြောလိုက်ပါသည်။
"နင်ပြောတာ မကြားချင်ဘူး" အမေကျိုးက သူမကိုကြည့်လိုက်ပြီး ပြန်ပြောလိုက်ပါသည်။
"သူတို့က နင့်အဖေအမေမှ မဟုတ်တာ။ ဘာလို့ နင့်ကို ဂရုစိုက်ရမှာလဲ။ နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ နင့်အပေါ်မှာ အကြွေးရှိလို့လား။ တခြား တူတွေတူမတွေကို စောင့်ရှောက်ပြီး နင့်ကျတော့ ဘာလို့ ဂရုမစိုက်တာလဲ နင် မသိဘူးလား။ နင်ငယ်ငယ်လေးကတည်းက နင့်အမေကိုပဲ ရာနှုန်းပြည့် အတုယူတယ်။ မြေ တစ်ဧကလောက်ကိုပဲမြင်တယ်။ ကမ္ဘာကြီးပေါ်က လူတွေအကုန်လုံးကို အရူးလို့ထင်ပြီး နင်တစ်ယောက်တည်းက ထက်မြက်တယ်လို့ ထင်ခဲ့တာ မဟုတ်ဘူးလား။”
"အဘွား အရင်တုန်းက သမီးမှားခဲ့တာ သမီးသိပါတယ်။ အခု သမီးနောင်တရပြီဆိုတာ ဝန်ခံပါတယ်။ သမီး မြို့တော်မှာ နေချင်တယ်။ သမီး ရွာမပြန်ချင်ဘူး" ကျိုးလျို့နီက ဆက်ပြောလိုက်သည်။
ယနေ့ခေတ်တွင် မြို့တော်က တိုးတက်မြန်လွန်းပါသည်။ အရင်ဘဝတုန်းက လိုက်လို့မမှီခဲ့ပါ။ ဒီဘဝမှာတော့ ဖြစ်နိုင်သည်။ သူမ အလွတ်ပေးနိုင်ပါ့မလား။
သူမ ဘာမှမလုပ်နိုင်ရင်တောင် မြို့သားတစ်ယောက်ကို ရှာပြီး လက်ထပ်လိုက်ပါက နောက်ပိုင်း အဆင်ပြေလာနိုင်ပါသည်။
"ငါ့ကိုလာမပြောနဲ့။ နင့်အတွက် ငါအချိန်မအားဘူး။ နင့်အမေကိုပဲ နင့်အတွက် အိမ်ထောင်ဖက် ထပ်ရှာပေးဖို့ ပြန်သွားပြောလိုက်။ မဟုတ်ရင် နင်ထပ်ပြီး လက်ထပ်ချင်တယ်ဆိုရင် ၂ နှစ် ၃ နှစ်အတွင်း ဘယ်သူမှ နင့်ကိုလိုချင်မှာ မဟုတ်ဘူး" အမေကျိုးက ပြောလိုက်ပါသည်။
နောက်ဆုံးမှာတော့ အမေကျိုးတို့ဘက်ကလည်း သူမ ဘာအကျိုးကျေးဇူးမှ မရခဲ့ပေ။ ဘာအလားအလာမှလည်း မရှိပါ။
ညနေခင်း ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့ အမြွှာနှစ်ယောက်ဖြင့် အိမ်ပြန်ကြတော့ အမေကျိုး ရောက်လာပြီး မေးလိုက်ပါသည်။
ကျိုးအာ့နီက သူမကို မဖုံးကွယ်ထားပါ။"သမီးအမေနဲ့ ဖုန်းပြောပြီးပြီ။ သူက အိမ်ကပိုက်ဆံတွေခိုးပြီး ထွက်ပြေးလာတာတဲ့။”
အမေကျိုး မျက်နှာ မှောင်မိုက်သွားသည်။
ကံကောင်းလို့ နေ့လည်က မောင်းထုတ်ခဲ့၏။ ဒီလိုအကျင့်မျိုးနဲ့ သူမကို ဆိုင်မှာ ဘယ်သူက အလုပ်ခိုင်းရဲမည်နည်း။ ရက်တိုင်း ရက်တိုင်း ပိုက်ဆံအခိုးခံရနိုင်သည်။
"မနက်ဖြန်ကျရင် နင့်စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ကို ပြောလိုက်။ အဲ့ကောင်မလေးကို ပြန်ပို့လိုက်တော့။ သူ့ကို ခေါ်မထားနဲ့။ မဟုတ်ရင် နောက်ပိုင်း ဘာတွေဖြစ်လာမလဲ မပြောနိုင်ဘူး" အမေကျိုးက ပြောလိုက်သည်။
ကျိုးအာ့နီက ထိုစကားများကို လင်းချင်းဟယ်အား ပြန်ပြောပြလိုက်ပါသည်။
လင်းချင်းဟယ်က ပြန်ပြော၏။ "နင့်အဘွားကို စိတ်ချဖို့ ပြောလိုက်။ လျို့နီကို ငါခေါ်မထားပါဘူး"
ပြန်လည်မွေးဖွားလာသည့် လူတစ်ယောက်ကို ဘာရည်ရွယ်ချက်နဲ့ပဲလာလာ သူမ ခေါ်ထားမှာ မဟုတ်ပါ။
ကျိုးလျို့နီက ဒီမှာ ၃ ရက်လောက်နေခဲ့သည်။ ၃ ရက်သာဖြစ်၏။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို သူမအား ရထားလက်မှတ်တစ်စောင် ဝယ်ပေးပြီး ပြည်နယ်မြို့သို့ ရထားဖြင့် ပြန်လိုက်ပို့ခိုင်းခဲ့ပါသည်။
ကျိုးလျို့နီ အိမ်ပြန်တာ မပြန်တာကို လင်းချင်းဟယ် ဂရုမစိုက်ပါ။ သူမက အရွယ်ရောက်ပြီးသား ဖြစ်သည်။ ဘယ်သူက သူမကို ချော့ပြောမည်နည်း။
သူမဘာပိုက်ဆံမှလည်း မပေးလိုက်ပါ။ ခရီးစရိတ်သာ ပေးလိုက်၏။ သူမ ပိုက်ဆံ ဘယ်လောက်ခိုးခဲ့သလဲ ဆိုတာလည်း မသိပါ။
လင်းချင်းဟယ်ဆီကို ဒုတိယအစ်ကိုက ဖုန်းဆက်သည်။ ဖုန်းထဲမှ ဒုတိယအစ်ကိုက တောင်းပန်ပါသည်။ လင်းချင်းဟယ်က သူ့ကို အပြစ်မတင်ပါ။ သို့သော်လည်း လုပ်သင့်တာကိုတော့ လုပ်ရမည်။ ဒုက္ခအိုး ကျိုးလျို့နီကို သူမ ခေါ်ထားမှာ မဟုတ်ပါ။
ကျိုးလျို့နီ ရထားပေါ်မှာ ရှိနေတုန်း အာ့ရွှယ်နှင့် ဝူနီတို့လည်း ရှန်ဟိုင်းမြို့တော်မှ ကျန်းကမ်းနဲ့အတူ ပြန်ရောက်လာပြီဖြစ်သည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "ဘာလို့ ရက်နည်းနည်းလောက် ထပ်မနေတာလဲ။”
"အဲ့မှာ နေလည်း ဘာမှလုပ်စရာမှမရှိတာ။ စောစောပြန်လာမှပေါ့" ကျိုးဝူနီက အနည်းငယ် ရှက်ရွံ့နေသော မျက်နှာဖြင့် ပြန်ပြောလိုက်ပါသည်။
"အစ်မကြီးမင်က မွေးရပ်မြေပြန်ပြီး အလုပ်ရွှေ့ပြောင်းခွင့် လျှောက်မလို့လေ" လင်းရွှယ်က ရွှင်ပျစွာ ပြောလိုက်ပါသည်။
"အလုပ်ရွှေ့ပြောင်းမယ်ဟုတ်လား" လင်းချင်းဟယ်က မျက်ခုံးတစ်ဖက် ပင့်သွားသည်။
"ကျွန်တော့်အဖေက သူ့အတွက် ကျောင်းတစ်ခုစီစဥ်ပေးထားတယ်။ ကျွန်တော်တို့ ရပ်ကွက် အပြင်က အလယ်တန်းကျောင်းမှာလေ။” ကျန်းကမ်းကလည်း ရွှင်မြူးစွာ ပြောလိုက်ပါသည်။ "နောက်ပိုင်းကျရင် အစ်မကြီးမင်က အဲ့မှာ စာသွားသင်လို့ ရတယ်။ အဲ့ဘက်က ကျွန်တော်တို့ ပိုက်နက်ဆိုတော့ ဘာပြဿနာ မရှိပါဘူး။”
လင်းချင်းဟယ်က ပြုံးရွှင်စွာ ကျိုးဝူနီကို ကြည့်လိုက်ပါသည်။ သို့သော် ဘာမှတော့ မပြောပါ။ ကျိုးဝူနီကို သီးသန့်ခေါ်သွားပြီးမှ ပြောလိုက်ပါသည်။
ကျိုးဝူနီက အနည်းငယ် ရှက်သွေးဖြာသွားပြီး ပြန်ပြောလိုက်ပါသည်။ "သမီး ဒီတိုင်း စမ်းသပ်ကြည့်မလို့ပါ။”
"ကောင်းတာပေါ့" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်သည်။ "နင် အဲ့ကိုရောက်ရင် ငါတို့အိမ်မှာ အရင်နေနှင့်။ ငါမိမိလေးကို ကိုယ်ဝန်ဆောင်တုန်းက ဝယ်ထားတဲ့ အိမ်လေ။ နင့်ဦးလေး ဝယ်ထားတာ။ ကျယ်လည်းကျယ် နေလို့လည်း ကောင်းတယ်'။
"သမီးတို့လည်း အိမ်တစ်လုံး အမြန်ဆုံး ဝယ်နိုင်အောင် ကြိုးစားပါ့မယ်" ကျိုးဝူနီက ပြောလိုက်ပါသည်။
"အိမ်ဝယ်မယ့် အခြေအနေတွေတောင်ဖြစ်နေပြီလား" လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးလိုက်ပါသည်။
ကျိုးဝူနီမျက်နှာ နီရဲသွား၏။ လင်းချင်းဟယ်က တခစ်ခစ်ရယ်မောကာ ဆက်ပြောလိုက်ပါသည်။ "သူ့အိမ်က အခြေအနေက ဘယ်လိုလဲ။”
ကျိုးဝူနီက သူမစတုတ္ထဒေါ်လေးကို ပြောပြလိုက်ပါသည်။
ကျန်းဟန်က မိသားစုထဲက ဒုတိယသားဖြစ်သည်။ မိန်းမယူထားသည့် အစ်ကိုကြီးတစ်ယောက်ရှိ၏။ ထိုယောက်မကြီးကတော့ ဆက်ဆံဖို့ အနည်းငယ် ခက်ခဲပါသည်။ ကိစ္စတော့ မရှိပေ။ သူတို့လက်ထပ်ပြီးနောက် ထိုအိမ်မှာ နေမှာလည်း မဟုတ်ပါ။
ကျန်းဟန်ရဲ့ အမေမှာ အလုပ်မရှိပါ။ ကျန်းဟန်ရဲ့ အဖေမှာတော့ အလုပ်ရှိသည်။ ပညာသင်နေသည့် ညီလေး ညီမလေးများလည်း ရှိ၏။ မိသားစုဝန်က သေးသည်ဟု ပြောလို့မရပါ။
"ဒီကိစ္စကို ကျန်းဟန်က ဘာပြောလဲ" လင်းချင်းဟယ်က မေးလိုက်၏။
"လက်မထပ်ခင် ပေးသင့်တာကို ပေးခဲ့ပြီးပြီတဲ့။ လက်ထပ်ပြီးရင်တော့ သမီးက ဘယ်လောက်ပေးရမလဲဆိုတာ ဆုံးဖြတ်ခွင့်ရှိတယ်လို့ ပြောပါတယ်။" ကျိုးဝူနီက ပြောလိုက်ပါသည်။ ထိုအကြောင်း ပြောသောအခါ သူမ ကျေနပ်မှု ရှိပါသည်။
လင်းချင်းဟယ်က ဝမ်းသာသွားကာ ပြောလိုက်၏။ "ဒါဆို နင်ကဘယ်လောက်ပေးဖို့ စီစဥ်ထားလဲ။”
"သမီး အဲ့ကို စာသွားသင်မှာလေ။ သမီးမှာလည်း ဝင်ငွေရှိတာပဲ။ ကျန်းဟန်မှာလည်း ရှိတယ်။ သူ့အိမ်က အဆင်မပြေဘူး။ တစ်လကို ထောက်ပံ့ငွေအနေနဲ့ ယွမ် ၃၀ ပေးလို့ ရပါတယ်" ကျိုးဝူနီက ပြန်ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်ပါသည်။ ကျိုးဝူနီက ဘာလုပ်ရမလဲ သေချာသိပါသည်။ သူမ ဘာမှ ပြောဖို့ မလိုတော့ပေ။ "နင်ဘယ်တော့ အိမ်ပြန်မလဲ။”
"မနက်ဖြန် နေ့လည်ရထားနဲ့ ပြန်မယ်" ကျိုးဝူနီက ရှက်ရွံ့စွာ ပြန်ဖြေလိုက်ပါသည်။
သူတို့ ဒီနှစ် နွေရာသီအားလပ်ရက်မှာ လက်ထပ်ဖို့တောင် ပြင်ဆင်နေကြပါပြီ။ ထို့ကြောင့် သူမ မြန်မြန်လုပ်ရမည်။ ဒီတစ်ခေါက်ပြန်လာလျှင် သူမ မိဘမျာားကို ရှန်ဟိုင်းမြို့တော်သို့ခေါ်သွားမည်။ ထို့အပြင် အလုပ်ရွှေ့ပြောင်းမှုကိုလည်း တစ်ခါတည်း ဆောင်ရွက်သွားမည်။
လင်းချင်းဟယ်က ပြုံးလိုက်သည်။ "ဒါဆို သားငယ်ကို ကားနဲ့ လိုက်ပို့ခိုင်းလိုက်ပေါ့။”
ကျန်းဟန်က မအားလပ်ပါ။ အလုပ်ရှိသေးသည်။ သူလုပ်ငန်းဖြင့် ခရီးထွက်နေရတာ ကြာပြီဖြစ်ပြီး ပြန်ရောက်လာသောအခါ အလုပ်တွေ တစ်ပုံကြီးက စောင့်မျှော်နေပါသည်။
သို့သော်လည်း ကျန်းကမ်းကတော့ အားလပ်သည်။ ထို့ကြောင့် ကျန်းကမ်းကို လက်ဆောင်အများကြီးဝယ်ကာ သူ့ဝမ်းကွဲမရီး ကျိုးဝူနီကို ပေးလိုက်ဖို့ မှာလိုက်ပါသည်။ တစ်ခါတည်း မင်္ဂလာလက်ဖွဲ့ပစ္စည်းများကိုလည်း ပြင်ဆင်ရဦးမည်။
ကျန်းဟန်ကို သွားဝယ်ဖို့ ပြောလိုက်၏။ ဝယ်ပြီးတာနဲ့ ပို့ပေးလိုက်မည်။ အိမ်မှာ ရောင်စုံတီဗီရှိသော်လည်း ရေခဲသေတ္တာ အဝတ်လျှော်စက်များ မရှိသေးပါ။
ထို့အပြင် ကျန်းဟန်က ကျိုးဝူနီအတွက် ရွှေလည်ဆွဲတစ်ကုံး ဝယ်ထားပေးသည်။ သူ့စေတနာက တကယ်ပဲ လုံလောက်ပါသည်။
ဒီမင်္ဂလာပွဲကြောင့် သူစုထားသမျှ အားလုံးနီးပါး ကုန်သွားသည်။ သို့သော်လည်း မိန်းမယူဖို့ ထိုက်တန်ပါသည်။
ထိုအချိန်တွင် ကျန်းဟန်က ရှန်ဟိုင်းမြို့တော်က လုပ်ငန်းကို လည်ပတ်ဖို့ ကြိုးစားနေပါသည်။ အမြတ်များ ပိုမြင့်ကာ ကော်မရှင်ခများများ ရချင်ပါသည်။
သူတို့ အမြဲတမ်း ဒေါ်လေးလင်းရဲ့ အိမ်မှာပဲ နေလို့မဖြစ်ပါ။ သူတို့ကိုယ်ပိုင်အိမ် ဝယ်ရပါမည်။
နောက်တစ်နေ့ နေ့လည်ခင်းတွင် ကျိုးဝူနီက လက်ဆောင်အများကြီးသယ်လာသည့် ကျန်းကမ်းနဲ့ တူတူ မွေးရပ်မြေကို ပြန်သွားခဲ့ပါသည်။
လင်းချင်းဟယ်က အခွင့်အရေးရတာနဲ့ တတိယမရီးကို ဖုန်းဆက်ခဲ့သည်။