ဒါက ဝိဇ္ဇာအဆင့်ကိုး
Vol. 87 Ch. 1209
တစ်ရက်၊ နှစ်ရက် …
တစ်နှစ်၊ ဆယ်နှစ် …..
မိုဝူကျိက ဆက်တိုက် လျှောက်လာ၏။ ဤလျှောက်လှမ်းခြင်းက သူ့အား ဆာလောင်မှုနှင့် အချိန်ကို မေ့လျော့သွားစေသည်။ ဤသို့ဖြင့် နှစ်တစ်ထောင် ကုန်ဆုံးသွားကာ သူကလည်း အရိုးပေါ်အရည်တင်သာ ကျန်ရှိတော့သည်။ သို့သော်လည်း သူက ဆက်လျှောက်နေသေးသည်။
ဤသေမျိုးကမ္ဘာက လူသူကျဲပါးလှသည်။ မိုဝူကျိ လျှောက်လှမ်းလေလေ နေရာက ပို၍ စည်ကားလေလေ ဖြစ်၏။ သူက သစ်တောများစွာနှင့် မြစ်ချောင်းများစွာ ဖြတ်ကျော်ခဲ့သည်။
သူ့တာအိုအုတ်မြစ်က ပျက်စီးနေဆဲ ဖြစ်ကာ ချီသွေးကြောများမှာလည်း ပြန်မကောင်းသေးသော်လည်း သူ့ဘေးပတ်လည်၌ အပိုတာအိုလှိုင်း အငွေ့အသက်လေးတစ်ခု ပေါ်ထွက်လာသည်။
ဤတာအိုလှိုင်းလေးက ပြိုင်ဖက်ကင်း ပညာရှင် တစ်ယောက်၏ အားအင်များ ပါဝင်နေပေသည်။ သားရဲတစ်ကောင် ဖြစ်စေ၊ ပိုးမွှားတစ်ကောင် ဖြစ်စေ မိုဝူကျိနှင့် မိုင်တစ်ရာပတ်လည်အတွင်း ကြောက်လန့်တကြား ထွက်ပြေးကုန်ကြသည်။
………………
နတ်ဘုရား နားခိုရာနယ်မြေ အတွင်းပိုင်း၌ ရှားရိုယင်သည် ပြန်လည်ဝင်စားခြင်း ကြေးမုံကို သိမ်းဆည်းလိုက်သည်။ သူမက ခေါင်းမော့ကာ အဆုံးမဲ့အာကာပြင်အား ကြည့်လိုက်သည်။
ပြန်လည် ဝင်စားခြင်း ကြေးမုံအကူအညီဖြင့် နှစ်တစ်သောင်းကျော်လေးဖြင့် ဝိဇ္ဇာတပိုင်း အဆင့် ၇ သို့ ရောက်ရှိလာခဲ့လေပြီ။ သူမသာ ဝိဇ္ဇာတပိုင်း အဆင့် ၇ သို့ ရောက်ရှိသည်နှင့် ကြာပန်းနီအား အသုံးပြုကာ ဝိဇ္ဇာသူတော်စင် ရေကန်ဆီ ဝင်နိုင်လိမ့်မည်။ ဤသည်မှာ သူမ၏ လျို့ဝှက်ချက် ဖြစ်၏။
ထိုအကြောင်းအရင်းကြောင့် သူမက ဝိဇ္ဇာသူတော်စင်မအား နတ်ဘုရားနားခိုရာနယ်မြေဆီ ဝင်ခွင့် မပြုခဲ့ခြင်း ဖြစ်ပေသည်။ အကယ်၍ ဝိဇ္ဇာသူတော်စင်မသာ နတ်ဘုရား နားခိုရာနယ်မြေသို့ ရောက်လာလျှင် ကြာပန်းနီဖြင့် ဝိဇ္ဇာသူတော်စင်ရေကန်ဆီ ပြန်သွားနိုင်ကြောင်း သိသွားဖို့ အချိန်တစ်ခုမျှသာ လိုပေမည်။
ယခု သူမက ဝိဇ္ဇာသူတော်စင်မအား နတ်ဘုရားနားခိုရာနယ်မြေ အပြင်ဘက်၌ သတ်ပစ်ခဲ့ပြီ ဖြစ်ရာ ကြာပန်းနီက သူမ ရှားရိုယင်၏ အပိုင် ဖြစ်လာလေပြီ။
နှစ်သောင်းပေါင်းများစွာ ကျင့်ကြံခဲ့သော ဝိဇ္ဇာများနှင့် ယှဉ်လျှင် သူမက ပြန်လည်ဝင်စားခြင်း ကြေးမုံအကူအညီဖြင့် နှစ်သုံးသောင်းအတွင်း သာမာန်သေမျိုးတစ်ယောက်အဖြစ်မှ ဝိဇ္ဇာတပိုင်း အဆင့် ၇ အထိ ရောက်ရှိခဲ့သည်။ ဤသည်မှာ သူမ၏ ဂုဏ်ယူမှုတစ်ခု ဖြစ်ပေသည်။
အတိတ်တုန်းက အဖြစ်အပျက်များအား စိတ်ထဲ ပြန်လည် မြင်ယောင်လာမိသည်။ မြောက်များစွာသော လူများနှင့် အဖြစ်အပျက်များကို မမှတ်မိတော့သလို သူမ မွေးဖွားလာသည့် ရှားမျိုးနွယ်ကိုပင် မေ့လျော့နေပြီ ဖြစ်၏။
သူမ မမေ့နိုင်သည့် တစ်ခုတည်းသောအရာမှာ စမ်းသပ်ခန်းအတွင်း အလုပ်လုပ်နေသည့် အမျိုးသားတစ်ယောက်၏ နောက်ကျောပုံရိပ်လေး ဖြစ်၏။
သူမက ထိုလူ၏ မျက်မှောင်ကျုတ်မှုနှင့် အပြုံးတိုင်းကို မမေ့နိုင်သေးပေ။ သူမက သူ့နောက်ကျော ဓားနှင့် ထိုးခဲ့စဉ် အမေးခံရသည့် “ ဘာလို့လဲ ” ဟူသော မေးခွန်းကိုလည်း မမေ့နိုင်သေးချေ။
သူမက ဖော်မြူလာ မေးလိုက်ဖို့ လိုအပ်ရုံမျှမှန်း မည်သို့ မသိဘဲ နေမည်နည်း။ သို့သော်လည်း သူ သေဖို့ လိုအပ်သည်။
သူမက ဖော်မြူလာ မတောင်းဆိုချင်ပေ။ ပြောရလျှင် သူမက သူ့အပေါ် ဘာမှ အကြွေးမတင်လိုပေ။
ရှားရိုယင်က အားရပါးရ အော်ဟစ်ပစ်လိုက်သည်။ သူမက ထိုမှတ်ဉာဏ်များကို ဖြတ်တောက်ချင်မိသည်။ မဟုတ်လျှင် ဤလူက သူမအတွက် ဝိဇ္ဇာအဆင့် တက်လှမ်းရာ၌ အတားအဆီး ဖြစ်လာနိုင်သည်။
အမွေးတိုင်တစ်တိုင်စာအတွင်း ရှားရိုယင်၏ မျက်နှာထားမှာ ပို၍ အေးစက်လာသည်။ သူမက ထိုမှတ်ဉာဏ်များအား အတင်းကြပ် ဖျောက်ဖျက်လိုက်ရ၏။
ယခုမှစ၍ သူမ ရှားရိုယင်က စကြဝဠာတစ်ခုလုံး၏ အုပ်ချူပ်သူ ဖြစ်လာဖို့ ရှေ့ဆက်ရမည်။
သူမက စကြဝဠာကြီးထဲ၌ ဝိညာဉ်လမ်းကြောင်း ၁၀၁ ခုနှင့် ချီသွေးကြော ၁၀၁ ခု ပိုင်ဆိုင်ထားသည့် တစ်ဦးတည်းသောသူ ဖြစ်ကြောင်း ယုံကြည်ထားသည်။ သူမက ဒုတိယအသိစိတ်ပင်လယ်ပင် ဖွဲ့စည်းထားနိုင်၏။
ယခု သူမက ဝိဇ္ဇာသူတော်စင်မကို သတ်လိုက်ပြီး ကံကြမ္မာထိပ်တန်း ရတနာ ကြာပန်းနီကို လုယူခဲ့သည်။ သူမသာ ဝိဇ္ဇာသူတော်စင် ရေကန်ဆီ သွားပြီး အားဖြည့်နိုင်သရွေ့ ကြာပန်းနီနှင့် အစစ်အမှန် ဝိဇ္ဇာ ဖြစ်လာပေမည်။
သူမက ကြာပန်းနီကို ထုတ်ယူလိုက်ပြီး ထိုင်ချလိုက်သည်။ လက်ဟန်များကို တစ်ခုပြီး တစ်ခု ဖော်ထုတ်လိုက်သည်။ အသက်ဆယ်ရှိုက်စာအတွင်း ကြာပန်းနီမှာ အနီရောင်အလင်းများ ဖြာထွက်လာကာ အစအနမကျန် ပျောက်ကွယ်သွားလေသည်။
အမွေးတိုင်ဝက်စာအတွင်း ဝတ်ရုံစိမ်း အမျိုးသမီးတစ်ဦးသည် ကြာပန်းနီ ပျောက်ကွယ်သွားသည့် နေရာသို့ ဆင်းသက်လာသည်။ သူမက ခေါင်းမော့ကာ အေးစက်စက် သရော်လိုက်၏။ သူမက ခန္ဓာကိုယ်မှ တာအိုလှိုင်းများကို ဖမ်းဆုပ်လိုက်သည်။
နောက်ထပ် အမွေးတိုင်ဝက်စာအတွင်း ဝတ်ရုံစိမ်း အမျိုးသမီးက ဝေဝေဝါးဝါး ကြာပန်းနီ ပုံရိပ်တစ်ခုကို ဖမ်းဆုပ်ကာ ပျောက်ကွယ်သွားသည်။
……………..
ကြာပန်းနီက ရောက်ရှိလာပြီး သူမ ဝန်းကျင်၌ ကြာပန်းနီ တာအိုလှိုင်းများ အသစ်ဖြစ်တည်လာသည်။ ရှားရိုယင်က စိတ်လှုပ်ရှားလာမိ\။ သူမက ကြာပန်းနီကို သုံးကာ နတ်ဘုရား နားခိုရာနယ်မြေမှ ဝိဇ္ဇာသူတော်စင်ရေကန်ဆီ အောင်အောင်မြင်မြင် ပြန်ရောက်လာပြီ ဖြစ်ကြောင်း သိလိုက်၏။
ယခု သူမက နတ်ဘုရားနားခိုရာ နယ်မြေတွင် ရှိနေကာ ကြာပန်းနီနှင့် တစ်သားတည်း ဖြစ်ပြီး ဝိဇ္ဇာတာအို အတည်ပြုနိုင်ဖို့ နှစ်တစ်ထောင်မျှသာ လိုအပ်တော့ပေမည်။
သူမ ဝိဇ္ဇာတာအို ဖမ်းဆုပ်နိုင်သည်နှင့် စကြဝဠာအတွင်း ပြိုင်ဖက်ကင်း ပညာရှင်ထဲမှ တစ်ယောက် ဖြစ်လာလိမ့်မည်။ ဝိဇ္ဇာတစ်ပါးအနေနှင့် သူမ အမြင်၌ အရာအားလုံးက ပါးမွှားသာ ဖြစ်၏။
“ ဝုန်း ” ရှားရိုယင်က စိတ်လှုပ်ရှားနေပြီး ဝိဇ္ဇာသူတော်စင် ရေကန်၏ ကြာပန်းနီ တာအိုလှိုင်းမှ အသိအမြင်ကို မရရှိသေးခင် ဝိဇ္ဇာသူတော်စင်ရေကန် အလယ်ဗဟို၌ ပေါက်ကွဲထွက်သွားသည်။
ရှားရိုယင်က တုန်လှုပ်သွားလေ၏။ သူမက ကြာပန်းနီမှ ဆင်းလိုက်ပြီးနောက် သူမ ပြန်လည် တွေ့ဆုံရလိမ့်မည်ဟု လုံးဝ မယုံကြည်နိုင်သူကို မြင်တွေ့လိုက်ရသည်။
သူမ သတ်ခဲ့သည့် ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မက ဘယ်လိုလုပ် ပေါ်လာတာလဲ ….
ဝိဇ္ဇာသူတော်စင်မမှာ ပုံပွား ရှိနေတာလား ….
သို့သော်လည်း သူမက တစ်ခါမှ မကြားဖူးခဲ့ပေ။ သူမက ဝိဇ္ဇာသူတော်စင်မနောက် နှစ်များစွာ လိုက်လာလေရာ ဝိဇ္ဇာသူတော်စင်မတွင် ကျင့်ကြံရေး ပုံပွား မရှိကြောင်း သိထား၏။
“ အခုထိ မသေသေးဘူးလား ” ရှားရိုယင်က ဝတ်ရုံစိမ်း ဝိဇ္ဇာသူတော်စင်မအား တအံ့တဩ ကြည့်လိုက်သည်။ ဝိဇ္ဇာသူတော်စင်မသည် အသက်ရှင်ရုံသာမက ဝိဇ္ဇာသူတော်စင်ရေကန်အထိ ပြန်ရောက်လာလေသည်။
ဘယ်လိုဖြစ်ကုန်တာလဲ ….
ဝိဇ္ဇာသူတော်စင်မက ရှားရိုယင်အား ပြန်မဖြေပေ။ ရှားရိုယင် စကားများ ထွက်မလာခင် သူမအောက်ရှိ ကြာပန်းနီသည် ဝိဇ္ဇာသူတော်စင်ရေကန်အတွင်း အရည်ပျော်ကျသွားလေ၏။ ကြာပန်းနီ ပျောက်ကွယ်သွားမှုက ရှားရိုယင်အား ဤသည်မှာ ဝိဇ္ဇာသူတော်စင်မ၏ ပိုင်နက်အတွင်း ဖြစ်ကြောင်း အသိပေးနေသည်။
ဝိဇ္ဇာသူတော်စင်မ၏ အရှိန်အဝါ အားပိုကောင်းလာသည်ကို ခံစားမိပြီး ရှားရိုယင်က မကောင်းတော့ကြောင်း တန်းသိလိုက်သည်။ သူမက တုံ့ဆိုင်းမနေဘဲ အာရုဏ်ဦးတိမ်အလင်းတန်းကို ထုတ်ကာ ဝိဇ္ဇာသူတော်စင်မဆီ ချိန်ရွယ်ပစ်လွှတ်လိုက်သည်။ တစ်ချိန်တည်းတွင် ပြန်လည်ဝင်စားခြင်း ကြေးမုံက ပြန်လည် ဝင်စားခြင်း တာအိုအလင်းအဖြစ် ပြောင်းလဲကာ ဝိဇ္ဇာသူတော်စင်ရေကန်ရှိ တာအိုလှိုင်းများကို ရစ်ပတ်ထားပြီး ဝိဇ္ဇာသူတော်စင်မဆီ ပစ်လွှတ်လိုက်ပြန်သည်။
“ ဝုန်း ” တာအိုလှိုင်းများ ပေါက်ကွဲထွက်သွားသည်။ ဝိဇ္ဇာသူတော်စင်နှင့် ရှားရိုယင်ကြားတွင် အနီရောင်လှိုင်းလုံး ဖြစ်ပေါ်လာ၏။ ထိုအနီရောင်လှိုင်းလုံးက ကမ္ဘာကြားရှိ နယ်နမိတ်ပုံစံလို ဖြစ်ကာ ရှားရိုယင်၏ တိုက်ခိုက်မှုကို တားဆီးလိုက်သည်။
ရှားရိုယင် စိတ်ထဲ လေးလံမိသွား၏။ သူမက ဝိဇ္ဇာသူတော်စင်မအား မြန်မြန် အဆုံးသတ်ပစ်ဖို့ လိုကြောင်း သိလိုက်သည်။ မဟုတ်လျှင် သူမ အဆုံးသတ်သွားပေမည်။
သူမက အသက်သွေးတစ်ချို့ အန်ထုတ်လိုက်သည်။ ပြန်လည်ဝင်စားခြင်း ကြေးမုံရှိ ပြန်လည်ဝင်စားခြင်း တာအိုအလင်းတန်းက တောက်တောက်ပပ စတင် ထွက်ပေါ်လာသည်။ အဆုံးမဲ့ ပြန်လည်ဝင်စားခြင်း တာအိုလှိုင်းများက ပေါက်ကွဲထွက်သွားကာ ရှားရိုယင်နှင့် ဝိဇ္ဇာသူတော်စင်မကြား အတားအဆီးကို ကြေမွပျက်စီးသွားစေသည်။ ပြန်လည်ဝင်စားခြင်း ကြေးမုံ တာအိုအလင်းတန်းက ဝိဇ္ဇာသူတော်စင်မဆီ အားပြင်းပြင်းဖြင့် ရှေ့ဆက်တိုးလာသည်။
ထိုအချိန်၌ ရှားရိုယင်က နားလည်သဘောပေါက်သွားသည်။ ဝိဇ္ဇာသူတော်စင်မသည် သူမ ကျင့်ကြံနေသည့်နေရာအနား ပုန်းအောင်းကာ သူမ ကြာပန်းနီကို သုံး၍ ဝိဇ္ဇာသူတော်စင်ရေကန်ဆီ ပြန်သွားမည့်အချိန်ကို စောင့်ဆိုင်းနေခြင်းသာ ဖြစ်လိမ့်မည်။
သူတို့ ဝိဇ္ဇာသူတော်စင်ရေကန်ဆီ ပြန်ရောက်သည်နှင့် ဝိဇ္ဇာသူတော်စင်မက သူမ ချန်ရစ်ထားခဲ့သည့် ကြာပန်းနီ တာအိုလှိုင်းများအား အသုံးပြုကာ ကြာပန်းနီ ဝိညာဉ်ကို ဝိဇ္ဇာသူတော်စင်ရေကန်ဆီ ပြန်လည် ပို့လွှတ်လိုက်ခြင်း ဖြစ်၏။ ကြာပန်းနီ ဝိညာဉ်သည် နဂိုကတည်းက ဝိဇ္ဇာသူတော်စင်မအပိုင် ဖြစ်သည့်အတွက် သူမအနေနှင့် အလွယ်တကူ လုပ်ကိုင်နိုင်လိုက်သည်။
သူမ စိတ်နှလုံးသား၌ နောင်တတို့ဖြင့် ပြည့်နှက်နေသော်လည်း ရှားရိုယင်က အချိန်မကျသေးကြောင်း သိလိုက်သည်။
ပြန်လည်ဝင်စားခြင်း ကြေးမုံသည် အတားအဆီးကို ဖျက်စီးပစ်လိုက်ပြီးနောက် ပိုမို အားကောင်းသော ပြန်လည်ဝင်စားခြင်း တာအိုအလင်းတန်းများက ဝိဇ္ဇာသူတော်စင်မဆီ ပြေးဝင်သွားသည်။
ကြာပန်းနီက ဝိဇ္ဇာသူတော်စင်မ၏ နဂိုခန္ဓာကိုယ် အစစ် ဖြစ်၏။ ယခု ထိုအရာက ဝိဇ္ဇာသူတော်စင်ရေကန်ထဲ ပြန်ရောက်သွားပြီ ဖြစ်ရာ ဝိဇ္ဇာသူတော်စင်မ၏ ရုပ်ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ရုပ်လုံးပေါ်လာပြီး ကျင့်ကြံဆင့်မှာလည်း ဝိဇ္ဇာတပိုင်း နောက်ပိုင်းအဆင့်သို့ ခုန်တက်သွားသည်။ ရှားရိုယင်၏ ပြန်လည်ဝင်စားခြင်း ကြေးမုံ တာအိုအလင်းတန်း ထွက်လာသည့်အခါ သူမက တစ်ချက်အသံပြုလိုက်သည့်အခါ ပျောက်ကွယ်သွားခဲ့သော ကြာပန်းနီက ပြန်ပေါ်လာလေ၏။
ကြာပန်းနီသည် ရှားရိုယင်၏ ပြန်လည်ဝင်စားခြင်း ကြေးမုံနှင့် ထိပ်တိုက် တွေ့ကာ ဝိဇ္ဇာသူတော်စင်ရေကန် အလယ်၌ ဝဲကတော့ကြီး ဖြစ်ပေါ်လာစေသည်။
ရှားရိုယင်က မည်သည့်အတွက် တုံ့ဆိုင်းနေရမည်နည်း။ သူမက ပြန်လည်ဝင်စားခြင်း ကြေးမုံကိုပင် မယူနိုင်တော့ဘဲ ထိုဝဲကတော့အတွင်း ခုန်ဆင်းချလိုက်သည်။ မျက်စိတစ်မှိတ်အတွင်း သူမက ပျောက်ကွယ်သွားလေ၏။ သူမသာ ထွက်မသွားလျှင် ဘယ်သောအခါမှ ထွက်သွားနိုင်တော့မည် မဟုတ်ကြောင်း သိပေသည်။
သူမက ဝိဇ္ဇာသူတော်စင်မ၏ ဝိညာဉ်အမျှင်လေး လွှတ်မြောက်သွားခဲ့ကြောင်း မှန်းဆမိလိုက်၏။ ဤမျှနှင့်တင် မလုံလောက်သေးပေ။ တစ်ယောက်ယောက်က ဝိဇ္ဇာသူတော်စင်မအား ကူညီပေးလိုက်ခြင်းသာ ဖြစ်ရမည်။ အကယ်၍ ဤလူသာ ဝိဇ္ဇာသူတော်စင်မကို မကူညီပေးခဲ့လျှင် ဝိဇ္ဇာသူတော်စင်မက အချိန်တိုအတွင်း အားကောင်းကောင်း ကမ္ဘာဦး စိတ်ဝိညာဉ် ဖြစ်လာကာ ကြာပန်းနီ တာအိုလှိုင်းဖြင့် ဝိဇ္ဇာသူတော်စင်ရေကန်ဆီ ပြန်လာနိုင်ဦးမည် မဟုတ်ပေ။
သူမက ရလဒ်ကို စိတ်ကျေနပ်လွန်းနေခဲ့သည့်အတွက် ဝိဇ္ဇာ ဖြစ်လာနိုင်မည့် အကောင်းဆုံး အခွင့်အရေးကို လက်လွှတ်လိုက်ရသည်။ ထိုမျှတင် မကသေးဘဲ ပြန်လည်ဝင်စားခြင်း ကြေးမုံကိုပင် ဆုံးရှုံးလိုက်ရသည်။
ရှားရိုယင်က ဝဲကတော့ထဲ ဝင်လိုက်သည်နှင့် သူမဘာသာ မထိန်းချုပ်နိုင်တော့ကြောင်း သိလိုက်သည်။ အားကောင်းလှသည့် ဝဲကတော့ကြီးက သူမ ချီသွေးကြောများကို တစစီ ဖြစ်သွားစေကာ အလွှာပေါင်းစုံ ဖြတ်သန်းသွားပြီး စကြဝဠာအနက်ပိုင်းသို့ ခေါ်ဆောင်သွားလေသည်။
ဝိဇ္ဇာသူတော်စင်မက ဝဲကတော့ကြီးကို တစ်ချက်ကြည့်လိုက်ပြီး တိတ်ဆိတ်နေလေ၏။ သူမက ရှားရိုယင်နောက် လိုက်မသွားပေ။ လက်တွေ့၌ သူမက ဝိဇ္ဇာသူတော်စင်ရေကန်၌ ကျင့်ကြံနေသည်မှာ နှစ်များစွာ ကြာမြင့်လှပြီ ဖြစ်သော်လည်း နတ်ဘုရားနားခိုရာ နယ်မြေမှ ဝိဇ္ဇာသူတော်စင်ရေကန်ဆီ သွားနိုင်ကြောင်း မသိထားပေ။ သူမက ဝိဇ္ဇာသူတော်စင်ရေကန် အောက်ခြေ၌ ကူးသန်းရေး ဝဲကတော့ ရှိနေကြောင်း ပိုလို့ပင် မသိချေ။
အမြင်နှင့်တင် ဤနေရာကား သူမ ပိုင်ဆိုင်ခဲ့သည့် နေရာ ဟုတ်ဟန် မပေါ်တော့ပေ။
……………..
ရှားရိုယင်က ဝဲကတော့ထဲ မျှောပါသွားပြီး ချီသွေးကြောများ ပျက်စီးသွားစဉ် မိုဝူကျိက လမ်းလျှောက်ခြင်းကို ရပ်တန့်လိုက်သည်။
သူက ခေါင်းမော့ကာ ကောင်းကင်ကြီးကို ကြည့်လိုက်၏။ သူ့ဘေးပတ်လည်တွင် အင်မတန် သာမာန်ကျလွန်းသော တာအိုလှိုင်းတစ်ခုက ဖြစ်ပေါ်လာသည်။
ထိုစဉ် သူ့အသက်ဓာတ် လမ်းကြောင်း၊ သဘာဝစွမ်းအား သိုလှောင်ရေးလမ်းကြောင်းနှင့် စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းတို့ ပြန်လည် ကောင်းမွန်လာသည်။
သူ့ချီသွေးကြောများ၊ တာအိုအုတ်မြစ်နှင့် စွမ်းအားဗဟိုချက်လည်း ကုစားပြီးသား ဖြစ်လာသည်။ သူ့ဘေးပတ်လည်ရှိ တာအိုလှိုင်းလေးက ပို၍ မှိန်ဖျော့လာကာ စကြဝဠာနှင့် လူသားကြား ဆက်နွယ်မှုကား ပို၍ ထင်ရှားလာသည်။
အချိန်အတော်ကြာပြီးနောက် မိုဝူကျိ ဘေးပတ်လည်ရှိ မှိန်ဖျဖျ တာအိုလှိုင်းလေးက ပျောက်ကွယ်သွားသည်။ ထိုစဉ် သူက သာမာန်သေမျိုးတစ်ယောက်သာ ဖြစ်၏။
ဒါက ဝိဇ္ဇာအဆင့်ကိုး …..
မိုဝူကျိ၏ စိတ်နှလုံးသားသည်လည်း တည်ငြိမ်နေသည်။ သူ့ဒဏ်ရာများမှ ပြန်လည် ကောင်းမွန်လာသည့် အခိုက်အတန့် ဝိဇ္ဇာအဆင့်သို့ ရောက်ရှိသွားလေသည်။
သူက ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။ သူ့စိတ်စွမ်းအားက နဂါးငွေ့တန်းများစွာနှင့် ကမ္ဘာမြောက်များစွာကို ဖြတ်သန်းသွားနေသည်။
***