အခန်း(၆၇၂) သားကြီးရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ခြင်း
Vol. 48 Ch. 672
အခန်း(၆၇၂) သားကြီးရဲ့ မင်္ဂလာပွဲအတွက် ပြင်ဆင်ခြင်း
သူ့သမီး၏ စကားကိုကြားလိုက်ရသောအခါ အကြီးဆုံးမရီးက စိတ်အေးသွားပါသည်။ ထို့နောက် ရွှင်ပျစွာဖြင့် ပြောလိုက်သည်။ "နင့်ယောက္ခမက ငါ့ကို ဖုန်းဆက်ပြီး လောင်တနဲ့ နင့်အငယ်ဆုံး ယောက်မလေးရဲ့ ဒီနှစ်မင်္ဂလာပွဲကို တက်ဖို့ပြောနေတယ်။”
"ဒါဆိုလည်း အဖေနဲ့ အမေတို့လာခဲ့ကြပေါ့။ ယန်ယန်နဲ့ ဝမ်ဝမ်တို့ကိုပါ ခေါ်ခဲ့။ စတုတ္ထဒေါ်လေးတို့ အိမ်က အရမ်းကျယ်တယ်။ လာရင် အဲ့မှာ တည်းလို့ရတယ်" ကျိုးစစ်နီက ပြောပြလိုက်၏။
"နင့်အဖေကို ပြောပြီးပါပြီ။ နင့်အဖေက အချိန်ကျမှ စောင့်ကြည့်ကြမယ်တဲ့" အကြီးဆုံးမရီးက ပြုံးကာ ပြန်ပြောလိုက်ပါသည်။
"ဘာစဥ်းစားစရာ လိုသေးလို့လဲ။ အကြီးဆုံးခဲအိုကို အဲ့ကျရင် အိမ်စောင့်ခိုင်းထားလိုက်ပေါ့။ ပြဿနာမရှိဘူးလေ။ ဒီမှာ နှစ်သစ်ကူး ကုန်ဆုံးရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ နေစရာနေရာ မရှိတာလည်း မဟုတ်ဘူး။ သမီးတို့မှာလည်း အခန်းရှိပါတယ်" ကျိုးစစ်နီက တိုက်တွန်းသည်။
သူမနှင့် ဝိန်ကော်တုန်းတို့က ဧည့်ခန်းတစ်ခန်း၊ အိပ်ခန်း နှစ်ခန်းပါသော အိမ်မှာနေသဖြင့် ကာပါသည်။
"ဟုတ်ပါပြီ။ နင့်အဖေနဲ့လာပြီး နင့်ကိုလည်းလာတွေ့မယ်" အကြီးဆုံးမရီးက ရွှင်ပျစွာဖြင့် ပြောလိုက်ပါသည်။
သားအမိနှစ်ယောက်သား ခဏလောက် စကားပြောပြီး ဖုန်းချလိုက်ကြပါသည်။
အချိန်တွေကုန်တာ မြန်လွန်းလှပါသည်။ အထူးသဖြင့် နှစ်ကုန်ခါနီးတွင် ဖြစ်သည်။ လက်မှတ်များက ဝယ်ဖို့ မလွယ်တော့ပေ။ သူတို့ လာချင်ပါက လက်မှတ်များ ကြိုဖြတ်ထားဖို့ လိုအပ်ပါသည်။
အကြီးဆုံးမရီးတို့ လင်မယားနှင့် သားနှစ်ယောက်တို့က အချိန်ကျပါက လာဖို့ ပြင်ထားပါသည်။ ကျိုးတာ့နီတို့အိမ်ကို သူမ အလည်သွားခဲ့၏။
ကျိုးတာ့နီကိုပါ လိုက်ခဲ့ချင်လား သွားမေးခြင်း ဖြစ်သည်။
ကျိုးတာ့နီက အနည်းငယ် စဥ်းစားလိုက်သည်။ သူမ၏ ညီမလေးနှစ်ယောက်စလုံးက မြို့တော်မှာ အိမ်ထောင်ကျခဲ့သည်။ သူမကတော့ မြို့တော် မရောက်ဖူးသေးပါ။
လောင်တ၏ မင်္ဂလာပွဲကြောင့် ရှားပါးအခွင့်အရေးတစ်ခု ဖြစ်တည်လာခဲ့သည်။ သူမ မြို့တော်သို့ တကယ်သွားလည်ချင်ပါသည်။
"သွားချင်ရင် လိုက်သွားလေ။ ကို အိမ်က ကိစ္စတွေ ကြည့်ထားလို့ရပါတယ်" သူမယောက်ျားက သူမကို ပြောလိုက်ပါသည်။
ကျိုးတာ့နီသာ သူမနှင့် လိုက်ချင်ပါက အကြီးဆုံးမရီး၏ အိမ်ကို ကြည့်ပေးဖို့ လူမရှိတော့ပါ။ ထို့ကြောင့် ဒုတိယအစ်ကိုကို အကူအညီသွားတောင်းပါသည်။
ဒုတိယအစ်ကိုကတော့ သွားဖို့ မစဥ်းစားထားပါ။ အချိန်ကျပါက လက်ဖွဲ့ငွေတချို့ပေးလိုက်ဖို့သာ စဥ်စားထား၏။ ဒီလိုဆို အကြီးဆုံးမရီးက အားနာနာဖြင့် သူမတို့ အိမ်ကို ခဏစောင့်ကြည့်ခိုင်းရပါမည်။
ဒုတိယအစ်ကိုက သဘောတူလိုက်ပြီး သူမနှင့် သူ့အစ်ကိုကြီးတို့ မြို့တော်ကို စိတ်ချလက်ချ သွားကြဖို့ မှာလိုက်ပါသည်။ သူတို့အိမ်ကို သူတာဝန်ယူပေးပါမည်။
အကြီးဆုံးမရီးက တတိယအစ်ကိုနှင့် တခြားသူတွေကိုလည်း အကြောင်းကြားခဲ့ပါသည်။ တတိယမရီးက လိုက်ဖို့ စီစဥ်ထားသည်။ တတိယအစ်ကိုကတော့ ကလေးများနဲ့ ဆိုင်ကြည့်ဖို့ နေခဲ့မည်။
တတိယမောင်လေးလင်းကိုလည်း တတိယအစ်ကိုက အကြောင်းကြား၏။
တတိယမောင်လေးလင်းက အခု အလုပ်အရမ်းများနေပါသည်။
ဆိုင် ၂ ဆိုင်ပိုင်ထားသဖြင့်နေ့တိုင်းလိုလို ထရပ်ကားဖြင့် ပစ္စည်းများကို ဝယ်ယူသယ်ဆောင်ရသည်။ သို့သော်လည်း လက်ထပ်တော့မှာ သူ့တတိယအစ်မ၏ သားဖြစ်သဖြင့် သူလည်း တက်ရောက်ချင်ပါသည်။
ထို့အပြင် သူ့မိန်းမက အစွမ်းအစရှိသော လူ ဖြစ်ပါသည်။ မိသားစုကို ထိန်းကျောင်းနိုင်ပါသည်။ ပစ္စည်းများကို ကြိုတင်ယူထားပေးဖို့သာ လိုအပ်သည်။
သူ့မိန်းမကို ဆိုင်ကြည့်ခိုင်းထားလိုက်မည်ဖြစ်သည်။ သူကတော့ အကြီးဆုံးအစ်ကိုတို့နှင့် လိုက်သွားဖို့ စီစဥ်လိုက်ပါသည်။
ကောင်တီမြို့တွင် ရှိနေသည့် ကျိုးရှားလည်း သတင်းရပါသည်။
ဒုတိယမရီးက ထိုနေရာတွင် ရှိနေပါသည်။ အဝတ်အစား လျှော်ဖွပ်ဖို့နှင့် ချက်ပြုတ်ဖို့ လာရောက်ကူညီပေးနေခြင်း ဖြစ်၏။
တတိယအစ်ကို လာအကြောင်းကြားပြီး ပြန်သွားပါသည်။ ဒုတိယမရီးက ပြောလိုက်၏။ "သွားဖို့ ဘာလိုလို့လဲ။ နင်လက်ထပ်တုန်းက သူတို့တစ်ယောက်မှ ပြန်လာကြတာ မဟုတ်ဘူး။”
"အမေ ကျွန်တော်လက်ထပ်တုန်းက သူတို့မှာ အချိန်မရှိလို့လေ။ သူတို့ ပြန်မလာတာ ပုံမှန်ပဲ မဟုတ်ဘူးလား။” ကျိုးရှားက ပြောလိုက်ပါသည်။ သူတို့လူကိုယ်တိုင် ပြန်မလာသော်လည်း လက်ဖွဲ့ငွေ အများကြီး ပေးခဲ့ပါသည်။
"အဲ့တာ မြို့က အမျိုးလေ။ ကျိုးရှားကို သူတို့နဲ့ များများ အဆက်အဆံလုပ်ပါစေလား။ မိသားစုနှစ်ခုအကြားက ဆက်ဆံရေးကို ပျက်စီးစေချင်လို့လား" မာမြောင်မြောင်က ပြန်လည် ချေပလိုက်သည်။
အရင်တုန်းက စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က မြို့မှာရှိကြကြောင်း မာမြောင်မြောင် မသိခဲ့ပါ။ နောက်တော့ သိသွားပြီး သူမ၏ သဘောထားလည်း ပြောင်းလဲသွားပါသည်။
သူမ မိသားစုက ကောင်တီမြို့မှာ နေကြသည်။ သူတို့ကလည်း မြို့သားများဖြစ်ကြသည်ဟု ဆိုနိုင်ပါသည်။ သို့သော်လည်း သူ့အမျိုးများက မြို့ကြီးပြကြီးမှ ဖြစ်ကြ၏။ တခြားသူတွေနဲ့ ဂုဏ်ချင်း ဘယ်လိုယှဥ်ပြိုင်လို့ရမည်နည်း။
မာမြောင်မြောင်က စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ကို ရှိန်သော်လည်း သူမ၏ ယောက္ခမကိုတော့ သူမ မျက်လုံးထဲ ဘဝင်မကျပါ။
ဒုတိယမရီးက အားပျော့စွာ ပြောလိုက်သည်။ "မြောင်မြောင် သမီးမသိပါဘူး။ သူတို့က အမေတို့ မိသားစုကို လုံးဝ မထောက်ပံ့ဘူး။ သူတို့ အမြဲတမ်း အမေတို့ မိသားစုကို အထင်သေးနေခဲ့တာ။”
"အမေ မဟုတ်တာတွေ ပြောနေပြန်ပါပြီ။ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က ကျွန်တော်တို့ မိသားစုကို ဘယ်လိုအထင်သေးရမှာလဲ" ကျိုးရှားက မျက်မှောင်ကြုတ်လိုက်ပါသည်။
အစပိုင်းမှာ သူက ပရိဘောဂစက်ရုံထဲ အလုပ်သင်အဖြစ် ဝင်ရောက်နိုင်ခဲ့ပြီး အခု အလုပ်တည်မြဲနေခြင်းမှ သူ့စတုတ္ထဦးလေး၏ အဆက်အသွယ်ကောင်းမှုကြောင့် ဖြစ်ပါသည်။ သူက အသား ၂ ကျင်းတောင် လက်ဆောင်ပေးခဲ့သည်ဟု ဆိုသည်။
အခုခေတ်မှာတော့ သိပ်ပြီးမရှားတော့ပါ။ ပိုက်ဆံရှိရင် ဝယ်နိုင်ပါသည်။ သို့သော်လည်း အရင်တုန်းက အသား ၂ ကျင်းမှာ ဘယ်လောက်တောင် ရှားပါးလိုက်သလဲ။ ပိုက်ဆံရှိရင်တောင် ဝယ်လို့ မရနိုင်လောက်ပေ။
သူ့စတုတ္ထဦးလေးက သူ့အတွက် အဆက်အသွယ် ချိတ်ပေးခဲ့ပြီး သူ့မိဘတွေကိုကော သူ့ကိုကော လုံးဝ မပြောခဲ့ပါ။ သူ့ယောက္ခမ နောက်ပိုင်း ပြောပြမှ သူ သိခဲ့ရပါသည်။
ဒါက သူ့အမေပြောသလို သူတို့မိသားစုကို အထင်သေးတာလား။
ထို့အပြင် သူ့အစ်မ ကျိုးစန်းနီလည်း ရှိနေပါသေးသည်။
ယခု သူ့အစ်မက သူ့ယောက်ဖနဲ့ တူလေးနဲ့ မြို့တော်မှာ အတူတူနေနေကြပါပြီ။ သူတို့ကို နေထိုင်ဖို့ ခေါ်ခဲ့တာ စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့သာ ဖြစ်သည်။
ဒါကကော စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့ သူတို့မိသားစုကို အထင်သေးတာပဲလား။ ကျိုးရှား သူ့အမေ ဘာကြောင့် ဒီလိုတွေးသလဲ နားမလည်နိုင်တော့ပါ။
မာမြောင်မြောင်ကလည်း သူမ၏ယောက္ခမကို ကြည့်လိုက်ပါသည်။
ဒုတိယမရီးက ပြောလိုက်၏။ "အဲ့တုန်းက ဘာတွေဖြစ်ခဲ့လဲ နင်မသိတာလည်း မဟုတ်ဘဲနဲ့။ နင့်ဒုတိယအစ်မက မြို့တော်ကို တစ်ယောက်တည်း ထွက်သွားတာ။ အဲ့တုန်းက အရမ်းငယ်ပြီး အဲ့ကိုတောင် ရောက်အောင် သွားနိုင်ခဲ့တယ်။ နင့်စတုတ္ထဒေါ်လေးက ညတွင်းချင်းပဲ လောင်တာ့နဲ့ သူ့ကိုပြန်လိုက်ပို့ခိုင်းလိုက်တယ်။ တစ်ညလေးတောင် နေခွင့်မပေးဘူး။”
အခုချိန်ထိ ထိုကိစ္စအကြောင်းကို စဥ်းစားလိုက်တိုင်း သူမ စိတ်တိုနေဆဲ ဖြစ်၏။ သူမ မျက်နှာ လုံးဝ မထောက်ခဲ့ပါ။
ဘယ်လိုလုပ် ဒီလိုလုပ်နိုင်ရတာလဲ။ ထိုအချိန်တုန်းက အာ့နီ၊ ရှုရှန့်မိန်တို့ကို မြို့တော်သို့ခေါ်သွားခဲ့သည်။ သို့သော်လည်း လျို့နီ ရောက်လာသောအခါ ချက်ချင်း ပြန်ပို့လိုက်၏။ ဒါ သူမကို အရှက်ခွဲတာနဲ့ အတူတူပဲ ဖြစ်ပါသည်။
ကျိုးလျို့နီက ကျိုးရှားထက် အသက်ကြီးသည်။ သူမ၏ ဒုတိယအစ်မ ဖြစ်ပါသည်။
ကျိုးရှားက သူ့အမေ ဒီအကြောင်းကို တွေးနေဆဲဆိုတာကိုသိလိုက်ရသောအခါ ကျိုးရှား ဘာမှ ဆက်မပြောတော့ပါ။
မာမြောင်မြောင်က ကျိုးလျို့နီနဲ့ ရန်ငြှိုးကြီးကြီး ရှိပါသည်။ သူမ၏ သားဦးလည်း ကျိုးလျို့နီ တွန်းထုတ်မှုကြောင့် ပျက်ကျသွားခဲ့ရခြင်း ဖြစ်သည်။
ကျိုးလျို့နီမှာ ဘယ်လိုစရိုက်မျိုးရှိလဲဆိုတာ သူမ သိပါသည်။ ထို့ကြောင့် သူမ တဲ့တိုးပြောလိုက်၏။ "ရှင့်သမီးကို အဲ့လောက်ချစ်နေရင် သူ့ဆီ သွားနေလိုက်လေ။ ကျွန်မအိမ်ကိုလာပြီး မျက်စိစပါးမွှေးဆူးအောင် လာမနေနဲ့။ သူ့အကြောင်းကြားရင် ကျွန်မစိတ်ရှုပ်တယ်။”
ပြောစရာမလိုအောင် ဒုတိယမရီးက မသွားချင်ပါ။ မြို့တော်မှာ နေရတာ ဘယ်လောက်တောင် ကောင်းလိုက်သလဲ။ သူမ ရွာကိုပြန်သောအခါ မျက်နှာထပ်ပျက်ရမည်ဖြစ်သည်။ သူမ ပြန်သွားချင်ပါဦးမလား။
"ဒါဆို ရှားရှား နင် အဲ့ကိုသွားဖို့ စီစဥ်ထားတယ်ပေါ့" ဒုတိယမရီးက စကားလမ်းကြောင်း လွှဲလိုက်ပါသည်။။
"ကျွန်မလည်း သွားချင်တယ်။။ ကျွန်မ မြို့တော်ကို မရောက်ဖူးသေးဘူး" မာမြောင်မြောင်က ကျိုးရှားကို ပြောလိုက်ပါသည်။
ကျိုးရှားက ခေါင်းငြိမ့်လိုက်သည်။ ထိုအချိန်ကျလျှင် သူလည်း အားလပ်ရက်ရသဖြင့် အတူတူသွားလို့ကောင်းပါသည်။
ကလေးကိုတော့ ခေါ်လာမှာ မဟုတ်ပေ။ ခရီးအသွားအပြန်က ခက်ခဲသည်။ ထို့ကြောင့် ကလေးကို ဒုတိယမရီးနဲ့သာ ထားခဲ့တာ ပိုကောင်းပါသည်။
ဒီလိုနဲ့ အစီအစဥ်ကို အတည်ပြုလိုက်ကြပါသည်။ အကြီးဆုံးအစ်ကိုတို့မိသားစု၊ တတိယမရီး၊ တတိယမောင်လေးလင်း၊ ဟူကျစ်နဲ့ ကန်းကျစ်တို့အမေ ဒုတိယအစ်မနဲ့ ကျိုးရှားတို့ လင်မယားဖြစ်၏။
လာမည့်လူစာရင်းကို ရသောအခါ တတိယမရီးက လင်းချင်းဟယ်ကို ဖုန်းဆက်လိုက်ပါသည်။
လင်းချင်းဟယ်က ပျော်ရွှင်သွားပြီး ပြုံးလိုက်ပါသည်။ "ကျွန်မ ရှင်တို့ရဲ့ ခရီးစရိတ်ကို ရှင်းပေးပါ့မယ်။ မြို့တော်မှာနေတုန်း နေစရိတ် အဝတ်အစားစရိတ်တွေကိုပါ တာဝန်ယူပေးမယ်။ လာသာ လာခဲ့။”
တတိယမရီးက ပျော်ရွှင်စွာ ပြန်ပြောလိုက်ပါသည်။ "ငါတို့ အများကြီးလာရင် အိမ်သေးသေးလေးသာဆို ကာလောက်မှာ မဟုတ်ဘူး။”
သူမနဲ့ တတိယအစ်ကိုတို့က ၂ ရက်လောက် နေမည်။ သူတို့ လျှောက်လည်ကြမည်။ ထိုအိမ်ကြီးက မြေရှင်သခင်ကြီးများနေထိုင်သော အိမ်ကြီးများနဲ့ တူပါသည်။ အခန်းများစွာပါဝင်ပြီး ကျယ်ဝန်းလှသည်။
"ရှင်တို့အတွက် သီးသန့်ချန်ထားပေးတာ။ အချိန်ရရင် လာလည်ချင်တဲ့အချိန်တိုင်း လာလည်လေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
ဖုန်းချပြီးနောက် မကြာခင် ယောက္ခမဖြစ်တော့မည့် လင်းချင်းဟယ်တစ်ယောက် ပြင်ဆင်မှုများ စတင်ခဲ့တော့သည်။