အဆိပ်ချီကြော
Vol. 82 Ch. 1139
သဘာဝနိယာမများနှင့် အနှစ်သာရများ ပေးနေခြင်းက ဧကရာဇ်၏ ထိုးကျွေးနေသော အကွက်တစ်ကွက်ဖြစ်သည်။
သူ့တွင် မကောင်းကြံလိုစိတ်မရှိဘဲ အမှန်တကယ် ကောင်းမွန်သော စေတနာသာရှိသည်ဟု မပြောနိုင်သော်လည်း အနည်းဆုံးတော့ သူက ဖဲချပ်များကို လှန်ကာ ထောင်ချောက်အား ပေါ်ပေါ်တင်တင် ပြထားသည်ကိုတော့ အနည်းဆုံး ပြောနိုင်၏။
"ရော့ ဒီမှာ ငါးစာ။ မင်းတို့ကောင်တွေ ဟပ်ရဲလား” သူက ထိုကဲ့သို့ မေးနေသည့်အလားပင်။
ဉာဏ်ရှိသော မည်သူမဆို ကြီးမားပြီး အန္တရာယ်များသည့်အရာ တစ်ခုခုဖြစ်နေကြောင်း မြင်နိုင်လိမ့်မည်။ ဤကြောက်ခမန်းလိလိ ကသောင်းကနင်းဖြစ်ရပ်များက လေဟုန်ခွင်းလောကကို ရိုက်ခတ်နေစဉ် ဧကရာဇ်၏ အပြုအမူများက အမှန်တကယ် တွေးစရာဖြစ်နေသည်မဟုတ်ပါလော။
သို့သော် …. တစ်စုံတစ်ခု ဖြစ်ပျက်နေမှန်းသိသည့်တိုင် အက်ရှလွန်ကျင့်ကြံသူတစ်ယောက်မှ ထိုကဲ့သို့ ငါးစာမျိုးကို အရဲစွန့်မဟပ်ဘဲ မနေနိုင်ပေ။ တာအိုကောင်းကင်လည်း မနေနိုင်သလို မန်ဟိုလည်း မနေနိုင်။ သူတို့အားလုံး လေဟုန်ခွင်းလောကသို့ လာခဲ့ရသည့် ရည်ရွယ်ချက်တစ်ခုလုံးကလည်း သဘာ၀နိယာမများနှင့် အနှစ်သာရများကို ဉာဏ်အလင်းရရှိရန် ဖြစ်ခဲ့လေသည်။
ထိုရည်ရွယ်ချက်က သူတို့ အနှစ်သာရတစ်ခုပြီးတစ်ခု ဉာဏ်အလင်း ချက်ချင်းရရှိလိမ့်မည်ဟု မဆိုလို။ သို့စေကာမူ အနှစ်သာရသည် သူတို့၏နှလုံးသားထဲတွင် တဖျပ်ဖျပ် လှုပ်နေသော မီးတောက်တစ်စပမာ တည်ရှိလာမည်ဖြစ်၏။ တောင်ပင်လယ်လောကသို့ ပြန်ရောက်လျှင် အဆိုပါမီးတောက်က သူတို့၏ တာအိုနယ်ပယ်တက်ရာလမ်းကို ပို၍ ရှင်းလင်းစေပြီး အဆင်ပြေချောမွေ့စေလိမ့်မည်။
ဝါးတစ်ချောင်းကို ပန်းချီမဆွဲမီ ထိုဝါးကို နှလုံးသားထဲတွင် တည်ရှိလာသည်အထိ မှတ်သားပါဟုဆိုသော ရှေးဆိုရိုးစကားအတိုင်းပင်။ အနှစ်သာရများနှင့် ရင်ဆိုင်ရသည့်အခါ၊ အနှစ်သာရများကို အမှန်တကယ် ရယူရမည့် အချိန်ကျလာသည့်အခါ သူတို့အရှေ့တွင် ပို၍ရှင်းလင်းထင်ရှားသော တက်လမ်းတစ်လမ်း တည်ရှိနေလိမ့်မည်။
ထိုဝါးဆိုရိုးကို နှလုံးသွင်းခြင်းဖြင့်ပင် သူတို့၏ ပင်ကိုယ်သဘာဝများတွင် ပြောင်းလဲမှုများ ဖြစ်ပေါ်လာလိမ့်မည်။
ဉာဏ်အလင်းများစွာ ရလေလေ၊ သူတို့၏နှလုံးသားထဲ၌ တောက်လောင်နေသော မီးတောက်များ တဖြည်းဖြည်း များလာလေလေပင်။ မဟာတာအို ၃၀၀၀ ကို ဉာဏ်အလင်းရ၍ နှလုံသားထဲ၌ တာအိုမီးတောက် ၃၀၀၀ ကိန်းအောင်းသွားလျှင် တာအိုနယ်ပယ်သို့ ဝင်ရောက်သည့်အခါ စိတ်ကူးဖြင့် မှန်းဆကြည့်၍မရနိုင်သော စွမ်းအားကို ကိုင်ဆွဲနိုင်မည်ဖြစ်သည်။
မန်ဟိုသည် ၀တ်ပြုကျောင်းမှ ထုတ်လွှတ်ခဲ့သော အနှစ်သာရ ၃၀၀ ကို ဉာဏ်အလင်း စတင်ရှာဖွေသဖြင့် သူ၏ နတ်ဘုရားအာရုံများက အလိပ်လိပ်ထနေ၏။
အက်ရှလွန်ကျင့်ကြံသူအားလုံး ဆင်ခြင်သုံးသပ်နေကြသလို၊ တောင်ပင်လယ်လောကမှ ကျန်ကျင့်ကြံသူများလည်း ထိုနည်းတူပင်။ ဗဟို၀တ်ပြုကျောင်းသည် ဧကရာဇ်၏ ရူးကြောင်ကြောင် ရယ်သံကြီးမှအပ တိတ်ဆိတ်ငြိမ်သက်နေ၏။
ဧကရာဇ်ကား အက်ရှလွန်ကျင့်ကြံသူများ သဘာ၀နိယာမများနှင့်အနှစ်သာရများအား ဉာဏ်အလင်းအပြည့်အဝရရှိမည်ကို စောင့်စားရင်း သူ့နှလုံးသားထဲ၌ မျှော်လင့်ချက်တို့ ပြည့်လျှံနေသည်။
ကျုံးဝူရသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် အက်ရှလွန်ကျင့်ကြံသူများကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေ၏။ နောက်ဆုံးတော့ သူက သက်ပြင်းဖွဖွ ချလိုက်လေသည်။
"အနှစ်သာရတွေ၊ သဘာ၀နိယာမတွေ၊ မဟာတာအိုတွေ" တာအိုကောင်းကင်က စွမ်းအားများကို တိုးမြှင့်၍ လေများအား သူ့ပတ်ပတ်လည်တွင် တိုက်ခတ်လာစေရင်း တဟားဟား အော်ရယ်ကာ တုန်ရီနေသည်။ လောကစည်းတံဆိပ်များကြောင့် သူသည် အနှစ်သာရ ၉၀၀ ကို ဉာဏ်အလင်းရရှိခဲ့ပြီးဖြစ်၏။ ယခုတွင် ဧကရာဇ်၏အကူအညီနှင့် လေဟုန်ခွင်းလောကချီကြော၏ ကောင်းချီးပေးမှုဖြင့် သူကား အနှစ်သာရ ၁၅၀၀ ကို ဉာဏ်အလင်းရခဲ့ပြီးလေပြီ။ မျှော်လင့်ချက်တို့က သူ့နှလုံးသားထဲတွင် တစတစ ဖြစ်ပေါ်လာသည်နှင့်အမျှ သူသည် ရှေးဟောင်းနယ်ပယ်သို့ ဆယ်ကြိမ်မြောက် တက်လှမ်းနေသည့် သူ့ကိုယ်သူ မြင်ယောင်လာ၏။
"ငါးစာဖြစ်တော့ကော ဘာအရေးလဲ။ ငါ့ဆီကို ဘယ်လောက်ပဲ မင်း ပို့လွှတ်ပို့လွှတ် အကုန်ယူပစ်မယ်" တာအိုကောင်းကင်က မျက်လုံးများ ထူးဆန်းစွာ တောက်ပနေလျက် ဟစ်ကြွေးလိုက်သည်။ သူသည် မန်ဟို့ကို ကြောက်သော်လည်း အက်ရှလွန်တွင် အစွမ်းထက်ဆုံးဖြစ်ခဲ့ခြင်းက သူ၏ခွန်အားဗလနှင့် ဉာဏ်ရည်ဉာဏ်သွေးသည် သာမန်လူထက် အဆများစွာသာကြောင်း ညွှန်ပြနေ၏။ မဟုတ်လျှင် သူသည် ပြည်ထောင်သုံးကို အမြဲတစေ ရှောင်ကွင်းနေခဲ့မည်မဟုတ်ပေ။
လင်းချုံလည်း တုန်ရီနေသည်။ ဟန်ချင်းလဲ့နည်းတူ သူသည် လောကစည်းတံဆိပ်တစ်ခုမှ မရရှိခဲ့၍ သူ၏ကိုယ်ပိုင်နိုင်ငံ့အရှိန်အဝါတောင်မှ မူလအနှစ်သာရ ၃၀၀ အထိသာ ဉာဏ်အလင်းရှာနိုင်ခဲ့၏။ ထို့ပြင် လူမသိသူမသိအောင် ပုန်းနေခဲ့ရသေးသည်။ ယခုတော့ သူကား အနှစ်သာရ ၆၀၀ ကို ဉာဏ်အလင်းရရှိခဲ့ပြီး ဆက်လက်တိုးပွားနေသဖြင့် တုန်ရီနေတော့သည်။
ငါးစာဖြစ်စေ၊ ထောင်ချောက်ဖြစ်စေ သူ့အတွက် အရေးမကြီးတော့။ သူ့အနေဖြင့် ယခုကဲ့သို့ လုပ်ရန်မှအပ အခြားရွေးချယ်စရာမရှိ။ ကျင့်ကြံသူများသည် ပိုမိုအစွမ်းထက်ဖို့ ရှင်သန်ပြီး အန္တရာယ်ကို မဖြစ်မနေ လျစ်လျူရှုရ၏။ ထိုအချက်က အက်ရှလွန်ကျင့်ကြံသူအားလုံး သိကျွမ်းပြီးသောအရာပင်။
ဤသည်မှာ လင်းချုံ၏ အားသာချက်ဟု ပြောမည့်အစား .... သူ့ရည်မှန်းချက်ကို ကိုယ်စားပြုနေခြင်း ဆိုနိုင်သည်။
ဟန်ချင်းလဲ့လည်း ထိုနည်းတူပင်။
ယွီ၀မ်ကျန်းမှာ အသက်ပြင်းပြင်း ရှုနေရသည်။ သူ့တွင် လင်းချုံနှင့် ဟန်ချင်းလဲ့ထက် အနှစ်သာရ ၃၀၀ ပိုရှိထားပြီဖြစ်၍ ယခုတွင် ၁၀၀၀ ကျော်သွားခဲ့လေပြီ။ မန်ဟို့အပြုအမူများကို သူ မမြင်ခဲ့၍မဟုတ်။ သို့သော် ယခုအခြေအနေတွင် အနှစ်သာရများနှင့် သဘာ၀နိယာမများထက် ပို၍ အရေးပါသောအရာ သို့မဟုတ် စွဲမက်ဖွယ်ကောင်းသောအရာ မရှိတော့ပေ။
ထို့နောက် ပဉ္စမတောင်မှ အက်ရှလွန်ကျင့်ကြံသူရှိသည်။ သူသည် စစချင်းတုန်းက အဝေးတွင် ကျီးလန့်စာစားသလို ထိုင်နေခဲ့သော်လည်း ယခုမူ အတိုင်းထက်အလွန် စိတ်လှုပ်ရှားနေပုံရပြီး ချက်ချင်းပင် သူ၏ နတ်ဘုရားအာရုံအား အရပ်လေးမျက်နှာသို့ ဖြန့်ကျက်လိုက်သည်။
အက်ရှလွန်ကျင့်ကြံသူများနှင့်တကွ ဖန်းတုံးအာတို့အပါအဝင် လူတိုင်းသည် ဆင်ခြင်သုံးသပ်ရာတွင် နစ်မြောနေကြ၏။
မန်ဟိုလည်း ဉာဏ်အလင်းရှာရင်း ဈာန်ဝင်စားနေသည်။ သူက လူတိုင်းထက် သာသော အခြေအနေတွင်ရှိပြီး သူ၏နတ်ဘုရားအာရုံ ပျံ့နှံ့သွားလျှင်ချင်း ချက်ချင်းဆိုသလို အနှစ်သာရ ၂၈၀၀ အား ဉာဏ်အလင်းရသွားလေပြီ။
မန်ဟို့စွမ်းအားက တဟုန်ထိုး မြင့်တက်သွားရင်း မမြင်ရသော လေပွေတစ်ခုအား လည်ပတ်တိုက်ခတ်သွားစေလိုက်ရာ ဝေါခနဲ ဝေါခနဲ မြည်သံများပင် ကြားလာရတော့သည်။ သူသည် အခြေအနေအရ အခြားသူများနှင့် ကွာခြားသည့်အတွက် ချက်ချင်းဆိုသလို အံ့မခန်းလိလိပြောင်းလဲမှုများကို ကြုံတွေ့လိုက်ရ၏။ သူကား ယုံကြည်ချက် ပိုရှိလာပုံရသည်။
တစ်ပိုင်းတစ စုပ်ယူထားပြီးသော နိဗ္ဗာနသစ်သီးနှင့်ပတ်သက်၍ သူ့ကိုယ်ထဲတွင် အကြီးမားဆုံးပြောင်းလဲမှုကြီး ဖြစ်ပျက်နေသည်။ အနှစ်သာရ ၂၈၀၀ ကို ဉာဏ်အလင်းရရှိပြီးနောက် ၎င်းက သူနှင့် ခွဲမရအောင် ပေါင်းစည်းခါနီးနေလေပြီ။
မန်ဟို ဉာဏ်အလင်းရလေလေ၊ တာအိုမီးတောက်များက နိဗ္ဗာနသစ်သီးအား သူနှင့်ပို၍ပေါင်းစည်းသွားစေရင်း တောင်လောင်လာလေလေ ဖြစ်သည်။
သူ့ပတ်ပတ်လည်ရှိ ကမ္ဘာကြီးကို နားလည်ခြင်းအားဖြင့် သူသည် နိဗ္ဗာနသစ်သီးနှင့် ပေါင်းစည်းဖို့ လှုပ်ရှားစရာပင် မလိုပေ။ ၎င်းက အလိုအလျောက် လုပ်ဆောင်နေ၏။
ထစ်ချုန်းသံများအား ကြားရနိုင်ပြီး သူ့မျက်လုံးများက ကြယ်တာရာများ တည်ရှိနေသည့်အလား၊ ကမ္ဘာလောကပင် တည်ရှိနေသည့်အလား ထင်လာရသည်။
ရုတ်တရက် ဧကရာဇ်၏ စိတ်ညှို့နေသောအသံက အက်ရှလွန်ကျင့်ကြံသူတိုင်း ကြားရသည်အထိ ဟိန်းထွက်လာသည်။
"မန်ဟိုက အခုတင် အနှစ်သာရ ၂၈၀၀ ကို ဉာဏ်အလင်းရသွားခဲ့ပြီ။ မင်းတို့ အက်ရှလွန်ကျင့်ကြံသူတွေ မြန်မြန်လုပ်ကြတော့။ မဟုတ်ရင် .... ၀တ်ပြုကျောင်းထဲမှာ နှစ်ပေါင်းများစွာ စုဆောင်းထားခဲ့တဲ့ ဒီကမ္ဘာအနှစ်သာရက သူ့ဆီကို သွားတော့မှာနော်
"ဧကရာဇ်အနေနဲ့ ငါ မင်းတို့ကို ကူညီနိုင်တယ်။ ချီကြောတွေကို မင်းတို့ဆီ ငှားပေးနိုင်တယ်။ ငါ့ကို လှမ်းသာခေါ်လိုက်။ ချီကြောက မင်းတို့အပိုင်ဖြစ်စေရမယ်"
တာအိုကောင်းကင်မှာ တုန်ရီသွားပြီး သူ မျက်လုံးများဖွင့်လိုက်သောအခါ ၎င်းတို့သည် သွေးချင်းနီလျက်ရှိ၏။ သူက ရုတ်တရက် ငယ်ထိပ်ကို ရိုက်ချကာ သူ့တစ်ကိုယ်လုံးအား တုန်ခါသွားစေသည်။ ထို့နောက် သူ၏ အက်ရှလွန်အမှတ်အသားက သူ့နဖူးပေါ်တွင် လင်းလက်ကာ သူ၏ ပါရာဂွန်မှော်သိုင်းသည်လည်း မန်ဟို့ကို တိုက်ခိုက်ရန်မဟုတ်ဘဲ သူ၏စွမ်းအားကို လှုံ့ဆော်ပေးဖို့အတွက် ရုတ်တရက် ပေါ်လာ၏။ နောက်ဆက်တွဲရလဒ်များက မည်သို့ပင်ဖြစ်ပါစေ သူသည် သူ၏နတ်ဘုရားအာရုံကို ပို၍ပင်အားကောင်းအောင် လုပ်ချင်၏။
"ငါ့ကို အဲ့ဒီချီကြော ပေးစမ်း" သူက ဟိန်းဟောက်လိုက်သည်။ သူ့အသံပဲ့တင်ထပ်သွားစဉ် မိုးကောင်းကင်မှာ ထစ်ချုန်းသွားပြီး အလင်းတန်းတစ်တန်းက တာအိုကောင်းကင်ကို ပြင်းပြင်းထန်ထန် ပစ်ချလိုက်သည်။ ၎င်း သူ့ကို ၀န်းရံလိုက်သည့်အခါ ပတ်၀န်းကျင်ရှိ ဖုန်များက လေပေါ် မြောက်တက်လာပြီး လေပွေတစ်လုံးအသွင် ပြောင်းသွားသည်။ တာအိုကောင်းကင်မှာ ပြင်းပြင်းထန်ထန် တုန်ရီနေသော်လည်း သူ၏မျက်လုံးများက လင်းလက်တောက်ပလျက်ရှိ၏။
ဖိအားကြီး၏အောက်တွင် သူသည် သူ့ဉာဏ်အလင်းရရှိနှုန်းမှာ ဆယ်ဆကျော် တိုးတက်သွားကြောင်း ခံစားလိုက်ရ၏။
၁၆၀၀
၁၈၀၀
၂၀၀ဝ
တာအိုကောင်းကင်သည် အနှစ်သာရ ၂၀၀၀ သို့ ရောက်ရှိသွားသော အခိုက်အတန့်တွင် သူ၏ ကိုယ်ပိုင်တာအိုကို လှစ်ခနဲ မြင်ရလိုက်ရသည့်အလား အသက်ပြင်းပြင်း ရှူလိုက်ရပြီး မျက်လုံးများ၌ အစွဲအလမ်းကြီးမှုတို့ တောက်ပလာ၏။
ထိုတာအိုက ဝေဝါးနေသော်လည်း အနှစ်သာရ ၂၀၀၀၏ အကူအညီကြောင့် သူ့လမ်းသူ ရှာတွေ့ခဲ့ပြီဟု ဆိုနိုင်လေသည်။
"ဆိုတော့ အဲ့ဒီလိုပေါ့လေ" တာအိုကောင်းကင်က စိတ်အားထက်သန်မှုတို့ မျက်လုံးများတွင် တောက်ပနေလျက် တဆတ်ဆတ် တုန်ရီနေရင်း ရေရွတ်လိုက်သည်။ "ငါ အဲ့ဒါကို အသေးစိတ် ထပ်ဆင်ခြင်ဖို့ လိုလိမ့်မယ်လို့ တစ်ခါမှ တွေးခဲ့မိမှာမဟုတ်ဘူး"
တာအိုကောင်းကင် ချီကြောကို လှမ်းခေါ်ပြီးနောက်တွင် လင်းချုံနှင့် အခြားသူများကလည်း အံတင်းတင်းကြိတ်၍ ခေါ်လိုက်ကြသည်။ သူတို့သည် ကျင့်ကြံခြင်းအခြေခံများကို ထုတ်လွှတ်၍ နတ်ဘုရားအာရုံများဖြင့် ရူးမိုက်နေကြ၏။ အလင်းတန်းအမြောက်အများ သူတို့အပေါ် ကျဆင်းလာသဖြင့် တဂျိန်းဂျိန်း ထစ်ချုန်းသံများ လေတွင် ပြည့်နှက်သွားသည်။ ချီကြောစွမ်းအားက သူတို့၏ ဉာဏ်အလင်းရရှိနှုန်းကို အသည်းအသန်ကူညီပေးနေသဖြင့် အက်ရှလွန်ကျင့်ကြံသူတိုင်းမှာ တုန်ရီနေကြလေသည်။
သူတို့၏ အမြန်နှုန်းက ကြောက်ခမန်းလိလိ မြင့်တက်သွားကြ၏။ အထူးသဖြင့် လင်းချုံပင်။ သူသည် မန်ဟို၏ အနိုင်ယူခြင်းခံခဲ့ရသဖြင့် ရူးတော့မတတ် ဖြစ်ခဲ့ရ၏။ မာနကြီးသောသူ့စိတ်က ထိုအရာကို လက်မခံနိုင်ပေ။ လောလောဆယ်တွင် သူသည် ဘာကိုမှ ထိမ်ချန်မထားဘဲ ဟိန်းဟောက်နေပြီး တာအိုကောင်းကင်ထက် ပိုများသော ချီကြောကိုပင် တောင်းဆိုနေ၏။
သူ့အား မီတာ ၃၀၀ ကျယ်သော အလင်းတန်းတစ်တန်းက ခြံရံထားပြီး သူ၏ ဉာဏ်အလင်းရရှိနှုန်းမှာ မယုံကြည်နိုင်ဖွယ်ကောင်းနေသည်။ မျက်စိတစ်မှိတ်အတွင်း သူကား ၁၀၀၀ ကို ကျော်လွန်သွား၏။ ထို့နောက် ၁၂၀၀။ ၁၅၀၀။ ၁၈၀၀။ မကြာခင် ၎င်းက အနှစ်သာရ ၂၀၀၀ ဖြစ်သွားခဲ့လေပြီ။ သူက ယခုတွင် မန်ဟိုနှင့် တာအိုကောင်းကင်၏နောက် တတိယနေရာသို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်။
"မန်ဟို ငါ မင်းထက် အားမနည်းနေစေရဘူး" သူက ရက်စက်ခက်ထန်နေသော မျက်နှာထားကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူ၏ အမှန်တကယ်ရှိသော အသိပင်လယ်မှာ အတင်းအကြပ် ဆွဲဆန့်ဖြန့်ကားခံနေရသည့်အလား သူ့တစ်ကိုယ်လုံးသည် ပြင်းပြင်းထန်ထန် တုန်ခါနေ၏။ သူ၏စိတ်မှာ ပို၍ရှင်းလင်းလာပြီး သူ့မျက်လုံးများက တောက်ပလာလေသည်။
"ငါ့လမ်းက မမှန်ကန်ဘူး" သူက ရေရွတ်လိုက်သည်။ "အဲ့ဒီအတွက် အဲ့လမ်းကို ဆက်လျှောက်ရင် အမြင့်ဆုံးကို ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး။ ဆိုတော့ အဲဒီလိုဖြစ်နေခဲ့တာကိုး။ အင်မော်တယ်လမ်းစဉ်ဆိုတာ ဒါပါလား" ဘာကို မြင်ခဲ့သလဲ မသေချာသော်လည်း သူက ကျယ်လောင်စွာ အော်ရယ်တော့သည်။
ဟန်ချင်းလဲ့က အံတင်းတင်းကြိတ်လိုက်သည်။ လင်းချုံနှင့် တာအိုကောင်းကင်တို့ လုပ်နေသောအရာကို မြင်လျှင် သူ့နှလုံးသားထဲ၌ ပြိုင်ဆိုင်လိုစိတ်တို့ ပြင်းထန်လာ၏။ သူလည်း တုံးတိုက်တိုက်၊ ကျားကိုက်ကိုက် လုပ်ရန် ဆုံးဖြတ်လိုက်ပြီး ဧကရာဇ်ထံမှ ချီကြောကို တောင်းခံရန် မသင့်တော်လျှင်တောင်မှ မည်သို့ဆိုစေ တောင်းခံလိုက်တော့သည်။
သူ၏ ဉာဏ်အလင်းရရှိနှုန်း မြင့်တက်သွားသဖြင့် တအုန်းအုန်း မြည်သံများ ကြားရနိုင်သည်။ ယခုထက်ထိ ၂၀၀၀ သို့ မရောက်ရှိခဲ့သေးသည့်တိုင် တာအိုကောင်းကင်နှင့် လင်းချုံနည်းတူ သူလည်း သူ၏လမ်းစဉ်ကို မြင်နိုင်သွား၏။
ယွီ၀မ်ကျန်းမှာတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲ တွ့န်ဆုတ်နေဆဲဖြစ်သည်။ ပဉ္စမတောင်မှ အက်ရှလွန်ကျင့်ကြံသူလည်း ထိုနည်းတူပင်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် ရုတ်တရက် တုန်ရီသွား၏။ သူ၏ အရှိန်အဝါက အရောင်အဝါများကို ပြိုးပြိုးပျက်ပျက် လက်သွားစေပြီး လေပြင်းများ တိုက်ခတ်သွားစေသည်။ အနှစ်သာရ ၂၉၀၀ ကို ဉာဏ်အလင်းရရှိလိုက်သဖြင့် ထူးဆန်းသော အရိပ်အယောင်က သူ့မျက်လုံးများတွင် ပေါ်လာသည်။
သူကား ယခုတွင် အနှစ်သာရ ၃၀၀၀ ရောက်ဖို့ ၁၀၀ သာ လိုတော့လေ၏။
သူ့အရှိန်အဝါက ပြောင်းလဲပြီး ကွဲပြားလာသည်။ သူသည် အစိုးမရမှုအားလုံးကို ဖယ်ခွာ၍ ထူးကဲမွန်မြတ်လာနေသည့်အလားပင်။
ပြင်းထန်သော အင်မော်တယ်အငွေ့အသက်များက သူ့ကို ရစ်သိုင်းနေရာ သူ့ကို ကြည့်လိုက်သည့် မည်သူမဆို ရှိခိုးဂါဝရပြုလိုသော စိတ်ဆန္ဒများဖြင့် ပြည့်နှက်သွားရလေသည်။
အက်ရှလွန်များနှင့် ကျန်ကျင့်ကြံသူများပင်လျှင် သက်ရောက်ခြင်းခံလိုက်ရ၏။ မန်ဟို၏ ခြေဖဝါးအောက်တွင် စိမ်းစိုသောမြက်များ၊ နတ်ပန်းပွင့်များ ပွင့်လန်းလာရာ သင်းပျံ့ထုံကြိုင်သော မွေးရနံ့များအား အရပ်လေးမျက်နှာတွင် ပျံ့လွင့်နေစေသည်။ ၎င်းတို့ကြားတွင် အပြာရောင်ကြာပန်းများပင်လျှင် နူးညံ့ညင်သာစွာ ယိမ်းနွဲ့နေ၏။
"လူတစ်ယောက် တာအိုကို ရရှိခဲ့ရင် အဲ့ဒီလူက အခြားလူတွေအတွက် လမ်းဖောက်ပေးတယ်" ဖန်းတုံးအာက မန်ဟို့ကို ကြည့်ရင်း တုန်လှုပ်စွာဖြင့် အသက်ပင် မရှုနိုင်ဘဲ ပြောလိုက်မိသည်။ "လူတစ်ယောက် တာအိုကို သိမြင်သွားရင် ကြာပန်းပြာတွေ ပွင့်လန်းလာတယ်"
တာအိုနယ်ပယ်ပညာရှင်တစ်ယောက်ယောက်သာ ကြည့်နေပါက အံ့အားသင့်သွားပေလိ့မ်မည်။ အဘယ့်ကြောင့်ဆိုသော် ဤသည်မှာ တာအိုနယ်ပယ်တွင်ပင် လူအနည်းစုသာ လှုံ့ဆော်နိုင်ခဲ့သည့် နိမိတ်တစ်ခု ဖြစ်၍ပင်။
ဤအခိုက်အတန့်တွင် နိဗ္ဗာနသစ်သီးသည် မန်ဟိုနှင့် တစ်သားတည်းဖြစ်ခြင်း၏ နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့လေပြီ။ ၎င်းက သူ၏ ထာ၀ရအစိတ်အပိုင်းတစ်ခု ဖြစ်လာတော့မည့်အလား သူ၏သွေး၊ သူ၏ဝိညာဉ်နှင့် တစ်သားတည်း ဖြစ်လာနေ၏။
တာအိုကောင်းကင်၊ လင်းချုံနှင့် ဟန်ချင်းလဲ့တို့ မြင်နေရသည့် တာအိုလမ်းစဉ်များနှင့် ပက်သက်၍မူ မန်ဟိုကတော့ ထိုကဲ့သို့အရာတစ်ခုကိုမှ မမြင်ရပေ။ အဘယ်ကြောင့်ဆိုသော် သူက ဧကရာဇ်ထံမှ လေဟုန်ခွင်းလောကချီကြောကို မတောင်းခံခဲ့၍ ဖြစ်သည်။ သူသည် စစ်မှန်သန့်စင်သောတာအိုကို ဉာဏ်အလင်းရနေ၏။
အက်ရှလွန်နှလုံးသားက သူ့ကိုယ်ထဲတွင် ရှိနေသည့်အတွက်ကြောင့်လည်း ဖြစ်တန်ရာသည်။ သူ၏ကိုယ်ပိုင်နှလုံးသားထဲတွင် လေဟုန်ခွင်းလောကနှင့်ပက်သက်၍ ပြင်းထန်သော အန္တရာယ်အာရုံနှင့် ဆူဝေနေဆဲပင်။
ဉာဏ်အလင်းရရှိနှုန်းနှေးကွေးနေလျှင်တောင်မှ သူ့အနေဖြင့် ချီကြောကို တောင်းခံမည် မဟုတ်ပေ။
ထူးဆန်းသော စွမ်းအားတစ်ခုဖြင့် ပြည့်နှက်နေသည့် ဧကရာဇ်အသံက ကြားလိုက်ရသည့်လူတိုင်း၏ နှလုံးသားထဲသို့ ၀င်ရောက်လာသည်။ "မန်ဟိုက ၂၉၀၀ မြောက် အနှစ်သာရကို ဉာဏ်အလင်း ရရှိခဲ့ပြီးပြီ။ ၁၀၀ ပဲ လိုတော့တယ်။ မင်းတို့အားလုံး မြန်မြန်လုပ်ကြ။ နောက်ကျနေပြီ"