လူသား ပုဆိန်လှံရှည်
Vol. 87 Ch. 1212
မိုဝူကျိက ထန်းဟန်၏ အရှိန်အဝါ တည်ငြိမ်လာသည့်အထိ စောင့်ဆိုင်းလိုက်ပြီးနောက် မျက်မှောင်ကျုတ်မိသွားသည်။ သူလည်း ဝိဇ္ဇာတစ်ပါး ဖြစ်သော်လည်း ဝိဇ္ဇာအဆင့်သို့ တက်လှမ်းစဉ်အခါက တစ်ခုခု လိုအပ်နေကြောင်း ခံစားမိခဲ့သည်။ ယခု သူက ထန်းဟန် ဝိဇ္ဇာအဆင့် တက်လှမ်းဝင်ရောက်သည်ကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသည့်အခါ သူ တစ်ခုခု လိုအပ်နေကြောင်း သေချာသွားလေသည်။
အကြောင်းမှာ ဝိဇ္ဇာအဆင့်တွင် မိုးကြိုးစမ်းသပ်ချက် မရှိ၍ မဟုတ်ဘဲ ဝိဇ္ဇာအဆင့်သည် တာအို၏ ထိပ်ဆုံး မဟုတ်သေးကြောင်း သိလိုက်၍ ဖြစ်သည်။
“ သခင်ကို ကျေးဇူးတင်ပါတယ် ” ထန်းဟန်၏ အရှိန်အဝါများ ငြိမ်ကျသွားပြီးနောက် သူ ပထမဆုံးလုပ်သည့်အရာမှာ မိုဝူကျိကို ကျေးဇူးတင်လိုက်ခြင်း ဖြစ်၏။
မိုးမြေ မီးပြင်းဖိုဖြင့် ဝိဇ္ဇာအဆင့်သို့ တက်လှမ်းပြီးနောက် မိုဝူကျိအပေါ် ထန်းဟန်၏ လေးစားမှုမှာ ပို၍ ကြီးမားလာသည။ အကြောင်းမှာ သူက မိုဝူကျိ၏ ကျင့်ကြံဆင့် အတိအကျကို မခွဲခြားနိုင်၍ ဖြစ်၏။ သူ့အမြင်၌ မိုဝူကျိသည် သာမာန်သေမျိုး တစ်ယောက်မျှသာ ဖြစ်နေဆဲ ဖြစ်၏။
“ ထန်းဟန် … ဝိဇ္ဇာအဆင့်ရဲ့ အထက်မှာ ဘယ်အဆင့် ရှိတယ်ဆိုတာ ကြားဖူးလား ” မိုဝူကျိက လက်ဝေ့ကာ မေးလိုက်သည်။
ဝိဇ္ဇာအဆင့်ကို ကျော်လွန်ပြီးတော့လား …..
ထန်းဟန်က အံ့အားသင့်သွားသော်လည်း ချက်ချင်း ဖြေလိုက်သည်
“ ကောလဟာလတွေအရတော့ ဝိဇ္ဇာအဆင့်ကို ကျော်လွန်တော့မဲ့ လူသုံးယောက် ရှိခဲ့ဖူးတယ်တဲ့ … သူတို့အားလုံးက ဒီစကြဝဠာကို ထိန်းချုပ်ချင်ကြပေမဲ့ ကျရှုံးခဲ့ကြတယ်။ ဒီစကြဝဠာကြီးထဲမှာ ဝိဇ္ဇာအဆင့်က ထိပ်ဆုံးပဲ။ ဝိဇ္ဇာအဆင့်အထက် ဘာမှမရှိတော့ဘူး ”
“ အဲဒီသုံးယောက်က ဘယ်သူတွေလဲ ”
“ တစ်ယောက်က သခင်နဲ့ တိုက်ခိုက်ခဲ့တဲ့ လော့ …. အဲဒီလူရဲ့ အရည်အချင်းက အရမ်းထူးချွန်ပြီးတော့ စကြဝဠာတာအိုစည်းမျည်း ကိုးခုကိုတောင် ရယူနိုင်ခဲ့တယ်။ အဲဒါတင် မကသေးဘူး။ သူက ကံကြမ္မာဓားနဲ့လည်း ပေါင်းစပ်ခဲ့သေးတယ်။
ကံကြမ္မာဓားရဲ့ ထက်ရှမှုက ပြိုင်ဖက်ကင်းတယ်။ ကံကြမ္မာဓားနဲ့ ပေါင်းစပ်ပြီးတဲ့နောက် သူ့အောင်မြင်မှုတွေက တိုင်းတာလို့တောင် မရတော့ဘူး။ ဘယ်သူမှလည်း သူ့ကို အနိုင်မယူနိုင်ဘူး …. ”
မိုဝူကျိက ရယ်မောလိုက်ကာ
“ ထန်းဟန် …. မင်း မှားနေပြီ။ လော့ရဲ့ အကြီးမားဆုံး ကျရှုံးမှုက ကံကြမ္မာဓားနဲ့ ပေါင်းစပ်လိုက်တာပဲ။ မဟုတ်ရင် သူ့အောင်မြင်မှုတွေက ဒီထက် ပိုမြင့်နေမှာ။ သူက ကံကြမ္မာဓားနဲ့ ပေါင်းစပ်လိုက်တော့ ဒီစကြဝဠာကြီးထဲမှာ ခြေချုပ်မိသွားတာပဲ ”
ထန်းဟန်က မိုဝူကျိ စကားများကို ကြားလိုက်သည့်အခါ အနည်းငယ် ကြောင်အမ်းသွားသည်။ ဝိဇ္ဇာတစ်ပါးအနေနှင့် သူ့အသိဉာဏ်သည် သာမာန်လူများ ယှဉ်နိုင်သည့်အရာ မဟုတ်ပေ။ မျက်စိတစ်မှိတ်အတွင်း သူက မိုဝူကျိ စကားကို နားလည်သဘောပေါက်သွားကာ မိုဝူကျိကို ချက်ချင်း ဦးညွှတ်လိုက်ရင်း
“ သခင်ရဲ့ စကားတွေက အသိအမြင် ပွင့်လာစေတယ်။ ကျုပ်ကို တာအိုအငွေ့အသက်အကြောင်း ပိုပြီး နားလည်လာစေတယ် ”
မိုဝူကျိက ခေါင်းညိတ်ကာ
“ မင်း ဘာမှစိုးရိမ်နေစရာ မလိုဘူး။ အခု မိုးမြေ မီးပြင်းဖိုနဲ့ ဝိဇ္ဇာတာအိုကို ပြန်လည် ရရှိထားပြီးပြီ။ မင်းမှာ နတ်ဘုရားအရိုက်အရာလည်း ရှိထားတယ်။ နောင်ကျ တိုးတက်လာဖို့ အခွင့်အရေး ရှိပါသေးတယ်။ လော့နဲ့ မတူဘူး။ လော့က ကံကြမ္မာဓား သပ်သပ်ပဲ …..
သူက တာအိုကို ဖြတ်လမ်းကနေ လိုက်ချင်တာလေ။ တကယ်တမ်း တာအိုလမ်းစဉ်အတွက် ဖြတ်လမ်း မရှိဘူး။ ကံကြမ္မာဓားနဲ့ ပေါင်းစပ်ဖို့ ရွေးချယ်လိုက်တာက သူ့အမှားပဲ။ သူ တိုးတက်နိုင်မဲ့ တစ်ခုတည်းသော နည်းလမ်းက စကြဝဠာ တာအိုစည်းမျည်းကိုးခုလုံး စုစည်းဖို့ပဲ။ ဒါပေမဲ့ အခုတော့ သူ အဲဒီအခွင့်အရေးလည်း မရှိတော့ဘူး ”
ဝိဇ္ဇာအဆင့်သို့ တက်လှမ်းပြီးနောက် မိုဝူကျိက စကြဝဠာ၏ ရှုပ်ထွေးလှသော သဘောတရားများကို ပိုမို နားလည်လာသည်။
“ ဟုတ်ကဲ့ ” ထန်းဟန်က စိတ်ပေါ့ပါးသွား၏။ သူ့အနေနှင့် မိုဝူကျိသည် သူ့ကို လိမ်ညာမည် မဟုတ်ကြောင်း ယုံကြည်သည်။ သူက မိုဝူကျိကို ကျော်ဖို့ရာ မတွေးသော်လည်း လော့ထက်စာလျှင် တိုးတက်နိုင်သည့် အခွင့်အရေး ရှိသည်ကို သိလိုက်ရသည့်အခါ မည်သို့ မပျော်ဘဲ နေမည်နည်း။
“ နောက်ထပ် နှစ်ယောက်က ကွမ်းယဲ့ကျန်းနဲ့ ဝူလျန့်တို့ပဲ။ သူတို့နှစ်ဦးက ဝိဇ္ဇာအဆင့် ကျော်လွန်ဖို့ ကြိုးစားတုန်း ကျရှုံးခဲ့ကြတယ်။ အဲဒါကြောင့် ဒီစကြဝဠာကြီးထဲမှာ ဝိဇ္ဇာအဆင့်အထက် တစ်ယောက်မှ မရှိဘူး။ ပြီးတော့ ဝိဇ္ဇာအဆင့်အပေါ်မှာ ဘာရှိနေလဲဆိုတာလည်း ဘယ်သူမှ မသိကြဘူး ” ထန်းဟန်က လေးလေးစားစား အဆုံးသတ် ဖြေဆိုလိုက်သည်။
မိုဝူကျိက ထပ်မမေးတော့ပေ။ သူက ကမ္ဘာဦးမိခင် သံမဏိကို ထုတ်ကာ
“ မင်းရဲ့ မီးတောက်က အတော်လေး အားကောင်းတယ်။ ငါ့ကိုတောင် ဒဏ်ရာ ရစေနိုင်တယ်ဆိုတော့ တစ်ချက်လောက် ကြည့်ရအောင်”
မိုဝူကျိက ထန်းဟန်၏ အသိစိတ်မီးတောက်အား အသုံးပြုကာ ကမ္ဘာဦး မိခင်သံမဏိကို အရည်ဖျော်လိုခြင်းသာ ဖြစ်၏။ အကယ်၍ မလုံလောက်သေးလျှင် သူ့ပညာရှင်မီးတောက်အား အဆင့်တက်လှမ်းစေနိုင်မည့် နည်းလမ်းကို စဉ်းစားရမည်။
ထန်းဟန်က မိုဝူကျိ စကားများကို ကြားသည့်အခါ ကြောက်ကြောက်ရွံ့ရွံ့ဖြင့် မီးတောက်လေးကို ထုတ်လိုက်ပြီး “ ကျုပ်ရဲ့ အရင်အပြုအမူတွေကို ပြန်ပေးဆပ်တဲ့အနေနဲ့ သခင်ကို ဒီမီးတောက် ပေးပါရစေ ”
“ ကျုပ်က ဒီမီးတောက် မလိုဘူး။ ဒီသတ္တုကို အရည်ဖျော်နိုင်လားဆိုတာ တစ်ချက်လောက် စမ်းကြည့်စမ်းပါ ” မိုဝူကျိက လက်ဝါးဖြန့်ကာ တောင်ကုန်းအရွယ် ကမ္ဘာဦး မိခင်သံမဏိကို ထုတ်လိုက်သည်။
“ ဒါက ကမ္ဘာဦး မိခင်သံမဏိလား ”ထန်းဟန်က နောက်ဆုံး၌ ထိုအရာကို သတိပြုမိသွားသည်။ သူက ချက်ချင်း သတိမထားမိသည်မှာ အသိစိတ်မီးတောက်က မိုဝူကျိအား ဒဏ်ရာပေးထား၍ ဖြစ်သလို နောက်ထပ် အကြောင်းအရင်းလည်း ရှိနေသေး၏။ သူ့စိတ်ကူးထဲ၌ပင် တောင်ကုန်းအရွယ်လောက် ကြီးမားသည့် ကမ္ဘာဦး မိခင်သံမဏိ ရှိလိမ့်မည်ဟု တစ်ခါမှ မတွေးထားဖူး၍ ဖြစ်ပေသည်။
“ ဟုတ်တယ် …. ကမ္ဘာဦး မိခင်သံမဏိပဲ ” မိုဝူကျိက ပြုံးကာ ပြောလိုက်ပြီး ထန်းဟန်အား အသိစိတ်မီးတောက်ဖြင့် အရည်ဖျော်ပစ်ရန် အချက်ပြလိုက်သည်။
ထန်းဟန်က မြန်မြန် ပြောလိုက်သည် “ သခင် … ဒီကမ္ဘာဦး မိခင်သံမဏိကို အသိစိတ်မီးတောက်နဲ့ အရည်ဖျော်လို့ မရဘူး ”
မိုဝူကျိက မျက်မှောင်ကျုတ်လိုက်သည်။ အကယ်၍ အသိစိတ်မီးတောက်ပင် ကမ္ဘာဦး မိခင်သံမဏိကို အရည်မဖျော်ပစ်နိုင်လျှင် ကမ္ဘာဦး မိခင်သံမဏိကို ဘယ်အတွက် အသုံးပြုရမည်နည်း။
“ သခင် …. ပြောကြတာတော့ ကမ္ဘာဦး မိခင်သံမဏိက ကမ္ဘာဦးကမောက်မကစဖြစ်တုန်းက ဖြစ်လာတဲ့ ရတနာတဲ့။ အဲဒါကို တာအိုစည်းမျည်းနဲ့ ပုံသွင်းလို့ ရနိုင်တယ် … ”
မိုဝူကျိက ထိုစကားကို ကြားလိုက်သည့်အခါ မျက်ဝန်းများ တောက်ပလာလေ၏။ ဤသည်က တာအိုစည်းမျည်းနှင့် ပုံဖော်နိုင်သည့် ရတနာ ဖြစ်နေလေရာ သူ့လူသားတာအိုစည်းမျည်းက ဤကမ္ဘာဦး မိခင်သံမဏိအား ပုဆိန်လှံရှည်အဖြစ် ပြောင်းလဲပစ်နိုင်မည်လား။
မိုဝူကျိက ထိုအတွေးဖြင့် ကမ္ဘာဦး မိခင်သံမဏိကို ဆုပ်ကိုင်လိုက်သည်။ သူ့လူသားတာအိုက စတင်၍ စီးဆင်းလာကာ သူ့တာအိုစည်းမျည်းက တောင်ကုန်းအရွယ် ကမ္ဘာဦး မိခင်သံမဏိ တစ်ခုလုံးကို ဖုံးလွှမ်းသွားလေသည်။
မိုဝူကျိက ထိုတောင်ကုန်းအရွယ်အစားကို သူ့တာအိုဆန္ဒအတိုင်း ပြောင်းလဲနိုင်သည်ဟု ခံစားမိလိုက်သည်နှင့် သူ့စိတ်နှလုံးသား အခြေအနေမှာ အဆင့်ကြီးတစ်ခု မြင့်တက်သွားလေသည်။
မဟုတ်သေးပါဘူး …. ဒီဟာကို စိတ်နှလုံးသား အခြေအနေလို့ မခေါ်သင့်ဘဲနဲ့ တာအိုအခြေအနေ ဖြစ်သင့်တာ ….
ယခင် သူက သတ္တုများကို အရည်ဖျော် သန့်စင်ပြီး ပုံထုဆစ်နိုင်ရန် မီးတောက် လိုအပ်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ ယခုအခါ သူ့တာအိုစည်းမျည်းဖြင့် သတ္တုကို သန့်စင်နိုင်ကြောင်း သိလိုက်ရသည်။
ထန်းဟန်က မိုဝူကျိ တစ်ယောက် တောင်ကုန်းအရွယ် ကမ္ဘာဦး မိခင်သံမဏိကို ပုဆိန်လှံရှည်အဖြစ် ပြောင်းလဲလိုက်သည်ကို မြင်လိုက်ရသည့်အခါ ပြောစရာပင် ပျောက်ဆုံးသွားလေ၏။ သူက အနည်းငယ် ကြောင်အမ်းမိသွားသည်။
ပစ္စည်းကို ဤသို့ ထုဆစ်ပုံဖော်နိုင်သည်လား …..
ကိုယ်ပိုင် တာအိုစည်းမျည်းဖြင့် ပစ္စည်းထုဆစ်နိုင်သည်လား ….
သူ့ဝိဇ္ဇာတာအို မလုံလောက်သေးကြောင်း ခံစားမိသည်မှာ ပထမဆုံးအကြိမ် ဖြစ်၏။ အနည်းဆုံးတော့ သူက ဤသို့ မလုပ်နိုင်ပေ။
မိုဝူကျိက ကမ္ဘာဦး မိခင်သံမဏိဆီ လူသားတာအို စည်းမျည်းတစ်ခုပြီး တစ်ခု ပို့လွှတ်လိုက်သည်။ ကမ္ဘာဦး မိခင်သံမဏိသည် ဖြည်းဖြည်းချင်း ပုဆိန်လှံရှည်အဖြစ် ပြောင်းလဲသွားသောကြောင့် အရှိန်အဝါက ပို၍ အားကောင်းလာသည်။
မိုဝူကျိ စိတ်ထဲ စိတ်လှုပ်ရှားမှုအတိ ဖြစ်နေ၏။ သူက စကြဝဠာအသစ် တစ်ခု ဖန်တီးလိုက်သလို ခံစားလိုက်ရသည်။ ဤပုဆိန်လှံရှည် မွေးဖွားဖြစ်တည်လာသည်နှင့် စကြဝဠာထဲ၌ ကြောက်စရာအကောင်းဆုံး တိုက်ခိုက်ရေး ရတနာ ဖြစ်လာပေမည်။
လော့၏ ကံကြမ္မာဓားက အံ့ဩဖို့ ကောင်းသော်လည်း သူ့ပုဆိန်လှံရှည်အား ဘာမှလုပ်နိုင်မည် မဟုတ်ပေ။
မိုဝူကျိ၏ လူသားတာအို စည်းမျည်းက ပုဆိန်လှံရှည်ထဲ ဆက်တိုက် စီးဝင်နေပြီး ပုဆိန်လှံရှည်၏ ကမ္ဘာဦး အရှိန်အဝါမှာ ဖြည်းဖြည်းချင်း ပျောက်ကွယ်လာသည်။ တဖြည်းဖြည်းဖြင့် သာမာန် သံမဏိကဲ့သို့ ဖြစ်လာသည်။
မိုဝူကျိက ရုတ်ချည်း အတွေးတစ်ခု ပေါ်လာကာ လက်ကို မြှောက်လျက် စကြဝဠာတာအိုစည်းမျည်းတစ်ခုအား မပြီးပြည့်စုံသေးသည့် ပုဆိန်လှံရှည်ဆီ ထည့်ပေးလိုက်သည်။
ပုဆိန်လှံရှည်က ကျယ်ကျယ်လောင်လောင် မြည်တမ်းကာ ပြီးပြည့်စုံသွားလေ၏။
သာမာန်ပုံစံဖြင့် ပုဆိန်လှံရှည် တစ်လက်က မိုဝူကျိရှေ့ မျှောလွှင့်နေသည်။ မိုဝူကျိက ပုဆိန်လှံရှည်အား ဆုပ်ကိုင်လိုက်သည်။ ဤပုဆိန်လှံရှည်က သူ ဝိဇ္ဇာအဆင့်သို့ တက်လှမ်းပြီးနောက် ကိုင်ခဲ့သည့် ပေါက်တူးစုတ်ကဲ့သို့ သာမာန် ဖြစ်နေသည်။
သို့သော်လည်း ဤအရာက ကြီးကျယ်ခမ်းနားသည့် အဆုံးမဲ့စွမ်းအားများနှင့် ပြည့်ဝနေသည်။ မိုဝူကျိက ဤပုဆိန်လှံရှည်ဖြင့် အားအပြည့် တိုက်ခိုက်လိုက်ပါက ဤစကြဝဠာကြီးပင် နှစ်ခြမ်းကွဲသွားနိုင်ကြောင်း ခံစားနေမိသည်။
“ အခုကစပြီး မင်းကို လူသားပုဆိန်လှံရှည်လို့ ခေါ်မယ် ” မိုဝူကျိက အချိန်ခဏအကြာအထိ ပုဆိန်လှံရှည်အား ကြည့်လိုက်ပြီးနောက် သိမ်းထားလိုက်တော့သည်။
ပြောရလျှင် ကမ္ဘာဦး ပုဆိန်လှံရှည်ဟု ခေါ်ဆိုသည်က ပို၍ ကောင်းမွန်သော်လည်း မိုဝူကျိအတွက် ပုဆိန်လှံရှည်ဖြစ်ပေါ်လာခြင်းမှာ သူ့လူသားတာအိုစည်းမျည်းကြောင့်သာ ဖြစ်သောကြောင့် လူသားပုဆိန်လှံရှည်ဟု ခေါ်ဆိုလိုက်ခြင်း ဖြစ်၏။
ထန်းဟန်က မိုဝူကျိ ပုဆိန်လှံရှည် သိမ်းလိုက်သည့်အထိ တအံ့တဩ ဖြစ်နေသေး၏။ သူ့စိတ်ထဲ၌လည်း အံ့အားသင့်နေမိသည်။ လူတစ်ယောက်က စကြဝဠာ တာအိုစည်းမျည်းဖြင့် မှော်ရတနာ ထုဆစ်သည်ကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်ပေသည်။ အကယ်၍ သူသာ လူကိုယ်တိုင် မတွေ့ပါက ထိုလူ ကြွားလုံးထုတ်နေသည်ဟုသာ ထင်မိပေလိမ့်မည်။
ဤသည်မှာ စကြဝဠာ တာအိုစည်းမျည်း ဖြစ်၏။ ဤအရာမှာ လူတစ်ယောက်အား ဝိဇ္ဇာဖြစ်လာစေနိုင်သည်။ ဝိဇ္ဇာတစ်ပါးအား သူ့တာအို တိုးတက်လာအောင် အသုံးပြုနိုင်ပေသည်။ သို့သော် ယခုတွင် လက်နက် ပြုလုပ်ဖို့ရာအတွက် အသုံးပြုလိုက်လေ၏။
ဤသည်မှာ ….
ဒါနဲ့ ဟုတ်သား …. မိုဝူကျိသာ သာမာန်လူ ဖြစ်နေလျှင် သူ ထန်းဟန်က မိုဝူကျိအား သခင်အဖြစ် အဘယ်ကြောင့် ယူဆနေမည်နည်း။
ထန်းဟန်က ထိုအတွေးဖြင့် ချက်ချင်း ပြန်လည် တည်ငြိမ်လာသည်။ သူက ရှေ့တိုးလာကာ “ ပြိုင်ဖက်ကင်း လက်နက် ရရှိသွားတဲ့အတွက် ဂုဏ်ပြုပါတယ် ”
“ ထန်းဟန် … မင်းလည်း ငါ့နောက် လိုက်တာဆိုတော့ တည့်တိုးပဲ ပြောလိုက်မယ်။ ငါ့ကို သခင်လို့ ခေါ်တဲ့ ဝိဇ္ဇာက မင်းတစ်ယောက်တည်း မဟုတ်ဘူး။ ဟွမ်တိလည်း ရှိသေးတယ်။ ဟွမ်တိက မင်းထက်အရင် ငါ့နောက်လိုက်ခဲ့တာ ဆိုပေမဲ့ သူ့ကို ကံကြမ္မာ ထိပ်သီးရတနာ မပေးရသေးဘူး။ အဲဒါကြောင့် မင်း ဝမ်းသာသင့်တယ် …. ” မိုဝူကျိက မထူးမခြားနားစွာ ပြောလိုက်သည်။
ထန်းဟန်က အံ့အားသင့်မိသွားသည်။ သူက ဟွမ်တိကို သိပေသည်။ ထိုလူက နတ်ဘုရားမျှော်စင် ပိုင်ဆိုင်ထားပြီး သူ့ထက် အားမနည်းပေ။ မိုဝူကျိနောက် လိုက်သည့်အထဲ သူက ပထမ ဖြစ်သည်ဟု ထင်မှတ်မိခဲ့သော်လည်း အမြင်အရ ထိုသို့ မဟုတ်ချေ။
ထန်းဟန်က သစ္စာတရား ဖော်ပြနေသည့်အထိပင် မစောင့်တော့ဘဲ မိုဝူကျိက ဆက်ပြောလိုက်သည်
“ အရင်တုန်းက နတ်ဘုရားကုန်းမြေက မြို့တွေကို ဖျက်စီးခဲ့တာကိုတော့ လျစ်လျူရှုပေးလိုက်မယ်။ ဒါပေမဲ့ အခုကစပြီး ကျင့်ကြံသူ ဖြစ်စေ၊ သေမျိုး ဖြစ်စေ အကြောင်းပြချက်မရှိဘဲ သတ်မယ်၊ မြို့ကို ဖျက်စီးမယ်ဆိုရင် မင်းရဲ့ သေဆုံးရက် ရောက်လာလိမ့်မယ်။
ငါ့ဆီမှာ လူသားဂိုဏ်းလို့ ခေါ်တဲ့ ဂိုဏ်းရှိပြီးတော့ လူသားတာအိုကို ကျင့်ကြံတယ်။ ငါ့ဆောင်ပုဒ်က “တာအိုတွေက ကွဲပြားပေမဲ့ လူသားတိုင်းက အတူတူပဲ …..” နားလည်ရဲ့လား ”
“ ဟုတ်ကဲ့ပါ … ထန်းဟန် သေချာမှတ်သားထားပါ့မယ် ” ထန်းဟန်က မြန်မြန် ဦးညွှတ်လိုက်သည်။
သူ့စိတ်ထဲ၌ လူသားတာအိုအကြောင်း စဉ်းစားနေမိ၏။ လွန်ခဲ့သည့်နှစ်များစွာက ဤတာအိုအကြောင်း ပြောဖူးသည့် လူတစ်ယောက် ရှိပုံပေါ်၏။ နှစ်များစွာ ကြာပြီးသည့်နောက်တွင် လူသားတာအို တည်ထောင်သူနှင့် အမှန်တကယ် တွေ့ဆုံခဲ့ရသည်။ ဤတည်ထောင်သူဘိုးဘေးက သူ့သခင်ပင် ဖြစ်နေသေး၏။ သူ့သခင်က သာမာန်သေမျိုးနှင့် တူနေသည်မှာ မထူးဆန်းတော့ပေ။ ဤသည်မှာ လူသားတာအို၏ သဘာဝအခြေအနေသာ ဖြစ်ပေသည်။
“ အာ … မိတ်ဆွေဟောင်းကြီးကို မြင်လိုက်ရတာပဲ။ သူက သိပ်တိုးတက်လာပုံ မပေါ်ဘူး ” ထိုသို့ပြောပြီးနောက် မိုဝူကျိက ထွက်သွားလိုက်သည်။
ထန်းဟန်လည်း မိုဝူကျိနောက် လိုက်လာလိုက်သည်။ သူက မိုဝူကျိ ပြောသည့်သူမှာ ပင်မနတ်ဘုရားထဲမှ တစ်ဦးဖြစ်သည့် ခွန်းယွင် ဖြစ်ကြောင်း မြင်လိုက်ရသည်။ အကယ်၍ ယခင်အတိတ်သာ ဖြစ်ပါက ဤသို့ပါးမွှားမျိုးကို ဂရုစိုက်နေမည် မဟုတ်ပေ။ သို့သော် သူ့သခင် မိုဝူကျိက ထိုပါးမွှားအား သိနေလေရာ ကိစ္စများကား ကွဲပြားသွားလေပြီ။
***