အခန်း(၆၈၀) မေ့ကျား ကိုယ်ဝန််ရှိနေပြီ
Vol. 49 Ch. 680
အခန်း(၆၈၀) မေ့ကျား ကိုယ်ဝန််ရှိနေပြီ
ကျိုးရှောင်မိန်က ပြောလိုက်၏။ "အဲ့ကော်မာရှယ်အိမ်တွေက အဲ့လောက်ကောင်းလို့လား။”
လင်းချင်းဟယ်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်ပါသည်။ "သေချာပေါက် ဆိုးတော့ မဆိုးပါဘူး။ နင်တို့မိသားစု တစ်အိမ်လောက် ဝယ်ထားရင် ပါရဂူဘွဲ့ရကျောင်းသားကို ပျိုးထောင်ပေးထားသလိုပဲ။”
နောက်ပိုင်းမျိုးဆက်များ၏ ပါရဂူဘွဲ့ရကျောင်းသားများကတောင် မြို့တော်မှာ ကော်မာရှယ်အိမ်များကို တတ်နိုင်မှာ မဟုတ်ပါ။
ကျိုးရှောင်မိန် အံ့သြသွားပါသည်။ သူမ၏ စတုတ္ထယောက်မကိုကြည့်ကာ ပြောလိုက်သည်။ "စတုတ္ထယောက်မက ငါဝယ်သင့်တယ်ထင်လို့လား။”
"နင်တို့အိမ်က မသေးပါဘူး။ ကလေးတွေ အရွယ်ရောက်လာပြီး လက်ထပ်တဲ့အခါ နင်က နင့်ချွေးမတွေနဲ့ အတူတူ နေချင်ပေမယ့် နင့်ချွေးမတွေကတော့ နင်နဲ့ အတူတူ မနေချင်လောက်ဘူး" လင်းချင်းဟယ်က ပြုံးကာ ပြောပြလိုက်သည်။
ထို့ကြောင့်လည်း သူမနဲ့ ကျိုးချင်းပိုင်တို့ သူမသားနဲ့ ချွေးမကို အိမ်ပြောင်းရွှေ့ခ ယွမ် ၁၀၀,၀၀၀ ပေးခဲ့ခြင်း ဖြစ်သည်။ သူတို့ဖာသာ သူတို့ သီးသန့်နေထိုင်ချင်ပါက နေထိုင်နိုင်ပါသည်။ သူတို့ အိမ်မှာ လာနေချင်လည်း လာနေနိုင်သည်။ သူတို့အပေါ်မှာပဲ မူတည်ပါသည်။
"ငါတို့နဲ့ မနေချင်ဘူးပေါ့။ အင်းလေ ငါတို့လည်း ချွေးမတွေနဲ့ မနေချင်ပါဘူး။ သူတို့က အဆင်ပြေရင် ဘာမှ မဖြစ်ပေမယ့် သဘောထားသေးသိမ်တဲ့လူမျိုးနဲ့တွေ့ရင် ငါသေလိမ့်မယ်" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
"ဒါဆိုလည်း ချန်းချန်းနဲ့ ရွှမ်ရွှမ်ကို နောက်ပိုင်းကျရင် သေသေချာချာ လူကဲခတ်တတ်အောင် သင်ပေးပေါ့" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။ "ဘာပဲဖြစ်ဖြစ် သူတို့အတွက် ကော်မာရှယ်အိမ်နှစ်လုံးလောက် ပြင်ထားပေးလို့ရတယ်။ အဆင်ပြေရင် ထျန်ထျန်နဲ့ ယယ အတွက်ပါ ပြင်ထားပေးလိုက်ပေါ့။”
ကျိုးရှောင်မိန် သွေးအန်ချင်သွားပါသည်။ "ငါတို့ တစ်အိမ်တောင် မတတ်နိုင်တာကို လေးအိမ်ဆိုတော့ အမလေးလေး...”
"ဒီနှစ်စီးပွားရေးက ဘယ်လိုလဲ" လင်းချင်းဟယ်က မေးလိုက်ပါသည်။
"တာ့လင်းက လမ်းဘေးဆိုင် ပြန်ဖွင့်နေပြီ။ ဆိုင်ခန်းရဲ့ လုပ်ငန်းကလည်း တော်တော်လေး ကောင်းတယ်။ ဒါပေမယ့် ကုန်ကျစရိတ်တွေက များပါတယ်။ သူတို့ လေးယောက်စလုံးကို ပျိုးထောင်ဖို့က မလွယ်ဘူး။” ကျိုးရှောင်မိန် သက်ပြင်းချလိုက်ပါသည်။
ကံကောင်းစွာဖြင့် သူမ၏ စတုတ္ထယောက်မနောက်ကို လိုက်လာပြီး မြို့တော်မှာ ဆိုင်ဖွင့်ခဲ့သည်။ ကောင်တီမြို့မှာ သူမယောက်ျားတာ့လင်း၏ လစာကိုသာ အားကိုးခဲ့ပါက ကျောင်းသားလေးယောက်ကို ပျိုးထောင်ဖို့ စိတ်မကူးပါနဲ့တော့။ သူတို့တစ်ယောာက်ချင်းစီတိုင်း အရွယ်ရောက်တာနဲ့ အလုပ်ထွက်ရှာရပါလိမ့်မည်။
ဝန်က တကယ့်ကို ကြီးမားလွန်းပါသည်။
၁၉၈၆ ခုနှစ်တွင် မဖြစ်မနေ ၉ နှစ်တာ ကျောင်းထားရမည့်စနစ်ကို စတင်ခဲ့သည်။ ကျူရှင်ကြေးများသာ တောင်းခံပါသည်။ သမီးနှစ်ယောက်အတွက် နောက်ပိုင်းတွင် သိပ်ပြီး အကုန်အကျ မများပါ။ အရှေ့က သားနှစ်ယောက်အတွက်ကတော့ ပြောစရာတောင် မရှိတော့ပေ။
ထို့အပြင် သာမန်နေ့များတွင် တခြား ကုန်ကျစရိတ်များလည်း ရှိပါသေးသည်။ သူတို့ အိမ်မဝယ်နိုင်သေးဘူးဆိုတာ လိမ်ညာတာ မဟုတ်ပေ။
"ချမ်းချန်းက ၂ နှစ်အတွင်း ဘွဲ့ရတော့မှာ မလား။ အဲ့ကျရင် သူ အလုပ်ထွက်လုပ်လို့ရပြီ။ နင် သူတို့ဝန်ကို ထမ်းပေးထားစရာ မလိုတော့ပါဘူး။ ဘာပဲဖြစ်ဖြစ်ပါ။ ချန်းချန်းက ဘာလုပ်ဖို့ စီစဥ်ထားလဲ။ ဒါမှမဟုတ် ကျောင်းက တာဝန်ပေးတာပဲ လုပ်မှာလား" လင်းချင်းဟယ်ကပြောလိုက်ပါသည်။
ဒီခေတ်တွင် ကောလိပ်ကျောင်းသားများက ရှားပါးနေဆဲ ဖြစ်သည်။ သို့သော်လည်း ၁၉၈၀ တုန်းကလို ပန်ဒါရှားပါးသလို ရှားပါးနေတာတော့ မဟုတ်ပေ။
တာဝန်ပေးအပ်ခြင်းများ ရှိသော်လည်း တချို့ကတော့ ကိုယ်ပိုင်အစီအစဥ်များ ရှိကြပြီး အခွင့်အလမ်းများကို တခြားသူများအား ပေးလိုက်ကြပါသည်။
"သူဘာလုပ်ချင်လဲ မသိပါဘူး။ အဲ့အဆင့်ထိ မရောက်သေးဘူး။ နောက်တစ်ခေါက် သူပြန်လာရင် မေးကြည့်လိုက်မယ်" ကျိုးရှောင်မိန်က ပြန်ပြောလိုက်ပါသည်။
"သူသွားချင်ရင် ရှန်ဟိုင်းမြို့တော်မှာ သွားနေလို့ရတယ်။ အဲ့ဘက်က လက်ဖက်ရည်ဆိုင်ကို ကျန်းဟန် စီမံနေတာလေ။ သူသွားကူလို့ရတယ်။ လစာက သူ အလုပ်လုပ်ရတာာထက် သေချာပေါက် နိမ့်မှာ မဟုတ်ဘူး။ တခြား ဆိုရှယ် အကျိုးခံစားခွင့်တွေတော့ လောလောဆယ် ဘာမှ ရှိဦးမှာ မဟုတ်ဘူး။ နောက်ပိုင်းကျမှ စဥ်းစားလို့ရပါတယ်" လင်းချင်းဟယ်က အကြံပေးလိုက်၏။
"ငါမေးကြည့်ပါဦးမယ်။ သူလုပ်ချင်ရင်တော့ သွားရမှာ မဆိုးပါဘူး" ကျိုးရှောင်မိန်က ပြောလိုက်ပါသည်။
သူမ၏ ကောလိပ်ကျောင်းသား သားကြီး ဘွဲ့ရပြီးနောက် လက်ဖက်ရည်ရောင်းတာ ဘာပြဿနာမှ မရှိဘူးဟု ထင်ပါသည်။ လောင်စန်း၏ ဝိုင်အရောင်းဆိုင်ကိုပဲ ကြည့်လိုက်ပါဦး။ အားလုံးက ကောလိပ်ကျောင်းသားများ ဖြစ်ခဲ့ကြ၏။
ရောင်းအားက အလွန်ကောင်းသောကြောင့် အားလုံး၏ လစာက ၂၀၀ နဲ့ အထက် ရနိုင်ပါသည်။ သေချာပေါက် မြင့်မားသည့် လစာအဆင့် ဖြစ်ပါသည်။
အဘယ့်ကြောင့်ဆိုသော် စုချန်းက မားကတ်တင်းမေဂျာ ယူထားသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လင်းချင်းဟယ်က ကမ်းလှမ်းခြင်း ဖြစ်၏။ တခြား မေဂျာများကိုသာ ယူပါက လင်းချင်းဟယ် မေးမှာ မဟုတ်ပါ။
မျက်စိတစ်မှိတ်အချိန်အတွင်း ဧပြီလသို့ ရောက်လာခဲ့ပါသည်။ ရာသီဥတုက ပိုပိုပြီး နွေးလာပါသည်။
လင်းချင်းဟယ်က ဒီနေ့ ဝိန်မေ့ကျားထံမှ ဖုန်းရပါသည်။ အကြီးဆုံးချွေးမ ဝိန်မေ့ကျား၏ အသံကို ကြားလိုက်ရသောအခါ လင်းချင်းဟယ်တစ်ယောက် ရင်ခုန်သံများ မြန်လာပါသည်။
သူမ အဘွားတစ်ယောက် ဖြစ်တော့မှာလား။
သေချာပါသည်။ ဝိန်မေ့ကျားက သူမကို စိတ်မပျက်စေခဲ့ပါ။ သတင်းကောင်းကို ဖုန်းဆက်ပြီး ပြောခဲ့ပါသည်။
လက်ထပ်သည့် လမှာပဲ ကိုယ်ဝန်ရခဲ့သည်။ ဒီလအထိဆို ၁ လလောက်သာ ရှိပါသေးသည်။
"၁လတောင်ရှိနေပြီကို၊ အခုမှ ဖုန်းဆက်တယ်ပေါ့။" လင်းချင်းဟယ်က ပြောလိုက်၏။
"တောင်းပန်ပါတယ်အမေ သမီးမေ့သွားလို့ပါ" ဝိန်မေ့ကျားက ပြုံးလိုက်ပါသည်။
တကယ်ပဲ အလုပ်ရှုပ်သောကြောင့် သူမ မေ့သွားခဲ့ခြင်း ဖြစ်ပါသည်။ သူမ ဖုန်းမဆက်ရသေးမှန်း သတိရမှ ဖုန်းလာဆက်ခြင်း ဖြစ်ပါသည်။
"ကိုယ့်ကိုယ်ကို ဂရုစိုက်နော်။ အပင်ပန်းမခံနဲ့။ နင်တို့အမေကို ငါပြောပြလိုက်မယ်။ နင် ကိုယ်ဝန် ၃လပြည့်တဲ့အခါကျရင် နင့်အမေနဲ့ အတူ ငါနင့်ကိုလာတွေ့မယ်" လင်းချင်းဟယ်က ပြောလိုက်၏။
ယောက္ခမနဲ့ ချွေးမနှစ်ယောက်သား အကြာကြီး စကားပြောပြီးမှ ဖုန်းချခဲ့ကြပါသည်။
ဖုန်းချပြီးနောက် ဘေးမှာထိုင်နေသည့် ကျိုးချင်းပိုင်က အနည်းငယ် ခါးမတ်လိုက်ပြီး မေးလိုက်ပါသည်။ "ကိုယ်ဝန်ရှိနေပြီတဲ့လား"
"ဟုတ်တယ်။ ရှင်လည်း အဘိုးဖြစ်တော့မယ်" လင်းချင်းဟယ်က ရယ်မောလိုက်ပါသည်။ သူမ ဝမ်းသာနေသည်။
ကျိုးချင်းပိုင်မျက်လုံးထဲမှာလည်း ပျော်ရွှင်မှု အရိပ်အယောင်များ တွေ့ရပါသည်။ "သူက အစွမ်းအစ ရှိသားပဲ။”
လင်းချင်းဟယ်က သူ့ကို မျက်စောင်းရွယ်လိုက်ပါသည်။ ထို့နောက် အမေဝိန်တို့ အိမ်သို့ ကားဖြင့် သွားလိုက်သည်။ အမေဝိန်ကလည်း ထိုသတင်းကြားသောအခါ အပျော်လွန်သွားပြီး ပြောလိုက်သည်။ "လင်မယားနှစ်ယောက် ဒီလောက်ချစ်ကြတာ ကိုယ်ဝန်ရလောက်ပြီလို့ အခုပဲ ပြောနေကြတာ။ ဖြစ်ချင်တော့ အလုပ်များပြီး ပြောဖို့ မေ့နေကြတာကိုး။”
"မေ့ကျား ကိုယ်ဝန်လရင့်ရင် ကျွန်မတို့ လာခဲ့မယ်လို့ ပြောခဲ့တယ်" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"ဟုတ်ပြီလေ၊ အဲ့ချိန်ကျ သွားကြတာပေါ့။" အမေဝိန်က ခေါင်းငြိမ့်လိုက်ပါသည်။
ဝိန်မေ့ကျားက ကိုယ်ဝန်ရှိနေပါပြီ။ မိသားစု၏ အကြီးဆုံးချွေးမ တစ်ယောက်အနေဖြင့် ကျိုးမိသားစု၏ အကြီးဆုံးချွေးမဟုလည်း သတ်မှတ်နိုင်သည်။ အဖေကျိုးနဲ့ အမေကျိုးတို့လည်း အတိုင်းထက်အလွန် ပျော်ရွှင်နေပါသည်။
အဘိုးဝမ်က ပြောလိုက်သည်။ "အငယ်ကောင် ဒီနှစ်ထဲ ဘယ်တော့အားမလဲ မသိဘူး။ ငါ အဲ့ဒီကို သွားကြည့်ချင်လို့။”
"အဲ့ချိန်ကျရင် အစ်မကြီးဝမ်နဲ့ ကျွန်မတို့ အဲ့ကိုသွားဖို့ စီစဥ်ထားတယ်။ အဲ့ကျရင် ဦးလေးဝမ်လည်း လိုက်ခဲ့မလား" လင်းချင်းဟယ်က ပြုံးလိုက်ပါသည်။
အဘိုးဝမ်၏ ကျန်းမာရေးက သိပ်မကောင်းသော်လည်း ဆောင်းရာသီအတွင်းမှာသာ ဖြစ်သည်။ နွေရာသီမှာတော့ အဆင်ပြေပါသည်။
အဖေကျိုးကလည်း သွားကြည့်ချင်သည်ဟု ပြော၏။ ထို့ကြောင့် သွားမည့် လူအရေအတွက် တိုးလာခဲ့သည်။ အမေကျိုးကတော့ မြို့တော်သို့ လာခဲ့ရသည့် ခရီးကြောင့် သူမရင်ထဲ အရိပ်မည်းကြီး ထင်ဟပ်နေဆဲ ဖြစ်သည်။ သူမ ရထားစီးရမှာ ကြောက်နေပါသည်။
မဟုတ်ပါက မွေးရပ်မြေကို တစ်နှစ်တစ်ခါ ပြန်သွားပြီး ရှိနေသေးသည့် သူမ သူငယ်ချင်းဟောင်းများအား မြို့တော်က မြင်ကွင်းများ အကြောင်းကို ပြောပြချင်ပါသည်။
လင်းချင်းဟယ်၏ ညွှန်ကြားမှုကြောင့် ဝိန်မေ့ကျားက အပတ်တိုင်း ဖုန်းခေါ်ပါသည်။ မကြာသေးခင်က ဖုန်းခေါ်ဖို့ အလုပ်များလွန်းနေသည်။ အခုတော့ တာဝန်များ နည်းပါးသွားသဖြင့် အချိန်အားလပ်နေပါသည်။
ချွေးမနဲ့ ယောက္ခမတို့ ပြောစရာစကား မရှိမှာကို မပူရပါ။ သူတို့ ဖုန်းထဲမှာ စကားပြောတိုင်း ၇ မိနစ် ၈ မိနစ်လောက် ကြာပါသည်။
ထိုနေရာက အခြေအနေတွေက မကောင်းသော်လည်း သိပ်ပြီး နောက်မကျကြောင်း ကြားသောအခါ လင်းချင်းဟယ် စိတ်အေးရပါသည်။
ကျိုးခိုင်က တာဝန်ဖြင့် ထွက်သွားသည်။ သူ ပြန်လာဖို့ ၁ လသာလိုပါတော့သည်။ သူတာဝန်ဖြင့် ထွက်သွားတုန်းက သူ့မိန်းမ ကိုယ်ဝန်ရှိနေမှန်း မသိခဲ့ပေ။ သူပြန်လာမှ သိလိုက်ရပါသည်။
အိမ်ကို ဖုန်းဆက်ပြီး သူ့အမေနဲ့ စကားပြောလိုက်ပါသည်။ သူ့လေသံက ပျော်ရွှင်မှုကို မဖုံးကွယ်နိုင်ပေ။
"ကောင်စုတ်လေး မေ့ကျားကို ကောင်းကောင်းဂရုစိုက်ဖို့ မမေ့နဲ့။ နင်အိမ်မှာ မရှိရင် မေ့ကျားက နင့်သားကို တစ်ယောက်တည်း စောင့်ရှောက်ရတာ။ မလွယ်ဘူး" လင်းချင်းဟယ်က သတိပေးလိုက်ပါသည်။
"ကျွန်တော် သိပါတယ်။ မနက်ဖြန်ကျရင် မြို့သွားပြီး ပန်းသီးနဲ့ ပန်းသစ်တော် နှစ်ပုံး ဝယ်ခဲ့မယ်" ကျိုးခိုင်က ပြုံးလိုက်သည်။
"နို့မှုန့်နဲ့ မုယောနို့မှုန့်လည်း ဝယ်ထားဦး" လင်းချင်းဟယ်က ထပ်ပြော၏။။
"ကျွန်တော် နားလည်ပါတယ်။ အားလုံး ဝယ်ခဲ့ပါ့မယ်" ကျိုးခိုင်က သဘောတူပါသည်။ သူ ပျော်လို့ မဆုံးနိုင်တော့တာ သိသာပါသည်။