အခန်း(၆၇၇) သားကြီးက လက်ထပ်၊ သားလတ်က စေ့စပ်
Vol. 49 Ch. 677
အခန်း(၆၇၇) သားကြီးက လက်ထပ်၊ သားလတ်က စေ့စပ်
တတိယမောင်လေးလင်း၏ ဆိုင်နှစ်ဆိုင်မှာ အများဆုံး တစ်လကို ဝင်ငွေ ယွမ် ၄,၀၀၀ နဲ့ အထက် ရှိပါသည်။
ယွမ် ၂၀၀ လစာတောင် ရှားပါးသေးသည့် ခေတ်တွင် ယွမ် ၄,၀၀၀ ဆိုတာ ဘယ်လိုပမာဏမျိုးလဲ။
သို့သော်လည်း တတိယမောင်လေးလင်းကို ကြည့်လိုက်ရင် သူဌေးတစ်ယောက်လို့ ထင်ကြမှာ မဟုတ်ပါ။
အလွန်သာမန်ဆန်စွာ ဝတ်စားဆင်ယင်ထားပြီး အသားမည်းကာ ပိန်ပါးသည်။ ဆင်းရဲသည့် ကျေးလက်တောသားတစ်ယောက်လို့ ထင်ရပါသည်။
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "အိမ်မှာ ပိုက်ဆံရှိမှတောာ့ အိမ်တစ်လုံး ဒါမှမဟုတ် ဆိုင်တစ်ဆိုင်ဝယ်ထားတာ ကောင်းတာပေါ့။ အခု ထရပ်ကားတစ်စီးဝယ်ပြီးပြီဆိုတော့ ကူညီဖို့ တစ်ယောက်ယောက် ငှားလိုက်တော့လေ။”
တတိယမောင်လေးလင်းက ခေါင်းငြိမ့်လိုက်ပါသည်။ "သင့်တော်တာတွေ့ရင် ကျွန်တော် ထပ်ဝယ်လိုက်ပါ့မယ်။”
သူ့အစ်မကြီးပြောတာ ဘာမှ မမှားပေ။
လင်းချင်းဟယ်က သူ့အတွက် အဝတ်အစားတချို့ ယူပေးလိုက်ပြီး ရေချိုးခိုင်းလိုက်ပါသည်။ သူမ ကျိုးချင်းပိုင်ဘက်သို့ လှည့်သွားပါသည်။ "ကျွန်မ မောင်လေးက နောက်ပိုင်းကျရင် သေချာပေါက် ဖွံ့ဖြိုးတိုးတက်တော့မှာပဲ။"
ကျိုးချင်းပိုင်က ပြုံးကာ ပြန်ပြောလိုက််၏။ "သူက မင်းစကား နားထောင်တာကိုး။”
သူ့မိန်းမက သူ့မောင်ကို တကယ်ချစ်မြတ်နိုးပါသည်။ သူ့မောင်ကလည်း သူ့အစ်မပေးတဲ့ အကြံဉာဏ်များကို လိုက်နာပြီး ကျင့်သုံးပါသည်။ မြို့ကြီးပြကြီးမှာ လာမနေရင်တောင် ကောင်တီမြို့တွင် သူ့ဘဝက နောက်ပိုင်း အဆင်မပြေမှာ မစိုးရိမ်ရတော့ပေ။
ကျိုးခိုင်၏ မင်္ဂလာပွဲကို နောက်တစ်နေ့မှာ ကျင်းပခဲ့ကြပါသည်။
အားလုံး အိမ်ခြံဝန်းကြီးထဲတွင် စုစည်းခဲ့ကြသည်။ ရှုရှန့်ချမ်းတောင် ပါသည်။ ဖက်ထုပ်ဆိုင်ကို တစ်ရက် ပိတ်ထားလိုက်ပြီး သူတို့နဲ့ အတူတူ မင်္ဂလာပွဲမှာ လာသောက်ခြင်း ဖြစ်သည်။
မြင်ကွင်းက စည်းကားသိုက်မြိုက်လွန်းပါသည်။ မင်္ဂလာဧည့်ခံပွဲကြီးအား မနက်ခင်းကစပြီး နေ့လည်ပိုင်းအထိ ကျင်းပခဲ့သည်။ ထို့နောက်မှ သားကြီးနဲ့ ဝိန်မေ့ကျားတို့၏ မင်္ဂလာပွဲ နောက်ဆုံးတော့ ပြီးဆုံးသွားခဲ့ပါသည်။
ပစ္စည်းများကို လိုက်လံသန့်ရှင်းပြီး တခြားသူများကို ပြန်ပို့ပြီးနောက် ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့ စိတ်အေးလက်အေး သက်ပြင်းချလိုက်ပါသည်။
သို့သော်လည်း လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က ဧည့်သည်များကို ဧည့်ခံရကောင်းမှန်း သိသဖြင့် သူတို့ကို ရေပူစမ်းသို့ခေါ်သွားပါသည်။
ကျိုးခိုင်နဲ့ ဝိန်မေ့ကျားတို့သာ အိမ်မှာ ကျန်ခဲ့သည်။ ဝမ်းမိန််ကျားကို ကျိုးခိုင်က အခန်းထဲ ခေါ်သွားပါသည်။ သူနှစ်ပေါင်းများစွာ ဒီလိုအချိန်ကို စောင့်မျှော်ရင်း သည်းခံထားခဲ့ရသည်။ အခုတော့ သူ့မိန်းမကို တကယ်လက်ထပ်ပြီးပြီ ဖြစ်သောကြောင့် ထိန်းသိမ်းဖို့ လိုသေးလို့လား။
ဝိန်မေ့ကျား၏ မျက်နှာက ရှက်သွေးဖြာနေသော်လည်း သူမမှာလည်း မျှော်လင့်ချက်များ ရှိပါသည်။
အခန်းထဲက ညားခါစလင်မယားနှစ်ယောက်အကြောင်း မပြောတော့ဘဲ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ကတော့ ဧည့်သည်များကို ရေပူးစမ်းသို့ ခေါ်သွားပြီး ပြုစုနေကြပါသည်။ ထို့နောက် အပြင်ဘက်က စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာ အတူတူ စားသောက်ကြပြီးမှ ပြန်လာခဲ့ကြပါသည်။
အိမ်ပြန်ရောက်လာပြီး သားကြီးတို့ နားသွားကြပြီဟု ဒေါ်လေးကျောင်းနဲ့ အာ့တျယ်တို့ထံမှ ကြားရပြီးနောက် မနှောင့်ယှက်တော့ဘဲ ဧည့်ခန်းထဲမှာသာ တီဗီကြည့်နေလိုက်ကြပါသည်။
တတိယမောင်လေးလင်းက မနက်ဖြန်ပြန်ချင်သည်။
"စောလှချည်လား" ကျိုးကွေ့လိုင်က ပြောလိုက်၏။ "ဦးလေးကလည်း ဒီကို ရှားရှားပါးပါး လာရတာကို။ ပြီးတော့လည်း နှစ်ကုန်ပိုင်းလေ။ နှစ်သစ်ရောက်ရင်တော့ မခေါ်ထားပါဘူး။ ဒါပေမယ့် ရက်နည်းနည်းလောက်တော့ ထပ်နေသင့်တယ်။ ကျွန်တော် ဦးလေးကို လျှောက်လည်ဖို့ အပြင်ခေါ်မသွားရသေးဘူး။”
သူက မနေ့က နေ့လည်ခင်းရောက်လာတာဖြစ်ပြီး ဒီနေ့က မင်္ဂလာဆောင်နေ့ ဖြစ်သည်။ သူ့ကို အပြင်ခေါ်ပြီး လျှောက်မပြရသေးပါ။
"မနက်ဖြန် တစ်ရက်လောက် ဆက်နေပါဦး။ မနက်ဖြန်သန်ဘက်ခါကျမှ ပြန်လို့ရတယ်။ အကြီးဆုံးမရီးတို့ကတော့ နှစ်သစ်ကူးအထိ နေကြလိမ့်မယ်။ အာ့ရွှယ်လည်း နေဦး။ ပြီးမှ အကြီးဆုံးမရီးတို့နဲ့ ပြန်လိုက်သွားပေါ့" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
တတိယမောင်လေးလင်းက မကန့်ကွက်တော့ပါ။
ကျိုးဝူနီက တရုတ်နှစ်သစ်ကူးကို ဆင်နွှဲဖို့ ရှန်ဟိုင်းမြို့တော်သို့ ပြန်မည်ဖြစ်သောကြောင့် တတိယမရီးက တတိယမောင်လေးလင်းနဲ့ ပြန်ဖို့ စီစဥ်ထားသည်။
သူတို့သားအမိနှစ်ယောက် အခန်းထဲဝင်ပြီး စကားပြောခဲ့ကြပါသည်။ ယောက်ျားဖြစ်သူ၏ အိမ်တွင် ကျိုးဝူနီ၏ နေထိုင်မှုအတွက် စိတ်ပူသောကြောင့် ဖြစ်ပါသည်။
ကျိုးဝူနီက အာမခံလိုက်ပါသည်။ သူမ ယောက္ခမက သူမကို သိပ်ပြီး အကူအညီ မပေးသော်လည်း ပြဿနာတော့ လာမရှာပါ။ ကျန်းဟန်နဲ့ အတူတူ နေရသည့်ဘဝက အလွန်အေးချမ်းနေပါသည်။
နောက်တစ်နေ့ ကျိုးကွေ့လိုင်က သူ့ဦးလေးနဲ့ တခြားသူများကို မြို့တော်တစ်ပတ် ကားဖြင့် လိုက်ပို့ပါသည်။ တတိယနေ့တွင် တတိယမောင်လေးလင်း၊ ဒုတိယအစ်မနဲ့ တတိယမရီးတို့ အတူတူ ရထားဖြင့် ပြန်သွားကြပါသည်။
လင်းချင်းဟယ်က သူတို့နဲ့ ထည့်ပေးလိုက်ဖို့ လက်ဆောင်များစွာ ပြင်ဆင်ထားသည်။ အားလုံးက ကုန်ခြောက်ဆိုင်မှ ဖြစ်၏။ ခန္ဓာကိုယ်အားပြန်ဖြည့်ဖို့ ယူသွားရန် ပြောလိုက်ပါသည်။ မိသားစုတိုင်းအတွက် ဝေစုပါသည်။
ကျန်သူများကတော့ ဆက်နေခဲ့ကြ၏။ နှစ်သစ်ကူး ကုန်ဆုံးပြီးမှ ပြန်ကြဖို့ စီစဥ်ထားပါသည်။
ဒီနှစ် တရုတ်နှစ်သစ်ကူးမှာ အတော်လေး စည်ကားလှပါသည်။
လင်းချင်းဟယ်က မေ့ကျားကို သီးသန့်ခေါ်ပြီး အမြဲတမ်း သားကြီးကို အလိုမလိုက်ဖို့ ပြောပါသည်။
သူတို့လက်ထပ်ပြီးတာ ရက်သိပ်မကြာသေးပေ။ မေ့ကျား၏ မျက်ခုံးများနဲ့ မျက်လုံးများက ပင်ပန်းသည့် အရိပ်အယောင်များ ပြသနေပါပြီ။ ကြည့်လိုက်ရုံနဲ့ သူမ အိပ်ရေးပျက်တာ များမှန်း သိနိုင်ပါသည်။
ထို့ကြောင့် ဝိန်မေ့ကျား ရှက်သွားပါသည်။
သူမလည်း မတတ်နိုင်ပ။ သူမ၏ ယောက်ျားက သူမနဲ့ ၃ နှစ်လောက် စေ့စပ်ထားခဲ့ပြီး သူမကို မထိတွေ့ခဲ့ပါ။ ဒီနှစ် လက်ထပ်ပြီးချိန်မှာတော့ သူ တကယ်ပဲ အလျှော့မပေးတော့ပေ။
သူမလည်း ပျော်ရွှင်ပါသည်။
လက်ထပ်ပြီး ၃ ရက်မြောက်နေ့တွင် ဇနီးသည်၏ အိမ်ကို ပြန်ဖို့ အချိန်ကျပြီ ဖြစ်သည်။
အမေဝိန်က လင်မယားနှစ်ယောက်ကို ကြည့်လိုက်ပြီး သူမရင်ထဲက ပျော်ရွှင်မှုအတွက် ပြောစရာစကား မရှိတော့ပါ။ ပျော်ရွှင်စွာဖြင့် သူမသမီးကို အခန်းထဲခေါ်သွားလိုက်ပြီး သီးသန့်စကားပြောလိုက်ပါသည်။
သူတို့ကို ကလေးစောစောယူဖို့ တွန်းအားပေးခြင်း ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့ တွဲနေကြတာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ သူတို့ ငယ်တုန်းရွယ်တုန်း အချိန်ကို အခွင့်ကောင်းယူမှ ဖြစ်ပါမည်။ စောစောမွေးလျှင် စောစောအလုပ်ပြီးပါသည်။
ဝိန်မေ့ကျားက ဒီရက်ပိုင်းထဲ နေ့တိုင်း ကျိုးခိုင်၏ ကြိုးစားမှုကို ပြန်စဥ်းစားသောအခါ ရှက်သွားပါသည်။
ဒီမျက်နှာထားကို မြင်သောအခါ အမေဝိန် နားမလည်ဘဲ မနေပါ။ သူတို့အားလုံးက ကြုံဖူးပြီးသားလူများ ဖြစ်ပါသည်။ ထို့ကြောင့် အပျော်လွန်သွားပြီး ထပ်မပြောတော့ပါ။
သားကြီး၏ မင်္ဂလာကိစ္စများ ပြီးဆုံးသွားပါပြီ။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ လက်ဆောင်များ ဝယ်ယူပြီး ဟဲမိသားစုအိမ်ကို အလည်သွားခဲ့ပါသည်။
သားလတ်နဲ့ ဟဲမြန်မြန်တို့အကြားက ကိစ္စကို လာရောက်ဆွေးနွေးခြင်း ဖြစ်သည်။ သူတို့ စေ့စပ်ဖို့ အချိန်ရောက်ပါပြီ။ လက်ထပ်ဖို့ကိုတော့ အချိန်ယူလို့ရပါသည်။
ပြောစရာမလိုအောင် ဟဲမိသားစုကလည်း စောင့်နေတာ ကြာပါပြီ။ ယခု မိသားစု နှစ်စု သဘောထားခြင်း တိုက်ဆိုင်သဖြင့် စိတ်အေးသွားကြပါသည်။
ထို့ကြောင့် သူတို့ နေ့ကောင်းနေ့မြတ်တစ်ရက်ကို ရွေးလိုက်သည်။ အသေးစိတ်တွေကို သူတို့ မမှုပါ။ စေ့စပ်ပွဲကို ဒီနှစ်ဆောင်ရွက်ပါမည်။
ဒီလိုနဲ့ ကျိုးရွှမ်က ဟဲမိသားစု၏ တရားဝင် သားမက်လောင်း ဖြစ်လာခဲ့ပါသည်။ စေ့စပ်ထားခြင်းနှင့် မစေ့စပ်ထားခြင်းက လုံးဝ ခြားနား၏။ ယခု သူတို့စေ့စပ်ပြီးပြီဖြစ်သဖြင့် မိသားစုနှစ်စုအကြားက ဆက်ဆံရေး ပိုမိုလေးနက်လာခဲ့ပါသည်။
စေ့စပ်ဧည့်ခံပွဲကို အိမ်မှာ စီစဥ်တာမဟုတ်ပေ။ အပြင်ဘက် စားသောက်ဆိုင်တစ်ဆိုင်မှာ ကျင်းပခဲ့ပါသည်။ ဟဲမိသားစုက ဆွေမျိုးတချို့နဲ့ မိတ်ဆွေများကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့သည်။ ကျိုးမိသားစုလည်း တက်ရောက်ခဲ့ပါသည်။
ဟဲမြန်မြန်က မကြာသေးခင်ကမှ လက်ထပ်ထားသော အကြီးဆုံးအစ်ကို ကျိုးခိုင်အကြောင်းကို သူမမိသားစုအား ပြောပြခဲ့ပါသည်။
အမေဟဲက အဖေဟဲကို တိုးတိုးတိတ်တိတ် ချီးကျူးခန်း ဖွင့်ခဲ့ပါသည်။ သူက တကယ့်ကို ငယ်ရွယ်သည့် ပါရမီရှင်လေး ဖြစ်ကြောင်း၊ အနာဂတ်မှာ သေချာပေါက် အဆင်ပြေလာမှာဖြစ်ကြောင်း ပြောခဲ့သည်။
ကျိုးခိုင်ကို စေ့စပ်ဧည့်ခံပွဲမှာ တွေ့ခဲ့ရသည့် အဖေဟဲကလည်း မကန့်ကွက်ပေ။ သူ့စိတ်ထဲမှာတော့ ဒီမင်္ဂလာပွဲက အတော်လေး ကောင်းမွန်သည်ဟု ခံစားမိပါသည်။
အစက သူ့သမီးက ကျိုးရွှမ်ကို သဘောကျသဖြင့် အဖေဟဲက ကျိုးရွှမ်၏ အစွမ်းအစကို စောင့်ကြည့်နေခဲ့၏။ ကျိုးမိသားစုတို့ဘက်ကို သိပ်ပြီး မျှော်လင့်ချက် မထားခဲ့ပါ။
အရင်တုန်းကတည်းက မျှော်လင့်ချက် မထားခဲ့သောကြောင့်လား မသိ၊ ဒီတွေ့ဆုံပွဲအတွင်း အထင်ကြီးမှုများက နှစ်ဆတိုးသွားခဲ့သည်။ တကယ်ပဲ သူတို့က တော်လွန်းသည်ဟု ခံစားခဲ့ရပါသည်။
သူတို့အိမ်ကိုလည်း ရောက်ဖူးပါသည်။ သူ့မိသားစုတို့ အိမ်ထက် ပိုကောင်းပါသည်။ ကျိုးမိသားစု၏ ပိုင်ဆိုင်မှုက သူတို့ထက် မနည်းလောက်ပါ။ သူတို့သားက အစွမ်းအစရှိပြီး စိတ်အားထက်သန်မှု ရှိသည်။ အနာဂတ်တွင် ကျိုးမိသားစုက မြို့တော်၌ နေရာတစ်ခု ရလာပါလိမ့်မည်။
စေ့စပ်ပြီးနောက် မိသားစုနှစ်စုစလုံး ဝမ်းသာနေကြပါသည်။ သို့သော်လည်း ကျိုးရွှမ်က အနည်းငယ် စိတ်ဓာတ်ကျနေသည်။
အဘယ့်ကြောင့်ဆိုသော် သူ့ရဲ့ နူးညံ့သည့် အမျိုးသမီးက စေ့စပ်ပြီးနောက် ပိုပိုဆိုးလာခဲ့ပါသည်။ သူ တစ်ခါလောက် မထိန်းလိုက်နိုင်တာနဲ့ မင်္ဂလာဦးညကို စောစီးစွာ ဖြတ်သန်းခဲ့ကြရပါသည်။
ထို့ကြောင့် ကျိုးရွှမ်က အနည်းငယ် စိတ်ဆိုးနေသည်။ ဟဲမြန်မြန်ကတော့ အလွန်အမင်း ပျော်ရွှင်နေပါသည်။
ဒီကောင်မလေးက ဝိန်မေ့ကျားနဲ့ တခြားစီပင်။ သူမ၏ သံယောဇဥ်ကို လက်တွေ့အဖြစ် ပြောင်းလဲဖို့ စိတ်အားထက်သန်မှု ရှိသည်။ ယခု သူမနဲ့ ကျိုးရွှမ်တို့က စေ့စပ်ပြီးသားစုံတွဲ ဖြစ်သဖြင့် မင်္ဂလာဦးညကိစ္စရပ်တွေကို ကြိုတင်ဆောင်ရွက်ထားတာ ဘာမှ မဖြစ်ပါ။
အခုက ခေတ်သစ်ရောက်နေပြီဖြစ်သည်။ ရှေးတုန်းကလို မဟုတ်တော့ပေ။
အမှန်ပင်။ တခြားသူတွေကတော့ သူတို့နှစ်ယောက်ကိစ္စကို မသိကြသေးပါ။ သူတို့သာ သိသွားကြပါက အမေဟဲနဲ့ လင်းချင်းဟယ်တို့က ဟဲမြန်မြန်နဲ့ ကျိုးရွှမ်တို့ကို ကောင်းကောင်းဆုံးမလိမ့်မည်။
ကျိုးရွှမ်က ကျိုးရွှမ်ပဲဖြစ်သည်။ ယခု သူတို့ စေ့စပ်ပြီးကြပြီ။ သူမက သူ့အပိုင်ဖြစ်နေပြီဖြစ်သဖြင့် ဘာမှ မတုန့်ပြန်လို့ မရတော့ပါ။