အခန်း(၆၆၉) မင်္ဂလာပွဲပြီးမြောက်ခြင်း
Vol. 48 Ch. 669
အခန်း(၆၆၉) မင်္ဂလာပွဲပြီးမြောက်ခြင်း
လင်းချင်းဟယ် ဖုန်းဆက်လိုက်သည်။ တတိယမရီး ဘယ်လောက် အပျော်လွန်နေသလဲ ပြောဖို့ မလိုတော့ပါ။
မြို့တော်ကြီးက လူနဲ့ လက်ထပ်တာ မဟုတ်သော်လည်း ရှန်ဟိုင်းမြို့တော်က လူနဲ့ လက်ထပ်တာ ဖြစ်ပါသည်။ ဒါက အတူတူလိုပဲဖြစ်ပါသည်။ ထို့အပြင် သူက စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့၏ လက်ဖက်ရည်ဆိုင်ကိုလည်း စီမံသူ ဖြစ်သည်။ အားကိုးရသူဖြစ်လောက်ပါသည်။
"သူ့မိသားစုအခြေအနေက သာမန်ပါပဲ။ မင်္ဂလာပွဲမှာ သုံးမယ့် ပိုက်ဆံတွေအကုန်လုံးက သူပဲ ထုတ်ရမှာ။ အဲ့တာကြောင့် မင်္ဂလာလက်ဖွဲ့တွေ မလုံလောက်နိုင်ဘူး" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ပြဿနာမရှိပါဘူး။ သူတို့နှစ်ယောက်ဘဝကို ကောင်းကောင်းနေနိုင်ရင် ရပါပြီ။ မင်္ဂလာလက်ဖွဲ့ရဖို့ ဆိုတာ အပေါ်ယံပါပဲ" တတိယမရီးက ပြောလိုက်ပါသည်။
လင်းချင်းဟယ်နဲ့ ဖုန်းပြောပြီးနောက် တတိယမရီး ဖုန်းချလိုက်ပြီး သူမ၏ လက်ဝတ်ရတနာများကို သွားရှာဖွေပါသည်။
ဒီအချိန်တောအတွင်း သူမလည်း ရွှေငွေကျောက်မျက်ရတနာများစွာကို ဝယ်ခဲ့ပါသည်။
ရွှေဆွဲကြိုးများ၊ ရွှေလက်စွပ်များ၊ ရွှေနားဆွဲများ ရှိပါသည်။ ပုံမှန်အားဖြင့် သူမ ဝတ်ထားလေ့မရှိပါ။ အကုန်လုံးကို သိမ်းထား၏။ ဟိုနည်းနည်း ဒီနည်းနည်းနဲ့ အတော်လေးများပါသည်။
ထို့ကြောင့် ရွှေ့ဆွဲကြိုးထူထူတစ်ကုံးနဲ့ ရွှေလက်စွပ်တစ်စုံကို ထုတ်လိုက်သည်။ ဒါတွေကို သူမ သမီး၏ ခန်းဝင်ပစ္စည်းအဖြစ် ထားဖို့ စီစဥ်ထားပါသည်။
"ဝူနီကို ငွေဘယ်လောက်ပေးချင်လဲ" တတိယမရီးက ပြောလိုက်သည်။
လင်းချင်းဟယ်မှ အပ တတိယမရီးက သမီးယောက်မသုံးယောက်ထဲတွင် ယောက်ျားလေးနဲ့ မိန်းကလေးများကို မျှမျှတတ အဆက်ဆံဆုံး ဖြစ်ပါသည်။
အရင်တုန်းက ကျိုးဝူနီကို မွေးဖွားပြီးနောက် ခန္ဓာကိုယ် အနာတရ ဖြစ်ခဲ့၏။ လင်းချင်းဟယ် ရောက်လာမှ ကိုယ်ဝန်ထပ်ရခဲ့ပြီး သားတစ်ယောက် ထပ်မွေးခဲ့ပါသည်။ ယုံကြည်ချက်များ ပြန်ပြည့်ဝလာ၏။
သို့သော်လည်း သူမ သားကိုမမွေးခင်က သူမ သမီးကျိုးဝူနီကိုလည်း တစ်ခါမှ ဆိုးဆိုးရွားရွား မဆက်ဆံဖူးပါ။ ဆန့်ကျင်ဘက်အနေနဲ့ အများကြီး ချစ်မြတ်နိုးပါသည်။
ယခု လက်ထပ်တော့မည်ဖြစ်သဖြင့် ရွှေဆွဲကြိုးနဲ့ ရွှေလက်စွပ်များကို ခန်းဝင်ပစ္စည်းအဖြစ် ပေးပါမည်။ ပိုက်ဆံလည်း ပါဝင်သေးသည်။
တတိယအစ်ကိုကလည်း သမီးဖြစ်သူကို ချစ်မြတ်နိုးပြီး ပြောလိုက်ပါသည်။ "ယွမ် ၁,၀၀၀ လောက် ပေးကြမလား။”
"ယွမ် ၁,၀၀၀ ဆို နည်းလွန်းမလား။ သူနဲ့ ကျန်းဟန်တို့က အခု ချင်းဟယ်ရဲ့အိမ်မှာ နေကြရတာ။ နောက်ပိုင်းကျရင် ကိုယ်ပိုင်အိမ် ဝယ်ရမယ်။ စျေးပေါမှာ မဟုတ်ဘူး။" တတိယမရီးက ပြောလိုက်ပါသည်။
ရှန်ဟိုင်းမြို့တော်လို မြို့ကြီးပြကြီးကို မဆိုဦးနဲ့ သူတို့ဘက်က အိမ်စျေးတွေတောင် အများကြီး တက်နေပါပြီ။ ဝယ်ဖို့ မလွယ်တော့ပါ။
"ဒါဆိုလည်း သင့်တော်တာ တစ်ခုခု တွေ့ရင် ဝူနီကို ပြန်လာခိုင်းပြီး ငွေနည်းနည်းချေးပေးလိုက်။ ပြီးမှ ဖြည်းဖြည်းချင်း ပြန်ဆပ်ပေါ့" တတိယအစ်ကိုက ပြောလိုက်ပါသည်။
တတိယမရီးက စိတ်မပြောင်းသေးပေ။ "ဒါပေမယ့် ယွမ် ၁,၀၀၀ ကတော့ နည်းလွန်းပါသေးတယ်။”
"ယွမ် ၁,၀၀၀ နည်းတယ်ဆိုလည်း ယွမ် ၂,၀၀၀ ပေးလိုက်ပေါ့" တတိယအစ်ကိုက ပြောလိုက်ပါသည်။
သာမန် မိသားစုသာဆို ဒီလို သမီးကို ရက်ရောသည့် လူမျိုး မရှိနိုင်ပါ။ တတိယအစ်ကိုနှင့် တတိယမရီးတို့ကတော့ ခြားနား၏။
အခုကာလတွင် စီးပွားရေးက အလွန်အဆင်ပြေနေ၏။ ဒါက သစ်သီးနဲ့ ဟင်းသီးဟင်းရွက်များအတွက် အကောင်းဆုံးရာသီ ဖြစ်သည်။ တတိယအစ်ကိုသာ အလုပ်ကြိုးစားပါက တစ်လအတွင်း ပြန်ရနိုင်ပါသည်။
ထို့ကြောင့် သူတို့အကြီးဆုံးသမီး လက်ထပ်ရန် ခန်းဝင်ပစ္စည်းအဖြစ် ပေးဖို့ တကယ်ပဲ ဆန္ဒရှိကြပါသည်။
ထို့နောက် အားလုံး အဆင်ပြေချောမွေ့ခဲ့ပါသည်။
ကျန်းကမ်းနဲ့ ကျိုးဝူနီတို့ ပြန်လာသောအခါ ဒီက ရှော့ပင်းမောလ်သို့သွားပြီး အဝတ်လျှော်စက်နဲ့ ရေခဲသေတ္တာတစ်လုံးစီ ဝယ်ခဲ့သည်။ ထိုအရာများကို လက်ဖွဲ့ဟု သတ်မှတ်နိုင်၏။
ထို့နောက် ရှန်ဟိုင်းမြို့တော်ကို သွားဖို့ ပြင်ကြပါသည်။
တတိယအစ်ကိုက အကြီးဆုံးအစ်ကို၊ အကြီးဆုံးမရီး၊ ဒုတိယအစ်ကို၊ ဒုတိယမရီးတို့ကိုပါ အသိပေးခဲ့ပါသည်။
သူတို့အားလုံး လက်ဖွဲ့ပေးဖို့ အတူတူ စုစည်းခဲ့ကြပါသည်။ အကြီးဆုံးအစ်ကိုက ကျိုးယန်ကို သွားခိုင်းလိုက်သည်။ ဒုတိယမိသားစုကတော့ ကျိုးရှားက အော်ဒါတစ်ခု လက်ခံထားပြီးသားကြီး ဖြစ်သဖြင့် သွားဖို့ မအားလပ်ပေ။
မြို့တော်တွင် ကျိုးချင်းပိုင်က သူ့မိန်းမကို မေးနေ၏။ "ကိုတို့ ဘာပေးကြမလဲ။”
"ဝူနီကို စာအိတ်နီ ယွမ် ၅၀၀ ပေးလိုက်" လင်းချင်းဟယ်က ပြန်ဖြေလိုက်ပါသည်။
ကျိုးဝူနီနဲ့ ကျန်းဟန်တို့က ရုတ်တရက်ကြီး လက်ထပ်သွားကြခြင်း ဖြစ်သည်။ တကယ်တော့ သူတို့နှစ်ယောက်ကို ဖြည်းဖြည်းချင်း အရင်တွဲကြည့်ခိုင်းဖို့ လင်းချင်းဟယ် စီစဥ်ထား၏။ သို့သော်လည်း တစ်နယ်စီဝေးသော အချစ်ရေးများက မလွယ်ကူပါ။
ထို့အပြင် သူတို့လက်မထပ်ပါက ကျိုးဝူနီကို ရှန်ဟိုင်းမြို့တော်သို့ အလုပ်ရွှေ့ပြောင်းခွင့်ပေးဖို့လည်း မကောင်းပေ။ လက်မထပ်ပါက ထိုနေရာမှာ မိန်းကလေးတစ်ယောက်တည်း နေထိုင်ဖို့ မလုံခြုံပါ။
သို့သော်လည်း သူတို့နှစ်ယောက်စလုံး လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပါသည်။ ဘာမှ ပြောဖို့ မလိုတော့ပါ။
ကျိုးဝူနီ လက်ထပ်သောအခါ ကျိုးချင်းပိုင် မတက်ရောက်ခဲ့ပါ။ လင်းချင်းဟယ်ကပဲ သားငယ်၊ ကျိုးအာ့နီနဲ့ ကျိုးစန်းနီတို့ကိုခေါ်ကာ တက်ရောက်ခဲ့ပါသည်။
ကျိုးစစ်နီက ကျိုးဝူနီ လက်ထပ်တော့မှာကို သိပြီး သွားချင်နေပါသည်။ သို့သော်လည်း သူမ၏ ဗိုက်ကြောင့် သွားလို့ မရခဲ့ပေ။ ပိုက်ဆံအပြင် သူမယောက္ခမ၏ အထည်ဆိုင်မှ အထည်သစ်နှစ်စုံကို ရွေးပြီး ကျိုးဝူနီဆီသို့ ပို့ပေးလိုက်ပါသည်။
ကျိုးဝူနီ၏ မင်္ဂလာပွဲက သံသယဖြစ်စရာမလိုအောင် စည်ကားပါသည်။ တစ်ချိန်တည်းမှာပဲ ကျိုးဝူနီ၏ မိသားစုက သာမန်မဟုတ်တာကို ကျန်းမိသားစု သိသွားစေသည်။
လက်ထပ်ပြီးနောက် ဆိုးရွားမှာ မဟုတ်တော့ပေ။
မင်္ဂလာပွဲပြီးနောက်တစ်နေ့တွင် တတိယအစ်ကိုနဲ့ တတိယမရီးတို့က လင်းချင်းဟယ်နဲ့ တခြားသူများနဲ့ မြို့တော်သို့ လိုက်လာခဲ့ပါသည်။
သူတို့ မိဘများကို တွေ့ချင်သောကြောင့် ဖြစ်သည်။ သူတို့ မတွေ့ရတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ ဖုန်းပေါ်မှာ စကားပြောရသော်လည်း အချင်းချင်း မတွေ့ရတာ တော်တော်ကြာပါပြီ။
အဖေကျိုးနဲ့ အမေကျိုးတို့ကို တတိယအစ်ကို မြင်သောအခါ မျက်လုံးနီနီဖြင့် ဒူးထောက်လိုက်ပါသည်။ သူက အတော်လေး စိတ်ခံစားလွယ်သော လူတစ်ယောက် ဖြစ်ပါသည်။
လင်မယားနှစ်ယောက်သား မြို့တော်က ရှုခင်းများကို လျှောက်ကြည့်ခဲ့ပါသည်။ ၂ ရက်လောက် နေပြီးနောက် သူတို့ ပြန်သွားခဲ့ကြပါသည်။
သူတို့က ဆိုင်ပိုင်ရှင်များ ဖြစ်သဖြင့် အလုပ်ပြန်လုပ်ဖို့ စိတ်ပူရပါမည်။
"ဒီတစ်ခေါက် ဝူနီ လက်ထပ်တော့ နင့်တတိယဦးလေးနဲ့ ဒေါ်လေးတို့ ဘယ်လောက်ပေးခဲ့လဲ" အမေကျိုးက ကျိုးအာ့နီထံမှ စုံစမ်းလိုက်ပါသည်။
အမေကျိုးက သူမ၏ မြေးမများကို ချစ်မြတ်နိုးပါသည်။ ဒီတစ်ခေါက် လက်ဖွဲ့ ယွမ် ၅၀ ပေးခဲ့သည်။ သို့သော်လည်း မေးကြည့်လိုက်ပါသေးသည်။
"မသိဘူး သမီးမေးမကြည့်မိဘူး" ကျိုးအာ့နီက ခေါင်းခါလိုက်သည်။
တကယ်တော့ သူမ၏ တတိယဦးလေးနဲ့ တတိယဒေါ်လေးတို့ ရွှေဆွဲကြိုးတစ်ကုံး၊ ရွှေလက်စွပ် ၂ ကွင်း၊ ယွမ် ၂,၀၀၀ တို့ကို ခန်းဝင်ပစ္စည်းအဖြစ် ပေးခဲ့မှန်း သူမသိပါသည်။
ဒါက တတိယဦးလေးနဲ့ ဒေါ်လေးတို့ ကိစ္စဖြစ်သဖြင့် သူမ အဘွားကို ပြောပြဖို့မလိုပါ။ အဘွားက မြေးမများကို ချစ်သော်လည်း ငွေအကြောင်းကြားသောအခါ စိတ်ဓာတ်ကျသွားနိုင်ပါသည်။
အမေကျိုးက တတွတ်တွတ် ပြောလိုက်သည်။ "နင့်တတိယဦးလေးနဲ့ ဒေါ်လေးတို့က ဝူနီကို အရမ်းချစ်ကြတာ။ အများကြီးပေးမယ်ထင်တယ်။ ညားခါစ လင်မယားနှစ်ယောက်ကို ဒီလောက် အများကြီးတော့ မပေးသင့်ဘူး။ လူငယ်တွေ ကိုယ့်ဖာသာကိုယ် ရုန်းကန်နိုင်အောင် လွှတ်ထားပေးလိုက်တာ ပိုကောင်းတယ်။"
ကျိုးအာ့နီက ဒီအကြောင်း လင်းချင်းဟယ်ကို ပြန်ပြောပြလိုက်ပါသည်။ လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။ "နင့်အဘွားပြောတာက မမှန်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်သမီးကို ချစ်တာလည်း ပုံမှန်ပါပဲ။”
ကျိုးအာ့နီက ရွှင်ပျစွာ ပြောလိုက်၏။ "ဝူနီ ဒီလောက်မြန်မယ်လို့ ထင်မထားဘူး။ မင်္ဂလာကိစ္စကို ပြောလိုက်တာနဲ့ လက်ထပ်သွားတာပဲနော်။”
လင်းချင်းဟယ်လည်း ဒီလိုပဲထင်မိပါသည်။ လျှပ်စီးလက်သလိုပင် မြန်ဆန်လွန်းလှ၏။
သားကြီးနဲ့ မေ့ကျားတို့ကိုပဲ ကြည့်ပါဦး။ သူတို့ စေ့စပ်ဖို့တောင် ဘယ်လောက်ကြာခဲ့သလဲ။ လက်မထပ်ရသေးပေ။ ကျိုးဝူနီနဲ့ ကျန်းဟန်တို့ကတော့ နောက်မှရောက်လာပြီး ဦးစွာ ပန်းဝင်သွားကြပါသည်။
နောက်တော့ လင်းချင်းဟယ်က ရွှယ်မိန့်လီနဲ့ စကားပြောဖို့ ဖုန်းဆက်ခဲ့သည်။
ရွှယ်မိန့်လီက ကျန်းဟန်နဲ့ ကျိုးဝူနီတို့လင်မယားအကြောင်း ပြောခဲ့ပါသည်။ သူတို့ ကိုယ့်ဖာသာကိုယ် ချက်မစားကြပါ။ အဘိုးကျန်းနှင့် အဘွားကျန်းတို့အိမ်မှာသာ စားကြပါသည်။
အဘယ့်ကြောင့်ဆိုသော် သူတို့နှစ်ယောက် စားသောက်ဖို့ အများကြီး ချက်ပြုတ်စရာလည်း မလိုအပ်ပေ။ ဟင်းချက်ဖို့လည်း အချိန်ပေးရဦးမည်ဖြစ်သဖြင့် ဒီမှာ လာစားတာပဲ ကောင်းပါသည်။ သူတို့ စားစရိတ်ပြန်ပေးလို့ရ၏။
သူတို့က သူ့အဘိုးအဘွားအရင်းများဖြစ်ကြပြီး ကျိုးဝူနီက လင်းချင်းဟယ်၏ တူမ ဖြစ်ပါသည်။ ထို့ကြောင့် ထိုအိမ်မှာ စားတာ ပြဿနာမရှိပါ။
လင်မယားနှစ်ယောက်၏ နေ့ရက်များ ဘယ်လောက်တောင် လှပလဲ ဖော်ပြလို့တောင်မရနိုင်ပါ။
ထိုနေ့ ကျိုးခိုင်ဖုန်းဆက်တော့ လင်းချင်းဟယ် ကျိုးဝူနီ၏ မင်္ဂလာကိစ္စအကြောင်း ပြောပြလိုက်ပါသည်။
ကျိုးခိုင်က အံ့သြသွား၏။ "ဘာလို့ အရမ်းမြန်တာလဲ။ ကျွန်တော်အရင်တုန်းကတောင် မကြားမိပါလား။”
"ဇာတ်လမ်းအစကနေ အဆုံးထိရောက်ဖို့ တစ်လပဲကြာလိုက်တယ်။ နင် မကြားမိတာ ဖြစ်သင့်ပါတယ်" လင်းချင်းဟယ်က ပြောလိုက်၏။ ထို့နောက် သူ့ကိုမေးလိုက်ပါသည်။ "နင်နဲ့ မေ့ကျားကော ဘယ်တော့ ပြန်လာမလဲ။”
"နှစ်ကုန်လောက်ပေါ့" ကျိုးခိုင်က ပြန်ဖြေလိုက်ပါသည်။
လင်းချင်းဟယ် သိပြီးသား ဖြစ်ပါသည်။ နှစ်ကုန်ပိုင်း အားလပ်ရက်ရမှာ ပြန်လာပြီး လက်ထပ်နိုင်တော့မည့် ပုံပင်။