← Chapters

အက်ရှလွန်မှ မန်ဟို့ကို တိုက်ခိုက်ခြင်း

Vol. 82 Ch. 1141

အက်ရှလွန်မှ မန်ဟို့ကို တိုက်ခိုက်ခြင်း

Vol. 82 Ch. 1141

ရင်သပ်ရှုမောဖွယ် မိုးပြာရောင်အလင်းက ကောင်းကင်ထက်သို့ ဖြာထွက်နေသည်။

မန်ဟို၏ ခန္ဓာကိုယ်သည် မီတာ ၃၀၀ အမြင့်မှ မီတာ ၁၅၀ အမြင့်သာ ရှိတော့သည့်တိုင်အောင် လျင်မြန်စွာ ကျုံ့၀င်သွား၏။ သို့သော် သူ၏ ကျင်ကြံခြင်းအခြေခံကား ကြောက်ခမန်းလိလိ မြင့်တက်နေဆဲပင်။

မျက်စိတစ်မှိတ်အတွင်း သူက မီတာ ၁၅၀ အမြင့်မှ သာမန်လူတစ်ယောက်၏ အရွယ်အစားသို့ ပြန်‌ရောက်သွားခဲ့လေပြီ။ သို့ထိတိုင် သူ၏ စွမ်းအင်သည် မိုး‌ကောင်းကင်တစ်ခုလုံးကို မိုးပြာရောင်သမ်းနေစေသေးသည်။

"မိုးပြာရောင်ကောင်းကင်" မန်ဟိုက တိုးညှင်းစွာ ရေရွတ်လိုက်၏။ ဉာဏ်အလင်းက ရုတ်တရက် သူ့စိတ်ထဲတွင် ပေါ်ပေါက်လာသဖြင့် သူ့စိတ်အစဉ်မှာ တုန်ရီသွားလေသည်။ ဤသည်ကား လောကပါလအင်မော်တယ်‌တစ်ဦး ပေါ်ထွန်းလာခဲ့လျှင် မလွဲဧကန် ဖြစ်ပေါ်လာမည့် နိမိတ်လက္ခဏာတစ်ရပ် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ၎င်းက လောကပါလအင်မော်တယ်တစ်ဦး၏ ပင်ကိုယ်နတ်ဘုရားစွမ်းရည်တစ်ခုလည်း ဖြစ်၏။

မိုးပြာရောင်ကောင်းကင်။

မိုးပြာရောင်ကောင်းကင်က စိတ်စွမ်အားအားလုံးကို နှိမ်နှင်းပစ်နိုင်လေသည်။

အဝေးရှိ တောင်ပင်လယ်လောကပင်လျှင် တုန်ခါနေ၏။ ယခုတွင် အာကာသ၏ အမှောင်ထုထဲ၌ လေဟုန်ခွင်းလောကသည် အပေါ်တက်နေသည့်တိုင် တောင်ပင်လယ်လောကအတွင်း၌ ရှိနေဆဲမဟုတ်ပါလော။

မန်ဟိုက ယခုတွင် လောကပါလအင်မော်တယ်တစ်ဦးဖြစ်လာခဲ့သည့်အတွက် အဆိုပါနိမိတ်ကား တစ်လောကလုံးအပေါ် သက်ရောက်မှုရှိလေသည်။

တောင်ပင်လယ်လောကထဲတွင် ပင်လယ်ကိုးစင်းမှာ တအုန်းအုန်း အုံကြွလျက် လှိုင်းထန်နေ၏။ န၀မပင်လယ်ရှိ ပင်လယ်သားရဲများမှအပ မရေမတွက်နိုင်သော ပင်လယ်သားရဲများသည် စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်လျှမ်းနေကြသည်။ န၀မပင်လယ်သာလျှင် ကြောက်လန့်တုန်ရီနေပြီး ထိုကြောက်လန့်မှုကား ပင်လယ်သားရဲများအပေါ်သာ သက်ရောက်ခြင်းမဟုတ်ပေ။

န၀မပင်လယ်ကြီးကိုယ်တိုင်၌ကား က္ကန္ဒြေမဆည်နိုင်အောင် ကြောက်လန့်တုန်ရီနေတော့သည်။

တစနှင့်တစ နဝမပင်လယ် မိုးပြာရောင်စွေးရင်း အရောင်ပြောင်းစပြုလာ၏။ အတိတ်တုန်းက မန်ဟို့ကို မလိုမုန်းထားခဲ့သော ပင်လယ်‌သားရဲတိုင်းသည် ၎င်းတို့၏ နဖူးထက်၌ မိုးပြာရောင်ချိတ်ပိတ်အမှတ်အသားများ ပေါ်လာသည်ကို ရုတ်တရက် ‌တွေ့လိုက်ကြရသည်။ အမှတ်အသားများက ပျောက်ကွယ်မသွားခင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေခဲ့လေသည်။ သို့သော် သုတ်သင်ခံရတော့မည့် အကြောက်တရားက သူတို့၏စိတ်ထဲတွင် ရစ်ဝဲနေဆဲဖြစ်သည်။

အကြောင်းရင်းကား မန်ဟို ကျိန်ဆိုခဲ့သော သစ္စာတရားကြောင့်ပင်။ အဆိုပါ သစ္စာကို ကျိန်ဆိုခဲ့စဉ်တုန်းက သူ၏အသံသည် န၀မပင်လယ်အတွင်း၌ အမြဲတစေ ပဲ့တင်ထပ်နေမည့်အလား ထင်ခဲ့ရ၏။

ထိုနည်းတူစွာပင် ကိုးပင်လယ်‌နတ်လောကအတွင်းရှိ မိစ္ဆာကျင့်ကြံသူအုပ်လည်း ကြောက်လန့်တုန်ရီနေကြသည်။ သူတို့အတွက် အလွန်ကြီးမားသောကြောက်မက်ဖွယ် ကပ်ဘေးကြီးက အစပျိုးနေလေပြီ။

တောင်ကိုးလုံးမှာ တသိမ့်သိမ့် တုန်နေပြီး တောင်ပင်လယ်လောကရှိ ကျင့်ကြံသူများသည် မည်သည့်အရာမှန်း မသိသော်လည်း တစ်စုံတစ်ခုကို ခံစားလိုက်ကြ‌ရသေး၏။ သူတို့ ခံစားနေရသည့်အရာက ဟိုးအပြင်ရှိ တစ်နေရာရာတွင် ကြောက်လန့်တုန်လှုပ်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွန်းလာခဲ့ပြီဟု ပြောနေသည်။

တောင်ပင်လယ်လောက တုန်ခါနေ၍ တအုန်းအုန်း မြည်သံများအား‌ နေရာတိုင်းတွင် ကြားနေရ၏။ မိုးပြာရောင်အလင်းက တောင်ကောင်းကင်ဂြိုလ်ပေါ်တွင် ပို၍ တောက်ပပြီး အထူးသဖြင့် အတိတ်တုန်းက မန်ဟို သွားရောက်ခဲ့ဖူးသည့် နေရာတိုင်းတွင်ပင်။

အရှေ့အောင်ပွဲဂြိုလ်တွင်လည်း ထိုနည်းတူဖြစ်သလို အဋ္ဌမတောင်ပင်လယ်၏ ‌တစ်နေရာရာတွင် လွင့်မျောနေသော မှီခိုရာဂိုဏ်းချုပ်ကြီးနှင့် ပက်သက်၍လည်း ထိုနည်းတူပင်။ သူ့မှာ သူ့ကျောပေါ်ရှိ ကျိုးပြည်မှ မိုးပြာရောင်အလင်းတို့ ဖြာထွက်လာသဖြင့် လန့်ဖျပ်သွားလေသည်။

ပို၍ပင် အံ့ဩဖွယ်ကောင်းသည်ကား ရှုချင် တရားထိုင်နေသော စတုတ္ထတောင်ဖြစ်သည်။ ရုတ်တရက် သူမသည် ရင်သပ်ရှုမောဖွယ် မိုးပြာရောင်အလင်းဖြင့် ခြံရံခံလိုက်ရ၏။ သူမကို စောင့်ရှောက်ပေးနေသော အဘွားအိုများမှာ အံ့အားသင့်ကုန်ကြပြီး စတုတ္ထတောင်ပင်လယ်၏ အရှင်သခင် ခိတိဂဗ္ဗပင်လျှင် မျက်လုံးများ ဖျတ်ခနဲ ဖွင့်လိုက်ရသည်။

"လောကပါလအင်မော်တယ် ...." သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။

တောင်များ၊ ပင်လယ်များ အုံးအုံးကြွက်ကြွက် ထစ်ချုန်းဆူညံနေစဉ် နေနှင့်လသည် ရွေ့လျားနေခြင်း ရပ်သွားပြီး တောင်ကိုးလုံးနှင့် ပင်လယ်ကိုးစင်းအထဲရှိနေရာမှ ရုန်းထွက်၍ လောကပါလအင်‌မော်တယ်အရှိန်အဝါရှိရာအရပ်သို့ ပျံသန်းသွားကြသည်။

ထိုမြင်ကွင်းက တောင်ပင်လယ်လောကတစ်၀န်း အံ့ဩခြင်းများအကြီးအကျယ် ဖြစ်ပေါ်သွားစေသည်။ လေဟုန်ခွင်းလောကထဲရှိ ၀တ်ပြုကျောင်းထဲတွင်မူ မန်ဟိုသည် ခမ်းနားကြီးကျယ်သော မိုးပြာရောင်အလင်း၏ အလယ်တွင် ရပ်၍ အသက်ပြင်းပြင်းရှုသွင်းလိုက်သည်။

"ငါ စုပ်ယူခဲ့တဲ့ ပထမဆုံး နိဗ္ဗာနသစ်သီးတစ်လုံးက ငါ့အပိုင်မဟုတ်ဘဲ ပထမမျိုးဆက်ခေါင်းဆောင်ကြီးရဲ့ အပိုင်ဖြစ်တယ်" သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ရေရွတ်လိုက်သည်။ "ငါ စုပ်ယူမယ့် နောက်တစ်လုံးကတော့ ငါ့ရဲ့ကိုယ်ပိုင်နိဗ္ဗာနသစ်သီးတစ်လုံးဖြစ်လိမ့်မယ်"

သူက ရှေ့သို့ တစ်လှမ်းတက်လိုက်ရာ ဂျလိန်းဂျလိန်း မိုးခြိမ်းသံများ ဆူညံသွားသည်။ ထိုခြေလှမ်းက သူ့ကို ၀တ်ပြုကျောင်းအထိ ခေါ်ဆောင်ပေးသွားပြီး ထိုနေရာသို့ ရောက်သော် သူက ညာလက်ကို ၀တ်ပြု‌ကျောင်းသို့ ဝှေ့ယမ်း၍ ဖမ်းဆုပ်လိုက်သည့်လှုပ်ရှားမှု လုပ်လိုက်သည်။

သူ လိုချင်သည်က ထို၀တ်ပြုကျောင်းထဲ၌ တည်ရှိသော ဥလျှောင်တာအိုကို ဖြစ်သည်။

ဂျိန်းခနဲ ၀တ်ပြုကျောင်းထဲတွင် ဆူညံသွားသည်။ မန်ဟို၏ လက်က လောကပါလအင်မော်တယ်တန်ခိုးဖြင့် ပြည့်နှက်နေသည့်တိုင် ၀တ်ပြုကျောင်းကို မလှုပ်ခါနိုင်သေးပေ။ တချွတ်ချွတ် အက်ကွဲသံများနှင့်အတူ အက်ကြောင်းများသာ ပျံ့နှံ့လာစေသည်။

မန်ဟိုမှာ အလိုမကျဟန်ဖြင့် မျက်မှောင်ကြုတ်သွား၏။ ဆန့်ကျင်ဘက်တွင် ဧကရာဇ်၏မျက်နှာ ပျက်သွားလေသည်။ သူ့မှာ မိုးပြာရောင်အလင်းဖြင့် ခြံရံလျက်ရှိသည့် မန်ဟိုနှင့် အထွတ်အမြတ်ဗဟို၀တ်ပြုကျောင်းမှတစ်ပါး မည်သည့်အရာကိုမှ မမြင်ရပေ။

"သူက တကယ်ပဲ ၀တ်ပြုကျောင်းရဲ့ မျက်နှာပြင်ပေါ်မှာ အက်ကွဲကြောင်းတွေကို ပေါ်လာစေခဲ့တာလား။ အဲ့ဒီလို အတိုက်အခိုက်စွမ်းရည်မျိုးနဲ့ဆို ရှေးဟောင်းနယ်ပယ် အထွတ်အထိပ်နဲ့ ညီမျှနေပြီ။ တစ်၀က်တစ်ပျက်တာအိုအဆင့် .... ရောက်ဖို့ ခြေလှမ်းတစ်၀က်ပဲ လိုတော့တယ်"

တစ်ဆက်တည်းမှာပင် တာအိုကောင်းကင်က စိုးရိမ်တကြီး ဟိန်းဟောက်ရင်း သူ၏ ဉာဏ်အလင်းရရှိနှုန်းကို မြင့်တင်ရန် ချီကြောများစွာအား ခေါ်လိုက်သည်။

အနှစ်သာရ ၂၉၀၀။

၃၀၀၀။

အနှစ်သာရ ၃၀၀၀ ကို ရရှိပြီးနောက် သူက ခေါင်းနောက်လှန်၍ အသံရှည်ဆွဲကာ ဟိန်းဟောက်လိုက်သည်။ ထူးဆန်းသော အလင်းရောင်တစ်စက သူ၏မျက်လုံးများတွင် ပေါ်ထွက်လာ၏။ သူသည် သူ၏ အနာဂတ်လမ်းစဉ်နှင့်ပက်သက်ပြီး မည်သည့်အခါကမှ မရှင်းလင်းခဲ့ပေ။ သူ၏ စွမ်းအားက မြင့်တက်လာဆဲဖြစ်ပြီး သူ၏ ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ် မြည်သံများက ထွက်ပေါ်နေ၏။ သူ၏ ကျင့်ကြံခြင်းအခြေခံသည် ရုတ်တရက် ကြောက်ခမန်းလိလိ တိုးတက်သွားရင်း မြင့်တက်သထက် မြင့်တက်လာသည်။ မျက်စိတစ်မှိတ်အတွင်း ၎င်းကား မူလအဆင့်ထက် များစွာ သာလွန်သွားခဲ့လေပြီ။

သူသည် နတ်ဘုရားစိတ်ဆန္ဒမှတစ်ဆင့် သူ၏ ကျင့်စဉ်ကို ပြောင်းလဲသွားစေမည့် ကိုယ်ပိုင်လမ်းစဉ်ကို ရှာတွေ့ခဲ့၏။ သို့ဖြစ်၍ ဤနေရာမှစပြီး မှန်ကန်သော လမ်းစဉ်သို့ လျှောက်လှမ်းရင်း မယုံကြည်နိုင်ဖွယ်ရာ ကျင့်ကြံအဆင့်တိုးတက်ခြင်းကို ကြုံတွေ့ရလိမ့်မည်။

သူက စွမ်းအားတို့ တဟုန်းဟုန်းတောက်နေစဉ် ၀တ်ပြုကျောင်းသို့ ထွက်သွားသော အလင်းတန်းတစ်တန်းအသွင် ပြောင်းသွားသည်။

"မန်ဟို ဥသျှောင်တာအိုက ငါ တာအိုကောင်းကင်အပိုင်ပဲ"

သူက ညာလက်ကို ဝှေ့ယမ်း၍ ဧရာမလက်ဝါးရာကြီးကို ပေါ်လာစေပြီး မန်ဟို့ထံသို့ ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ချဉ်းကပ်သွားသည်။ ထိုလက်ဝါးရာကြီးက မိုးကောင်းကင်ကို ပင့်မထားနိုင်လောက်အောင် ကြီးမားပုံရပြီး မန်ဟို့ကို ချက်ချင်း ရိုက်ချလိုက်လေသည်။

"ထွက်သွားစမ်း" မန်ဟိုက အေးစက်စက် ပြောလိုက်သည်။ လက်ဖဝါး နီးကပ်လာစဉ် မိုးပြာရောင်အလင်းက ဖြာထွက်သွား၏။ ရုတ်တရက် တစ်လောကလုံးရှိ အလင်းရောင်အားလုံး မိုးပြာရောင်ဖြစ်သွားလေသည်။

လင်းခနဲ လက်သွားသည့်အခိုက်၌ တာအိုကောင်းကင်၏ မျက်လုံးများမှာ မယုံကြည်နိုင်မှုတို့ဖြင့် ဝိုင်းစက်ပြူးကျယ်သွားသည်။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ ကြိုးပြတ်သွားသော စွန်ငယ်ပမာ လွင့်ထွက်သွား၏။

“မ..မင်း.....” သူ့မှာ တအံ့တဩနှင့် ဒယိမ်းဒယိုင်ဖြစ်သွားသည်။ မန်ဟိုသည် ယခင်ထက် အဆများစွာပို၍ အစွမ်းထက်သွားပြီဖြစ်ကြောင်း သူ ရုတ်တရက် သဘောပေါက်လိုက်လေပြီ။ သူကိုယ်တိုင်လည်း အစွမ်းကြီးမားနေသည့်တိုင် မန်ဟို့ကိုတော့ ဘယ်လိုနည်းနှင့်မှ မယှဉ်နိုင်သည်သာ။

တာအိုကောင်းကင် ဆုတ်လိုက်ရသည့်အခိုက်အတန့်မှာပင် လင်းချုံသည် ခေါင်းနောက်လှန်၍ ဟိန်းဟောက်လိုက်၏။ သူလည်း အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းရခဲ့ပြီဖြစ်သည့်အတွက် ဧရာမလေပွေကြီးတစ်လုံးက သူ့ကို လှည့်ပတ်ခြံရံနေသည်။ သူ့မျက်လုံးများက ထူးဆန်းသောအလင်းရောင်ဖြင့် တောက်ပနေပြီး သူ့စွမ်းအားသည် သူ့ကျင့်ကြံခြင်းအခြေခံနှင့်အတူ မြင့်တက်လာလေပြီ။ တစ်ချိန်တည်းမှာပင် သူက မန်ဟို့ထံ ပြေးဝင်သွားသည်။

“မန်ဟို” သူက လှမ်းအော်သည်။ သူသည် ညာလက်ကို ဝှေ့ယမ်းရင်း စူးစူးဝါးဝါးအော်နေသော သရဲများကို မိုးကောင်းကင်ကို စိုးမိုးလိုက်စေသည်။ သေခြင်းတရားအခိုးအငွေ့များ အလိပ်လိပ်ထနေစဉ် ၎င်းတို့က မီးခိုးမြူများအသွင်ပြောင်း၍ ထိုမှတစ်ဖန် မန်ဟို့ကို ထိုးစိုက်တော့မည့် လှံရှည်တစ်လက်ပုံစံဖြစ်လာကြသည်။

သို့သော် မီးခိုးရောင်လှံရှည် ထိုးဆင်းလာသည့်အခိုက်အတန့်မှာပင် မန်ဟိုက လက်ချောင်းကို ဝှေ့ယမ်းလိုက်သည်။ မိုးခြိမ်းသံများ ရိုက်ညောင်းသွားပြီး မျက်စိကျိန်းစဖွယ် မိုးပြာရောင်အလင်းက ပြိုးပြက်လက်သွား၏။ မီးခိုးရောင်လှံသည် အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားပြီး လင်းချုံမှာ အံ့ဩမယုံကြည်နိုင်မှုတို့အား မျက်နှာထက်တွင် ရေးသားလျက် ပါးစပ်မှ သွေးများ ပန်းထွက်သွားရင်း နောက်ယိုင်သွားတော့သည်။

မန်ဟိုက တာအိုကောင်းကင်ကိုသော်လည်းကောင်း၊ လင်းချုံကိုသော်လည်းကောင်း မကြည့်ပေ။ ထိုအစား ဘယ်လက်ကို မြှောက်၍ ဝတ်ပြုကျောင်းထံ ဖမ်းဆုပ်လိုက်ပြန်သည်။ ဝုန်းခနဲ ပဲ့တင်ထပ်သွားပြီး ဝတ်ပြုကျောင်းမှာ တုန်ခါလာသည်။ အက်ကွဲကြောင်းများ နေရာအနှံ့ပျံ့နှံ့လာကာ ဝတ်ပြုကျောင်းသည် ပြိုကျတော့မည့်အရိပ်အယောင်များ ပြလာ၏။

မန်ဟိုသည် ဝတ်ပြုကျောင်းကို စိစိညက်ညက် ဖျက်စီး၍ ထိုဥသျှောင်တာအိုကို အတင်းအဓမ္မ ထုတ်ယူချင်နေ၏။

တာအိုကောင်းကင်၏မျက်လုံးများတွင် ကောက်ကျစ်မှုများ ဖြတ်ပြေးသွားသည်။ “သူ့ကို ယူခွင့် ပေးလို့မဖြစ်ဘူး” သူက အော်သည်။ “ငါတို့အားလုံး အဲဒါကို ရယူသင့်တာ။ လင်းချုံ သူ့ကို အတူတိုက်စို့”

မန်ဟို့တွင် အက်ရှလွန်နှလုံးသား ရှိထား၍ ဥသျှောင်ကမ္ဘာအနှစ်သာရတာအိုကိုလည်း ရသွားပါက အက်ရှလွန်၏ အစွမ်းထက်ဆုံးအဖွဲ့ဝင် သေချာပေါက်ဖြစ်လာမည်ကို သူ ရိပ်စားမိလေသည်။

အမှန်တွင် ၎င်းက မန်ဟို့ကို တည်ရှိခဲ့ဖူးသော အက်ရှလွန်မျိုးဆက်အားလုံးထဲ၌ တန်ခိုးအကြီးဆုံး အင်မော်တယ်နယ်ပယ်ကျင့်ကြံသူပင် ဖြစ်သွားစေနိုင်သည်။

တာအိုကောင်းကင်က ဟိန်းဟောက်ကြုံးဝါးရင်း ရှေ့တက်ကာ ပါရာဂွန်မှော်သိုင်းကို ဆင့်ခေါ်ရန် သူ့လက်ကို ခါရမ်းလိုက်သည်။ ပန်းချီကားလိပ်ပြေသွားပြီး အထဲရှိ ပုဂ္ဂိုလ်က ခေါင်းမော့လာ၏။

လင်းချုံ၏မျက်ဝန်းများသည် သတ်ဖြတ်လိုမှုတို့ဖြင့် ပြည့်သျှံနေ၏။ သူသည် သူနှင့်မန်ဟို့အကြားက ရန်ငြိုးမှာ ဖြန်ဖြေ၍ရတော့မည့်အရာမဟုတ်ဟု တွေးထားခဲ့ပြီးဖြစ်၏။ မန်ဟိုက သူ၏တာအိုနှလုံးသားကို အက်ကွဲစေခဲ့သည့်အပြင် အနိုင်ယူမရသော သူ၏အတွင်းနတ်ဆိုးကို ချန်ရစ်ခဲ့သည်။ လင်းချုံသာ အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းမရခဲ့လျှင် .... လှုပ်ရှားရဲသည့် သတ္တိရှိမည်မဟုတ်ပေ။ သူက အံတင်းတင်းကြိတ်ရင်း မာန်သွင်းဟိန်းဟောက်၍ သူ၏ကိုယ်ပိုင်တာအိုမှော်သိုင်းကို ထုတ်ဖော်လိုက်တော့သည်။

သူတို့နှစ်ယောက် တိုက်ခိုက်လိုက်ကြစဉ် ဟန်ချင်းလဲ့သည် ခေါင်းနောက်လှန်၍ အသံရှည်ဆွဲအော်လိုက်၏။ သူကား အနှစ်သာရ ၃၀၀၀ ကို ဉာဏ်အလင်းရရှိသွားသည့် စတုတ္ထမြောက်အက်ရှလွန်ကျင့်ကြံသူ ဖြစ်ပေသည်။ စွမ်းအားများ တဟုန်းဟုန်းတောက်နေလျက်၊ ကျင့်ကြံခြင်းအခြေခံ ကြောက်ခမန်းလိလိ တိုးတက်နေလျက် သူသည် မန်ဟို့ကို အငြိုးကြီးကြီး မော့ကြည့်၍ တိုက်ခိုက်ရန် ပြေးတက်သွားတော့၏။ သူက လေကိုခွင်းနေစဉ် လက်ကို ဝှေ့ယမ်းရင်း သူ့ပတ်ပတ်လည်တွင် မရေမတွက်နိုင်သောအရိုးများနှင့် အစိမ်းရောင်မိုးကြိုးအား ပေါ်လာစေသည်။

“မန်ဟို ငါတို့ နောက်တစ်ခေါက် တိုက်ခိုက်ဖို့ အချိန်ကျပြီ”

အက်ရှလွန်သုံးယောက်ကား မန်ဟို့ကို တစ်ပြိုင်တည်းတိုက်ခိုက်နေကြလေ၏။

ဤအက်ရှလွန်သုံးယောက်အနက်မှ မည်သူ့ကိုမဆို လျှမ်းလျှမ်းတောက်နေများအဖြစ် သတ်မှတ်၍ရသည်။ သူတို့ ပေါ်လာလျှင် ကျင့်ကြံသူတိုင်းသည် သူတို့၏ခွန်အားဗလကြောင့် တုန်ရီရစမြဲဖြစ်၏။ သူတို့ကား သူတို့၏နယ်ပယ်အဆင့်ထက် ကျော်လွန်နေပြီးသားလူများမဟုတ်ပါလော။ ရှေးဟောင်းနယ်ပယ် နှောင်းပိုင်းအဆင့်ပညာရှင်များပင် သူတို့ကို ရင်ဆိုင်ရသည့်အခါ ကြောက်ဒူးတုန်ရပေလိမ့်မည်။

သို့သော် မန်ဟို့လက်ရှိကျင့်ကြံခြင်းအခြေခံက တစ်ဝက်တစ်ပျက်တာအိုအဆင့်မှ ခြေလှမ်းတစ်ဝက်သာ ကွာဝေးသော ရှေးဟောင်းနယ်ပယ်၏အထွတ်အထိပ်နှင့် ညီမျှသည်ကို ထည့်တွက်လျှင် သူ့အနေဖြင့် နိဗ္ဗာနသစ်သီးနောက်တစ်လုံး စုပ်ယူလိုက်ဖို့သာ လိုအပ်ပြီး  အစွမ်းထက်တစ်ဝက်တစ်ပျက်တာအိုပညာရှင်များကို ဝင်ချနိုင်မည်ဟု ဆိုလိုသည်။

အကယ်၍ သူသာ လေးလုံးမြောက်နိဗ္ဗာနသစ်သီးကို စုပ်ယူ၍ သူ့ကျင့်ကြံခြင်းအခြေခံက အင်မော်တယ်နယ်ပယ်မှ ရှေးဟောင်းနယ်ပယ်သို့ ဝင်ရောက်သွားခဲ့လျှင်တော့ .... ရှေးဟောင်းနယ်ပယ်အဆင့်နှင့်တင်.... တာအိုနယ်ပယ်ပညာရှင်များကို ကိုင်တွယ်နိုင်လိမ့်မည်။

တောင်ပင်လယ်လောကတွင် တာအိုနယ်ပယ်ပညာရှင်များသည် အင်အားအကြီးဆုံးဂိုဏ်းများ၊ မျိုးနွယ်စုများ၏ ဂိုဏ်းချုပ်များ၊ ခေါင်းဆောင်ကြီးများနှင့် တစ်ဆင့်တည်းရှိသူများ ဖြစ်ကြ၏။

မန်ဟိုကား လူတိုင်းနီးပါးကို ကြောက်ဒူးတုန်စေနိုင်သည့် အဆင့်တစ်ဆင့်သို့ ရောက်ရှိနေခဲ့ပြီဟု ဆိုနိုင်သည်။ သူကား မည်သူမဆို အထင်မသေးဝံ့သည့် ကြောက်စရာပုဂ္ဂိုလ်တစ်ဦး ဖြစ်နေချေပြီ။

မန်ဟိုက မိုးပြာရောင်အလင်းကို ဖြန့်ကျက်ရင်း လာနေသော အက်ရှလွန်သုံးယောက်ကို အေးအေးဆေးဆေး ရင်ဆိုင်လိုက်သည်။ သူကား ဒေါသမထွက်ဘဲ ခြောက်လှန့်နိုင်သည့် မိုးနှင့်မြေ၏ အစစ်အမှန်အင်မော်တယ်တစ်ဦးအလားပင်။

“အရင်က” သူက အေးဆေးတည်ငြိမ်စွာ ပြောသည်။ “ငါဟာ နဝမတောင်ပင်လယ်က ရွေးချယ်ခံအားလုံးရဲ့ တက်လမ်းတွေကို ပိတ်ထားတဲ့ တောင်တစ်လုံးဖြစ်ခဲ့တယ်။ ဒီနေ့မှာ ... ငါဟာ တောင်ပင်လယ်လောက,က ဒီအက်ရှလွန်မျိုးဆက်အားလုံးရဲ့လမ်းမှာ ပိတ်ရပ်နေတဲ့ တောင်ကြီးတစ်လုံး ဖြစ်လာစေရမယ်” သူက တာအိုကောင်းကင်နှင့်အခြားသူများကို ရင်ဆိုင်ရန် လှစ်ခနဲ ထွက်သွားသည်။ လေးယောက်သား နီးကပ်လာသည့်အခါ မန်ဟိုက လက်ချောင်းတစ်ချောင်းအား ဟန်ချင်းလဲ့ထံသို့ ဝှေ့ယမ်းလိုက်၏။

ဟန်ချင်းလဲ့မှာ အားခနဲ အော်လိုက်ရပြီး သူ့ပါရာဂွန်မှော်သိုင်းသည် ပြိုကွဲသွား၏။ သူကား ပါးစပ်မှ သွေးများ ပန်းထွက်လျက် လွင့်ထွက်သွားခဲ့လေပြီ။

ထို့နောက် မန်ဟိုက လက်ဝါးဖြင့် လင်းချုံဆီ ရိုက်ထည့်လိုက်သည်။ ထိုလက်ဝါးရိုက်ချက်က မိုးနှင့်မြေကို မှောင်သွားစေပြီး လင်းချုံ၏အမြင်တစ်ခုလုံးကို ဖုံးကွယ်သွားသည်။ သူ၏ပါရာဂွန်မှော်သိုင်းမှာ ကြေမွသွားပြီး သူ့မှာ သူ့ကိုယ်သူ မခုခံနိုင်တော့ပေ။ သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး သူ့မှာ အထိန်းအကွပ်မဲ့စွာ လည်ထွက်သွားတော့သည်။

ထို့နောက် မန်ဟိုက တာအိုကောင်းကင်ဘက်လှည့်၍ လက်သီးတစ်လုံး ပစ်သွင်းလိုက်သည်။

ထိုလက်သီးက အရာအားလုံးကို ကြေမွသွားစေသည်။ တာအိုကောင်းကင်၏ပန်းချီကားလိပ်ထဲရှိ ရုပ်တုက လူသတ်ငွေ့များကို ထုတ်လွှတ်လိုက်သော်လည် ကားလိပ်တစ်ခုလုံး ပြေကျမလာခင် မန်ဟို့မျက်လုံးများသည် လင်းလက်သွားပြီး သူက တာအိုကောင်းကင်ကို ကြည့်ကာ အသာအယာပြောလိုက်၏။ “ထွက်သွားလိုက်”

ထွက်သွားရသည်ကား ပန်းချီကားလိပ်မဟုတ်ဘဲ တာအိုကောင်းကင် ဖြစ်နေသည်။

All Chapters