အခန်း(၆၇၆) အားလုံးရောက်လာပြီ
Vol. 49 Ch. 676
အခန်း(၆၇၆) အားလုံးရောက်လာပြီ
သားငယ်က ရွှယ်မိန်လီတို့ကို အိမ်ကိုခေါ်လာပါသည်။ လင်းချင်းဟယ်က မေးလိုက်၏။ "ရှောင်ယွီက ဘာလို့ လိုက်မလာတာလဲ။”
"အဲ့ကောင်မလေးက မနေ့တစ်နေ့က နေမကောင်းဖြစ်လို့။ မနေ့ကမှ ပြန်သက်သာသွားတာ။ သူ့အဘိုးအဘွားတွေဆီ ပို့ထားလိုက်တယ်။ သူ လာချင်ပေမယ့် ကျွန်မ မလိုက်ခိုင်းဘူးလေ" ရွှယ်မိန်လီက ရွှင်ပျစွာပြောလိုက်ပါသည်။
ဘေးမှာရှိနေသည့် ကျန်းကမ်းက ချက်ချင်း မိတ်ဆက်ပေးလိုက်ပါသည်။ "အမေ ဒါက အကြီးဆုံး အစ်ကိုလေ"
ကျိုးခိုင်က ရွှယ်မိန်လီကို ပြုံးပြလိုက်ပြီး ဒေါ်လေးရွှယ်ဟု ခေါ်လိုက်ပါသည်။
ဒါ ကျိုးခိုင်ကို ရွှယ်မိန်လီ ပထမဆုံး မြင်ဖူးခြင်း ဖြစ်ပါသည်။ သူမ တကယ်ပဲ အားကျမိပြီး ပြောလိုက်၏။ "နင့်အမေက တကယ် အစွမ်းအစရှိတယ်။ သားတွေအကုန်လုံးကို ပါရမီရှင်တွေ ဖြစ်လာအောင် လေ့ကျင့်ပေးနိုင်ခဲ့တယ်။”
"ဒါဆို ရှောင်ကမ်းကလည်း ပါရမီရှင်တစ်ယောက်ပါ" လင်းချင်းဟယ်က ရွှင်ပျစွာ ပြန်ပြောလိုက်ပါသည်။
"ကျွန်တော့် ခေါင်းကိုင်အမေက ကျွန်တော့်ကို လေးစားမှုရှိတယ်။ ကျွန်တော့်အမေက ကျွန်တော့်ကို ရိုက်နေတာချည်းပဲ" ကျန်းကမ်းက စိတ်ပျက်လက်ပျက် ပြောလိုက်ပါသည်။
"နင်က ရိုက်မှတန်တာ။” ရွှယ်မိန်လီက ရွှင်ပျစွာ ဆူလိုက်ပါသည်။ ထို့နောက် ကျိုးဝူနီဘက်ကို လှည့်ကာ သူမပြောလိုက်သည်။ "နင့်စတုတ္ထဒေါ်လေးကို သတင်းကောင်း ပြောပြီးသွားပြီလား။"
"သတင်းကောင်းဟုတ်လား" လင်းချင်းဟယ်က ကျိုးဝူနီကို ကြည့်လိုက်ပါသည်။
ကျိုးဝူနီက ရှက်သွားပြီး ပြောလိုက်သည်။ "မနေ့တစ်နေ့တုန်းက နေမကောင်းလို့ ဆေးရုံမှာ ဆေးသွားစစ်လိုက်တယ်။ ဆရာဝန်က သမီး ကိုယ်ဝန်ရှိတာ ၁ လလောက်ရှိပြီတဲ့။”
သူမ နွေရာသီ လက်ထပ်ပြီးကတည်းက ၆ လလောက် ကြာပါပြီ။ သူမ ကလေးကို ဒီလောက် စောစော ယူဖို့ အစီအစဥ် မရှိခဲ့ပါ။
ကျန်းဟန်နဲ့လည်း သူမ တိုင်ပင်ပြီးကာ နောက်မှ ပြောပြဖို့ စီစဥ်ထားသည်။ ဘာပဲဖြစ်ဖြစ် သူမက စာသင်ရပြီး ကျန်းဟန်က လက်ဖက်ရည်ရောင်းရဖို့ အာရုံစိုက်ထားရ၏။ သူတို့ အလွန်အလုပ်များကြသဖြင့် အချိန်ပို မရှိကြပေ။
သူတို့ နှစ်ဝက်လောက်ထိကြာတာတောင် ကိုယ်ဝန်မရသေးသဖြင့် တတိယမရီးက ဖုန်းခဏခဏဆက်ပါသည်။ သူမကို ကလေး စောစောမွေးစေချင်၏။ ဘာလို့ နောက်ကျမှ ကလေးယူမှာလဲ။
သို့သော်လည်း ကျိုးဝူနီက အတည်မယူပေ။ သို့သော်လည်း မျှော်လင့်မထားတာ ဖြစ်ခဲ့ပါသည်။ အရင်လတုန်းက အကာအကွယ် ကုန်သွားသဖြင့် တစ်ကြိမ်တစ်ခါသာ ဖြစ်ခဲ့သည်။ နောက်တစ်နေ့ သူတို့ ဆေးရုံမှာ ယူခဲ့ပါသည်။
သို့သော်လည်း ကံကောင်းပြီး ကိုယ်ဝန်ရသွားခဲ့၏။
"မိသားစုထဲမှာ ပျော်စရာ နှစ်ဆတိုးသွားတာပေါ့" လင်းချင်းဟယ်က ပျော်ရွှင်စွာ ချက်ချင်း ပြောလိုက်ပါသည်။”
"ကလေးမွေးရင် သမီး ဘယ်လိုထိန်းရမလဲ မသိဘူး" ကျိုးဝူနီက သူမ စိတ်ပူတာကို ပြောပြပါသည်။
သူတို့နှစ်ယောက်က အလုပ်များကြသည်။ အားလပ်ရက် ဘယ်လောက်များများ ယူနိုင်မှာလဲ။
ယခု သူမက ကိုယ်ဝန်ရှိနေသည်။ အချိန်ကို တွက်ကြည့်လိုက်ပါက နောက်နှစ် စက်တင်ဘာ သို့မဟုတ် အောက်တိုဘာလတွင်ဖြစ်လောက်ပါသည်။ ထိုအချိန်ကျလျှင် သေချာပေါက် စာသင်လို့မရနိုင်တော့ပါ။
"နောက်နှစ် ဗိုက်က သေးသေးရင် အလုပ် ဆက်လုပ်လို့ရတယ်။ နွေရာသီအားလပ်ရက် ရောက်ရင် ဗိုက်က ပိုကြီးလာမှာ။ စာသင်နှစ် တစ်ခုလောက်တော့ အနားယူရမယ်။ နောက်နှစ် ကျောင်းပြန်ဖွင့်ပြီး ကလေးက မငယ်တော့ရင် နင့်ယောက္ခမကို ထိန်းခိုင်းလိုက်။ ဒါမှမဟုတ် အဘိုးအဘွားတို့ကို အပ်ခဲ့လိုက်ပေါ့" ရွှယ်မိန်လီက အကြံပေးလိုက်ပါသည်။
"သမီးအဘိုးအဘွားတွေက အသက်ကြီးနေပါပြီ' ကျိုးဝူနီက တွန့်ဆုတ်နေ၏။
"အဲ့လောက်အသက်မကြီးသေးပါဘူး။ ကလေးတွန်းလှည်းလေးတစ်ခုဝယ်လိုက်ပေါ့။ သူတို့ မကြာခဏ တွန်းပေးရင် ရပြီ။ အဲ့လောက်ကြီး မခက်ခဲပါဘူး။ သူတို့ပင်ပန်းရင် ငါ့အိမ်ခေါ်လာခဲ့လို့ရတာပဲ။ ငါကူထိန်းပေးပါ့မယ်" ရွှယ်မိန်လီက အာမခံလိုက်ပါသည်။
ကျိုးဝူနီမှာ ယောက္ခမတစ်ယောက်တော့ ရှိပါသည်။ သို့သော် သူတို့အိမ်နဲ့ ဝေးရုံတင်မကသေးဘဲ ထိုအိမ်မှာလည်း လူတွေများသည်။ ထို့ကြောင့် ရွှယ်မိန်လီတို့ဘက်မှာ ထားခဲ့တာ ပိုကောင်းပါသည်။
"ကျေးဇူးတင်ပါတယ် ဒုတိယဒေါ်လေး" ကျိုးဝူနီက ပြုံးလိုက်သည်။
ရွှယ်မိန်လီကလည်း ရွှင်ပျစွာ ပြုံးလိုက်ပါသည်။ "အိမ်မှာ ငါလည်း လုပ်စရာ ဘာမှ မရှိဘူးလေ။ ရှောင်ကမ်းက ဒီမှာ စာလာသင်နေတယ်။။ ရှောင်ယွီကလည်း ကျောင်းသွားရတယ်။ ငါအချိန်ဖြုန်းလို့ရအောင် နင်မွေးပေးတာ ကောင်းတာပေါ့။”
"ကလေးထိန်းဖို့ဆိုတာ မလွယ်ဘူး။ ဒီကလေးနှစ်ယောက်ကို ကူညီပေးတယ်ဆိုတော့ ရှင့်စေတနာကို ကျွန်မ မှတ်ထားပါ့မယ်" လင်းချင်းဟယ်က ပြောလိုက်သည်။
ရွှယ်မိန်လီက ပြုံးလိုက်သည်။ "ဘာမှတ်ထားစရာလိုလို့လဲ။ သူတို့အားလုံးက ကျန့်မိသားစုရဲ့ ကလေးတွေပဲကို။ ကျွန်မလည်း ဒုတိယဘွားဘွားဖြစ်လာတော့မယ်။”
သို့သော်လည်း ဒီကျေးဇူးကိုတော့ မှတ်ထားရပါမည်။
နေ့လည်ခင်းတွင် အကြီးဆုံးအစ်ကို၊ အကြီးဆုံးမရီးတို့ အုပ်စု ရောက်လာကြပါသည်။ ၂ နာရီ ထိုးသည့်အထိ ဖုန်းမဆက်ကြသေးသောအခါ ရောက်ခါနီးပြီဟု လင်းချင်းဟယ် ခန့်မှန်းမိပါသည်။ ရထားက အနည်းငယ်သာ ရှိသည်။ လူကများပါသည်။ ထို့ကြောင့် သားငယ်နဲ့ ကောင်လေးများကို စုစုပေါင်း ကားသုံးစီးဖြင့် လွှတ်လိုက်ပါသည်။
နာရီဝက်လောက် စောင့်နေပြီးသောအခါ သူတို့ ရောက်လာကြပါသည်။
အင်အားအလုံးအဝရင်းဖြင့် ရောက်လာကြပြီး အားလုံးကို အိမ်ခြံဝန်းကြီးဆီသို့ ခေါ်လာခဲ့ပါသည်။ အိမ်ခြံဝန်းကြီးတစ်ခုလုံး ရုတ်တရက်ကြီး စည်ကားလာခဲ့သည်။
လင်းချင်းဟယ် သူတို့အုပ်စုကို မြင်ပြီးသောအခါ ရွာအုပ်ချုပ်ရေးမှူးတို့အိမ်ကို ဖုန်းဆက်ပြီး ကျိုးတာ့နီ၏ ယောက်ျားကို သူတို့ အားလုံးရောက်ပြီဖြစ်ကြောင်း အကြောင်းကြားခိုင်းလိုက်ပါသည်။ ထို့နောက် တတိယအစ်ကိုကိုလည်း အသိပေးခိုင်းလိုက်သည်။
ပြီးခါမှ အဝေးကလာသည့် ဧည့်သည်များကို စတင်ဧည့်ခံကြလေသည်။
လူတွေ အများကြီး ရှိပါသည်။ အကြီးဆုံးအစ်ကိုနဲ့ အကြီးဆုံးမရီးတို့ကို ဝမ်ယွမ်တို့က သူတို့အိမ်မှာနေဖို့ ဖိတ်ထားသည်။ အခန်းများကို သန့်ရှင်းရေး လုပ်ထားတာ ကြာပါပြီ။
သားမက်၏ စေတနာကို ငြင်းဆန်ဖို့ ခက်သဖြင့် အကြီးဆုံးမရီးတို့ လင်မယား သူတို့အိမ်မှာ သွားနေဖို့ စီစဥ်လိုက်ပါသည်။
ကျန်သူများကတော့ ဒီအိမ်မှာပဲ နေကြလိမ့်မည်။
"စတုတ္ထဒေါ်လေး။ ဒါက သားတို့စာအုပ်ထဲမှာပါတဲ့ မြို့တော်က အိမ်ခြံဝန်းကြီးတွေဆိုတာလား" အကြီးဆုံးမရီး၏ အငယ်ဆုံးသားဖြစ်သည့် ကျိုးဝမ်က ဒီကို ပထမဆုံး ရောက်ဖူးတာဖြစ်ပြီး သူ့ဒေါ်လေး၏ ခြံဝန်းကြီးကို မြင်သောအခါ အံ့သြမှင်သက်သွားရပါသည်။
ဒီခြံကြီးက ကြီးလွန်းလှသည်။ အကုန်လုံးကို ပတ်ကြည့်ဖို့တောင် အချိန်အတော်လေးယူရ၏။
"ဒါက အိမ်ခြံဝန််းကြီးပဲပေါ့။ တစ်ယောက်တည်း လျှောက်ကြည့်လို့လည်း ရတယ်။” လင်းချင်းဟယ်က ပြုံးပြလိုက်ပါသည်။
"သား လမ်းပျောက်သွားမှာစိုးလို့" ကျိုးဝမ်က အမှန်တိုင်း ပြောလိုက်ပါသည်။
လင်းချင်းဟယ်က ရယ်မောလိုက်၏။ "မပျောက်ပါဘူး။ လမ်းက အဲ့လောက်မှ မရှုပ်တာ။”
"ဒီလောက် ခြံအကျယ်ကြီးကို ကြည့်လိုက်ရုံနဲ့တောင် လမ်းပျောက်မှာ ကြောက်မိတယ်" တတိယမောင်လေးလင်းကလည်း ပျော်ရွှင်စွာ ဝင်ပြောပါသည်။
ကောင်တီမြို့က သူ့အိမ်ကို မသေးဘူးဟု သူထင်ခဲ့မိသည်။ ယခု သူ့အစ်မ၏ ခြံဝန်းကြီးကို မြင်လိုက်ရမှ ခြံကျယ်ကြီးဆိုတာ ဘာကို ဆိုလိုမှန်း သိလိုက်ရပါသည်။ တကယ့်ကို ခမ်းနားလွန်းလှ၏။
လင်းရွှယ်က ထလိုက်ပြီး ပြောလိုက်သည်။ "လာလေ သမီးလိုက်ပြမယ် အဖေ။ သမီးက နေရာကျွမ်းပြီးသား။”
"သွားသွား" လင်းချင်းဟယ်က တိုက်တွန်းလိုက်၏။
တတိယမောင်လေးလင်းပဲမဟုတ်ဘဲ ကျိုးဝမ်၊ အကြီးဆုံးမရီးနဲ့၊ တခြားသူတွေပါ လိုက်လာပြီး လမ်းလျှောက်ကြပါသည်။ သူတို့ ဒီနှစ် အိမ်ပြောင်းတော့ မတွေ့ဖူးကြသေးပါ။
"ဒီခြံဝန်းကြီးလိုမျိုးသာ ငါတို့ကောင်တီမြို့မှာရှိရင် ပိုက်ဆံတွေ အများကြီး ပေးရမှာ။ ကြီးတော့လည်း ဒါက မြို့ကြီးပြကြီး ဖြစ်နေတယ်။ ၁၀၀,၀၀၀ အထက်လောက်တော့ရှိမှာပဲ ဟုတ်တယ်မလား" အကြီးဆုံးမရီးက လေ့လာဆန်းစစ်ရင် အံ့သြတကြီး ပြောလိုက်ပါသည်။
တတိယမောင်လေးလင်းက ဘာမှမပြောဘဲ ပြုံးသာ ပြုံးလိုက်ပါသည်။ သို့သော်လည်း ဒီလို ခြံဝန်းကြီးကို ယွမ် ၁၀၀,၀၀၀ လောက်နဲ့ ဝယ်နိုင်လိမ့်မည်ဟု သူ မထင်ပါ။ သူ့အိမ်ကိုပဲ နမူနာ ယူကြည့်ပါဦး။ လောလောဆယ် ယွမ် ၁၂,၀၀၀ - ၁၃,၀၀၀ လောက် မရှိဘဲ သူ ဝယ်နိုင်မှာ မဟုတ်လောက်ပါ။
မြို့တော်က ဒီလိုအိမ်ကြီးကြီးမျိုးဆိုရင်တော့ စကားထဲ ထည့်ပြောဖို့ မလိုတော့ပေ။
လမ်းပတ်လျှောက်ကြပြီးနောက် အိမ်ထဲပြန်လာကြသည်။ အပြင်ဘက်မှာ တကယ် ချမ်းပါသည်။
လင်းချင်းဟယ်က သူတို့အားလုံး လန်းဆန်းသွားအောင် ရေချိုးခိုင်းလိုက်ပါသည်။
သူတို့တစ်ယောက်ချင်းစီအတွက် အနွေးထည် ဘာညာတို့ကိုလည်း ပြင်ထားပေးသည်။ အထဲက အဝတ်အစားများကိုသာ လဲဖို့ လိုပါသည်။ ချမ်းအေးသည့်ရာသီတွင် ကျန်တာ ဘာမှ လဲဖို့ မလိုအပ်ပေ။
ဧရာမလူအုပ်ကြီး အားလုံး ရေချိုးအိမ်တွင် ရေသွားချိုးကြပါသည်။
တတိယမောင်လေးလင်းကတော့ အိမ်မှာပဲ ရေချိုး၏။ တကယ်တော့ သူ့အစ်မနဲ့ စကားပြောချင်လို့ ဖြစ်ပါသည်။ လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်၏။ "တတိယမရီးက နင် ဒီနှစ် ထရပ်ကားတစ်စီး ဝယ်လိုက်တယ်လို့ ပြောတယ်နော်။"
တတိယမောင်လေးလင်းက ပြုံးကာ ခေါင်းငြိမ့်လိုက်ပါသည်။ "ကျွန်တော့်မှာ စုဆောင်းထားတာလေးတွေ ရှိပြီး ဆိုင်နေရာကလည်း ကောင်းတယ်လေ။ ပြန်ရွှေ့ပြောင်းထားတာနဲ့ ကြုံတော့ ဝယ်လိုက်တာပါ။”
ထို့နောက် သူ ဆိုင် ၂ ဆိုင် ဖွင့်ခဲ့သည်။ ဆိုင် ၂ ဆိုင်အား ပစ္စည်းများ ပို့ဆောင်ဖို့ ယာဥ်ကို ပြောင်းလိုက်ရပါသည်။
ထို့ကြောင့် ကားမောင်းသင်ဖို့ ငွေသုံးခဲ့သည်။ ကားမောင်းလိုင်စင်ရပြီးနောက် ပြည်နယ်မြို့က ထရပ်ကားတစ်စီးဝယ်ပြီး ပြန်လာခဲ့ပါသည်။
ဒီလိုနဲ့ ဆိုင်တစ်ဆိုင် ထရပ်ကားတစ်စီး ဝယ်ဖြစ်ခဲ့သည်။ ဒီလိုနဲ့ပဲ အိမ်က စုဆောင်းငွေများ နည်းပါးသွားခဲ့ပါသည်။ ဆိုင်နှစ်ဆိုင်ကလည်း ဝင်ငွေကောင်းလှသည်။
ဒီဇင်ဘာလသို့ ရောက်သောအခါ အရောင်းပါးသော ရာသီ ဖြစ်၏။ ရောင်းအားက သာမန်သာ ရှိသည်။ ရောင်းစရာ ပစ္စည်းလည်း များများစားစား မရှိပါ။ လုပ်ငန်းများ အဆင်အပြေဆုံး နွေရာသီတွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်မျိုးစုံ စျေးကွက်ပေါ်ရှိနေပါသည်။ ထိုရာသီက တကယ့်ကို အထွက်နှုန်းပေါများသည့် ရာသီတစ်ခု ဖြစ်ပါသည်။