အခန်း(၆၈၂) ကန်းကျစ်နဲ့ လင်းရွှယ်
Vol. 49 Ch. 682
အခန်း(၆၈၂) ကန်းကျစ်နဲ့ လင်းရွှယ်
လင်းချင်းဟယ်ကတော့ သူမ၏ သားဖြစ်သူက ရေစက်ပါသည့် ကောင်မလေးနဲ့တွေ့ပြီး ဖုန်းနံပါတ်တောင် ပေးခဲ့ကြောင်း မသိခဲ့ပါ။ သူမသာ သိပါက သွေးတောင် အန်လောက်ပါသည်။
သားငယ်က စခန်းထိရောက်အောင်သွားခဲ့ပြီး အိမ်ကို ဖုန်းပြန်ဆက်ခဲ့သည်။ သူ့အစ်ကိုကြီးက အခု တာဝန်နဲ့ မသွားတော့ဘူးဟု ပြောပါသည်။ နေ့စဥ်လေ့ကျင့်ရေးတချို့ကလွဲပြီး သူ့အကြီးဆုံးမရီးနားမှာ နေဖို့ အချိန်ရပါသည်။ သူ့အကြီးဆုံးမရီးကလည်း တောက်ပနေပါသည်။
လင်းချင်းဟယ်က ထိုစကားကိုကြားပြီးနောက် စိတ်အေးသွားပါသည်။ တောင်ပိုင်းက လက်ဖက်ရည်ဆိုင်ကို စစ်ဆေးရမည်ဖြစ်သောကြောင့် သူ့ကို ပြန်လာခိုင်းလိုက်ပါသည်။ အတော်လေး အလုပ်များပါသည်။
သားငယ်က စခန်းမှာ ၂ ရက်လောက်နေပြီး အိမ်ပြန်လာခဲ့ပါသည်။ ကျုံးချင်းဟုခေါ်သည့် ကောင်မလေးနဲ့ ထပ်ဆုံနိုင်ဦးမလားဟု တွေးမိသည်။ သူမက အလွန်စကားများပြီး နူးညံ့သည့် အရှိန်အဝါလည်း ရှိပါသည်။
ပထမဆုံးတွေ့တုန်းကတော့ ရဲတင်းပြီး အားမနာတတ်သည့် မိန်းကလေးဟု ထင်မိသော်လည်း နောက်တော့ သူမက အလွန်နူးညံ့သည့် ကောင်မလေးဖြစ်ကြောင်း သိလိုက်ရပါသည်။
သားငယ်မြို့တော်ကို ပြန်ရောက်လာတော့ ထိုအကြောင်း သူ့အမေကို မပြောခဲ့ပါ။ ဘာပဲဖြစ်ဖြစ် သူ့အမေက မျိုးရိုးနာမည် ကျုံးပါတဲ့ မိန်းကလေးကို လက်မထပ်ရဘူးဟု ဆိုထားသည် မဟုတ်ပါလား။ သူ့အမေက အာဏာရှင်ဆန်သဖြင့် မဆန့်ကျင်ရဲပါ။
ထို့အပြင် ထိုကောင်မလေးကို အခုမှ တွေ့တာ ဖြစ်ပါသည်။ သူမအတွက်နဲ့ သူ့အမေကို စိန််ခေါ်မှာ မဟုတ်ပါ။
လက်ဖက်ရည်လုပ်ငန်းက အလွန်ကောင်းမွန်ပါသည်။ ဝိုင်အရောင်းဆိုင်၏ စီးပွားရေးကလည်း တည်ငြိမ်နေပါသည်။ ဝိုင်အရောင်းဆိုင်ကို စောင့်နေကြသည့် လူများ ရှိပါသည်။ သားငယ် သွားဖို့ မလိုတော့ပါ။ ထို့ကြောင့်လင်းချင်းဟယ်က သူ့ကို တောင်ပိုင်းသို့ ပို့လိုက်ပါသည်။
မာချန်းမင်ကိုပါ သူနဲ့အတူ လိုက်ခိုင်းလိုက်သည်။ အခုချိန်ထိ မာချန်းမင်က ထိုတိုက်ခန်းထဲတွင် နေနေဆဲဖြစ်၏။ ဒီနှစ် ကော်မာရှယ်အိမ်များ ဖွင့်လှစ်သောအခါ သူအနည်းငယ် စိတ်လှုပ်ရှားမိသွားပါသည်။
အလွန်စျေးကြီးတာလေး တစ်ခုသာ။ သူတို့ မဝယ်နိုင်ပါ။ လင်းချင်းဟယ်က သူတို့ငွေလိုပါက ချေးပေးနိုင်သည်ဟု ပြောပါသည်။
မာချန်းမင်က သူမ လက်အောက်မှာ အလုပ်လုပ်သဖြင့် သူ့သဘောထားက အလွန်တည်တံ့ပြီး ရိုးသားပါသည်။ ထို့အပြင် သူ့အလုပ်များကိုလည်း တာဝန်ယူနိုင်သူ ဖြစ်သည်။ လင်းချင်းဟယ်က ဝန်ထမ်းဟောင်းများကို ကူညီပေးနိုင်ပါသည်။
ဘာပဲဖြစ်ဖြစ် ယနေ့ခေတ် နေထိုင်မှုဘဝများက ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် တိုက်ခန်းအဆောက်အအုံများ၏ အခြေအနေက ပိုပိုပြီး ဆိုးရွားလာပုံရပါသည်။
ပိုက်ဆံသာရှိပါက ပိုကောင်းသည့် နေရာမှာ နေချင်ကြလိမ့်မည်။
ဒေါ်လေးမာနဲ့ ချွေးမဖြစ်သူ ဟွမ်ရှောင်းလျို့တို့ ဖွင့်ထားသည့် ဖက်ထုပ်ဆိုင်ကလည်း အတော်လေး အဆင်ပြေနေပါသည်။ ပြောစရာမလိုအောင် အမြတ်ရကြပါသည်။
အမှန်ပင်။ မာချန်းမင်က အလုပ်ပြောင်းဖို့ အစီအစဥ် ဘယ်တော့မှ မရှိခဲ့ပါ။ သူ့လစာက သူ့အမေနဲ့ မိန်းမတို့၏ ဖက်ထုပ်ဆိုင်အောက် အရမ်းနိမ့်ကျနေတာတောင် မပြောင်းပါ။ ဒီအလုပ်ကို သူသဘောကျပါသည်။
လင်းချင်းဟယ် ဒီနေ့ပြန်လာတော့ သူမ မွေးရပ်မြေထံမှ ဖုန်းဆက်သည်ဟု ဒေါ်လေးကျောင်းက ပြန်ပြောပြခဲ့ပါသည်။ တတိယမရီး၏ ဖုန်းဖြင့် တတိယယောက်မလင်း ဖုန်းဆက်ခဲ့ခြင်း ဖြစ်သည်။ သို့သော် သူမ အိမ်မှာ မရှိခဲ့ပါ။
လင်းချင်းဟယ်က တတိယမရီးကို ဖုန်းပြန်ဆက်လိုက်သည်။ တတိယမရီးက ပြောလိုက်၏။ "လင်းရွှယ်ကို မြို့တော်ဘက်မှာ မြို့တော်က သားမက်တစ်ယောက်ရအောင် ရှာပေးစေချင်တယ်လို့ ရှင့်တတိယယောက်မ ပြောတာ ကြားမိတယ်နော်။”
လင်းချင်းဟယ်က ရွှင်လန်းစွာ ပြောလိုက်၏။ "အဲ့တာ ကံကြမ္မာပေါ် မူတည်တာပေါ့။”
တတိယမရီးက ပြောလိုက်ပါသည်။ "ချင်းဟယ်။ လင်းရွှယ်ကို ကန်းကျစ်နဲ့ သဘောတူလိုက်ရင် ဘယ်လိုလဲ။ ကန်းကျစ်က အခု မြို့သားစစ်စစ် ဖြစ်နေပြီလေ။”
လင်းချင်းဟယ် ကြက်သေ သေသွား၏။ အစကတော့ ဒေါ်လေးကျောင်း၏ တူမ အာ့တျယ်နဲ့ ကန်းကျစ်တို့ကို မိတ်ဆက်ပေးချင်ခဲ့သည်။ သို့သော်လည်း အာ့တျယ်က ဒီနှစ်ပဲ ကောင်လေးရသွားပြီ ဖြစ်သည်။ အရင်လကပဲ ဖြစ်၏။
ထို့ကြောင့် လင်းချင်းဟယ်က မပြောတော့ပါ။ ဘာပဲဖြစ်ဖြစ် ကန်းကျစ်ကလည်း ဒီကဏ္ဍမှာ စိတ်ကူး မရှိသေးပေ။
"ကန််းကျစ်က ရှင့်ရှေ့မှာ အရွယ်ရောက်လာတာပဲ။ လင်းရွှယ်ကလည်း ကျွန်မရှေ့မှာ အရွယ်ရောက်လာသလိုပါပဲ။ သူက ပညာရေးမြင့်မားပြီး အကျင့်ကောင်းတဲ့ ကောင်မလေးတစ်ယောက်ပါ။ ဒီနှစ်ထဲ ဘွဲ့ရတော့မှာလေ။ သူ့ကို ရှင့်ဆီမှာ စာရင်းကိုင် လုပ်ခိုင်းလိုက်ပေါ့။ ကျွန်မကလည်း အမေတစ်ယောက်ပါပဲ။ သူ့စိတ်ကူးကို မမြင်ဘဲ နေပါ့မလား။ ဒါပေမယ့် ကန်းကျစ်က အခုမြို့သားတစ်ယောက်ဖြစ်နေပြီပဲ" တတိယမရီးက တိုက်တွန်းသည်။
လင်းချင်းဟယ် ရယ်ရခက် ငိုရခက် ဖြစ်သွားပါသည်။ သူမ၏ မိခင်ဘက်က တူမနဲ့ သူမ၏ အမျိုးသားလက်က တူဖြစ်သူတို့ကို တွဲပေးဖို့ တစ်ခါမှ စိတ်မကူးခဲ့ဖူးပါ။ သို့သော်လည်း ဒါက အကြံကောင်းဖြစ်ပုံတော့ ပေါ်ပါသည်။
ကန်းကျစ်က သူမရှေ့မှာ အရွယ်ရောက်လာခြင်း ဖြစ်သည်။ ရည်ရွယ်ချက် အလွန်မြင့်မားသည့်နေရာမှာတော့ သူ့လိုလူနှစ်ယောက် မရှိပါ။ သူက သူ့အစ်ကိုကြီး ဟူကျစ်လိုပဲ ဖြစ်သည်။ သူက မီးကုန်ယမ်းကုန် ကြိုးစားသူ ဖြစ်ပါသည်။
အိမ်တစ်လုံးဝယ်ပြီး ဒီမှာ အခြေချနိုင်ဖို့အတွက် သူဘယ်လောက်တောင် အားထုတ်ကြိုးပမ်းနေသလဲ ကြည့်ပါဦး။ စောစောအိမ်ကထွက်ကာ နောက်ကျမှ အိမ်ပြန်လာသည်။ ၃ နှစ်အတွင်း ငွေအများကြီးစုကာ ကော်မာရှယ်အိမ်တစ်လုံးဝယ်ကာ အခြေချချင်နေပါသည်။
ဒီမှာ အိမ်တစ်လုံးနဲ့ ဆိုင်တစ်ဆိုင် ပိုင်ဆိုင်လာလိမ့်မည်။ ဒါဆို ကူညီပေးစရာလည်း မလိုတော့ပါ။ မြို့ပြင်က သူမ ခြံမှာလည်း လည်ပတ်ဖို့ လူအင်အား လိုအပ်ပါလိမ့်မည်။ ဒါ စိတ်ဖိစီးဖို့ မလိုအပ်သော အလုပ် ဖြစ်ပါသည်။
ထို့ကြောင့် လင်းချင်းဟယ်လည်း အဆင်ပြေသည်ဟု ထင်မိသည်။
"ဒါပေမယ့် ကန်းကျစ်က အဲ့ကိစ္စ စိတ်ကူးမရှိသေးဘူး။ တတိယမရီး အပြင်ဘက်မှာ လျှောက်မပြောနဲ့ဦးနော်" လင်းချင်းဟယ်က ပြောလိုက်၏။
"ကန်းကျစ်က မငယ်တော့ဘူးလေ။ ဘာလို့ လက်ထပ်ဖို့ စိတ်ကူးမရှိသေးတာလဲ" တတိယမရီးက ပြန်ပြောလိုက်ပါသည်။
လင်းရွှယ်လို လူမျိုးကြောင့်သာ ဒီလို တွေးပေးခြင်း ဖြစ်သည်။ ဒီတူ ကန်းကျစ်သာ သူမကို လက်ထပ်နိုင်ပါက ဘယ်လောက်တောင် ကောင်းလိုက်မည်နည်း။
လင်းချင်းဟယ်က လက်ရှိ အိမ်တစ်လုံးဝယ်နိုင်ဖို့ ကန်းကျစ် ရုန်းကန်နေပုံအား ပြောပြလိုက်ပါသည်။
တတိယမရီးက ဂရုမစိုက်ပေ။ "အိမ်တစ်လုံးဝယ်ဖို့ဆိုတာ ညတွင်းချင်းပြီးသွားမယ့်ကိစ္စ မဟုတ်ဘူးလေ။ အဲ့က အိမ်တွေက စျေးကြီးတယ်။ ယွမ် ၁၀၀,၀၀၀ ကျော်တောင် ကုန်တယ်လို့ ဝူနီပြောတာ ကြားတယ်။ သူ မဝယ်နိုင်ဘူးဆိုရင် မိန်းမ တစ်သက်လုံး မယူတော့ဘူးလား။ သူတို့ အရင်တွဲကြည့်လို့လည်း ရတာပဲ။ နောက်ပိုင်း သူတို့ အဆင်ပြေသွားရင် အရင်ဆုံး အိမ်ငှားနေလို့ ရတာပဲ။ နင်တို့အိမ်က အကျယ်ကြီးလေ။ သူတို့ အဲ့မှာ ငှားနေလို့လည်း ရတာပဲ။”
လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်ပါသည်။ "သူတို့နှစ်ယောက်အပေါ်ပဲ မူတည်ပါတယ်။ သူတို့ကြား အဆက်အသွယ်ရှိရင် ကျွန်မတို့ တွဲပေးစရာတောင် မလိုဘူး။ ခံစားချက်မရှိကြရင်တော့ ကျွန်မတို့ ဝင်ပါလည်း ဖြစ်မလာဘူး။”
ထို့သို့ပြောလိုက်သော်လည်း တတိယမရီးကို တတိယယောက်မလင်းတို့ အိမ်သို့ သတင်းသွားပေးခိုင်းလိုက်ပါသည်။ အဆင်ပြေသည်ဟု ဆို၏။ လင်းရွှယ် ဘွဲ့ရတာနဲ့ မြို့တော်သို့ သွားကာ လင်းချင်းဟယ်တို့ဘက်က လက်ခံပေးပါမည်။
တတိယယောက်မလင်း စိတ်အေးသွားရ၏။ တတိယမောင်လေးလင်း ပြန်လာသောအခါ ထိုအကြောင်း ပြောပြလိုက်ပါသည်။ "တတိယအစ်မက ဘာစိတ်မှမရှိပါဘူးလို့ ကျွန်မပြောသားပဲ။ အာ့ရွှယ် သေချာပေါက် သွားကူနိုင်မှာပါ။"
"မင်းဘာတွေးနေလဲ ငါမသိဘူးများ ထင်နေလား" တတိယမောင်လေးလင်းက သူမကို စိတ်ပျက်လက်ပျက် ကြည့်လိုက်ပါသည်။
တတိယယောက်မလင်းက ပြန်ပြောလိုက်၏။ "မတွေးလို့ မရဘူးလား။ သင့်တော်တဲ့ သူတစ်ယောက်ယောက်ရှိရင် အာ့ရွှယ်နဲ့ အောင်သွယ်ပေးဖို့ တတိယအစ်မကို အကူအညီတောင်းလိုက်တာပေါ့၊ မကောင်းဘူးလား။”
သမီးကြီးသာ ပညာမတတ်ဘဲ ရိုးသားသူ မဟုတ်ပါက သူမ သေချာပေါက် ဒီလိုပြောမှာ မဟုတ်ပါ။ သို့သော်လည်း သမီးကြီးက ကောလိပ်တစ်ခုမှ ဘွဲ့ရထားသူ ဖြစ်သည်။ မဆိုးလှပါ။ မြို့တော်သို့ သွားပါက သူမ ဒေါ်လေးကို အရှက်ရစေမည်မဟုတ်ပေ။
မြို့တော်က သားမက်တစ်ယောက်ရှာဖို့ကိုလည်း တတိယယောက်မလင်းမှာ အစီအစဥ် ရှိပါသည်။
ကိုယ့်သမီးကို အိမ်ထောင်ကောင်းကောင်းကျစေချင်သည့် အမေမျိုး မရှိဘဲ နေပါ့မလား။
လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ထိုကိစ္စ ပြောပြလိုက်ပါသည်။ ကျိုးချင်းပိုင်က ထိုအကြောင်း ကြားသောအခါ ပြုံးလိုက်၏။ "တတိယမရီးက အမြင်ရှိသားပဲ။”
တူမလေး လင်းရွှယ်မှာလည်း အပြစ်အနာအဆာမရှိပါ။ သူ့တူနဲ့သာ လက်ထပ်နိုင်ပါက သေချာပေါက် ကံကောင်းပါလိမ့်မည်။
"အာ့ရွှယ်ကို ဒီလာခဲ့ဖို့ပဲ ပြောထားတယ်။ အဲ့ကျရင် သူနဲ့ ကန်းကျစ်အခြေအနေ ဘယ်လိုရှိလဲ စောင့်ကြည့်လိုက်ဦးမယ်။ ကန်းကျစ်ကို ပြန်လာပြီး သူ့အဘိုးအဘွားတွေနဲ့ မနေတော့ဖို့ ပြောလိုက်။ သူတို့ကို မနှောင့်ယှက်နဲ့တော့လို့သာ ပြောလိုက်။ သူသာ ဒီမှာနေရင် ဘယ်လောက်ပဲ အိပ်ယာစောစောထထ အနှောင့်အယှက် မဖြစ်နိုင်ဘူး" လင်းချင်းဟယ်က ညွှန်ကြားလိုက်၏။
မကြာခင် နွေရာသီ ရောက်တော့မည်။ နွေရာသီတွင် အထည်များ ရောင်းအကောင်းဆုံး ဖြစ်၏။ ကန်းကျစ်က ဘန်းမုန့်များ မရောင်းတော့ပါ။ သူ့ဦးလေးစကားကိုနားထောင်ပြီး ဒီမှာ ပြန်လာနေခဲ့ပါသည်။
"နင့် အဘိုးအဘွားတွေဘက်မှာလည်း ကောင်းကောင်းစားရရဲ့သားနဲ့ အဲ့မှာခဏလေးနေလိုက်တာ ဘာလို့ ဒီလောက်တောင် ပိန်လာတာလဲ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။
"အလုပ်များလို့ပါ" ကန်းကျစ်က ပြုံးလိုက်၏။
လင်းချင်းဟယ် ပြောလိုက်သည်။ "နင်က အခုငယ်သေးပေမယ့် ကျန်းမာရေးကိုလည်း ဂရုစိုက်မှပေါ့။ ဒေါ်လေးကို ဒီနေ့ည ငါးစွပ်ပြုတ် လုပ်ခိုင်းလိုက်မယ်။ နင်များများသောက်။”
"ဟုတ်ကဲ့ပါ" ကန်းကျစ်က အပြုံးကျယ်ကျယ် ပြုံးပြလိုက်ပါသည်။