← Chapters

အခန်း(၆၉၄) ကမ္ဘာတစ်ဝှမ်း ခရီးသွားခြင်း

Vol. 50 Ch. 694

အခန်း(၆၉၄) ကမ္ဘာတစ်ဝှမ်း ခရီးသွားခြင်း

Vol. 50 Ch. 694

အခန်း(၆၉၄) ကမ္ဘာတစ်ဝှမ်း ခရီးသွားခြင်း

လင်းချင်းဟယ်နဲ့ ကျိုးချင်းပိုင်တို့ သားငယ်နဲ့ မိမိလေးတို့ဖြင့် မြို့တော်ကို ပြန်လာကြပါသည်။ အားလုံး ပုံမှန်အတိုင်းပဲ ဖြစ်ခဲ့သည်။

သို့သော်လည်း သားငယ် အဘိုးအဘွားများအိမ်သို့ သွားလည်သောအခါ မတော်တဆ ဒီနှစ်ထဲ သူ့မိဘများ ဒုတိယဦးလေးကို မြို့တော်သို့ ခေါ်မည့်အကြောင်း ပြောလိုက်မိပါသည်။

အဖေကျိုးကော အမေကျိုးကော ကြက်သေ သေသွားခဲ့ကြသည်။

"မင်း ဒုတိယဦးလေးက ဒီမှာ ဘာလာလုပ်မလို့တုန်း" အဖေကျိုးက ပြောလိုက်ပါသည်။

သူတို့ ဒုတိယသားကို မတွေ့တာကြာပါပြီ။ ဒုတိယသားက အခုဆို အဘိုးတစ်ယောက်ဖြစ်နေပြီ ဖြစ်သော်လည်း အဖေကျိုးက သူ့ကို အနည်းငယ် သတိရပါသေးသည်။

တခြားသားများကို သူ အကုန်တွေ့ပြီးပါပြီ။ ဒုတိယသားသာ ကျန်သည်။ အသက်ကြီးနေပြီဖြစ်သဖြင့် စိတ်လည်း ပိုပျော့လာပါသည်။ ဒါက လူသားသဘာဝ ဖြစ်သည်။

သို့သော်လည်း ထုတ်မပြခဲ့ပါ။

သူနဲ့ယှဥ်ရင် အမေကျိုး၏ ခံစားချက်များက ပိုမိုကြီးမားပါသည်။ နောက်နှစ်ကစပြီး စတုတ္ထမိသားစုတို့က တိုက်အဆောက်အဦးတစ်လုံး ဆောက်လုပ်မည်ဖြစ်ပြီး စီမံပေးဖို့ လူလိုကြောင်း သိလိုက်ရသည်။ ထို့ကြောင့် ဒုတိယအစ်ကိုကို စီမံရေးအလုပ်သမားအဖြစ် တာဝန်ပေးဖို့ ခေါ်လိုက်ခြင်း ဖြစ်၏။

အမေကျိုး မျက်လုံးများ နီရဲသွားပါသည်။ အိမ်ခြံဝန်းကြီးသို့ အထူးတလည် သွားလည်ခဲ့သည်။ လင်းချင်းဟယ်၏ လက်ကို ကိုင်ကာ သူမ၏ သေးသေးငယ်ငယ် ဝမ်းနည်းနေသော မျက်လုံးများဖြင့် ကြည့်လိုက်ပါသည်။

လင်းချင်းဟယ်က ဒီအဘွားအို၏ လုပ်ရပ်များကို ခံနိုင်ရည် မရှိသဖြင့် ပြောလိုက်ပါသည်။ "ဒုတိယအစ်ကိုက အခု အိမ်မှာရှိလောက်တယ်။ သမီးဖုန်းဆက်မယ် ဒုတိယအစ်ကိုနဲ့ စကားပြောချင်လား အမေ။”

အမေကျိုးက ပြောလိုက်၏။ "ဟုတ်ပြီ။”

ဖုန်းချိတ်ဆက်သွားသောအခါ သူမဒုတိယအစ်ကိုကို ဖုန်းဖြေဖို့ ခေါ်ခိုင်းလိုက်ပါသည်။ အမေကျိုးက မျက်ရည်များကို အကြာကြီး သုတ်နေရ၏။ ဒုတိယအစ်ကိုကလည်း ဟိုဘက်မှာ ချောင်းဆိုးလျက် သူ တာဝန်မကျေခဲ့ဘူးဟု ပြောပါသည်။ သိပ်မကြာခင် မြို့တော်သို့ လာပြီး သူ့အဖေနဲ့ အမေတို့ကို ပြုစုမည်ဟု ပြောပါသည်။

ငိုထားသော်လည်း အမေကျိုးက စိတ်ရွှင်နေ၏။ ကျိုးချင်းပိုင်က သူမကို ပြန်လိုက်ပို့ပေးလိုက်ပါသည်။

"အမေတို့ ကျိုးမိသားစုမှာ နင့်မိန်းမရှိတာ တကယ် ဂုဏ်ယူဖို့ ကောင်းတာပဲ။ ချင်းပိုင်၊ နင့်မိန်းမအပေါ် မဟုတ်တာ မလုပ်နဲ့နော်။ နားလည်လား။ မဟုတ်ရင် နင့်အဖေနဲ့ ငါတို့ နင့်ကို ခွင့်မလွှတ်ဘူး" အမေကျိုးက ကားထဲက မထွက်သေးဘဲ သူ့ကို သတိပေးလိုက်ပါသည်။

ကျိုးချင်းပိုင် ရယ်ရခက် ငိုရခက် ဖြစ်သွားပါသည်။ "အမေ အစမရှိ အဆုံးမရှိ ဘာတွေပြောနေတာလဲ။”

အမေကျိုး ဘာကြောင့် ဒီလိုပြောရသလဲ။ ပန်းခြံထဲတွင် အိမ်ထောင်ကွဲများ လက်တစ်ဆုပ်စာလောက် ရှိသည်။ အရှေ့ဘက်မိသားစု အနောက်ဘက်မိသားစုဟူ၍ ရှိကြ၏။ သဘောထားခြင်း မတိုက်ဆိုင်ကြသူများလည်း ရှိသည်။ ထို့အပြင် လက်ထဲတွင် ငွေရှိသည့်လူများက မယားငယ်များ ထားကြသည်။ မိန်းမက သိသွားပြီး ထပ်ပြီး ကွာရှင်းရပြန်သည်။

မိသားစုကောင်းတစ်ခု ပြိုကွဲသွားနိုင်၏။

အမေကျိုးက သူမသားကို ကောင်းကောင်း သတိပေးထားရမည်ဟု ခံစားမိပါသည်။

ကျိုးချင်းပိုင်လည်း မတတ်နိုင်တော့ပေ။ "အမေ အတွေးလွန်နေတာပါဗျာ။”

"ငါအတွေးလွန်တာဆို ကောင်းတာပေါ့" အမေကျိုးက မျက်စောင်းထိုးလိုက်၏။ "နင့်အဖေနဲ့ ငါတို့ ဒီအသက်အရွယ်တောင် ရောက်နေပြီ။ ငါတို့ နှစ်နည်းနည်းလောက်ပဲ ပျော်စရာကို ခံစားကြရတော့မှာ။ နင်ငါတို့ကို ကောင်းကောင်းမွန်မွန် နေစေချင်ရင် ဘာလုပ်သင့်လဲ၊ ဘာကို မလုပ်သင့်သလဲ နင်သိရမယ်။”

စိတ်လည်းပျက် အူလည်း မြူးစွာဖြင့် ကျိုးချင်းပိုင်က သူ့အမေကို အိမ်ထဲ ပြန်လိုက်ပို့ပေးလိုက်ပါသည်။ နောက်ကျနေပြီ ဖြစ်သဖြင့် အိမ်ကို ကားမောင်းပြန်လာခဲ့သည်။

သူ့မိန်းမနဲ့ အခန်းထဲရောက်တော့ သူ့အမေ၏ သတိပေးချက်ကို ပြန်ပြောပြခဲ့ပါသည်။

"အမေက ရှင့်ကို ဘာလို့ စိတ်ပူနေတာလဲ။ ကျွန်မမရှိရင် ရှင်က နေမရှိတဲ့ ဘဝမှာ နေရသလိုမျိုးပဲ ဖြစ်မှာ။ ဒါပေမယ့် ကျွန်မကတော့ မက်လုံးတွေ အများကြီးနဲ့ ရင်ဆိုင်ရမှာ။ အပြင်ဘက်က ကောင်လေးတွေက ရင်ခုန်စရာလေးတွေ" လင်းချင်းဟယ်က ပြောလိုက်ပါသည်။

ကျိုးချင်းပိုင်မျက်နှာ မှောင်မိုက်သွား၏။ အစကတော့ သူ စနောက်မလို့ဖြစ်သော်လည်း ထင်မထားစွာဖြင့် သူ့မိန်းမ ရင်ထဲက အမှန်တရားကို သိလိုက်ရပါသည်။

"ကိုကလည်း မအိုသေးပါဘူး" ကျိုးချင်းပိုင်က နူးညံ့စွာ ပြန်ချေပလိုက်ပါသည်။

လင်းချင်းဟယ်က ပြုံးလိုက်၏။ "နှစ်နည်းနည်းလောက်နေရင် အသက် ၅၀ ပြည့်တော့မှာကို မအိုသေးဘူး ပြောနေတုန်းပဲလား။”

ကျိုးချင်းပိုင်က သူ မအိုသေးဘူးဆိုတာ အလုပ်ဖြင့် သက်သေပြလိုက်ပါသည်။

နောက်ဆုံးမှာတော့ လင်ချင်းဧယ် ကျိုးချင်းပိုင်၏ လက်ထဲတွင် အိပ်ပျော်သွားတော့သည်။ သူ မအိုသေးတာ ဟုတ်ပါပြီ။

နောက်တစ်နေ့ မနက်စောစော ကျိုးချင်းပိုင် လေ့ကျင့်ခန်းလုပ်ဖို့ အားစိုက်ခဲ့သည်။

သူ့မိန်းမက သူ့ကို သက်လက်ပိုင်း လူတစ်ယောက်၏ ဒုက္ခကို စိတ်ပူရအောင် လုပ်ခဲ့သည်။ မိသားစု ဖိအားကြောင့် မဟုတ်ဘဲ သူ့မိန်းမကို ဆက်လက် ဆွဲဆောင်နိုင်ပါဦးမလား စိုးရိမ်သောကြောင့် ဖြစ်သည်။

လင်းချင်းဟယ်က သူ့ကို လွှတ်ထားလိုက်ပြီး မနက်စာစားပြီးနောက် ဘာသာပြန်စတူဒီယိုသို့ သွားခဲ့ပါသည်။

ဆောက်လုပ်ရေးအဖွဲ့ကို ရှာဖွေဖို့ တာဝန်ကိုတော့ သားငယ်ကို ပေးထားခဲ့လိုက်ပါသည်။

သားငယ်က ဒီနှစ်ဆို ၂၁ နှစ်ပြည့်ပြီ ဖြစ်သည်။ သူက ကလေးလူကြီးတစ်ယောက်လို ဖြစ်နေဆဲပင်။ သို့သော်လည်း လင်းချင်းဟယ် သူမ၏ သားများကို ဆုံးမသည့် ပုံစံက အလိုလိုက်ဖို့ ဖြစ်ပါသည်။ အသက် ၂၁ နှစ်တွင် ထိုကိစ္စများကို သူ့လက်ထဲ ပုံပေးခဲ့သည်။

သူ ညွှန်ကြားသူနဲ့ သွားတွေ့လိုက်ပြီး အဆင်ပြေသည့်အခါ ဆွေးနွေးခဲ့ကြပါသည်။ နောက်ဆုံးတော့ လုပ်ငန်းကို နောက်နှစ် စတင်ဖို့ အချိန်သတ်မှတ်ခဲ့ကြသည်။

သားငယ်က လယ်သမားအိမ်အဆောက်အဦးပုံများကို သူမကို ပြဖို့ ပြန်ယူလာ၏။

စုစုပေါင်း အထပ် ၇ ထပ် ရှိပါသည်။ တစ်ထပ်တွင် အခန်း ၃ ခန်းမှ ၅ ခန်းအထိ ရှိ၏။ ၃ ခန်းပါသည့် အထပ်များတွင် အခန်းများက ကျယ်ကြပြီး ၅ ခန်းအထပ်များမှာတော့ အနည်းငယ် ပိုကျဥ်းပါသည်။

သို့သော်လည်း တစ်ခန်းစီတွင် ပုံမန် ဝရန်တာ၊ ရေချိုးခန်း၊ မီးဖိုချောင် အကုန်ပါသည်။ နေရာကျဥ်းတစ်ခု ဖြစ်နေရင်တောင် အားလုံး ပါဝင်ပါသည်။

ထိုပုံကို ကြည့်ပြီးနောက် သားငယ်က ပြောလိုက်ပါသည်။ "ဒီလိုအိမ်ကောင်းကောင်းမျိုးကို ငှားရမှာ နှမြောစရာပဲ။"

"ဘာနှမြောစရာလိုလို့လဲ" လင်းချင်းဟယ်က ပြောလိုက်၏။ "လတိုင်းလည်း အိမ်ငှားခ ရနေမှာပဲကို"

ငွေရှင်းဖို့ ကိစ္စကိုတော့ နောက်မှ ပြောကြမည်ဖြစ်သည်။ လင်းချင်းဟယ်က ၃ ပုံ ၁ ပုံစီ ရှင်းပေးဖို့ ကြံထားပါသည်။ အိမ်ကို ပြန်အပ်သည့်အခါ တစ်လစာ လစာကို ပြန်ပေးမည်ဖြစ်ပြီး အိမ်ပြဿနာ မရှိမှန်း အတည်ပြုပြီးနောက် အားလုံးပေးမည် ဖြစ်သည်။

သို့သော်လည်း အိမ်မှာ ပြဿနာ ကြီးကြီးမားမား တစ်ခု ဖြစ်ခဲ့ပါက ပြောစရာမလိုအောင် သူမ အားနာမည် မဟုတ်ပါ။

သူတို့ ငှားခဲ့တုန်းက အိမ်အခြေအနေအတိုင်း ပြန်အပ်ရာတွင်လည်း ရှိနေရမည် ဖြစ်သည်။

လင်းချင်းဟယ်က သူမ အိမ်ရှင်တစ်ယောက်အဖြစ် ပြောင်းလဲနေပြီဟုပင် ခံစားမိပါသည်။ ထို့အပြင် သူမ အဆင်သင့် ပြင်ဆင်ထားပြီးသားလည်း ဖြစ်ပါသည်။

"ကျွန်တော်တို့မိသားစုက လယ်သမားအိမ် အဲ့လောက်အများကြီး ဆောက်ကြမှာလား။" လင်းချင်းဟယ်က တခြားအိမ်များ၏ မြေကို သားငယ်အား ပြလိုက်သောအခါ သားငယ် ထိတ်လန့်သွား၏။

ဘယ်တုန်းက သူတို့မိသားစုမှာ ဒီလောက် အိမ်တွေ အများကြီး ရှိသွားတာလဲ။

"အဲ့ဒီအိမ်က နောက်နှစ် အချိန်တိုအတွင်း ဆောက်ပြီးလိမ့်မယ်။ အခြေအနေ ဘယ်လိုရှိလဲ စစ်ကြည့်လိုက်။ အဆင်ပြေရင် သူတို့ကိုပဲ ဆက်ဆောက်ခိုင်း။ လစာကို တစ်သုတ်ချင်း ရှင်းပေးသွားမယ်။ ကြွေးကျန် ဘယ်တော့မှ မရှိစေရဘူး။” လင်းချင်းဟယ်က ပြောလိုက်၏။

သားငယ်က သူ့အမေကို ကြည့်လိုက်ပါသည်။ "အမေ ဒီလောက်အိမ်တွေ အများကြီးနဲ့ နောက်ဆို အိမ်ငှားခတွေ အများကြီး ရတော့မှာပဲ။”

"ဟုတ်တာပေါ့" လင်းချင်းဟယ်က အနည်းငယ် ဂုဏ်ယူဝံ့ကြွားမိပါသည်။ နောက်ပိုင်း တခြားလုပ်ငန်းများက ဝင်ငွေကောင်းမလား မကောင်းမလား သူမ မသိပါ။ သို့သော် ဒီအိမ်ယာများကတော့ သေချာပေါက် အရှုံးပေါ်မှာ မဟုတ်ပေ။

"အနာဂတ်ကျရင် ကျွန်တော် အလုပ် မလုပ်ရင်တောင် ပိုက်ဆံတွေ ကုန်အောင် သုံးနိုင်တော့မယ်လို့ မထင်ဘူး။” သားငယ်က ကျေနပ်သော မျက်နှာမျိုး လုပ်ပြလိုက်ပါသည်။

လင်းချင်းဟယ်က သူ့ကို ငေါက်လိုက်သည်။ "အဲ့တာ နင့်အဖေနဲ့ ငါ့အပိုင်တွေ။ ငါတို့ အနာဂတ်ကျရင် ကမ္ဘာတစ်ဝှမ်း ခရီးထွက်ပြီး နှစ်ယောက်တည်းကမ္ဘာမှာ ပျော်ပျော်နေကြမှာ။ သွားချင်တဲ့နေရာမှာ သွားဇိမ်ခံ။ ဝေစုတော့ မရဘူး။”

"ခံစားချက်မဲ့လိုက်တာဗျာ။ အမေ့မျက်လုံးထဲမှာ အဖေပဲရှိတယ်။ ကျွန်တော်တို့ တစ်ယောက်မှ မရှိဘူး။” သားငယ်က သက်ပြင်းချလိုက်ပါသည်။

ကျိုးချင်းပိုင်က မိမိလေးနဲ့ ပြန်လာစဥ် ထိုစကားကို ကြားလိုက်ပါသည်။

သားငယ်က သူ့ညီမလေးကို ချီလိုက်၏။ မောင်နှမနှစ်ယောက် အတူတူကပ်ရင်း နွေးထွေးသွားကြပါသည်။ "မိမိလေး မေမေက နောက်ပိုင်းကျရင် ဖေဖေနဲ့ အတူ ကမ္ဘာတစ်ဝှမ်း ခရီးထွက်ကြမှာတဲ့။ အစ်ကိုကြီးတို့ကို သူတို့နဲ့ ခေါ်မသွားဘူးတဲ့။”

"အစ်ကိုငယ် မကြောက်ပါနဲ့။ မိမိလေး ချော့ကလက်ကျွေးမယ်" မိမိလေးက သူမ အိတ်ကပ်ထဲမှ နိုင်ငံခြားချော့ကလက်ကို ထုတ်ကာ ပေးလိုက်ပါသည်။

"ညီမလေးတစ်ယောက်ရှိတာ ကောင်းလိုက်တာ" သားငယ်က ကျေနပ်သွားသော မျက်နှာဖြင့် ပြောလိုက်ပါသည်။

"ကမ္ဘာတစ်ဝှမ်း ခရီးထွက်မယ် ဟုတ်လာား" ကျိုးချင်းပိုင်က မျက်ခုံးပင့်ကာ သူ့မိန်းမကို ကြည့်လိုက်ပါသည်။

"နောက်မှခေါ်သွားမယ်" လင်းချင်းဟယ်က သူ့ကို မျက်စိတစ်ဖက် မှိတ်ပြလိုက်ပါသည်။ သူတို့ သမီးလေး အရွယ်ရောက်လာတာနဲ့ သူတို့ သွားကြမည် ဖြစ်သည်။

ကျိုးချင်းပိုင်က မသိမသာ ရယ်မောလိုက်၏။ ထို့နောက် တီဗီကို ဖွင့်လိုက်သည်။ သူ ကြားဖူးပြီးသား အနောက်ဘက်သို့ ခရီးနှင်ခြင်း၏ သီချင်းသံ ထွက်လာသည်။ ထန်စန်း မိန်းမတိုင်းပြည်ကို ဖြတ်သန်းနေပြီး အချစ်စမ်းသပ်ချက်များ စတင်သော ဇာတ်ဝင်ခန်း ပေါ်လာပါသည်။

All Chapters