ထာဝရ လောကပါလအင်မော်တယ်
Vol. 82 Ch. 1140
တောင်ပင်လယ်လောက၏အပြင်ရှိ အဆုံးမဲ့မှောင်ပိန်းနေသော အာကာသထဲတွင် လေဟုန်ခွင်းလောကသည် ဖော်ပြ၍ပင်မရတော့သော အမြန်နှုန်းဖြင့် မြင့်တက်နေသည်။ အာကာသမှာ လှိုင်းဂယက်များကို အရပ်လေးမျက်နှာသို့ ဖြန့်ကျက်ရင်း တွန့်လိမ်ရှုံ့တွနေလေ၏။
တဖြေးဖြေး အာကာသဟင်းလင်းပြင်၏ ဟိုးအပေါ်တွင် မမြင်ရသော အတားအဆီးတစ်ခု ရှိနေသည်ကို မြင်လာရသည်။ ပုံမှန်အားဖြင့် မြင်ရမည်မဟုတ်သော်လည်း ယခုတွင် လေဟုန်ခွင်းလောက၏ ၎င်းအနား ချဉ်းကပ်လာနေပြီဖြစ်၍ အတားအဆီးတစ်လျှောက် လှိုင်းများပြေးနေတော့သည်။ အတားအဆီးသည် ဧရာမပိုက်ကွန်ကြီးနှင့် တူပြီး လောလောဆယ်တွင် မဆိုစလောက် ချိုင့်ဝင်အိကျနေမှုကို မြင်နေရ၏။
ဧရာမပိုက်ကွန်ကြီးမှာ မြင်သည်ဆိုရုံကလေး မြင်နေရခြင်းဖြစ်ပြီး တဂျိန်းဂျိန်းအော်ရင်း ရှေ့နောက် ပြေးလွှားကခုန်နေသော မိုးကြိုးလျှပ်စီးအသင်္ချေဖြင့် လွှမ်းခြုံခံထားရသည်။
ပိုက်ကွန်၏အခြားတစ်ဖက်တွင်မူ မှိတ်တုတ်မှိတ်တုတ်လက်နေသော အလင်းရောင်များ၊ ဖရိုဖရဲလွင်ပြင်များနှင့် တခြားလောကများ ဖြစ်ဟန်တူသည့်အရာများ ရှိနေသည်။
ပိုက်ကွန်ကြီးက တောင်ပင်လယ်လောကတစ်ခုလုံးကို တင်းတင်းကြပ်ကြပ် ချုပ်နှောင်ရစ်ပတ်ထားရင်း ဖုံးလွှမ်းထားလေသည်။
ထိုစဉ် လေဟုန်ခွင်းလောကအတွင်း၌ တစ်ခုကို တစ်ခု အဆက်မပြတ် တိုက်ချည်ဆုတ်ချည် ဖြစ်နေသော အလင်းစက်နှစ်စက် ရှိ၏။ ၎င်းတို့တိုက်ခိုက်နေသဖြင့် အာကာသမှာ ကြေမွသွားလိုက်၊ အသစ်ပြန်ဖြစ်လိုက် ဖြစ်နေတော့သည်။
ရုတ်တရက် ရှေးကျသောအသံတစ်သံက အလင်းစက်နှစ်စက်အနက် တစ်စက်ထံမှ ထွက်လာပြီး ပင်ပန်းနွမ်းနယ်နေသံ ပေါက်သည်။ “ပင်လယ်အိပ်မက် မင်းက အခုထိ ဒဏ်ရာတွေကနေ ပြန်သက်သာသေးတာမဟုတ်ဘူး။ ငါ မင်းကို အနိုင်ယူကောင်း မယူနိုင်ပေမယ့် အချိန်တစ်ခုအထိတော့ မင်းကို ချုပ်ထားနိုင်တယ်။ ဘာကြောင့် ငါ့အတွက် ခက်ခဲအောင် လုပ်နေတာလဲ”
ပင်ပန်းနွမ်းနယ်မှုသည် မှော်တိုက်ပွဲ၏ရလဒ်ကြောင့်မဟုတ်ပေ။ ဤပုဂ္ဂိုလ်မှာ အလွန့်အလွန်ကြာမြင့်စွာ အသက်ရှင်နေထိုင်ခဲ့ပြီး၍ အသက်စွမ်းအား မှေးမှိန်အားနည်းနေသည့်အတွက်ကြောင့်ပင်။
“ခက်ခဲအောင် လုပ်နေတာက နင်လေ လေဟုန်ခွင်း” ပါရာဂွန်ပင်လယ်အိပ်မက်က အေးစက်စက် ပြောသည်။
“ငါက အရင်ဆုံး လေဟုန်ခွင်းလောကရဲ့ သခင်ဖြစ်လာခဲ့တယ်။ အဲဒီနောက်မှာမှ အင်မော်တယ်လောကရဲ့ အင်ပါယာသခင်တစ်ဦး ဖြစ်လာခဲ့တာ။ နောက်ဆုံးတော့ ဒီလောက်နှစ်တွေအများကြီးကြာပြီးတဲ့နောက်မှာတော့ ငါ့အနေနဲ့ ငါ့လောကကို လွတ်လပ်ရေးရအောင် ဦးဆောင်နိုင်ပြီ။ အဲဒါက သိပ်မှားနေလား”
“အဲဒီစကားအတိုင်း ပုန်ကန်သူလောက ၃၀၀၀ ပြောခဲ့တာပဲ”
သူတို့ ဆက်လက်တိုက်ခိုက်နေကြသဖြင့် အုန်းအုန်းဒိုင်းဒိုင်း ဆူညံနေသည်။ အလင်းစက်နှစ်စက်သည် တစ်စက်ကိုတစ်စက် အဆက်မပြတ် တိုက်ရုံသာတိုက်နေသည်ဟု ထင်ရသော်လည်း ၎င်းတို့တိုက်သွားတိုင်း မိုးနှင့်မြေကိုခြေမွပစ်နိုင်သော အားကြီးဖြင့် ဖြစ်ကြောင်း မြင်ရလိမ့်မည်။ အာကာသပင်လျှင် ပျက်စီးရ၏။ တာအိုနယ်ပယ်ပညာရှင်တစ်ယောက်ယောက်သာ နီးနီးကပ်ကပ်တွင် ရှိနေခဲ့လျှင် ထိုလှိုင်းများကြောင့် ဒဏ်ရာအပြင်းအထန်ရခြင်း၊ သိုမဟုတ် သေဆုံးခြင်းပင် ဖြစ်နိုင်သည်။
သူတို့ အကြိတ်အနယ် တိုက်နေကြစဉ် ခေါင်းအထက်ရှိ ပိုက်ကွန်ကြီးသည် လေဟုန်ခွင်းလောကနှင့် နီးကပ်သထက် နီးကပ်လာခဲ့လေပြီ။ ၎င်း၏ချိုင့်ဝင်အိကျနေမှုမှာလည်း ပိုမိုသိသာလာသည်။ ထိုမျှသာမက ပိုက်ကွန်ကြီး၏အနောက်တွင် အမျိုးမျိုးသော ဧရာမအရိပ်ကြီးများရှိနေကြောင်း ဖျတ်ခနဲ မြင်လာရ၏။
အရိပ်တစ်ခုက မိုးကြိုးမျက်လုံးများနှင့် ဘီလူးကြီးတစ်ကောင်ပုံစံ ရှိသည်။ နောက်တစ်ခုက မြွေကိုယ်၊ နဂါးခေါင်းနှင့် သားရဲတစ်မျိုးဖြစ်ပြီး အသက်ရှူလိုက်တိုင်း တိမ်တိုက်များကို ရှူသွင်းနေသည်။ အရိပ်များထဲက တစ်ခုမှာ နတ်စစ်သည်တော်တစ်ပါးပမာ ရွှေရောင်ချပ်ဝတ်တန်ဆာအား ဝတ်ဆင်ထားသယောင်ပင်။ ၎င်းက လက်တစ်ဖက်ဖြင့် ဓားတော်မြတ်တစ်လက်ကို ကိုင်စွဲထားရင်း ပိုက်ကွန်ကြီး၏ တစ်ဖက်ခြမ်းတွင် ဖြစ်ပေါ်နေသော တိုက်ပွဲကို စောင့်ကြည့်နေ၏။
နောက်အရိပ်တစ်ခုကိုလည်း ခပ်ရေးရေးကလေး မြင်ရနိုင်သည်။ ၎င်းသည် နွားဖြူတစ်ကောင်ကို စီးနင်းထားသော အဘိုးကြီးတစ်ဦးဖြစ်၏။ သူက သက်ပြင်းချနေပုံပေါက်သည်။
ခပ်ဝေးဝေးတွင်တော့ အံ့မခန်းလိလိ အသတ်အဖြတ်အငွေ့များနှင့် ခေါင်းသုံးလုံး၊ လက်ခြောက်ဖက် ဘီလူးမည်းမည်းကြီးတစ်ကောင် ရှိသည်။
ဤသည်ကား ကောင်းကင်ဘုံ ၃၃ ခုမှ အစွမ်းထက်ပညာရှင်များဖြစ်ကြပြီး လေဟုန်ခွင်းလောက၏ ချဉ်းကပ်လာမှုနှင့် ပင်လယ်အိပ်မက်နှင့်လေဟုန်ခွင်း၏တိုက်ပွဲကို ကြည့်ရှုရန် ဤနေရာသို့ ရောက်လာခဲ့ကြခြင်း ဖြစ်သည်။
ဘယ်သူမှ ပိုက်ကွန်ကို ဖြတ်၍ လာမကူပေ။ စောင့်သာ ကြည့်နေကြသည်။ သူတို့သည် အတိတ်တုန်းက ကောင်းကင်ဘုံ ၃၃ ခုတွင် အဆုံးမဲ့ပျက်စီးခြင်းများ ဖြစ်စေခဲ့သော လေဟုန်ခွင်းအင်ပါယာသခင်က အမှန်တကယ်... တောင်ပင်လယ်လောကကို သစ္စာဖောက်နေသည်လား ဆုံးဖြတ်ဖို့ ကြိုးစားနေကြသယောင်ပင်။
သူသာ သစ္စာဖောက်ခဲ့လျှင်တော့ သူတို့သည် လေဟုန်ခွင်းလောက တောင်ပင်လယ်လောကမှ ထွက်၍ ၃၄ ခုမြောက် ကောင်းကင်ဘုံဖြစ်လာအောင် ခွင့်ပြုပေးမည်။
လေဟုန်ခွင်းအင်ပါယာသခင်နှင့် ပါရာဂွန်ပင်လယ်အိပ်မက်အကြားက တိုက်ပွဲကို စောင့်ကြည့်နေသည့်အပြင် လေဟုန်ခွင်းလောကနယ်မြေများကိုလည်း သူတို့ ကြည့်နေကြသည်။ သဘာဝနိယာမများနှင့် အနှစ်သာရများနှင့်ပတ်သက်၍ မန်ဟိုနှင့်အခြားသူများ၏ ဉာဏ်အလင်းရှာဖွေမှုအပါအဝင် ဖြစ်ပျက်နေသမျှအရာရာတိုင်းကို သူတို့ ရှင်းလင်းပြတ်သားစွာ မြင်နေရလေသည်။
ဧရာမအရိပ်ကြီးများထဲက ခေါင်းသုံးလုံး၊ လက်ခြောက်ဖက်နှင့်အရိပ်သည် သွေးအေးခက်ထန်သောမျက်လုံးများကို ပိုင်ဆိုင်ထားပြီး အထူးသဖြင့် .... မန်ဟို့ကို အာရုံစိုက်နေပုံရ၏။
ဧကရာဇ်၏စကားလုံးများက လေဟုန်ခွင်းနယ်မြေများရှိ ဝတ်ပြုကျောင်းတစ်ဝန်း ပဲ့တင်ထပ်နေဆဲပင်။ တာအိုကောင်းကင်နှင့် အခြားသူများသည် ပို၍ပင်လျင်မြန်စွာ ဉာဏ်အလင်းရရှိမှုကို ကြုံတွေ့နေကြ၏။ အထူးသဖြင့် တာအိုကောင်းကင်ပင်။ သူသည် မန်ဟို၏အကြောမခံလိုက်၍ မျက်လုံးများ ရဲတောက်လျက်ရှိ၏။ သူ့အနေဖြင့် ဧကရာဇ်ထံမှ လေဟုန်ခွင်းချီကြောများစွာ လက်ခံဖို့ အရဲမစွန့်သင့်ကြောင်း သိသော်လည်း အံတင်းတင်းကြိတ်လိုက်သည်။
“ချီကြော” သူက အော်လိုက်သည်။ ဧကရာဇ်က အူလှိုက်သည်းလှိုက် ရယ်၍ လက်ဝှေ့ယမ်းလိုက်သည်။ တာအိုကောင်းကင်မှာ အဆုံးမဲ့အလင်းရောင်၏အရင်းအမြစ် ဖြစ်လာခဲ့သည့်အလား ပို၍ပင် တောက်ပလာလေသည်။ တာအိုကောင်းကင်နှင့် သူ့ကို ဝန်းရံထားသောအလင်းတန်းကို ခွဲ၍ပင် မရတော့ပေ။ အလင်းက သူ့ခန္ဓာကိုယ်ကို အလင်းဖြင့်ဖွဲ့စည်းထားသည့်ပုံပေါ်အောင် သူ့ကိုယ်တစ်လျှောက် စီးဆင်းလျက်ရှိသည်။
ဂျလိန်း ဂျလိန်း ဂျလိန်း။ တာအိုကောင်းကင်က ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်သည်။ ယခင်ထက် ဆယ်ဆတိုးလာသော သူ့နတ်ဘုရားအာရုံသည် ကမူးရှူးထိုး ထွက်လာလေပြီ။ မျက်စိတစ်မှိတ်အတွင်း သူကား အနှစ်သာရ ၂၀၀၀ သို့ ရောက်ရှိသွားခဲ့၏။
၂၄၀၀
၂၆၀၀
၂၈၀၀
တာအိုကောင်းကင်မှာ ရူးမိုက်သွားခဲ့ပြီဖြစ်သည်။ သူ့စွမ်းအားက လူတကာနှင့် ကွဲပြားနေပြီး အားပြင်းသောလေပွေတစ်လုံးက သူ့ကို လှည့်ပတ်နေသည်။ သူ့မျက်လုံးများကား ထူးဆန်းသော အလင်းရောင်ဖြင့် တောက်ပနေကာ သူသည် သူ၏ကိုယ်ပိုင်လမ်းစဉ် ၊ သူ၏ကိုယ်ပိုင်တာအိုဆီသို့ ဦးတည်ရာကို တွေ့သွားခဲ့သည့်အလား ပြင်းပြင်းထန်ထန် တုန်ရီလာ၏။
တစ်ဆက်တည်းမှာပင် လင်းချုံလည်း ပေါက်သည့်နဖူး မထူးဇာတ်ခင်း၍ ချီကြောကို ထပ်မံခေါ်လိုက်သည်။ ဧကရာဇ်က လက်ဝှေ့ယမ်းရင်း အလင်းများအား လင်းချုံအပေါ် သက်ဆင်းစေလိုက်စဉ် ချောက်ချားဖွယ်ရယ်သံကြီးက ပဲ့တင်နေသည်။ လင်းချုံမှာ တဆတ်ဆတ် တုန်နေပြီး သွေးကြောပြာပြာကြီးများ သူ့နဖူးပေါ်တွင် ဖောင်းကြွလာခဲ့၏။ ထို့နောက် သူက သူ၏ပါရာဂွန်မှော်သိုင်းကို ထုတ်လွှတ်လိုက်ရာ မိုးကောင်းကင်မှာ သိမ့်ခါတုန်သွားရလေသည်။ သူ့ဉာဏ်အလင်းရရှိနှုန်းသည် တာအိုကောင်းကင်နှင့်ယှဉ်လျှင် ဒုတိယနေရာမှ လိုက်နေ၏။ သူကား အနှစ်သာရ ၂၀၀၀ မှ ၂၅၀၀ အထိ လျင်မြန်စွာ တက်သွားခဲ့လေပြီ။
သူ့အနောက်တွင် အနှစ်သာရ ၂၀၀၀ သို့ မြန်မြန်ဆန်ဆန် ရောက်လာခဲ့သော ဟန်ချင်းလဲ့ ရှိသည်။
ပဉ္စမတောင်မှ အက်ရှလွန်ကျင့်ကြံသူလည်း အံတင်းတင်းကြိတ်၍ ချီကြောထပ်ခေါ်လိုက်သည်။ ဧကရာဇ်၏ရယ်သံများကား အတောမသတ်တော့ပေ။ အလင်းများစွာ သက်ဆင်းလာပြီး ပဉ္စမတောင်အက်ရှလွန်၏ ဉာဏ်အလင်းရနှုန်း မြင့်တက်သွားရာ သူ့အား အနှစ်သာရ ၂၀၀၀ ကို လျင်လျင်မြန်မြန် ကျော်သွားစေ၏။
တွန့်ဆုတ်နေသည့် တစ်ယောက်တည်းသောလူဆို၍ ... ယွီဝမ်ကျန်းသာ ရှိတော့သည်။ ယွီဝမ်ကျန်းသည် မန်ဟို ချီကြောကို မခေါ်သည့်အပြင် နတ်ဘုရားအာရုံဖြင့် ငြင်းပယ်နေကြောင်း မြင်နေရ၏။ မန်ဟိုနှင့် ရင်းနှီးထားသည့်အတွက် ထိုကဲ့သို့ဆုံးဖြတ်ချက်၏နောက်ကွယ်တွင် အကြောင်းရင်းကောင်းကောင်း ရှိမည်ဖြစ်ကြောင်း သူ ခံစားနေရသည်။
သူ့မှာ ဒွိဟဖြစ်နေရင်း အံကြိတ်လိုက်လေသည်။ ထို့နောက် သူ့မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် တောက်ပသွားပြီးနောက် ချီကြောကို ငြင်းပယ်ကာ ဉာဏ်အလင်းရှာရန် သူ့အစွမ်းအစသူသာ အားထားလိုက်၏။
အသက်ဆယ်ရှိုက်ကျော် ကြာသွားသည်။ ရုတ်တရက် မန်ဟိုမှာ တုန်ရီသွားပြီး သူ့မျက်လုံးများသည် တစ်ခါမှ မတောက်ပခဲ့ဖူးသကဲ့သို့ တောက်ပလင်းလက်လာ၏။ သူက အသက်ပြင်းပြင်းရှူသွင်းလိုက်ရာ အရာခပ်သိမ်း တဝုန်းဝုန်း တုန်ခါသွားလေသည်။ တစ်ကမ္ဘာလုံး၏ အရှိန်အဝါမှာ သူ့ကိုယ်ထဲ စုပ်ယူခံလိုက်ရသဖြင့် မိုးထစ်ချုန်းသွားတော့သည်။
မိုးထစ်ချုန်းသံများ ဆူညံနေစဉ် သူသည် ကြီးထွားလာ၏။ ယခုတွင် မီတာ ၂၁၀ ကျော်နေပြီဖြစ်ပြီး ဆက်လက်ကြီးထွားနေဆဲပင်။ သူ့ထံမှ ရင်သပ်ရှုမောဖွယ်ကောင်းသောစွမ်းအားက လိမ့်ထွက်နေသည်။
အနှစ်သာရ ၃၀၀၀
ဤအခိုက်အတန့်တွင် မန်ဟိုကား အနှစ်သာရ ၃၀၀၀ လုံးကို ဉာဏ်အလင်းရခဲ့လေပြီ....
ပိုလည်းမပို၊ လျော့လည်း မလျော့။
ထိုအခိုက်အတန့်တွင် တာအိုမီးတောက်ပေါင်း ၃၀၀၀ ကား သူ့နှလုံးသားထဲ လောင်မြိုက်နေရင်း သူ့လမ်းကို အလင်းပြ၍ သူ၏မရှင်းလင်းမှုအားလုံးကို ဖယ်ရှားပစ်လိုက်သည့်အလားပင်။
သူ့တစ်ကိုယ်လုံးသည် တောက်ပသော မိုးပြာရောင်အလင်းကို ဖြန့်ကျက်နေ၏။ ၎င်းကား ... လောကပါလအင်မော်တယ်ကို ကိုယ်စားပြုသည်။
ကြီးမားသောပြောင်းလဲခြင်းများ သူ့ကိုယ်ထဲတွင် ဖြစ်ပွားနေသည်။ ဒုတိယနိဗ္ဗာနသစ်သီးသည် ယခုတွင် သူ့အရိုး၊ သွေး၊ ဝိညာဉ်၊ အရာအားလုံး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သွားခဲ့လေပြီ။ ၎င်းကား အပြည့်အဝ စုပ်ယူခံခဲ့ရပြီဖြစ်၏။
နိဗ္ဗာနသစ်သီးသည် သူနှင့် ကွဲကွာမည် မဟုတ်တော့သည့်အပြင် သူ့နဖူးထဲမှလည်း ထပ်မံထွက်လာမည်မဟုတ်တော့ပေ။ ယခုတွင် သူကား ကန့်သတ်ချက်များမရှိသော လောကပါလအင်မော်တယ်တစ်ဦး ထာဝရ ဖြစ်လာခဲ့ပြီ။ အချိန်မရွေး၊ နေရာမရွေး ... တန်ခိုးကြီးမားသည့် လောကပါလအင်မော်တယ်တစ်ဦး၏ စွမ်းအားအပြည့်အဝကို ထုတ်လွှတ်နိုင်တော့မည်။
မန်ဟိုက ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်ရာ သူ့ခန္ဓာကိုယ်သည် ပို၍ပင် ကြီးမားလာ၏။ မကြာမီ သူကား မီတာသုံးရာအမြင့် လူ့ဘီလူးကြီးဖြစ်သွားသည်။ သို့သော် ရုတ်တရက် ပြန်ကျုံ့စပြုလာလေသည်။
၎င်းကား ကျုံ့ခြင်းမဟုတ်ဘဲ၊ ဖိသိပ်ခြင်း ဖြစ်တန်ရာသည်။
ဖိသိပ်ခြင်းက သူ့ကိုယ်ထဲမှ တဂျွတ်ဂျွတ် မြည်သံများ ထွက်လာစေသည်။ မိုးပြာရောင်အလင်းက တဖျတ်ဖျတ် လက်လာပြီး သူ့စွမ်းအားနှင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် ဆက်လက်တိုးတက်နေဆဲပင်။
သူ၏အင်မော်တယ်အကြော ၁၂၃ ကြောက သူ့ကိုယ်ထဲတွင် တစ်ခုတည်းသော အကြောတစ်ကြောအဖြစ် ပေါင်းစည်းသွား၏။ စစချင်း သူကား သာမန်ကျင့်ကြံသူတစ်ယောက်နှင့် မထူးခြားနားပေ။ သာမန်အတိုင်းသာ ဖြစ်ပုံရသည်။ သို့သော် တကယ်တော့ ထိုအခြင်းအရာက ပြည့်စုံသောပြောင်းလဲမှု၏ လက္ခဏာတစ်ရပ်ပင်။
သူသည် ယခင်အတိုင်းသာ ထင်ရသော်လည်း အခြေခံအရ တခြားစီ ပြောင်းလဲသွားခဲ့လေပြီ။
ဤအခိုက်အတန့်တွင် မန်ဟိုကား သူ၏အင်မော်တယ်လမ်းစဉ်ပေါ်တွင် သမိုင်းမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီဟုပင် ပြောနိုင်၏။
အင်မော်တယ်
လောကပါလအင်မော်တယ်
သူက တစ်လောကလုံးကို တုန်ခါလာစေသော အသံရှည်ဆွဲအော်သံကြီးကို ထုတ်လွှတ်လိုက်သည်။ ဖန်းတုံးအာ၊ ပေ့ယွီနှင့် တောင်ပင်လယ်လောကမှ ကျန်အက်ရှလွန်ကျင့်ကြံသူများအကုန်လုံး တုန်လှုပ်ကုန်ကြသည်။ သူတို့ မန်ဟို့ကို ကြည့်လိုက်သောအခါ သန့်စင်မြင့်မြတ်သောသူတော်စင်တစ်ဦး၊ အင်မော်တယ်နတ်မင်းကြီးတစ်ဦးကို ကြည့်နေရသကဲ့သို့ ခံစားလိုက်ကြရသည်။ သူတို့မှာ သူ့ကို အထင်သေးဖို့အသာထား၊ ရှိခိုးကိုးကွယ်လိုစိတ်များပင် တဖွားဖွား ဖြစ်ပေါ်လာ၏။
မည်သူ ပထမဆုံး စလိုက်သည်လဲ ပြောရခက်သော်လည်း မကြာခင် ဖန်းတုံးအာနှင့် တောင်ပင်လယ်လောကမှ ကျင့်ကြံသူများအပါအဝင် လူတိုင်းသည် ဒူးထောက်၍ ဂါဝရပြုလိုက်ကြတော့သည်။
ဤအခိုက်အတန့်တွင် မန်ဟိုသည် တိမ်တိုက်များအတွင်းထဲရှိ ထိုးတက်နေသော မိုးပြာရောင်အလင်းဖြင့် ခြံရံရစ်သိုင်းခံထားရ၏။ ကြောက်ခမန်းလိလိ ကသောင်းကနင်းများ ဖြစ်ပျက်နေသည့်တိုင် မန်ဟိုကား အားလုံး၏ အာရုံစိုက်ရာ ဖြစ်နေသေးသည်။
အက်ရှလွန်များအပေါ်တွင်ပင် သက်ရောက်မှုရှိ၏။ ထူးဆန်းသောအလင်းတစ်စက ကျုံးဝူရ၏မျက်ဝန်းများတွင် ပေါ်လာပြီး သူ့မှာ တုန်ရီလာသည်။ ဧကရာဇ်မှာ ပင့်သက်ရှိုက်သွားပြီး မျက်လုံးကန်းနေ၍ အမှောင်ထုကိုသာ မြင်ရသင့်သော်လည်း မိုးပြာရောင်အလင်းနှင့် ထိုအတွင်းထဲရှိ အရိပ်ကို မြင်လိုက်ရလေသည်။
ထိုစဉ် လေဟုန်ခွင်းလောက၏အပြင်၊ ပိုက်ကွန်ကြီး၏အခြားတစ်ဖက်၊ ပရမ်းပတာဖြစ်နေသော တိမ်တိုက်များအထဲရှိ အရိပ်များသည် တအံ့တဩ ရေရွတ်လိုက်ကြရ၏။
“အဲဒီမိုးပြာရောင်အလင်း....”
“လောကပါလအင်မော်တယ်”
“တောင်ပင်လယ်လောကမှာ လောကပါလအင်မော်တယ်တစ်ဦး တကယ် ရှိနေတာ... ယုံတောင် မယုံနိုင်ဘူး”
“မဖြစ်နိုင်ဘူး။ လောကပါလအင်မော်တယ်ရဲ့ သွေးဆက်တွေက တစ်ယောက်မကျန် သုတ်သင်ခံခဲ့ရတာ ကြာပြီလေ။ ဘယ်လိုလုပ်ပြီး နောက်တစ်ယောက်ပေါ်လာနိုင်မှာတုန်း“
“အဲဒီပုဂ္ဂိုလ်က ဘယ်သူလဲ....” အာမေဍိတ်သံများ၊ မယုံနိုင်သံများအား ပိုက်ကွန်ကြီး၏တစ်ဖက်မှ ကြားရနိုင်သည်။ ယခုတွင် မျက်လုံးအားလုံးသည် လေဟုန်ခွင်းလောကထဲတွင် ရပ်နေသော မန်ဟို့အပေါ်တွင်သာ အာရုံစိုက်နေကြတော့၏။
ခေါင်းသုံးလုံး လက်ခြောက်ဖက် အရိပ်မည်းမည်းကြီးက မျက်လုံးများ မုန်းတီးစက်ဆုပ်မှုတို့ဖြင့် မီးဝင်းဝင်းတောက်နေလျက် ကြည့်နေသည်။
လေဟုန်ခွင်းနှင့် ပင်လယ်အိပ်မက်မှာ တိုက်ခိုက်နေရင်းတန်းလန်း တိမ်တိုက်များကို ထိုးခွင်းတောက်ပလာသော မိုးပြာရောင်အလင်းအား ငုံ့မကြည့်မိဘဲ မနေလိုက်ကြပေ။
အဆိုပါမိုးပြာရောင်အလင်းက လူတိုင်းကို ...... အင်မော်တယ်ကမ္ဘာ ၊ တောင်ပင်လယ်လောကတွင် လောကပါလအင်မော်တယ်တစ်ဦး ထပ်မံပေါ်ထွန်းလာခဲ့ပြီဟု ကြေညာနေသယောင်ပင်။
“မဆိုးဘူး” လေဟုန်ခွန်းအင်ပါယာသခင်က အကြည့်ပြန်ရုတ်ရင်း တွေးတွေးဆဆ ပြောလိုက်သည်။
“သူက လောကပါလအင်မော်တယ်တင် မဟုတ်ဘူး” ပါရာဂွန်ပင်လယ်အိပ်မက်က အေးစက်စက် ပြောလိုက်သည်။ ထို့နောက် သူမသည် လက်ကို ဝှေ့ယမ်းကာ လေမုန်တိုင်းတစ်လုံး တိုက်ခတ်လာစေရင်း တိုက်ပွဲထဲ ပြန်ဝင်သွား၏။