ဘယ်လို ထွက်သွားရမလဲ
Vol. 87 Ch. 1207
မိုဝူကျိက စိတ်ထဲ လေးလံမိသွားသည်။ ဤစကြဝဠာ တာအိုစည်းမျည်းနောက်သို့ တစ်ယောက်ယောက် လိုက်ပါလာမှန်း သိလိုက်သည်။ သို့သော်လည်း သူက ဤတာအိုစည်းမျည်းနောက် လိုက်လာသူများသည် အရမ်းအားကောင်းနေလိမ့်မည်ဟု မည်သို့ ထင်ထားမည်နည်း။ တကယ်တော့ လိုက်လာသည့် တစ်ယောက်ချင်းစီက အရမ်းအားကောင်းလွန်းနေပေသည်။
သူက တချို့ကို မှတ်မိလိုက်၏။ လော့အပြင် သူ မှတ်မိသည့် နောက်တစ်ယောက်မှာ လော့ရှု ဖြစ်၏။
လော့ရှုနှင့် လော့တို့သည် ဝိဇ္ဇာအဆင့်နှင့်အထက်ရှိ အဆင့်မြင့် တည်ရှိမှုမျိုး ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံး အကြောင်း ထည့်မပြောလျှင်ပင် တစ်ယောက်တည်းကပင် ကိုင်တွယ်ဖို့ ခက်ခဲနေပြီ ဖြစ်၏။ ယခု လော့နှင့် လော့ရှုအပြင် နောက်ထပ် သုံးယောက်လည်း ပါလာသေး၏။
ထို့အပြင် ထိုလူအားလုံး၏ အရှိန်အဝါ အငွေ့အသက်တို့က လော့ရှုနှင့် အတူတူ ဖြစ်၏။ သူက သူတို့ကျင့်ကြံဆင့်ကို မမြင်နိုင်လျှင်ပင် သူတို့သုံးယောက်လုံးမှာ လော့ရှုထက် အားနည်းမည် မဟုတ်ကြောင်း ပြောနိုင်ပေသည်။
သူက ဝိဇ္ဇာတပိုင်း အဆင့် ၁၂ အထွတ်အထိပ်သို့ ရောက်ရှိနေသော်လည်း ဝိဇ္ဇာအဆင့်ရှိ ပညာရှင်ငါးယောက်နှင့် ရင်ဆိုင်ဖို့ရာ အထိအခိုက်မရှိ ထွက်ပြေးနိုင်ဖို့ကို မဆိုထားနှင့်။ အသက်ရှင်လျက်ပင် ထွက်သွားနိုင်လောက်မည် မဟုတ်ချေ။ ပို၍ ဆိုးရွားသွားစေသည်က သိပ်မကြာသေးခင်က သူသည် အသိစိတ်မီးတောက် လောင်ကျွမ်းခံလိုက်ရသည် မဟုတ်ပါလော။ သူ့အတွင်းပိုင်းက ဒဏ်ရာ အပြင်းအထန် ရထားသေး၏။
ထိုငါးယောက်၏ တာအိုလှိုင်းများ စုစည်းလာသည့်အခါ အာကာပြင်ကို စွမ်းအားစက်ကွင်းထက်ပင် ပို၍ အားကောင်းကောင်း ပိတ်လှောင်နိုင်လိုက်၏။ မိုဝူကျိက သူ့အတွက် လွတ်မြောက်ရန်ပင် အလွန်ခက်ခဲမည် ဖြစ်ကြောင်း သိလိုက်သည်။
လော့ စကားပြောပြီးသည့်နောက်တွင် မိုဝူကျိထံ အလင်းတန်းတစ်ချက် ပစ်လွှတ်လိုက်သည်။ သူက မိုဝူကျိအား အသက်ရှုဖို့အချိန်ပင် ပေးမည် မဟုတ်ချေ။
လော့ လှုပ်ရှားလိုက်သည်နှင့် လော့ရှု၊ ချင်းယွမ်နှင့် ဖိုတိတို့လည်း ဆက်တိုက် တိုက်ခိုက်လိုက်ကြသည်။ တစ်ယောက်ချင်းစီက ထိပ်တန်းတိုက်ကွက်များဖြင့် တိုက်ခိုက်နေကြ၏။ သူတို့အားလုံးက မိုဝူကျိသာ သေဆုံးသွားလျှင် မိုဝူကျိ ဖမ်းဆုပ်ထားသော တာအိုစည်းမျည်း ထွက်ပေါ်လာလိမ့်မည်ဟု မျှော်လင့်ထားကြသည်။ စကြဝဠာ တာအိုစည်းမျည်းသည် မိုဝူကျိ၏ ကမ္ဘာငယ်လေးအတွင်း သေဆုံးမှုနှင့်အတူ ပျောက်ကွယ်သွားမည် မဟုတ်ချေ။ တာအိုစည်းမျည်း ထွက်ပေါ်လာသည်နှင့် သူတို့ တိုက်ခိုက်ရပေဦးမည်။
မလှုပ်ရှားသည့် တစ်ဦးတည်းသောသူမှာ ထိုက်လွန်သာ ဖြစ်၏။ သူက တာအိုစည်းမျည်းကို ဂရုမစိုက်၍ မဟုတ်ဘဲ တာအိုစည်းမျည်းကို ဂရုအစိုက်ဆုံး ဖြစ်နေ၍ ဖြစ်သည်။
သူ ဝင်မတိုက်သည့် အကြောင်းမှာ မိုဝူကျိက မရိုးရှင်းမှန်း သေချာသိနေ၍ ဖြစ်သည်။ အကယ်၍ မိုဝူကျိသာ ရိုးရှင်းသည့်သူ ဖြစ်နေပါက စကြဝဠာ တာအိုစည်းမျည်းကို လက်တစ်ချက် အဝေ့ဖြင့် သိမ်းယူနိုင်မည် မဟုတ်ပေ။
အမွေးတိုင် တစ်တိုင်စာကြာသည့်တိုင် သူပင် မလုပ်နိုင်ခဲ့ပေ။ ထို့အပြင် သူက စကြဝဠာ တာအိုစည်းမျည်းအကြောင်း လေ့လာနေသည်မှာ နှစ်မည်မျှ ကြာမြင့်သွားပြီနည်း။
လူတစ်ယောက်က သူ့ကိုယ်ကို ကာကွယ်မည့် နည်းလမ်း မရှိဘဲ တာအိုစည်းမျည်းကို မည်သို့ အလွယ်တကူ ခိုးယူသွားနိုင်မည်နည်း။
အဆုံးမဲ့ နယ်မြေရှိ ဝိဇ္ဇာလေးပါးက တာအိုစည်းမျည်း တစ်ခုကို ဝေမျှသုံးနေသည့်အချက်ကိုသာ မကြည့်သင့်ပေ။ လက်တွေ့၌ မည်သူကမှ တာအိုစည်းမျည်းကို မသိမ်းဆည်းဖူးကြသေးပေ။ လော့ရှုက စကြဝဠာ တာအိုစည်းမျည်းအကြောင်း လေ့လာနေသည်မှာ အချိန်အကြာမြင့်ဆုံးသူ ဖြစ်သော်လည်း မသိမ်းဆည်းရဲခဲ့ချေ။ ဤတာအိုစည်းမျည်းက အားလုံးအပိုင် ဖြစ်၏။ ယူသွားရဲသည့်သူ မည်သူမဆို ကျန်လူအားလုံး၏ အမုန်းတရားကို လက်ခံရပေမည်။
ဝိဇ္ဇာလေးပါးအနက် သူက စကြဝဠာ တာအိုစည်းမျည်းကို သိမ်းထားဖူးသူ ဖြစ်၏။ သူက မိုးမြေ စည်းမျည်း ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခုသာ တာအိုစည်းမျည်းကို အချိန်တိုအတွင်း သိမ်းဆည်းနိုင်မည် ဖြစ်ကြောင်း သိထားသည်။ ဤသာမာန် လူငယ်လေးက စကြဝဠာ တာအိုစည်းမျည်းကို အချိန်တိုလေးအတွင်း သိမ်းဆည်းနိုင်လိုက်၏။ သူ့တွင် မိုးမြေစည်းမျည်း ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခု ပိုင်ဆိုင်ထားမှန်း သိသာလှသည်။
လော့ရှုနှင့် အခြားသူများ တိုက်ခိုက်သည့်အခါ သူတို့က အာကာပြင်ကို ပိတ်ဆို့ထားပြီးနောက် တစ်ဖက်လူသည် တိုက်ကွက် ထုတ်မသုံးနိုင်အောင် သေချာလုပ်ထားကြသည်။ သို့သော်လည်း ထိုက်လွန်က ဤသည်မှာ အဓိက မဟုတ်ကြောင်း သိပေသည်။ အကယ်၍ ဤပိတ်လှောင်ခံရသော လူငယ်လေးတွင် ပြီးပြည့်စုံသည့် ကမ္ဘာတစ်ခု ပိုင်ဆိုင်ထားပါက ထိုကွာဟချက်လေးအတွင်း တိုက်ကွက်ကို ထုတ်သုံးကာ ထွက်ပြေးနိုင်ဦးမည် ဖြစ်၏။
ထိုက်လွန် မလှုပ်ရှားသေးသည်ကို မြင်ပြီး မိုဝူကျိက စိတ်ထဲ အေးစက်စက် ဖြစ်မိသွားသည်။ သူက ငါးယောက်လုံး အတူတူ တိုက်ခိုက်ရန် မျှော်လင့်ထားမိသည်။
ငါးယောက်လုံးသာ တစ်ပြိုင်နက် တိုက်ခိုက်သရွေ့ သူသည် မဟာဖျက်စီးရေး ပညာရပ်ကို အားအပြည့် ထုတ်သုံးလိုက်မည် ဖြစ်၏။ မဟာဖျက်စီးရေး ပညာရပ်ဖြင့် ထိုအခိုက်အတန့်အား အသုံးချကာ ထွက်ပြေးနိုင်လိမ့်မည်။
သို့သော် ယခုတွင် တစ်ယောက်က မလှုပ်ရှားသေးလေရာ သူ ထွက်ပြေးမည့် လမ်းကြောင်းကို သေချာပေါက် ပိတ်ဆို့ထားပေမည်။
လက်တွေ့ကား မိုဝူကျိ စီစဉ်ထားသည့်အတိုင်း ဖြစ်မလာစဉ် မိုဝူကျိက မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်သုံးလိုက်ဆဲ ဖြစ်၏။ ထိုအချိန်တွင် နောက်ဆုတ်ရန် လမ်းကြောင်း မရှိတော့ချေ။
လော့ရှု၊ လော့နှင့် အခြားလူများက အားအပြည့် မတိုက်ကြသော်လည်း သူတို့တိုက်ကွက်လေးမျိုးက အာကာပြင်စည်းမျည်းကို အော်အုတ်သောင်းနင်း ဖြစ်သွားစေသည်။ ပြင်ပအားများက ပြင်းထန်နေသည့် တာအိုလှိုင်းများကြား ကျန်ရှိမနေရဲတော့ချေ။
အကယ်၍ တခြားဝိဇ္ဇာတပိုင်း ပညာရှင် ဖြစ်နေပြီး ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် ရောက်နေလျှင်ပင် ခုခံနိုင်မည့် နည်းလမ်း ရှိမည် မဟုတ်ပေ။
သို့သော်လည်း ချွင်းချက် ရှိပေသည်။ ဤသည်မှာ မိုဝူကျိ ဖြစ်၏။ မိုဝူကျိသည် ပြီးပြည့်စုံသည့် စည်းမျည်းများနှင့် လူသားကမ္ဘာကို ပိုင်ဆိုင်ထားပေသည်။ ထိုက်လွန် ခန့်မှန်းထားသည့်အတိုင်း သူ့တိုက်ကွက် ထုတ်သုံးရာ၌ ပြင်ပစည်းမျည်းများ အကူအညီကို မလိုအပ်ပေ။
မဟာဖျက်စီးရေး ပညာရပ်ကို ထုတ်သုံးလိုက်သည်။ မိုင်သောင်းချီ ပတ်လည်အတွင်း အာကာပြင်သည် တွင်းနက်ကြီးသဖွယ် ပြောင်းလဲသွားလေ၏။ ထိုတွင်းနက်ကြီးထဲ၌ စည်းမျည်းအားလုံးက ကြေမွပျက်စီးသွားသည်။ ထိုတွင်းနက်ကြီးတွင် အဆုံးမဲ့ ဖျက်စီးစွမ်းအားများ ပါဝင်နေပေသည်။ ထိုစွမ်းအားနား ကပ်ရဲသည့် မည်သူမဆို အပိုင်းပိုင်း အစစ ဖြစ်သွားပေမည်။
လော့ရှုက ရှေ့ဆုံးမှ ချီတက်လာ၏။ သူ့တိုက်ကွက်ရှိ စည်းမျည်းများသည် မဟာဖျက်စီးရေး ပညာရပ်နှင့် ပြန်ကန်အားကြောင့် ဖြစ်လာသည့် တာအိုလှိုင်းများကြောင့် တစစီ ဖြစ်သွားလေသည။ သူက ပါးစပ်အပြည့် သွေးတစ်ပွက် အန်ထုတ်လိုက်ရ၏။
လော့ရှုသာလျှင် မကပေ။ ချင်းယွမ်နှင့် ဖိုတိတို့သည်လည်း သွေးအန်လိုက်ရသည်။ မိုဝူကျိ၏ မဟာဖျက်စီးရေး ပညာရပ် တာအိုလှိုင်းများနှင့် ရင်ဆိုင်ရသည့်အခါ သူတို့ကလီစာများပင် အန်ထွက်လုမတတ် ဖြစ်သွားလေသည်။
ထိုက်လွန်အပြင် ဒဏ်ရာမရသည့် တစ်ဦးတည်းသောသူမှာ လော့ ဖြစ်၏။ လော့က စကြဝဠာ တာအိုစည်းမျည်း ကိုးခုကို ဦးဆုံး ရှာတွေ့ခဲ့သူ ဖြစ်၏။ သူက မိုဝူကျိသည် စကြဝဠာ တာအိုစည်းမျည်းကို သိမ်းဆည်းထားကြောင်း သိပေသည်။ သူက မိုဝူကျိတွင် လှည့်ကွက်တချို့ ရှိနေသေးကြောင်း သေချာသိနေသည်။ ထို့ကြောင့် သူက မိုဝူကျိ လှုပ်ရှားသည့်အထိ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
မိုဝူကျိက သူ့မဟာဖျက်စီးရေး ပညာရပ်သည် မည်မျှ ကြောက်ဖို့ ကောင်းကြောင်း သိပေသည်။ မဟာဖျက်စီးရေး ပညာရပ် အသုံးပြုပြီးနောက် ထိုတွင်းနက်ကြီးဘေးမှ ချက်ချင်း ဆုတ်ခွာလိုက်သည်။
သို့သော်လည်း သူက အလင်းတန်းအဖြစ် ပြောင်းလဲပြီး အက်ကြောင်းထဲ မထွက်ပြေးနိုင်ခင် သူ့စွမ်းအားစက်ကွင်းသည် ဝိဇ္ဇာလေးပါး၏ တိုက်ကွက်များကြောင့် တစစီ ဖြစ်သွားလေ၏။
မိုဝူကျိ၏ ဝမ်းဗိုက်အောက်ပိုင်းဆီ ဓားအလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီး ဗုဒ္ဓအလင်းတန်း တစ်ချက်က သူ့လက်မောင်းတစ်ဖက်ကို ဖြတ်လုနီးပါး ဖြစ်သွားသည်။
သို့သော် လက်ရှိ မိုဝူကျိက ထိုဒဏ်ရာများကို မည်သို့ ဂရုစိုက်နေနိုင်မည်နည်း။ သူက လွတ်မြောက်ရန် လွတ်မြောက်ငြား မျှော်လင့်ချက်ဖြင့် အာကာပြင် အက်ကြောင်းထဲ အသည်းအသန် ပြေးဝင်လိုက်သည်။ အကယ်၍ သူသာ မထွက်ပြေးလျှင် သေချာပေါက် အသတ်ခံရပေမည်။
ဤသည်မှာ သူ့မူလ အကြံအစည် ဖြစ်ပြီး သူ့တွက်ချက်မှုက မမှားယွင်းခဲ့ပေ။ မဟာဖျက်စီးရေး ပညာရပ်နှင့် ဝိဇ္ဇာများ တိုက်ခိုက်မှုကြား အက်ကြောင်းများစွာ ပေါ်လာခဲ့၏။
သူက အာကာပြင် အက်ကြောင်းထဲ ပြေးမဝင်နိုင်ခင် လော့က နောက်ထပ် ဓားအလင်းတန်းတစ်ချက် ထပ်မံ ပစ်လွှတ်လိုက်ပြန်သည်။
အကယ်၍ လော့၏ ပထမဓားအလင်းတန်းက သတ်ဖြတ်ရှိန် မပါရှိကြောင်း ပြောလျှင် ဤဒုတိယ ဓားအလင်းတန်းတွင် အဆုံးမဲ့ သတ်ဖြတ်ငွေ့များ ကိန်းအောင်းနေပေသည်။ ဤဓားအလင်းတန်းက မိုဝူကျိအား သတ်ပစ်ဖို့ရာ ရည်ရွယ်ထားကြောင်း သိသာလှ၏။
မိုဝူကျိက ငြီးငြူလိုက်သည်။ ဤလော့ကား အမှန်တကယ် ရက်စက်လှပေသည်။ သူက တခြားဝိဇ္ဇာများ သူ့ကို တိုက်ခိုက်လာအောင် လှုံ့ဆော်ပေးခဲ့သူ ဖြစ်ပြီး သူ့ပထမ တိုက်ခိုက်မှုမှာ အားအပြည့် ထုတ်မသုံးထားသော်လည်း ဒုတိယတစ်ချက်၌ သတ်ဖြတ်ငွေ့အပြည့် ပါဝင်နေသည်။ ဆိုလိုသည်မှာ လော့က သူ ထွက်ပြေးဖို့ ကြိုးစားသည့်အချိန်ကို တိုက်ခိုက်ဖို့ စောင့်ဆိုင်းနေခြင်း ဖြစ်၏။
သူက ပါးမွှားတစ်ကောင်မျှသာ ဖြစ်နေသေး၏။ မိုဝူကျိက သွေးတစ်ပွက် အန်လိုက်ရပြန်သည်။ သူက ထိုဓားအလင်းတန်းကို ဂရုမစိုက်တော့ဘဲ လက်ကို မြှောက်ကာ လက်ချောင်းဖြင့် ပြန်ချိန်ရွယ်လိုက်သည်။
သတ္တကမ္ဘာ လက်ချောင်းပညာရပ် - (အတုအယောင်)မုသား
“ မင်း ရူးနေပြီ ” လော့က အရူးအမူး အော်ဟစ်လိုက်သည်။ သူက မိုဝူကျိသည် သူ့ရိုက်ချက်ကို မရှောင်ဘဲ နေလိမ့်မည်ဟု မယုံပေ။ မိုဝူကျိသာ ဤတစ်ချက်ကို ရှောင်လိုက်သည်နှင့် သူ့နောက်တိုက်ကွက်က မိုဝူကျိအား အဆုံးသတ်ကာ သူ့ဓားအလင်းက မိုဝူကျိအား သိမ်းကျုံး ခေါ်ဆောင်သွားလိမ့်မည်။
“ ဖူး ” ကံကြမ္မာဓား အလင်းတန်းက မိုဝူကျိ၏ စွမ်းအားစက်ကွင်းကို ဖျက်စီးကာ ရင်ဘတ်ဆီ ကျရောက်လာသည်။
ထိုရိုက်ချက်ဖြင့် မိုဝူကျိ၏ စွမ်းအားစက်ကွင်းမှာ ကြေမွသွားပြီး သူ့ချီသွေးကြောများမှာလည်း ပျက်စီးသွားကာ တာအိုအုတ်မြစ် ယိုင်လဲပျက်စီးသွားချေသည်။
လော့က ဤရိုက်ချက်ကြောင့် မည်သို့ ဖြစ်လာမည်ကို အသေအချာ သိထားသောကြောင့် မိုဝူကျိ ရူးနေကြောင်း ပြောခြင်း ဖြစ်၏။
မိုဝူကျိက မရူးပေ။ သူသာ ရှောင်လိုက်ပါက နောက်ဆုတ်ရာ လမ်းကြောင်းအားလုံး ဖြတ်တောက်ခံလိမ့်ရမည် ဖြစ်ကြောင်း သိပေသည်။ ဤနေရာတွင် လော့တစ်ဦးတည်း ရှိနေခြင်း မဟုတ်ပေ။ လော့၏ ရိုက်ချက်က မိုဝူကျိ စွမ်းအားဗဟိုချက်၊ တာအိုအုတ်မြစ်နှင့် ချီသွေးကြောတို့ကို ဖျက်စီးလိုက်ပြီးနောက် မိုဝူကျိ၏ လက်ချောင်းမှာ လော့ရင်ဘတ်ဆီ ရောက်ရှိလာသည်။
လော့ ရင်ဘတ်၌ သွေးမြူတစ်ကွက် ဖြစ်ပေါ်လာသည်။ သူ့စွမ်းအားဗဟိုချက်နှင့် ဝိညာဉ်လမ်းကြောင်းတို့သည်လည်း မိုဝူကျိ လက်ချောင်းကြောင့် အစိတ်စိတ်အမွှာမွှာ ဖြစ်ကုန်ပြီး သူ့ခန္ဓာကိုယ်၌ အပေါက်ကြီး ဖြစ်သွားသည်။
သူက လော့ရှုတို့ တုံ့ပြန်ဖို့ အချိန်ပင် မစောင့်တော့ချေ။ ဒဏ်ရာအပြင်းအထန် ရထားသည့် လော့က ဓားအလင်းတန်းအဖြစ် ပြောင်းလဲကာ အာကာပြင်ထဲ ပျောက်ကွယ်သွားလေသည်။ ယခု သူ ထွက်မသွားလျှင် အသက်ရှင်လျက် ထွက်သွားနိုင်တော့မည် မဟုတ်ပေ။
ထိုက်လွန်က အေးစက်စက် ရယ်မောလိုက်သည်။ နောက်ဆုံးတွင် သူ အောင်မြင်သွားလေပြီ။
သူက ရှေ့တစ်လှမ်းဆွဲပြီး မိုဝူကျိအား ဆွဲဖို့ ကြိုးစားလိုက်စဉ် မိုဝူကျိက ခရမ်းရောင် တာအိုစည်းမျည်း နှစ်ခုကို ရုတ်ချည်း ထုတ်ယူလိုက်ပြီး သူ့ဆီ ပစ်လွှတ်လိုက်၏ “ ဒီမှာ ခင်ဗျားအတွက် ….. ဒီလူအိုကြီးက ထွက်သွားတော့မယ်။ ဒီလူအိုကြီးက ဒီအကြွေးကို သေချာပေါက် လာပြန်ဆပ်ခိုင်းမယ် ”
ထိုက်လွန်က တုန်လှုပ်သွားကာ ခရမ်းရောင် တာအိုစည်းမျည်းနှစ်ခုကို ဖမ်းဆုပ်လိုက်၏။ သူက မိုဝူကျိသည် အက်ကြောင်းထဲ ဝင်၍ ပျောက်ကွယ်သွားသည်ကို စိုက်ကြည့်နေရုံသာ တတ်နိုင်လိုက်သည်။
စည်းမျည်းနှစ်ခု ဘာလို့ ဖြစ်နေရတာလဲ …. မဟုတ်သေးပါဘူး ဒါတွေက စကြဝဠာ တာအိုစည်းမျည်း မဟုတ်ဘူး ….
ထိုစဉ် ထိုက်လွန်က နားလည်သွားပေသည်။ အကယ်၍ ဤတာအိုစည်းမျည်းနှစ်ခုသာ သူ့လက်ထဲ မရှိလျှင် သူက ထိုးဖောက်၍ မြင်တွေ့နိုင်မည် မဟုတ်ပေ။ အကြောင်းမှာ ထိုတာအိုစည်းမျည်းနှစ်ခုက စကြဝဠာ တာအိုစည်းမျည်းနှင့် သိပ်မကွာလှပေ။ တကယ်တော့ သူတို့အတွင်းရှိ စည်းမျည်းများသည် စကြဝဠာ တာအိုစည်းမျည်းထက်ပင် ပိုကျယ်ပြန့်ကာ ရှုပ်ထွေးနေသေး၏။
သို့သော်လည်း ထိုခရမ်းရောင် တာအိုစည်းမျည်းနှစ်ခုသည် အင်မတန် နူးညံ့လှသည်။ သူတို့ကား ဝိဇ္ဇာတာအို မဖွဲ့စည်းရသေးပေ။
“ ဝုန်း ” ထိုခရမ်းရောင် တာအိုစည်းမျည်းနှစ်ခုက ရုတ်ချည်းဆိုသလို ကြေမွကာ ပျောက်ကွယ်သွားလေ၏။
ထိုက်လွန်က အသိပြန်ဝင်လာသည်။ အက်ကြောင်းသည် လုံးဝ မပျောက်ကွယ်သွားသေးကြောင်း မြင်လိုက်ပြီးနောက် သူက မိုဝူကျိနောက် ဆက်လိုက်ချင်မိသည်။
ထိုစဉ် လော့ရှု၊ ဖိုတိနှင့် ချင်းယွမ်တို့က သူ့အား ဝင်ရောက်နှောင့်ယှက်လိုက်သည်။
“ ထိုက်လွန် …. လွန်လွန်းမနေဘူးလား။ မင်းက ငါတို့ရှေ့မှာတောင် တာအိုစည်းမျည်းကို သိမ်းလိုက်သေးတယ် ” ချင်းယွမ် လေသံက ဒေါသတရားဖြင့် အေးစက်နေသည်။
“ အဲဒီကောင်နောက် မြန်မြန် လိုက် …. ကျုပ်ဆီ ပစ်လိုက်တဲ့ ဒီစည်းမျည်းနှစ်ခုက အတုတွေ ” ထိုက်လွန်က စိုးရိမ်တကြီး အော်ပြောလိုက်သည်။
“ အတုဆိုရင် ကျုပ်ကို ပေးလိုက်လေ ” ချင်းယွမ်က မထူးမခြားနား ပြောလိုက်သည်။
အတုတဲ့လား ….
သူကိုယ်တိုင်ပင် ဤသို့ တာအိုစည်းမျည်းအတုကို မဖန်တီးနိုင်ပေ။ ဝိဇ္ဇာတပိုင်းအဆင့်က ဘယ်လိုလုပ် လုပ်နိုင်မည်နည်း။ ဤထိုက်လွန်က သူတို့အား အရူးဟု ထင်မှတ်နေခြင်းသာ ဖြစ်လိမ့်မည်။
ထိုက်လွန်က အင်မတန် စိတ်ဆန္ဒစောလာကာ “ အရူးတွေ …. တာအိုစည်းမျည်းအတုက ပျက်စီးသွားပြီလေ။ သူတို့က အတု မဟုတ်ရင်တောင် အဲဒီလူက ဘာလို့ နှစ်ခု ထုတ်ပေးမှာတုန်း ”
ဟုတ်သား …..
သူတို့က အတုမဟုတ်လျှင် ဤလူက အဘယ်ကြောင့် နှစ်ခု ထုတ်ပေးသနည်း။ ချင်းယွမ်နှင့် ဖိုတိတို့လည်း နားမလည်နိင်တော့ပေ။
တစ်ဖက်တွင် လော့ရှုက အေးစက်စက် ဝင်ပြောလိုက်၏ “ ငါတို့ မျှသုံးနေတဲ့ စကြဝဠာ တာအိုစည်းမျည်းကို အဲဒီကောင် ယူသွားတာပဲ ”
ထိုက်လွန်က ရုတ်ချည်းဆိုသလို သဘောပေါက်သွားသည်။
ဉာဏ်များလိုက်တဲ့ကောင်စုတ် …..
ထိုက်လွန်က တစ်ခုခု ပြောရန် နောက်ကျသွားပြီ ဖြစ်ကြောင်း သိလိုက်သည်။ တိုက်ပွဲကြောင့် ဖြစ်လာသည့် အက်ကြောင်းသည်လည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။
မြန်မြန် ထွက်သွားရမယ် ….
ထိုက်လွန်က ထိုအတွေးဖြင့် ဆက်ရှင်းပြဖို့ စိတ်မပါတော့ပေ။ သူ့ပုံရိပ်က ဖြတ်ခနဲ ပျောက်ကွယ်သွားကာ ထွက်ပြေးလိုက်တော့သည်။
***