အခန်း(၆၉၃) အမည်ခံ အိမ်ထောင်ရေး
Vol. 50 Ch. 693
အခန်း(၆၉၃) အမည်ခံ အိမ်ထောင်ရေး
သူမ မောင်နဲ့ တတိယအစ်ကိုတို့ကို အတုယူဖို့ ကျိုးတုန်းကို အကြံပေးသည်။ အမှန်ပင်။ အရန်လုပ်ငန်းအဖြစ်သာ သဘောထားသင့်သည်။ အဓိက လုပ်ငန်းကတော့ ဒီခြံကို လည်ပတ်ဖို့ ဖြစ်၏။
ကောင်တီမြို့သို့သွားပြီး ဝယ်စရာ ဆိုင်နေရာ ကောင်းကောင်းရှိသလား သွားကြည့်ဖို့ ကျိုးတုန်းကို ပြောလိုက်ပါသည်။ ရှိပါက တစ်ဆိုင် နှစ်ဆိုင်လောက် ဝယ်သင့်သည်။ ထို့နောက် ကိုယ်ပိုင်စီးပွားရေး လုပ်သင့်၏။
သူယုံကြည်သည့် တစ်ယောက်ယောက်ကို အလုပ်ခန့်ပြီး သွားစောင့်ခိုင်းလို့ရသည်။ သို့မဟုတ် ကိုယ်တိုင်လုပ်လည်း ရပါသည်။ ကျိုးတုန်း၏ ကိုယ်ပိုင်အစီအစဥ်အပေါ်မှာပဲ မူတည်ပါသည်။
ကျိုးတုန်းက ထိုစကားကြားသောအခါ ခေါင်းငြိမ့်လိုက်ပါသည်။ မေးစရာ မရှိတော့ပေ။
သားငယ်က ရွှင်ပျစွာ ဝင်ပြောလိုက်သည်။ "အစ်ကိုတုန်း။ မေးခွန်းထပ်မမေးတော့ဘူးလား။ ကျွန်တော့်အမေ ရောင်းစားတာကို ခံရမှာ စိတ်ပူနေတာလား။"
"အမေက လက်ဖက်ရွက်ပဲ ရောင်းတာ လူရောင်းတာမှ မဟုတ်တာ" မိမိလေးက သူမအမေဘက်က ကူပြောပေးလိုက်ပါသည်။
"မိမိလေးပြောတာ မှန်တယ်" ကျိုးခိုင်က သူ့ညီမလေးကို ပေါင်ပေါ် တင်ထားလိုက်ပါသည်။ မိမိလေးက အကြီးဆုံးအစ်ကိုဖြစ်သူနဲ့ အနည်းငယ် စိမ်း၏။ သို့သော်လည်း သူ့ကို သဘောမကျဘဲ မနေပါ။ သူမ၏ အစ်ကိုကြီးပဲ မဟုတ်ပါလား။
ကျိုးတုန်းက ရယ်မောလိုက်သည်။ "ဒေါ်လေးက ကောင်းတယ် ပြောမှတော့ ဘယ်လိုလုပ် ဆိုးနိုင်မှာလဲ။ မေးစရာ မလိုတော့ပါဘူး။”
တတိယမောင်လေးလင်းနဲ့ တတိယအစ်ကိုတို့ကို ကြည့်လိုက်ရုံနဲ့ သိနိုင်ပါသည်။ တတိယအစ်ကိုက ကောင်တီမြို့မှာ ဖုန်းတစ်လုံးပင် တပ်ဆင်ပြီးသွားပြီဖြစ်သည်။ တတိယမောင်လေးလင်းကလည်း စက်ဘီးမှ ဆိုင်ကယ်အဖြစ်သို့ ပြောင်းလဲနိုင်ခဲ့လေပြီ။ ထို့နောက် ဆိုင်ကယ်မှ ထရပ်ကားအဖြစ်သို့ ပြောင်းလဲခဲ့၏။
တကယ်တော့ ကျိုးတုန်းလည်း ဒါကို စဥ်းစားဖူးပါသည်။ ခြံတစ်ခုထောင်တာ ကောင်းသော်လည်း သူ့ကိုယ်ပိုင်ဆိုင်ဖွင့်လျှင် ဘယ်လို ဖြစ်လာမလဲ မသိပါ။
သူမသေချာသေးသဖြင့် လင်းချင်းဟယ်ပြန်လာတာကို အခွင့်ကောင်းယူကာ မေးကြည့်လိုက်ပါသည်။ လင်းချင်းဟယ်ကလည်း သူ့ကို ဒီလမ်းကြောင်းအတိုင်း လမ်းညွှန်ပေးသဖြင့် စိတ်ပူစရာ မလိုဘဲ အကောင်အထည် ဖော်နိုင်ပါပြီ။
ကြက်များသာ ရောင်းဖို့ စီစဥ်ထားပါသည်။ ကျန်တာ ဘာမှ မရောင်းပါ။
လင်းချင်းဟယ် စဥ်းစားပုံက လုပ်ငန်းက သာမန်မျှသာ ရှိလောက်သည်။ သို့သော်လည်း အရန်လုပ်ငန်းတစ်ခု တည်ထောင်လိုက်ပါက မိသားစုအတွက် ဝင်ငွေ အပိုရှိလာနိုင်ပါသည်။
အမှန်ပင်။ အရေးအကြီးဆုံးအချက်မှာ တည်နေရာ ကောင်းကောင်းရှိ ဆိုင်ကောင်းကောင်းက မြို့ကြီးပြကြီးလို မခမ်းနားသည့် ကောင်တီမြို့မှာတောင် စျေးအများကြီး တန်ပါသည်။
လုပ်ငန်းက သာမန်သာဖြစ်ပြီး ငွေအများကြီး မရရင်တောင် ဝယ်ထားပြီး ဖွင့်ထားပါက လုံခြုံနိုင်ပါသည်။
ကျိုးတုန်းက သူမရှေ့မှာ ကြီးပြင်းလာတာဖြစ်ပြီး သူ အဆင်ပြေနိုင်ဖို့ မျှော်လင့်မိသည်။
ထို့ကြောင့် လင်းချင်းဟယ် ပြန်သောအခါ သူမမောင်လေးနှင့် တတိယအစ်ကိုတို့ကို မြို့မှာ အိမ်တစ်လုံးဝယ်ဖို့ ပြောခဲ့သည်။ အကြံကောင်း ဖြစ်ပါသည်။ ငွေပိုငွေလျှံရှိပါက တစ်အိမ်လောက် ဝယ်ထားသင့်သည်။ နောက်ပိုင်းတွင် ကလေးများက ကောင်တီမြို့က အထက်တန်းကျောင်းမှာ ပညာသင်ရမည်။ သူတို့ နေဖို့ထိုင်ဖို့ နေရာတစ်ခုရှိပြီးသား ဖြစ်သွားပါလိမ့်မည်။ ကျောင်းမှာနေဖို့ မလိုတော့ပါ။
ကျိုးတုန်း နားထောင်မလား မထောင်ဘူးလား ဆိုတာကိုတော့ လင်းချင်းဟယ် မသိပေ။ သို့သော်လည်း ပြောတော့ ပြောခဲ့ပါသေးသည်။
နောက်တစ်နေ့က အဖေလင်း၏ နာရေး ဖြစ်သည်။
မိသားစုတစ်စုလုံး သွားရောက်ခဲ့ကြပါသည်။ သူတို့ တစ်ယောက်ကို တစ်ယောက် မတွေ့တာ နှစ်ပေါင်းများစွာ ကြာပြီဖြစ်သည်။ လင်းချင်းဟယ်နဲ့ သိပ်ပြီး ပတ်သတ်မှု မရှိသော အကြီးဆုံးအစ်ကိုလင်း၊ ဒုတိယအစ်ကိုလင်းနှင့် အစ်မကြီး နှစ်ယောက်တို့က သူတို့မိသားစုကို မြင်သောအခါ ကြက်သေ သေသွားကြပါသည်။
အထူးသဖြင့် တူများ ဖြစ်ကြသည်။ တစ်ယောက်ချင်းစီတိုင်းက ရွာသားတွေကို နှစ်ခါ ပြန်ကြည့်ရစေသည်။
တစ်ရွာလုံးကို ပတ်ကြည့်ရင်တောင် ဒီလိုမျိုး ထူးချွန်သည့် ပါရမီရှင်များကို မတွေ့နိုင်ပါ။
အကြီးဆုံးအစ်မလင်းနှင့် ဒုတိယအစ်မလင်းတို့က ၎င်းတို့၏ ခံစားချက်များကို ပြန်လည်ပြုပြင်ချင်ကြသည်။ သို့သော်လည်း လင်းချင်းဟယ်က လင်းမိသားစုနှင့် ဘာမှ မပတ်သတ်ချင်တော့ပါ။
အရင်တုန်းက အမေလင်း ဆုံးပါးသွားသည်။ အခု အဖေလင်း ဆုံးပါးသွား၏။ အဖေလင်း ဆုံးပါးသွားသဖြင့် နောက်ကို လင်းမိသားစုအိမ်သို့ သူမ လာတော့မည် မဟုတ်ပေ။
လင်းမိသားစု တစ်ခုတည်းတွင် သူမမောင်မိသားစု တစ်ခုတည်းကိုသာ ကြည့်ရှုစောင့်ရှောက်သည်။ ယောက်ျားဘက်က အမျိုးများကိုတော့ အသိအမှတ်ပြုပြီး မိသားစုအရင်းကို ဂရုမစိုက်ဘူးလို့ ပြောချင်လည်း ပြောကြပါစေ။ အရေးမကြီးပါ။
ပေးသင့်သည့် ပိုက်ဆံကိုပေးကာ လိုက်ပို့ပေးသင့်သည့် နာရေးကိုလည်း လိုက်ပို့ပေးခဲ့ပါသည်။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့က သားငယ်၊ မိမိတို့နဲ့ အတူတူ ရွာထဲမှာ တစ်ရက်နေခဲ့ပါသည်။
သားကြီးနဲ့ သားလတ်တို့ကတော့ အလုပ်များကြ၏။ နာရေးပြီးတာနဲ့ ကောင်တီမြို့ကို ပြန်ကြပြီး အမေဘက်က ဦးလေးဆီမှာ တစ်ညအိပ်ခဲ့ကြပါသည်။ ထို့နောက် နောက်တစ်နေ့ မနက်ပိုင်း ဘတ်စ်ကားဖြင့် ပြည်နယ်မြို့သို့ ပြန်လာပြီး ရထားစီးသွားကြပါသည်။
သူတို့ ပြန်လာဖို့ အထူးတလည် ခွင့်ယူလာရသည်။ ထပ်ပြီးတော့ အချိန်ဆွဲလို့ မရပါ။
လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သားကြီးတို့ ထားခဲ့သော ဆိုင်ကယ်ကို စီးကာ နောက်တစ်နေ့ ကောင်တီမြို့တော်သို့ လာခဲ့သည်။ ပြောစရာမလိုအောင် ကျိုးရှားဆီသို့ လာလည်ခဲ့ပါသည်။
ကျိုးရှားက အလုပ်များနေ၏။ အိမ်မှာ မရှိပါ။ မာမြောင်မြောင်လည်း အတူတူပဲ ဖြစ်သည်။ သူတို့နှစ်ယောက်စလုံး ပရိဘောဂစက်ရုံသို့ ရောက်နေကြပါသည်။
ဒုတိယမရီးက အိမ်မှာ ကလေးထိန်းနေ၏။ လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ မိမိလေး၊ သားငယ်တို့နဲ့ အတူတူ လာနေတာကို မြင်သောအခါ ဒုတိယမရီး တွန့်ဆုတ်သွား၏။
ဆက်ဆံရေးက တကယ်ပဲ မကောင်းသော်လည်း မောင်းထုတ်ရလောက်သည့် အဆင့်တော့ မဟုတ်သေးပါ။ သူမသာ သူတို့ကို မောင်းထုတ်ရဲပါက သူမချွေးမလည်း သူမကို ရွာသို့ ပြန်မောင်းထုတ်လိမ့်မည်ဆိုတာကို သိထားပါသည်။
ဒုတိယမရီးကို ဘာမှ ပြောစရာ မရှိသော်လည်း လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ အိမ်ထဲဝင်လာပြီး အပေါ်ယံနှုတ်ဆက်ကာ လိုရင်းကို ပြောခဲ့ပါသည်။
သူတို့ ဒုတိယအစ်ကိုကို မြို့တော်သို့ ခေါ်သွားမည်ဟု တိုက်ရိုက်မပြောပါ။ သူမ ဒုတိယမရီးကို မေးလိုက်၏။
"အစကတော့ ကျွန်မ သဘောမတူပါဘူး။ ဒါပေမယ့် ချင်းပိုင်က သူ့ညီအစ်ကိုတွေကို ဂရုစိုက်တယ်လေ။ ဒုတိယအစ်ကိုကို မြို့ခေါ်ချင်နေတယ်။ လတိုင်း နေစရိတ် စားစရိတ်အပါအဝင် ယွမ် ၁၀၀ကျော်လောက် ရမယ်။ ကျွန်မ သဘောမတူဘဲ သူက ဒုတိယအစ်ကိုကို သွားပြောလိုက်တယ်။”
ဒုတိယမရီး ကြက်သေ သေသွားပါသည်။ ဘာဖြစ်တယ်။ ကျိုးချင်းပိုင်က သူမယောက်ျားကို မြို့တော်မှာ အလုပ်လုပ်စေချင်ပြီး ယွမ် ၁၀၀ ကျော်ပေးမယ်ဟုတ်လား။
ဒုတိယအစ်ကို မြို့တော်မှာ ဘာအလုပ်လုပ်ရမလဲဆိုတာ သူမ အရေးမစိုက်ပါ။ သူမ ပြောလိုက်၏။ "တကယ်ပဲ တစ်လကို ယွမ် ၁၀၀ ကျော်လား။”
"ဟုတ်တယ်။ ဒါပေမယ့် ကျွန်မကတော့ တကယ်သဘောမတူချင်ဘူး။ ဒုတိယအစ်ကိုက မြို့တက်လာမယ်ဆိုတော့ ရှင်လည်း နောက်ပိုင်းကျရင် ရောက်လာမှာပဲ။ ကျွန်မတို့ ဆက်ဆံရေးကို ရှင်သိပါတယ်။”
လင်းချင်းဟယ်က အလွန်လှောင်ပြောင်သည့် သဘောမျိုးနဲ့ သာမကဘဲ တဲ့တိုးကြီး ပြောလိုက်ပါသည်။
ဒုတိယမရီးကို မမြင်ချင်သောကြောင့် ဒီလိုပြောလိုက်ခြင်း ဖြစ်ပါသည်။ သူမသာ လိုက်လာပါက ဒုတိယအစ်ကိုကို အလုပ်လုပ်ခွင့် မပေးနိုင်ဘူးဟုလည်း ပြောလိုက်ခြင်း ဖြစ်၏။
"ရှားရှားတို့ အဖေကို သွားခွင့်ပေးလိုက်ပါ။ ငါ မသွားပါဘူး။ ရှားရှားကို ကလေးကူထိန်းပေးရဦးမယ်" ဒုတိယမရီးက ချက်ချင်း ပြောလိုက်ပါသည်။
တစ်လကို ယွမ် ၁၀၀ ကျော်တဲ့။ တစ်နှစ်ဆို ယွမ် ၁,၀၀၀ ပဲ။ ဒီလောက် အများကြီး ရဖို့ လယ်ထဲမှာ ဘယ်လောက်တောင် စိုက်ပျိုးလိုက်ရမလဲ။
"ရှင်လိုက်မလာရင်တော့ ကျွန်မ စိတ်မပါ လက်မပါနဲ့ ဒုတိယအစ်ကိုကို လက်ခံလိုက်ပါ့မယ်။ လစာကိုတော့ ဒုတိယအစ်ကိုကို ပေးလိုက်မယ်။ ရှင်တို့ လင်မယား ဘယ်လို ကိုင်တွယ်မလဲဆိုတာကို ကိုယ့်ဖာသာကိုယ် ဆုံးဖြတ်ပါ။ ဒါပေမယ့် ကျွန်မ ကြိုပြောထားတယ်။ ကျွန်မ ဒုတိယအစ်ကိုကိုပဲ လာခွင့်ပေးတာ။ တခြား ဘယ်သူ့ကိုမှ လက်မခံဘူးနော်" လင်းချင်းဟယ်က အပြတ်ပြောလိုက်ပါသည်။
သူမ ဒီလိုလေသံနဲ့ မပြောရတာ ကြာပြီ ဖြစ်သည်။ သို့သော်လည်း ဒီလိုလေသံမျိုးကိုသာ ဒုတိယမရီးက ကြားဖူးနေကျဖြစ်၏။
လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ အကြာကြီး မထိုင်ဘဲ မိမိလေးနဲ့ ပြန်လာခဲ့ကြပါသည်။
တစ်ဖက်မှာတော့ ဒုတိယမရီး ဒီတိုင်း ထိုင်မနေနိုင်တော့ပေ။ သူမ မြို့တော်ကို မသွားချင်တော့ပါ။ သို့သော်လည်း ထိုပိုက်ဆံကိုတော့ ရမှဖြစ်မည်။ တစ်နှစ်ကို ယွမ် ၁,၀၀၀ ကျော်တောင်ဖြစ်သဖြင့် ဒီလိုပိုက်ဆံမျိုး ဘယ်မှာရှာနိုင်ဦးမည်နည်း။
ထို့ကြောင့် ကျိုးရှားနဲ့ မာမြောင်မြောင်တို့ အလုပ်က ပြန်လာကြသောအခါ သူမ ထိုကိစ္စအကြောင်း ပြောလိုက်ပါသည်။ ထို့နောက် ရွာပြန်ပြီး ဒုတိယအစ်ကိုနဲ့ ဒီအကြောင်း သွားပြောချင်သည်။
"မနက်ဖြန် တတိယဦးလေးကို လိုက်ပို့ခိုင်းလိုက်လေ အမေ" ကျိုးရှားက ပြောလိုက်ပါသည်။
ထို့နောက် သူ့တတိယဦးလေးနဲ့ ဒေါ်လေးတို့ အိမ်သို့ လာခဲ့သည်။ သို့သော်လည်း သူ့စတုတ္ထဦးလေးနဲ့ ဒေါ်လေးတို့က ဘတ်စ်ကားဖြင့် ပြည်နယ်မြို့သို့ ပြန်သွားကြပြီဖြစ်သည်။ သူတို့ အခုချိန်လောက်ဆို ရောက်လောက်ပြီဖြစ်ပြီး ရထားပေါ်တောင် တက်နေကြလောက်ပါပြီ။
ဒုတိယမရီးက ဒါတွေ စိတ်မဝင်စားပါ။ သူမ တတိယမရီးဆီက အတည်ပြုလိုက်၏။ လင်းချင်းဟယ်ကလည်း တတိယမရီးနဲ့ ပြောထားပြီးသားဖြစ်သဖြင့် သူမ ပြန်ဖြေလိုက်ပါသည်။
ထို့ကြောင့် နောက်တစ်နေ့ မနက်စောစောတွင် ဒုတိယမရီးက တတိယအစ်ကို၏ ဆိုင်ကယ်ဖြင့် ရွာသို့ လိုက်ပါလာခဲ့ပါသည်။ ဒုတိယအစ်ကိုနဲ့ ထိုကိစ္စကို အမြန်သွားပြောသည်။
အဓိက အချက်ကတော့ အိမ်ကို ပိုက်ဆံတစ်ပြားမကျန် ပြန်ပို့ဖို့ ဖြစ်ပါသည်။ ထိုအခါ သူမ မြို့တက်ပြီး သူ့ကို အနှောင့်အယှက်ပေးမှာ မဟုတ်ပေ။
ဒုတိယအစ်ကိုကလည်း သဘောတူပြီး ပိုက်ဆံကို ပြန်ပို့ပေးမည်ဟု ပြောလိုက်ပါသည်။ ထို့အပြင် သူမ ငွေကိုသာ စိတ်ဝင်စားနေပုံကိုမြင်ရသောကြောင့် ဒုတိယအစ်ကို ရင်ထဲ အလွန်တည်ငြိမ်သွားပါသည်။
လင်မယားဆိုတာ နာမည်သာရှိသည်။ သူတို့ခံစားချက် ပျောက်ကွယ်ခဲ့တာ ကြာပါပြီ။