အပြင်လောကမိစ္ဆာများ
Vol. 16 Ch. 214
ထိုစကားကြောင့် ထူစွန်းရှစ်က ရယ်လိုက်သည်။
ထိုအရာက ဓားကျင့်ကြံသူတစ်ယောက်ရှိမှာ ရှိသင့်သော တာဝန်ယူမှုမျိုး ဖြစ်သည်။
“သွားကြစို့…”
ထူစွန်းရှစ်က ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်နေသော အလင်းတန်းထဲသို့ တိုးဝင်သွားသည်။
ဟန်မူယဲ့မှာ အလင်းတန်း၏ ရှေ့တွင် ရပ်နေသည်။ သူသည် ဓားဆန္ဒနှင့် စိတ်ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားပြီး တိတ်ဆိတ်စွာစောင့်ကြည့်နေသည်။
တစ်ယောက်ယောက် အလင်းတန်းထဲသို့ တိတ်ဆိတ်စွာ ပြေးဝင်သွားသည်။ သို့ပေမဲ့ သူက မတားဆီးခဲ့ပေ။
ဟွမ်လောင်လျှိုက ယနေ့မှာ အာကာသလမ်းကြောင်းကို ဖွင့်ခဲ့သောကြောင့် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ ကျင့်ကြံသူများကို အခွင့်အရေးပေးလိုက်ခြင်း ဖြစ်သည်။
လမ်းကြောင်း၏တစ်ဖက်မှာ ရှိနေသောနေရာနှင့် သူတို့ကြုံတွေ့ရမည့်အရာများသည် သူတို့၏ကံကြမ္မာအပေါ်တွင် မူတည်သည်။
“ဟင်း… ဟန်မူယဲ့… ငါက မင်းနဲ့ ဆက်ပြီးငြင်းခုန်မနေတော့ဘူး”
“ဒါက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းလေးပဲ။ မင်းလုပ်ချင်သလို လုပ်လို့ရတယ်”
ထန်ချီသည်လည်း မိစ္ဆာအငွေ့အသက်များဖြင့် လွှမ်းခြုံနေသည်။ သူက ဟန်မူယဲ့ကို ကြည့်ပြီး ရယ်မောလိုက်သည်။ ထို့နောက် ဝတ်ရုံနက်လူအုပ်စုကို ခေါင်းဆောင်၍ အလင်းတန်းထဲသို့ ပြေးဝင်သွားသည်။
ဟန်မူယဲ့၏ ဘေးတွင် မတ်တပ်ရပ်နေသော လီသုံးသည် ဓားရိုးပေါ်ကို လက်တင်လိုက်သော်လည်း မတိုက်ခိုက်ခဲ့ပေ။
အလင်းတန်းသည် တုန်ခါလာပြီး မိစ္ဆာအလင်းတစ်ခု ဖျတ်ခနဲပေါ်လာသည်။
တစ်နာရီ၏ လေးပုံတစ်ပုံပြည့်တော့မည်။
ကောင်းကင်အံ့ဖွယ်ကမ္ဘာ၏ အပြင်သို့ ဆက်သွယ်ထားသော လမ်းကြောင်းသည် မကြာခင် ပိတ်သွားပေတော့မည်။
ဟန်မူယဲ့က စိတ်သက်သာရာရစွာ သက်ပြင်းချသည်။
“အား ....”
“မိစ္ဆာနတ်ဆိုးပဲ… ငါမသေချင်ဘူး ....”
ထိုအချိန်တွင် အလင်းတန်းသည် အဆက်မပြတ် တုန်ခါသွားပြီး ခုနက ပြေးဝင်သွားခဲ့သော ထန်ချီက ထိတ်လန့်စွာ ပြန်ပြေးလာသည်။
သူက အလင်းတန်း၏အပြင်သို့ ရောက်လာသောအခိုက်တွင်ပင် ဖြူဖျော့နေသော အရိုးလက်သည်းတစ်ချောင်းသည် သူ့နောက်ကျောမှတစ်ဆင့် ထိုးဖောက်လာသည်။
နီရဲနေသော သူ့နှလုံးသားမှာ ပေါက်ကွဲသွား၏။
ဟန်မူယဲ့က ခြေတစ်လှမ်းတိုးလိုက်လျှင် သူ့ခန္ဓာကိုယ်ထဲတွင် ဓားချီများ ကြွတက်လာသည်။
‘အပြင်လောကမိစ္ဆာလား’
‘အကြီးအကဲယွမ်ထျန်း သတ်နိုင်တယ်။ အကြီးအကဲ မော့ရှန့်ဟွာလည်း သတ်နိုင်တယ်။ ဒါပေမဲ့ ငါဆိုတဲ့ ဟန်မူယဲ့က မသတ်နိုင်ဘူးလား’
ကြွတက်လာသော ဓားအလင်းသည် ပျောက်ကွယ်သွားတော့မည့် အလင်းလမ်းကြောင်းကို ဖိနှိပ်လိုက်သည်။
ထိုအချိန်မှာပင် တိမ်မြုံကမ်းပါး၏ ပတ်ဝန်းကျင်တွင်ရှိသော အကြည့်များသည် ဟန်မူယဲ့ အပေါ်သို့ ကျရောက်လာသည်။
ဟန်မူယဲ့က ကောင်းကင်တွင် ပြည့်နှက်နေသော ဓားချီများကို လမ်းညွှန်၍ လမ်းကြောင်းထဲမှ ပြေးထွက်လာသော မိစ္ဆာအရိပ်ကို ရက်စက်စွာ ခုတ်ချလိုက်သည်။
ဘုန်း ....
ဓားအလင်းသည် ပြိုကွဲသွားပြီး မိစ္ဆာအရိပ်မှာ လမ်းကြောင်းထဲသို့ ပြန်တွန်းပို့ခံရသည်။
ဂါး ....
လမ်းကြောင်းထဲတွင် ရွှေရောင်အလင်းသည် တဖျတ်ဖျတ်လက်နေပြီး မိစ္အာအရိပ်များကလည်း ကိုယ်ထင်ပြလျက် ဟိန်းဟောက်နေသည်။
မိစ္ဆာများ…
အပြင်လောက မိစ္ဆာများ…
သူတို့၏အမည်က ကျင့်ကြံခြင်းလောကထဲမှာ စိမ်းသက်နေသလို တစ်ချိန်တည်းမှာပဲ ရင်းနှီးမှု ရှိနေသည်။
ကျင့်ကြံခြင်းလောက၏ ကျင့်ကြံသူအများစုက ထိုအမည်ကို တစ်ခါမှမကြားဘူးပေ။
သို့ပေမဲ့ အဓိကဂိုဏ်းများ၏ ရှေးမှတ်တမ်းများထဲတွင် မိစ္ဆာများ၏ ဖျက်ဆီးမှုစွမ်းအားကို မှတ်တမ်းတင်ထားသောကြောင့် ရင်းနှီးနေသည်။
မိစ္ဆာတစ်ကောင်က မရေမတွက်နိုင်သော သေမျိုးများကို သတ်ဖြတ်ပြီး နှစ်ပေါင်းရာချီအောင် သောင်းကျန်းနိုင်သည်။
မိစ္ဆာများက ဉာဏ်များပြီး ကြမ်းတမ်းသည့်အပြင် ထူးဆန်းမှုလည်းရှိသည်။
အဓိကအချက်ကတော့ မိစ္ဆာတိုင်းသည် အလွန်သန်မာသည်။
ရှေးခေတ်မှတ်တမ်းများထဲတွင် မှတ်သားထားခဲ့သော ကျင့်ကြံဆင့် အနိမ့်ဆုံးမိစ္ဆာသည် အမြုတေဖွဲ့စည်းခြင်း ပဥ္စမအဆင့်မှာ ရှိသည်။
အသန်မာဆုံးသည် ကောင်းကင်ဘုံအဆင့်မှာရှိသည်။
ထိုမိစ္ဆာကြီးက နောက်ဆုံးမှာတော့ ပျောက်ကွယ်သွားခဲ့သည်။ မည်သည့်နေရာမှ ထွက်ပေါ်လာခဲ့ပြီး မည်သည့်နေရာသို့ ရောက်သွားကြောင်း ဘယ်သူမှမသိနိုင်ပေ။
လူတိုင်းက စိတ်သက်သာရာရစွာဖြင့် သက်ပြင်းမချနိုင်ခင်မှာ လမ်းကြောင်းထဲမှ ဟိန်းဟောက်သံတစ်သံ ထွက်ပေါ်လာပြန်သည်။
ဟန်မူယဲ့က အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ့ခန္ဓာကိုယ်ထဲမှ ဓားအလင်းများ ထပ်မံထွက်ပေါ်လာပြီး ခုတ်ချလိုက်သည်။
ဘုန်း ....
ဓားအလင်းက မိစ္ဆာအရိပ်နဲ့ တိုက်မိပြီး ပြိုကွဲသွားပြန်သည်။ မိစ္ဆာအရိပ်သည် လမ်းကြောင်းထဲသို့ ပြန်ဝင်မသွားဘဲ အလင်းတန်း၏ ရှေ့တွင် ရပ်နေသည်။
ထိုမိစ္ဆာအရိပ်ကို သွေးနှင့်အရိုးများဖြင့် ဖုံးလွှမ်းထားသည်။ မျက်လုံးများက နက်ရှိုင်းနေပြီး အပြာရင့်ရောင်မီးတောက်များသည် မျက်လုံးအိမ်ထဲမှာ လှုပ်ရှားနေသည်။
မိစ္ဆာ၏ ခန္ဓာကိုယ်ပေါ်မှာရှိသော အရိုးချွန်များသည် ချပ်ဝတ်သဖွယ် ဖြစ်နေသည်။ အရိုးများက အနက်ရောင်သန်းနေပြီး သွေးများနှင့်စွန်းပေနေသောကြောင့် မိစ္ဆာ၏ပုံစံမှာ အလွန်ကြမ်းတမ်းနေသည်။
“သွေးနံ့က တကယ့်ကို လွမ်းမောစရာကောင်းတယ် ....”
မိစ္ဆာက လက်ထဲမှာ ကိုင်ထားသော နှလုံးသားကို ပါးစပ်ထဲသို့ ပစ်ထည့်လိုက်ပြီး ဝါးစားနေသည်။ ထို့နောက် ထူးဆန်းသောအသံဖြင့် ရယ်မောလိုက်သည်။ ထိုအသံသည် သစ်ကိုင်းခြောက်များ ပွတ်တိုက်နေသံနှင့် တူညီသည်။
အသံမှာ ထူးဆန်းသော်လည်း နားလည်နိုင်သေးသည်။
“အဲဒါက ပြင်ပလောကမိစ္ဆာပဲ…”
သိပ်မဝေးသောနေရာတွင်ရပ်နေသည့် လော့ရှောင်ယွီက ခပ်တိုးတိုးအော်ဟစ်ပြီး လက်မြှောက်ကာ ရေခဲအလင်းကို ပစ်လွှတ်သည်။
ရေခဲအလင်းက မြားတစ်စင်းအသွင်ပြောင်းပြီး သွေးနီရောင်အရိုးစုကို ထိမှန်သွားသည်။
“ဘန်း…”
ရေခဲမြားသည် ကွဲကြေသွားပြီး မိစ္ဆာက ချွန်ထက်နေသောသွားများကို ဖြဲပြလိုက်သည်။
“လုံလောက်အောင် မသန်မာဘူး”
ထို့နောက် သူက ဟန်မူယဲ့ကိုကြည့်သည်။
“မင်းရဲ့ဓားဆီကနေတော့ အနံ့ရနေတုန်းပဲ”
လွင့်ပျယ်သွားသောဓားဆန္ဒက ဟန်မူယဲ့၏ခန္ဓာကိုယ်ထဲတွင် ထပ်မံသိပ်သည်းလာပြီး သူ့မျက်လုံးထဲတွင် တိုက်ခိုက်လိုစိတ်များ ပေါ်ထွက်လာသည်။
ထိုမိစ္ဆာနတ်ဆိုးသည် အလွန်သန်မာသည်။
မိစ္ဆာက ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်ပြီး မှော်အင်းကွက်များဖြင့် ဖုံးလွှမ်းနေသော ရှုံ့တွနေသည့်မျက်နှာက ပြုံးလာသည်။
“ဟီးဟီး… သွေးအစာတွေနဲ့ပြည့်နေတဲ့ ကမ္ဘာတစ်ခုပဲ။ အရမ်းကောင်းတဲ့နေရာပဲ”
မိစ္ဆာက လက်မြှောက်ပြီး စူးရှစွာအော်မြည်လိုက်သည်။
ထိုအော်သံက လူတိုင်း၏နားစည်ကို ထိုးဖောက်ပြီး စိတ်ဝိညာဉ်သို့အထိ ရောက်သွားပုံပေါ်သည်။
အနီးအနားမှာရပ်နေသော လော့ရှောင်ယွီနှင့် လီသုံးတို့မှာ မျက်နှာများဖြူဖျော့ပြီး ယိမ်းယိုင်သွားသည်။ သူတို့က ဖြောင့်မတ်စွာပင် မတ်တပ်မရပ်နိုင်တော့ပေ။
ဟန်မူယဲ့၏ စိတ်နယ်ပယ်ထဲမှာရှိသော အစိမ်းရောင်ဓားဝိညာဉ်က တုန်ခါလာပြီး စွမ်းအားကို ချေဖျက်ပေးလိုက်သည်။
အဝေးတွင် ကမ္ဘာမြေအဆင့်အောက်မှာရှိသော ကျင့်ကြံသူများအားလုံး မူးဝေသွားသည်။
“အဲဒါက ကောင်းကင်မိစ္ဆာအော်သံပဲ…”
“ဒီမကောင်းဆိုးဝါးမိစ္ဆာက ကောင်းကင်မိစ္ဆာကလန်ကပဲ”
အဝေးမှ လူရိပ်များပျံသန်းလာပြီး ဓားအလင်းနှင့် စိတ်ဝိညာဉ်အလင်းတို့သည် မကောင်းဆိုးဝါးမိစ္ဆာထံသို့ တိုးဝင်သွား၏။
သူတို့က တိမ်မြုံကမ်းပါးတွင်ကျန်ရစ်ခဲ့သော အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူများဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ စွန်းမူသည် အသက်ရှင်နေသေးသည်။
ဘုန်း ....
ဓားအလင်းနဲ့ စိတ်ဝိညာဉ်အလင်းများက မီးခိုးရောင်သံမဏိအလွှာတစ်ခု၏ တားဆီးခြင်းကို ခံလိုက်ရသည်။
မိစ္ဆာ၏လက်ထဲတွင် စုတ်ပြတ်နေသော သံထီးတစ်လက်သည် ညင်သာစွာလည်ပတ်နေပြီး အနက်ရောင်အလင်းစက်ကွင်းကို ထုတ်ပေးနေသည်။
“မိစ္ဆာရတနာ… ပြေးတော့… ဒီရတနာက ဓမ္မရတနာနဲ့ ယှဉ်နိုင်တယ်။ အဲဒါနဲ့ဆိုရင် မိစ္ဆာက ကောင်းကင်ဘုံတစ်ဝက်အဆင့် စွမ်းအားကို ထုတ်သုံးနိုင်လိမ့်မယ်”
တစ်ယောက်ယောက်က အော်ဟစ်လိုက်ပြီး ထွက်ပြေးသွားသည်။
တစ်ယောက်က နေရာမှာတင်ရပ်နေပြီး သံထီးကို လောဘများဖြင့် စိုက်ကြည့်နေသည်။
သူက ထိုရတနာကိုရနိုင်လျှင် တိုက်ခိုက်နိုင်စွမ်း အများအပြားတိုးလာလိမ့်မည်။
“စီနီယာအစ်ကိုဟန်… ဒီမိစ္ဆာက မရိုးရှင်းဘူး။ အရင်ဆုံး ထွက်သွားရအောင်”
စွန်းမူက တိုးတိုးလေးပြောလိုက်သည်။
သူက ဟန်မူယဲ့၏အရှေ့မှာရပ်နေပြီး ကာကွယ်ပေးထားသည်။
ဂါး ....
မကောင်းဆိုးဝါးမိစ္ဆာက ဓားအလင်းနှင့် စိတ်ဝိညာဉ်အလင်းများကို တားဆီးလိုက်ပြီး လက်ထဲတွင် ရှိနေသောသံထီးကို ရုတ်သိမ်းလိုက်သည်။ ထီးသည် ဓားမော့အသွင်သို့ ပြောင်းသွားပြီး ကြမ်းတမ်းစွာတိုးဝင်လာသည်။
စူးရှနေသောအော်သံတစ်ခု ထွက်ပေါ်လာပြီး ဓားမော့က သွေးများနှင့် စွန်းပေသွားသည်။
ရွှေအမြုတေကျင့်ကြံသူသုံးယောက် နှစ်ပိုင်းပြတ်သွားခဲ့သည်။
“သွားကြစို့။ ငါတို့ ဒီမိစ္ဆာကို မတားဆီးနိုင်ဘူး”
“လင်တောက်ဂိုဏ်းကို မြန်မြန်သတင်းပို့ပြီး မိစ္ဆာသတ်ဖြတ်ခြင်းအမိန့်တော် ထုတ်ပေးဖို့ တောင်းဆိုလိုက်”
လောဘစိတ်များရှိနေသော အမြုတေဖွဲ့စည်းခြင်းအဆင့်ကျင့်ကြံသူများက လျင်မြန်စွာထွက်ပြေးသွားသည်။
သူတို့က ယခင်တိုက်ပွဲမှာ ရှင်သန်ခဲ့ပြီးနောက်တွင် ယခုအချိန်မှာ ဆက်တိုက်နေလျှင် သေလမ်းရှာသလို ဖြစ်သွားလိမ့်မည်။
ရွှေအမြုတေကျင့်ကြံသူသုံးယောက်ကို သတ်ဖြတ်ပြီးသောအခါတွင် မိစ္ဆာ၏ လက်ထဲမှာရှိနေသော ဓားမော့မှာ ပိုမိုနီရဲလာသည်။
သွေးချီစီးကြောင်းတစ်ခုကို ဆင့်ခေါ်လိုက်ပြီး မိစ္ဆာက အသက်ပြင်းပြင်းရှူသွင်းလျက် သွေးချီကို မြိုချလိုက်သည်။
သွေးနှင့် ချီကို မြိုချပြီးသောအခါတွင် မကောင်းဆိုးဝါးမိစ္ဆာ၏ အရိုးများပေါ်တွင် မီးခိုးရောင်အရေပြားလွှာတစ်ခု ပေါ်လာသည်။
မိစ္ဆာက ခေါင်းမော့ပြီး ရယ်မောလျက် ဓားရှည်ကို ဝှေ့ယမ်းလိုက်သည်။
မရေမတွက်နိုင်သောအော်သံများ ပဲ့တင်ထပ်လာပြီး မိစ္ဆာအသံက ပတ်ဝန်းကျင်တစ်ခုလုံးအား ဗလောင်ဆူနေ၏။ မိုင်တစ်ရာအတွင်းမှာရှိသော အဆင့်နိမ့်ကျင့်ကြံသူများအားလုံးမှာ ဖြူဖျော့နေသောမျက်နှာထားဖြင့် မြေကြီးပေါ်သို့ လဲကျသွားသည်။
မိစ္ဆာ၏ အသံသည် သူတို့၏ ဝိညာဉ်များကို ချက်ချင်းထိုးဖောက်လိုက်ပြီး လုံလောက်သော စိတ်စွမ်းအားမရှိလျှင် ခုခံနိုင်မည် မဟုတ်ပေ။
လမ်းကြောင်းထဲမှ ထွက်ပေါ်လာသောမိစ္ဆာကြီးစာ် အလွန်သန်မာနေလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ပေ။
မိစ္ဆာ၏ခွန်အားသည် တိမ်မြုံကမ်းပါးရှိ ကျင့်ကြံသူများကို အသတ်ခံရဖို့စောင့်နေသော သိုးများအဖြစ် ပြောင်းလဲသွားစေသည်။
အဝေးမှာ ရှိနေသောကျင့်ကြံသူများက တစ်ခုခုမှားယွင်းနေခြင်းကို ခံစားမိလိုက်သည်။ သူတို့က တိတ်ဆိတ်စွာ နောက်ပြန်လှည့်ပြီး ထွက်ပြေးသွားကြသည်။
နီးကပ်လာသော ကျင့်ကြံသူများက မကောင်းဆိုးဝါးမိစ္ဆာ၏ ခွန်အားကြောင့် ဖိနှိပ်ခံလိုက်ရပြီး လမ်းလျှောက်ဖို့ပင် ခက်ခဲနေကြသည်။
မကောင်းဆိုးဝါးမိစ္ဆာက တဟားဟား အော်ဟစ်လိုက်၏။ သူ့နောက်တွင် ထောင်ချီနေသော အနက်ရောင်ချပ်ဝတ်မိစ္ဆာများက စိတ်ဝိညာဉ်အလင်းတစ်စ ကျန်နေသေးသော အာကာသလမ်းကြောင်းမှတစ်ဆင့် ပြေးထွက်လာတော့မည့်အခြေအနေကို မြင်နေရသည်။
ထိုမကောင်းဆိုးဝါးမိစ္ဆာများအားလုံးသည် အရပ်ရှည်ပြီး နောက်ကျောတွင် ဆူးချွန်များပေါက်နေသည်။ သူတို့၏မျက်လုံးများက နီရဲနေပြီး အနက်ရောင်မိစ္ဆာအငွေ့အသက်များက သူတို့၏ ခေါင်း၊ ပါးစပ်နှင့် နှာခေါင်းပေါက်များတွင် ရစ်ဝဲနေသည်။