တာအို စိတ်ပြင်းပြမှု
Vol. 87 Ch. 1211
အကယ်၍ မိုဝူကျိသာ ဝိဇ္ဇာ မဟုတ်လျှင် သူမက ယခင်ချစ်ခြင်းမေတ္တာကို ထောက်ထား၍ သက်ညှာပေးရန် တောင်းဆိုမိပေလိမ့်မည်။ သို့သော်လည်း ဝိဇ္ဇာတစ်ပါးနှင့် ရင်ဆိုင်ပြီး မဟုတ်တမ်း အလိမ်အညာကို မပြောနိုင်ပေ။ တစ်ချက်ကြည့်ရုံဖြင့် တန်းသိနိင်၍ ဖြစ်သည်။
သို့သော်လည်း သူက ဝမ်ရှောင်ချီဆိုတာ ဘယ်လိုလုပ် သိသွားတာလဲ ….
သူမ နားလည်ထားသလောက် ဝမ်ရှောင်ချီ မဟုတ်ခဲ့ပေ။
အာကာပြင်မှာ ချက်ချင်း လေးလံလာကာ သေခြင်းတရား အငွေ့အသက်တို့ ရောက်ရှိလာသည်။ ရှားရိုယင်က ရုန်းကန်ပြီး သက်ညှာပေးရန် တောင်းဆိုလိုမိ၏။ သို့သော်လည်း ထိုအခိုက်အတန့်၌ သူမက ဘာမှမပြောနိုင်တော့ပေ။ သူမစိတ်ထဲ၌ အတွေးတစ်ခုသာ ကျန်ရှိနေတော့သည်။ အကယ်၍ သူမသာ ယခင်က မိုဝူကျိကို မသတ်ခဲ့လျှင် ကိစ္စများက မည်သို့ ဖြစ်နေမည်နည်း။
ကံဆိုးစွာဖြင့် သူမအပေါ် ဖိအား ကျရောက်လာသည်။ သူမက ဘာမှဆက်မတွေးနိုင်တော့ပေ။
ပျက်စီးမှုတာအိုလှိုင်းတစ်ခုက သူမအား ရစ်ပတ်သွားလေ၏။ ထိုစဉ် သူမ အသက်ဓာတ် ပျောက်ကွယ်သွားလေသည်။ ထို့နောက် မီးတောက်တစ်ခု ပြန့်လွှင့်လာပြီး သူမတစ်ကိုယ်လုံးကို ဗလာနတ္ထိအဖြစ် လောင်ကျွမ်းပစ်လိုက်သည်။
သူမ လက်စွပ်ပင် အားကောင်းလှသည့် တာအိုလှိုင်းအောက် ဖျက်စီးခံလိုက်ရသည်။ မိုဝူကျိက သူမ ပစ္စည်းများကို မကျန်ရှိစေသည်မှာ သိသာလှ၏။
……………..…
မိုဝူကျိ၏ စိတ်စွမ်းအားက အာကာသထဲ ပြန်လည် ရောက်ရှိသွားသည်။ သူက ထန်းဟန်ကို သတိထားလိုက်မိ၏။ ယခင် သူ စကြဝဠာ တာအိုစည်းမျည်းကို လုယူခဲ့စဉ်အခါက ထန်းဟန်၏ အသိစိတ်မီးတောက် လောင်ကျွမ်းခြင်းကို ခံထားရပေသည်။ ယခုအချိန်အထိ ထန်းဟန်ကို ထိုကိစ္စအတွက် ပြန်မပေးဆပ်ခိုင်းရသေးပေ။
မိုဝူကျိက ကြယ်တာရာအစုအဝေးများကိုပါ ဖြတ်သန်းသွားလိုက်သည်။ သူက ထန်းဟန် ရှိရာဆီ ရောက်သည့်အခါ ထန်းဟန်၏ စိတ်စွမ်းအားကလည်း မိုဝူကျိအား အာရုံခံလိုက်မိပေသည်။
မိုဝူကျိအမြင်အရ ထိုလူသည် သေချာပေါက် ထွက်ပြေးဖို့ ကြိုးစားလိမ့်မည် ဖြစ်၏။ သို့သော်လည်း သူ မျှော်လင့်မထားမိသည်က ထိုလူက သူ့ဆီ ပျံသန်းလာခြင်း ဖြစ်၏။
အမြင်နှင့်တင် မိုးမြေ မီးပြင်းဖိုက သူ့အား ရူးသွပ်သွားစေဟန် ပေါ်သည်။ အကယ်၍ သူ့အနေနှင့် လူတစ်ယောက်က ဝိဇ္ဇာငါးပါးနှင့် ရင်ဆိုင်ပြီး အသက်ရှင်လျက် ထွက်ပြေးသွားနိုင်သည်ကို မြင်ထားလျှင် သေချာပေါက် လာရဲမည် မဟုတ်ပေ။
“ ခင်ဗျားက မိုးမြေ မီးပြင်းဖိုကို လာလုချင်တာလား ” မိုဝူကျိက သူ့ရှေ့ရောက်လာသည့် ထန်းဟန်ကို ကြည့်ကာ မိုးမြေ မီးပြင်းဖိုကို ထုတ်ယူလိုက်သည်။
မိုဝူကျိအား အံ့ဩသွားစေသည်က ထန်းဟန်သည် သူ့ဝိညာဉ်အမျှင်လေးကို ထုတ်လိုက်ရင်း မြေပြင်ပေါ် ဒူးထောက်ချလိုက်ခြင်း ဖြစ်၏
“ စီနီယာက ဝိဇ္ဇာအဆင့် ရောက်သွားပြီဆိုတာကို သိပါတယ်။ ကျုပ် စီနီယာနောက် လိုက်ချင်တယ်။ စီနီယာက ထန်းဟန်ကို လက်ခံပေးပါ …. မိုးမြေ မီးပြင်းဖိုကိုတော့ ဒီဂျူနီယာလေး မလိုချင်ရဲတော့ပါဘူး ”
မိုဝူကျိက ပြောစရာပင် ပျောက်ဆုံးသွားချေသည်။ သူက ထန်းဟန်အား စိုက်ကြည့်လိုက်သည်။
တစ်ခုခုတော့ လွဲမှားနေချေပြီ ….
ထန်းဟန်သည် ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလော။
သူက ဘယ်လိုလုပ် အားနည်းလာရတာလဲ ….
မိုဝူကျိက သူ့အား သတ်လျှင်ပင် ထန်းဟန်က မိုးမြေမီးပြင်းဖိုအတွက် တိုက်ပွဲကို လက်လျော့မည် မဟုတ်ခြင်းကသာ ပုံမှန် ဖြစ်၏။ သို့သော် ယခုတွင် ထန်းဟန်က မြေပြင်ပေါ် ဒူးထောက်ကာ မိုဝူကျိဆီ သူ့ဝိညာဉ်ကိုပင် ပေးအပ်နေပေသည်။ ဤသည်မှာ အတော်လေး ထူးဆန်းလှ၏။
မိုဝူကျိက ဘာမှားနေမှန်း သိသွားလေသည်။ တာအိုအပေါ် ထားရှိသည့် ထန်းဟန်၏ မာန်မာနှင့် လိုအင်ဆန္ဒတို့ ပျောက်ကွယ်သွားလေပြီ။ ယခင် သူ သေမျိုးဂြိုလ်ပေါ်ဆီ စရောက်ခါစက ဘယ်သောအခါမှ ထွက်မသွားနိုင်တော့ကြောင်း တွေးမိစဉ်ကဲ့သို့ ဖြစ်နေသည်။
“ တာအိုအတွက် စိတ်အားထက်သန်မှု ပျောက်ဆုံးသွားပြီလား ” မိုဝူကျိက ဒူးထောက်နေသည့် ထန်းဟန်အား မေးလိုက်သည်။ သူက ထန်းဟန်၏ ဝိညာဉ်အမျှင်လေးကို လက်မခံသေးပေ။
သူ့အတွက် တာအိုအတွက် ပြင်းပြသည့် စိတ်ဆန္ဒမရှိသူ တစ်ဦးသည် ရောက်လာမည့် ကမ္ဘာပျက်ကပ်ဘေးကြီးအတွက် များစွာ အသုံးတည့်မည် မဟုတ်ချေ။
ထန်းဟန်က သက်ပြင်းချလိုက်၏။ သူက သူ့ရှေ့မှ လူသည် သူ့အပေါ် စိတ်မဝင်စားကြောင်း သိလိုက်သည်။
သူက တာအိုအတွက် စိတ်ပြင်းပြမှု အမှန်တကယ် ပျောက်ဆုံးသွားလေပြီ။ သူ့စိတ်ဝိညာဉ်က လိန်ဟုန်ကျီနှင့် ရှားရိုယင်တို့ကြောင့် ခံစားခဲ့ရသော်လည်း အားကောင်းလျက် ရှိနေသေး၏။ သူက ဝိဇ္ဇာတာအိုကို ပြန်ရောက်ဖို့ စိတ်အားထက်သန်နေသေးသည်။
သို့သော် ဝိဇ္ဇာငါးပါးနှင့် မိုဝူကျိတို့ တိုက်ပွဲကို မြင်လိုက်ပြီးနောက် သူ့တာအိုစိတ်ဝိညာဉ်သည် လုံးဝ ပျက်စီးသွားရတော့သည်။
မိုဝူကျိက အသိစိတ်မီးတောက်ကို တောင့်ခံပြီး ဘေးကင်းကင်း ထွက်သွားနိုင်ခဲ့သည်။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက ဝိဇ္ဇာငါးပါးဆီကနေ စကြဝဠာ တာအိုစည်းမျည်းကို လုယူနိုင်ခဲ့သေး၏။
ဤသည်က သူ့အား အံ့ဩစေဆုံး မဟုတ်သေးပေ။ အံ့အားအသင့်စေဆုံး ကိစ္စရပ်မှာ မိုဝူကျိက ဝိဇ္ဇာလေးပါးနှင့် လော့တို့ ဝိုင်းထားလျက်နှင့် ဝိဇ္ဇာသုံးပါးကို ဒဏ်ရာရစေကာ လော့ကိုလည်း ဒဏ်ရာအပြင်းအထန် ဖြစ်စေခဲ့ပြီး ထွက်ပြေးသွားနိုင်ခြင်း ဖြစ်၏။
ယခင် သူက မိုဝူကျိတော့ အပြီးသတ်ပြီဟု ထင်မှတ်မိခဲ့သည်။ ဘေးမှ ကြည့်ရှုသူတစ်ဦးအနေနှင့် မိုဝူကျိ၏ တာအိုအုတ်မြစ် ပျက်စီးသွားကြောင်း ပြောနိုင်ပေသည်။
နှစ်တစ်ထောင်လေးအတွင်း ဤလူငယ်လေးက ပြန်လည် ကောင်းမွန်လာရုံသာမက ဝိဇ္ဇာအဆင့်အထိ တက်လှမ်းနိုင်ခဲ့လိမ့်မည်ဟု မထင်ထားခဲ့ပေ။
ထိုနှစ်များတုန်းက ဝိဇ္ဇာငါးပါးနှင့် ရင်ဆိုင်စဉ် ထိုလူက ဝိဇ္ဇာတစ်ပိုင်းအဆင့်သာ ရှိသေး၏။ ယခု သူက ဝိဇ္ဇာအဆင့် ရောက်ရှိသွားပြီ ဖြစ်ရာ ဝိဇ္ဇာငါးပါး အဝိုင်းခံရခြင်းက မိုဝူကျိအတွက် ပြဿနာ မဟုတ်လောက်တော့ပေ။
သူ့အတွက် သူ့တာအို စိတ်ပြင်းပြမှု ဆုံးရှုံးသွားသည်မှာ မိုဝူကျိက ဝိဇ္ဇာငါးပါး တိုက်ခိုက်မှုကို ရင်ဆိုင်ပြီး ထွက်ပြေးသွားနိုင်၍ မဟုတ်ချေ။ ထို့အစား လော့နှင့် မိုဝူကျိတို့ ထွက်ပြေးသွားပြီးနောက် သူ့ရန်သူတော်ကြီးများဖြစ်သည့် လော့ရှုတို့က သူ့အား မရှိသကဲ့သို့ ဆက်ဆံကာ ထိုက်လွန်နောက် ဆက်လိုက်သွားကြ၍ ဖြစ်သည်။
အကယ်၍ လော့ရှုတို့သာ ထိုက်လွန်နောက် လိုက်မသွားခင် သူ့အား သတ်ဖို့ ဆုံးဖြတ်ခဲ့လျှင် နဂိုမာန်မာနတို့ ကျန်ရှိနေလောက်သေး၏။ သူ ထန်းဟန်က ဝိဇ္ဇာတစ်ပါး ဖြစ်ခဲ့သေးသည် မဟုတ်ပါလော။ သို့သော် ယခုတွင် လျစ်လျူရှုခံလိုက်ရပေသည်။ သူတို့က သူ့အား သတ်ဖို့ အချိန်မရှိလောက်သည့်အထိ လျစ်လျူရှုသွားခြင်း ဖြစ်၏။
လော့ရှုတို့နှင့် ရန်ကြွေးမှာ ပင်လယ်ကြီးလောက် နက်ရှိုင်းပေသည်။ သို့သော်လည်း လော့ရှုတို့က သူ့အား လျစ်လျူရှုပစ်ခဲ့သည်။ ဘဝတစ်လျှောက် အပြင်းထန်ဆုံး ဝေဒနာများအနက် ဤထက် ဆိုးသည့်အရာ ရှိဦးမည်လား။
ယနေ့ လော့ရှုတို့အား လက်စားချေဖို့အကြောင်းကို ထည့်ပြောနေဖို့ပင် မလိုတော့ပေ။ သူက လက်စားချေဖို့ သတ္တိပင် မရှိတော့ပေ။
သူ့အား အကွက်ချကြံစည်ခဲ့သည့် လူများကို လက်စားပြန်ချေဖို့ သတ္တိမရှိသည့် ဝိဇ္ဇာတစ်ပါး ဖြစ်နေလေရာ သူ့ဘဝ၌ မည်သည့် အဓိပ္ပါယ် ဆက်ရှိဦးမည်နည်း။
သူ့တာအိုအတွက် ရည်မှန်းချက် ရှိဦးမည်လား…..
လက်ရှိ မိုဝူကျိ ထွက်ပေါ်လာမှုသည် သူ့အား မျှော်လင့်ချက်လေး ပေး၏။ သူက မိုဝူကျိသည် အလွန်အံ့ဩဖို့ ကောင်းကြောင်း သိထားပေသည်။ မိုဝူကျိသည် အလွန်အားကောင်းရုံသာမက ဉာဏ်လည်း ကောင်းလှသည်။ သူက ထွက်ပြေးနိုင်မည့် အခွင့်အရေး ရစေရန် လော့ရှု၊ ချင်းယွမ်နှင့် ဖိုတိတို့အား ထိုက်လွန်နောက် လိုက်သွားစေခဲ့သည်။
ယနေ့ သူက မိုဝူကျိနှင့် ပြန်လည် ဆုံတွေ့လိုက်ရသည့်အခါ မိုဝူကျိက နောက်တဆင့် မြင့်တက်သွားလေပြီ။ အကယ်၍ ဤစကြဝဠာကြီးထဲ၌ သူ ထန်းဟန်အား လက်စားချေဖို့ အကူအညီပေးနိုင်သူ ရှိလျှင် သူ့ရှေ့မှ လူငယ်လေးသာ ဖြစ်လိမ့်မည်။ မိုဝူကျိက သူနှင့် ရန်ငြိုးကြီးကြီးမားမား မရှိပေ။ တစ်ချိန်တည်းဆိုသလို မိုဝူကျိက လော့ရှုနှင့် ရန်ငြိုး ရှိထားလေ၏။
သို့သော် ယခုတွင် သူက မိုဝူကျိထံ သူ့ဝိညာဉ် ပေးအပ်ခဲ့သော်လည်း မိုဝူကျိက စိတ်ဝင်စားဟန် မပေါ်ပေ။ ဤသည်က ထန်းဟန်အား စိတ်ပျက်သွားစေသည်။ သူက လက်စားမချေနိုင်တော့ကြောင်း သိလိုက်မိသည်။
“ ခင်ဗျားက ကျုပ်အတွက် အသုံးမဝင်ဘူး ” မိုဝူကျိက မပြောင်းမလဲ ပြောလိုက်သည်။
“ စီနီယာ …. ဒီဂျူနီယာလေးက စကြဝဠာ တာအိုစည်းမျည်းရှိတဲ့ နေရာတစ်ခု သိထားပါတယ် ” ထန်းဟန်က အံ့ကြိတ်ကာ ပြောလိုက်သည်။ ဤသည်မှာ မှန်းဆချက်တစ်ခုမျှသာ ဖြစ်သော်လည်း သူက ပြောပြဖို့ ဆုံးဖြတ်လိုက်သည်။
မိုဝူကျိက သူ အကူအညီတောင်းနိုင်သည့် တစ်ဦးတည်းသောသူ ဖြစ်၏။ အကယ်၍ မိုဝူကျိ အကူအညီသာ မရှိလျှင် ဤစကြဝဠာကြီးထဲ၌ ဖြည်းဖြည်းချင်း သူ ယိုယွင်းလာမည် မဟုတ်ပါလော။
“ စကြဝဠာ တာအိုစည်းမျည်းလား ” မိုဝူကျိ၏ မျက်ဝန်းများက တောက်ပလာသည်။ သူက စကြဝဠာ တာအိုစည်းမျည်း သုံးခုကို စုဆောင်းခဲ့သော်လည်း များများ စုဆောင်းထားခြင်းက ပိုကောင်းကြောင်း သိပေသည်။
ထန်းဟန်က အနည်းငယ် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် “ သိပ်တော့ မသေချာပေမဲ့ ခရမ်းရောင် တာအိုစည်းမျည်း မှိန်ဖျဖျ ပေါ်လာတာ ”
“ မသေချာမှတော့ ဘာလို့ သွားမကြည့်တာလဲ ” မိုဝူကျိက မေးလိုက်သည်။
ထန်းဟန်က အလေးအနက် ပြောလိုက်သည်
“ ကျုပ်ကို ခေါ်သွားပေးတဲ့သူက အင်မတန် ဉာဏ်များပြီး ကောက်ကျစ်တဲ့ အမျိုးသမီးတစ်ယောက်ပါ။ ကျုပ် သတိလွတ်လိုက်မိတာနဲ့ သူမအကွက်ထဲ ရောက်သွားပြီး သေမလို ဖြစ်သွားသေးတယ်။ ဒါပေမဲ့ ကျုပ် ပြန်ထိန်းပြီးတော့ သူမကို ဒဏ်ရာပေးလိုက်နိုင်တယ်။ အဲဒီတုန်းက တည်နေရာကို မှတ်ထားလိုက်တယ်။ တကယ်လို့ စီနီယာ သွားကြည့်ချင်ရင် ဒီဂျုနီယာလေးက ဦးဆောင်လမ်းပြပါ့မယ်။ တကယ်လို့ တာအိုစည်းမျည်း မရှိရင်တော့ ဒီဂျူနီယာလေးကိုသာ သတ်လိုက်ပါ ”
မိုဝူကျိက ထန်းဟန်သည် လိမ်ညာနေခြင်း မဟုတ်ကြောင်း ပြောနိုင်ပေသည်။ သူက ခေါင်းညိတ်ကာ ထန်းဟန်၏ ဝိညာဉ်အမျှင်လေးကို လက်ခံကာ အမှတ်အသားပြုလိုက်၏
“ ဒီလိုဆိုမှတော့ လက်ခံလိုက်မယ်။ ကျုပ်က မိုဝူကျိ …. ကျုပ် အမုန်းဆုံးက ကြောင်သူတော်လို ဟန်ဆောင်နေတဲ့သူတွေပဲ။ ခင်ဗျားရဲ့ ရန်ကြွေးကိုလည်း ကူဆပ်ပေးမယ် ”
ထန်းဟန်၏ ရန်သူတော်များမှာ လော့ရှုတို့ ဖြစ်ကြသည်။ မိုဝူကျိက ထိုအချက်ကို သိပြီးသား ဖြစ်၏။ သူက လော့ရှုတို့အား သတ်ပစ်ဖို့ ဆုံးဖြတ်ထားပြီးသား ဖြစ်ရာ ထိုစကားများကို မစဉ်းစားဘဲ ပြောလိုက်ခြင်း မဟုတ်ပေ။
ထန်းဟန်က စိတ်ပေါ့ပါးသွားကာ မြန်မြန် ပြောလိုက်သည်
“ ဒီဂျူနီယာလေးက စီနီယာကို သစ္စာဖောက်ခဲ့ရင် ကပ်ဘေးအတွင်း အမှုန့်ဖြစ်သွားပြီး ဘယ်သောအခါမှ ပြန်လည်ဝင်စားခွင့် မရပါစေနဲ့လို့ ကျိန်ဆိုပါတယ် ”
“ ကောင်းပြီ ” မိုဝူကျိက ခေါင်းညိတ်ပြကာ မိုးမြေ မီးပြင်းဖိုကို ထန်းဟန်ဆီ ပေးလိုက်သည် “ ဒီမီးပြင်းဖိုကို သုံးပြီး ဝိဇ္ဖာ ဖြစ်လာချည် …. နောင်ကျ ခင်ဗျားက ကျုပ်အတွက် အင်အားအရင်းအမြစ် တစ်ခု ဖြစ်လာလိမ့်မယ် ”
“ အာ ….” ထန်းဟန်က မိုဝူကျိ၏ အပြုအမူများကြောင့် ကြောင်အမ်းသွားလေ၏။ သူ့အိပ်မက်ထဲတွင်ပင် မိုးမြေ မီးပြင်းဖိုကို လိုချင်မိသည်။ သူက နှစ်များစွာ အားထုတ်ခဲ့ပြီး နိဗာန တိတ်ဆိတ်မှုပင်လယ်အောက်ခြေ၌လည်း နှစ်မြောက်များစွာ လဲလျောင်းနေခဲ့ရသော်လည်း မိုးမြေ မီးပြင်းဖိုနှင့် မနီးစပ်ခဲ့ပေ။
သို့သော် မီးပြင်းဖိုသည် သူ့မျက်စိရှေ့ ရောက်လာပြီ ဖြစ်၏။ ဤသို့သော ရုတ်ချည်းဆန်ဆန် အဖြစ်အပျက်က သူ့အား မယုံကြည်နိုင်ဖွယ် ဖြစ်သွားစေသည်။ သူက မိုဝူကျိအပေါ် လက်လျော့လိုက်စဉ်အခါက မိုးမြေ မီးပြင်းဖိုကို ရရှိဖို့ ကိစ္စကိုပါ လက်လျော့လိုက်ပေသည်။ သူ့အနေနှင့် မိုဝူကျိသည် ဤသို့ရတနာမျိုးကို သူ့ဆီ ပြန်ပေးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
ဤသည်မှာ ကမ္ဘာမြေ တုန်လုမတတ် အံ့အားသင့်စရာမျိုး ဖြစ်၏။
ကံကောင်းစွာဖြင့် သူက မြန်မြန် အသိကပ်လာသည်။ သူက မြန်မြန် ဒူးထောက်ကာ
“ သခင်ကြီး စိတ်ချနေပါ။ ထန်းဟန်က သခင်ကြီးရဲ့ ဓား ဖြစ်လာရစေမယ်။ ဘယ်ကိုပဲ ညွှန်ပြပြ ထန်းဟန်က တုံ့ဆိုင်းမနေဘဲ ရှင်းထုတ်ပေးပါ့မယ်။ သခင်ကြီးအတွက် သေရမယ်ဆိုရင်တောင် မမှုပါဘူး ”
မိုဝူကျိက ခေါင်းညိတ်လိုက်သည်။ သူက စိတ်ထဲ မထားပေ။ သူ့လက်အောက်၌ ဝိဇ္ဇာမှာ ထန်းဟန် တစ်ယောက်တည်း မကပေ။ ဟွမ်တိလည်း ရှိနေသေး၏။ တစ်ချိန်တည်းဆိုသလို ထုံမင်ပင် သူ့အား အစ်ကိုကြီးအဖြစ် ခေါ်ဝေါ်ပေသည်။
မိုဝူကျိ ခေါင်းညိတ်ပြလိုက်သည်ကို မြင်ကာ ထန်းဟန်က တုံ့ဆိုင်းမနေတော့ပေ။ သူက မိုးမြေ မီးပြင်းဖိုကို ယူကာ သူ့တာအိုကို စိမ့်ဝင်စေလိုက်သည်။
မိုးမြေ မီးပြင်းဖိုသည် သူ့ရတနာ ဖြစ်၏။ အချိန်တိုလေးအတွင်း မီးပြင်းဖိုနှင့် သူက ဆက်နွယ်မိသွားသည်။
ထန်းဟန်၏ တာအိုအငွေ့အသက်များက သိသိသာသာ မြင့်တက်လာ၏။ ရက်ပိုင်းလေးအတွင်း သူ့ကျင့်ကြံဆင့်မှာ ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့်အထိ ချိုးဖောက်သွားပြီး သူ့ဆီမှ ဝိဇ္ဇာအရှိန်အဝါများ ထွက်ပေါ်လာသည်။
သူက ဟွမ်တိနှင့် မတူပေ။ သူ့ခန္ဓာကိုယ်မှာ အမြဲတမ်း ပြီးပြည့်စုံခဲ့၏။ သူက ဝိဇ္ဇာအဆင့် ပြန်လည် ရောက်ရှိဖို့ မိုးမြေ မီးပြင်းဖို လိုအပ်နေခဲ့ရုံမျှသာ ဖြစ်ပေသည်။ ယခု သူ့တွင် မိုးမြေ မီးပြင်းဖို ရလာပြီ ဖြစ်ရာ ဝိဇ္ဇာအဆင့်သို့ ပြန်လည် ရောက်ရှိသွားသည်မှာ ပုံမှန်သာ ဖြစ်၏။
ထန်းဟန်၏ ဝိဇ္ဇာတာအိုမှာ မိုဝူကျိနှင့် မတူပေ။ မိုဝူကျိ၏ ဝိဇ္ဇာတာအိုမှာ အရိပ်အယောင်မဲ့ကာ သူ့အား သာမာန် သေမျိုးတစ်ယောက်ကဲ့သို့ ဖြစ်စေသည်။ ထန်းဟန်အတွက်မူ ဝိဇ္ဇာအဆင့် ပြန်ရောက်သွားသည်နှင့် သူ့ဝိဇ္ဇာအရှိန်အဝါများက လှိုင်းလုံးများအလား ချက်ချင်း ပြန့်နှံ့သွားလေ၏။
***