← Chapters

လက်တွေ့တိုက်ပွဲသင်ခန်းစာ

Vol. 7 Ch. 6

လက်တွေ့တိုက်ပွဲသင်ခန်းစာ

Vol. 7 Ch. 6

ငါ​က သူရဲကောင်းဖြစ်ချင်ရုံပါ

V7 Chapter 6 - လက်တွေ့တိုက်ပွဲသင်ခန်းစာ

ညနေပိုင်းအတန်းတွေပြီးသွားတာနဲ့ အီဗန်တို့လုပ်ရတာက အခန်းပြင်ထွက်ပြီး တန်းစီရတာပဲ။ လက်တွေ့တိုက်ပွဲသင်တန်းရဲ့တွဲဖက်ဆရာမ ဘရီဆာက သူတို့ကို ဒီနေ့လက်တွေ့တိုက်ပွဲသင်တန်းရှိတဲ့အကြောင်း ပြောထားလို့လေ။

သူတို့အားလုံး စနစ်တကျတန်းစီပြီးသွားတော့ ဘရီစာက ဇက်သတ္တုဒိုင်းကို သယ်လာပြီး ခန္ဓာကိုယ်ရှေ့မှာထောင်လိုက်တယ်။ အဲဒီနောက် ကျောင်းသားတွေကို ကြည့်လိုက်ပြီး "လက်တွေ့တိုက်ပွဲအတန်းဆိုတာ ဟီးရိုးဖြစ်ချင်တဲ့ ကျောင်းသားတွေအကုန်လုံး မဖြစ်မနေ တက်ဖို့လိုအပ်တဲ့အတန်းပဲ။ ဒီလိုအတန်းမှာ အချောင်ခိုမိရင် တကယ်ဟီးရိုးဖြစ်လာခဲ့အခါ ဗီလိန်တွေခြေထောက်အောက်မှာ သေချာပေါက် အသက်ပျောက်သွားလိမ့်မယ်။"

ဘရီစာရဲ့လေသံက စင်္ကြန်လမ်းတစ်လျှောက် ဟိန်းထွက်နေတယ်။ ဒီနေရာမှာ အီဗန်တို့ အတန်း D အပြင် နျူရေတို့ အတန်းAလည်း ရှိနေတယ်။ လက်တွေ့တိုက်ပွဲသင်ခန်းစာတွေက အခုလိုမျိုး စာသင်ခန်း နှစ်ခုတွဲပြီး ပူးပေါင်းလုပ်ဆောင်ရတာမျိုးပါ။

"ဒီနေ့အတန်းအတွက် မစ်ရှင်ကတော့ မြူတန့်သားရဲသလင်းကျောက်ကို လုယူဖို့ပဲ။ ပြီးတော့ ဒီတိုက်ပွဲက အတိတ်တစ်ချိန်တုန်းက တကယ်ဖြစ်ဖူးတဲ့ တိုက်ပွဲတစ်ခုပဲ။"

ဘရီစာရဲ့မျက်နှာအမူအရာက ပိုပြီးတည်ကြည်သွားပြီး ကျောင်းသားတစ်ယောက်ချင်းစီရဲ့မျက်နှာကို ကြည့်လိုက်တယ်။ သူ့ရဲ့ကျစ်ဆံမြီးကျစ်ထားတဲ့ မြည်းမြီးဆံပင်က ပခုံးပေါ်က လျှောကျပြီး ကျောနောက်ကို ရောက်သွားတယ်။ ဘရီစာရဲ့ခွန်အားအပြည့်နဲ့ မျက်နှာကို အခုသူတို့သေသေချာချာမြင်နေရပြီ။

"၂၀၀၉ ခုနစ် ဒီလိုနေ့မျိုးမှာ လူဆယ်ယောက်ပဲပါတဲ့ ဗီလိန်အဖွဲ့လေးက အမေဇုန်တောထဲက အဆင့် A ​မြူတန့်ကြွက်တစ်ကောင်ကို အမဲလိုက်ခဲ့တယ်။ ဘရာဇီးဥပဒေအရ မြူတန့်သားရဲတွေကို အမဲလိုက်ခွင့်မပေးထားတာကြောင့် ဘရာဇီးလျဟီးရိုးအစည်းအရုံးက အဲဒီဗီလိန်အဖွဲ့ကို တားဆီးဖို့တာဝန်ယူခဲ့တယ်။ ဒါပေမဲ့...."

ဘရီစာက လက်ထဲက ဒိုင်းကို ပြင်ကိုင်လိုက်ပြီး ခေါင်းကိုငုံကာ ပြောလိုက်တယ်။ "လူငါးယောက်ပါတဲ့ ဟီးရိုးတစ်ဖွဲ့လုံး အသက်ပျောက်ပြီး မြူတန့်သလင်းကျောက်ကို ​ဗီလိန်အဖွဲ့က ရသွားတယ်။"

ဘရာဇီးနိုင်ငံက တောင်အမေရိကမှာ အသန်မာဆုံးနိုင်ငံပါ။ သူတို့ဟီးရိုးအစည်းအရုံးကလည်း ထိပ်ဆုံး A အဆင့်တစ်ယောက် ဦးဆောင်တာပါ။ ဒါပေမဲ့ သမိုင်းမှာ အခုလိုအမည်းစက်တစ်ခု တကယ်ရှိဖူးတယ်။ နျူရေက တုန်လှုပ်သွားပြီး မေးလိုက်တယ်။

"ဆရာမ၊ အဲဒီဗီလိန်အဖွဲ့က မြူတန့်သိပ္ပံလား။" ဘရီစာက နျူရေရဲ့သံသယကို အတည်ပြုတဲ့အနေနဲ့ ခေါင်းညိတ်ပြလိုက်တယ်။

"ဟုတ်တယ်၊ သူတို့က အဲဒီမြူတန့်သလင်းကျောက်ကိုသုံးပြီး ပထမဆုံးလူလုပ်မြူတန့်တွေကို ဖန်တီးဖို့ ကြိုးစားခဲ့တာဖြစ်နိုင်တယ်။"

မြူတန့်သိပ္ပံအဖွဲ့က သူတို့ရဲ့အစောပိုင်းနှစ်တွေမှာကတည်းက အတော်လေး ပြဿနာရှာနိုင်စွမ်းရှိပါတယ်။ နျူရေနဲ့အီဗန်တို့ နှစ်ယောက်လုံးရဲ့အကြည့်တွေ လေးနက်သွားတယ်။ ဘရီစာက သူတို့မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့လုပ်ရမယ့်မစ်ရှင်အကြောင်း ပြောလိုက်တယ်။

"ဒီနေ့သင်ခန်းစာက အဲဒီတိုက်ပွဲကို တုပပြီးပြုလုပ်ထားတဲ့ မြူတန့်သလင်းကျောက် လုပွဲပဲ။ မင်းတို့ အတန်းနှစ်တန်းက မဲနှိုက်ပြီး တစ်ဖွဲ့က ဗီလိန်၊ တစ်ဖွဲ့က ဟီးရိုးလုပ်ရမယ်။ မင်းတို့နှစ်ဖွဲ့လုံးက မြူတန့်သားရဲဖြစ်တဲ့ တွဲဖက်ဆရာဆီက သလင်းကျောက်ကို လုရမယ်။ တစ်နာရီပြည့်တဲ့အချိန် သလင်းကျောက်ဖန်လုံးကို လက်ထဲကိုင်ထားနိုင်တဲ့ အသင်းက နိုင်လိမ့်မယ်။"

နောက်တော့ ဘရီစာက ကျောင်းသားနှစ်သင်းကို ခေါင်းပန်းလှန်ပြီး အသင်းခွဲပေးလိုက်တယ်။ နျူရေတို့အသင်းက ဟီးရိုးကျပြီး အီဗန်တို့က ဗီလိန်ဖြစ်သွားတယ်။ နောက်တော့ ဆရာမဘရီစာက သူတို့နှစ်ဖွဲ့ကို ကျောင်းဝင်းထဲမှာ နေရာခွဲချပေးလိုက်တယ်။

အီဗန်တို့အဖွဲ့က ကျောင်းရေကန်နားမှာ ​စရမှာဖြစ်ပြီး နေရာချပေးတဲ့ ဆရာမဘရီစာထွက်သွားပြီးတဲ့နောက် အသင်းသားတွေက သူတို့အချင်းချင်းကြည့်လိုက်ကြတယ်။ "ဒီတော့ ငါတို့က ဗီလိန်တွေပေါ့။" အီဗန်က ပြောလိုက်တယ်။

ဂျိုနသန်က ခေါင်းညိတ်လိုက်ပြီး "မင်းက ငါတို့ထဲမှာ အသန်မာဆုံးဆိုတော့ ခေါင်းဆောင်လုပ်သင့်တယ်ထင်တယ်။" လို့ပြောတော့ ကျန်တဲ့သူတွေကလည်း ခေါင်းညိတ်သဘောတူကျတယ်။ သူတို့ထဲက ဘယ်သူမှ အီဗန်လောက် မသန်မာပါဘူး။

"ကောင်းပြီ။ ဂျိုနသန်၊ မင်းကတော့ ကင်းထောက်လုပ်ပေါ့။"

ရာထူးအဆင့်တွေကို သေချာသတ်မှတ်ပြီးတဲ့နောက်မှာတော့ သူတို့အဖွဲ့က အချင်းချင်းခေါင်းညိတ်ပြပြီး သူတို့မှာ ရှိနေတဲ့ လက်နက်အခြေအနေကို စစ်ဆေးကြည့်လိုက်တယ်။ လူတိုင်းမှာ ကျောင်းကပေးထားတဲ့ ဓားနဲ့သေနတ်တွေပါပြီး သေနတ်ကျည်တွေက အစစ်တော့မဟုတ်ဘူး။

"အရင်ဆုံး ​မြူတန့်သားရဲ ဘယ်မှာလဲအရင်ရှာရအောင်။" အားလုံးအသင့်ဖြစ်တဲ့နောက်တော့ အီဗန်က အဖွဲ့ကိုဦးဆောင်ပြီး ကျောင်းဝင်းထဲမှာ စတင်လှည့်လည်သွားလာတယ်။

...

ရေကန်နဲ့ဆန့်ကျင်ဘက် တိုက်ပွဲကွင်းပြင်နားမှာ နျူရေတို့စရတယ်။ သူတို့အုပ်စုမှာတော့ အီဗန်တို့လိုမျိုး တိကျကွဲပြားတဲ့ ခေါင်းဆောင်မျိုးရှိမနေပါဘူး။ နျူရေက အတော်လေးထူးချွန်တဲ့ ကျောင်းသူဖြစ်ပေမဲ့ တိုက်ပွဲစွမ်းအားရှိမနေပါဘူး။

ကျောင်းသားအုပ်ထဲက ဂရေဟမ်ဆိုတဲ့တစ်ယောက်က သူတပ်ထားတဲ့ မျက်မှန်ကို လက်ချောင်းနဲ့ပင့်တင်လိုက်ရင်း ပြောလိုက်တယ်။ ဒီကျောင်းသားက မက်ဒါနာရဲ့မေးခွန်းကို ဖြေနိုင်ခဲ့တဲ့တစ်ယောက်ပါ။

"ငါလေ့လာထားသလောက် တစ်ဖက်အသင်းမှာ ငါတို့ထက် အများကြီးပိုသန်မာတဲ့ မြူတန့်တစ်ယောက်ရှိနေတယ်။ အဲဒီဗန်ပိုင်းယားကို ငါတို့တိုက်ရိုက်နိင်နိုင်မယ့် နည်းလမ်းမျိုးမရှိဘူး။"

နျူရေကလည်း ခေါင်းညိတ်လိုက်တယ်။ သူ့နဲ့အတူ တိုက်ပွဲဝင်ဆိုင်ကယ်ကြီး ပါလာပေမဲ့ အီဗန်ကို ထိပ်ဆိုင်ရင်ဆိုင်လို့မရဘူး။ နျူရေက ခေါင်းညိတ်လိုက်ပြီး ဂရေဟမ်မသိသေးတဲ့ အချက်တစ်ခုကို ပြောလိုက်တယ်။

"ဒါပေမဲ့ ကံကောင်းတာက အီဗန်မှာ သက်လုံအားနည်းချက်ရှိတယ်။ ငါတို့ ဒီအချက်ကို အသုံးချလို့ရနိုင်တယ်။"

ဂရေဟမ်မှာလည်း တူညီတဲ့အမြင်ရှိတဲ့ပုံပဲ။ "ဗင်းဆင့်မှာ မမြင်ရတဲ့ ထောင်ချောက်တွေကို ဆင်နိုင်စွမ်းရှိတယ်။ သူ့ကိုဒီမှာကျန်နေခဲ့ပြီး တစ်နေရာလုံးကို သေမင်းနယ်မြေအဖြစ် ပြောင်းပေးလို့ရတယ်။"

ဂရေဟမ်က ဗင်းဆင့်ဆိုတဲ့ ခပ်ပိန်ပိန်နဲ့ကျောင်းသားကို လက်ညိုးထိုးပြလိုက်တယ်။ နည်းပညာအတန်းပီသစွာပဲ ဒီကောင်လေးကလည်း နည်းပညာမြူတန့်ဖြစ်ပြီး ကိုယ်ပျောက်လက်နက်တွေကို တီထွင်ထားတယ်။

နျူရေက... "ဒါပေမဲ့ သူတို့ကို ဒီကိုမျှားခေါ်ချင်တယ်ဆိုရင် အရင်ဆုံး သူတို့ကိုလိုက်ရှာရဦးမယ်မဟုတ်လား။"

ဂရေဟမ်က ဒီစကားကိုကြားတော့ သူ့နားထင်ကို လက်ထဲမှာ ကိုင်ထားတဲ့သေနတ်နဲ့ တေ့လိုက်ပြီး ပြောပါတယ်။ "ဒါအတွက်လည်း မပူပါနဲ့၊ သားရဲကိုရှာတွေ့ရင် ငါတို့သူတို့ကိုတွေ့လိမ့်မယ်။ ဒါပေမဲ့ ငါတို့အသင်းက လူတိုင်းလိုလိုက တိုက်ခိုက်ရေးသမားတွေမဟုတ်တော့ နင်ငါတို့ကို ကာပေးဖို့တော့လိုလိမ့်မယ်။"

"ကိစ္စမရှိဘူး၊ ငါ့တာဝန်ထားလိုက်။" နျူရေက ခေါင်းညိတ်လိုက်ပြီးတဲ့နောက် ဗင်းဆင့်ကို နောက်ချန်ထားခဲ့ကာ သားရဲကို လိုက်ရှာဖို့လုပ်တယ်။

....

အီဗန်တို့အုပ်စုက ကျောင်းတော်ရဲ့အနောက်ပိုင်းပန်းခြံထဲကို အရင်ရောက်လာကြတယ်။ အီဗန်က လက်ကိုကာပြလိုက်ပြီး ကျန်တဲ့ကျောင်းသားတွေအကုန်လုံးကို တောစပ်မှာရပ်ကာ နေရာယူခိုင်းလိုက်တယ်။

"တွဲဖက်ဆရာက သားရဲလို့ ဆရာမဘရီစာပြောလိုက်တဲ့အတိုင်းဆိုရင် ငါတို့သူ့ကို ရှာတွေ့ပြီထင်တာပဲ။"

ကင်းထောက်ဂျိုနသန်က ပြောလိုက်ရင်း တောအုပ်အလယ်တည့်တည့်မှာ ရပ်နေတဲ့ အိမ်စေဝတ်စုံနဲ့ အေမီကို လက်ညိုးညွန်ပြလိုက်တယ်။ ဒီအိမ်စေစက်ရုပ်က ဆရာတစ်ယောက်ဆိုတာကို သူတို့သိပေမဲ့ အိမ်စေစက်ရုပ်က ကိုယ်တိုင်စာလာမသင်သလောက်ပါပဲ။

"သူ့လက်ထဲမှာ ဖန်လုံးကိုင်ထားတာငါမြင်တယ်၊ အဲဒါက ငါတို့ပစ်မှတ်ဆိုရင် ဝင်လုသင့်ပြီမဟုတ်လား။" ဂျိုနသန်က ပြောလိုက်ပေမဲ့ အီဗန်ကတော့ စိုးရိမ်နေဆဲပါ။

"ဘာပဲဖြစ်ဖြစ် အဲဒါက ဆရာတစ်ယောက်ပဲ။ ဆရာမဘရီစာက B အဆင့်မှာဆိုတော့ ဒီအိမ်ဖော်စက်ရုပ်ကလည်း အဲဒီအဆင့်လောက်မှာ ရှိလိမ့်မယ်။ ပြီးတော့ သူတို့က ငါ့ထက်စာရင် အတွေ့အကြုံရင့်ပြီး တအားသန်မာနေနိုင်တယ်။"

အီဗန်ရဲ့စွမ်းအားက ကျောင်းဆရာတွေနဲ့တန်းတူနီးပါးရှိပေမဲ့ သူက သိပ်ပြီးမာနမကြီးရဲသေးပါဘူး။ သူက ဆရာတွေနဲ့အဆင့်တူရင်တောင် တစ်ယောက်ချင်းယှဥ်ချရင် နိုင်ဖို့အခွင့်အရေးလုံးဝမရှိဘူး။ ပြီးတော့ အတန်းDက အထူးသဖြင့် သိပ်အသုံးမဝင်တဲ့

မြူတန့်တွေချည်း စုနေတဲ့နေရာပါ။ ဂျိုနသန်ဆိုရင်လည်း ကင်းထောက်စွမ်းအားတစ်ခုတည်းပဲ ရှိတာပါ။

"သူက တအားသိပ်ကြမ်းနေမှာကို မပူနဲ့၊ အခုက တစ်ယောက်ချင်း တိုက်နေတာမှမဟုတ်တာ။ ငါက မတိုက်ခိုက်နိုင်ဘူးဆိုပေမဲ့ ဂိုးလ်နဲ့ဘယ်လာက မင်းကိုကူပေးလို့ရတယ်။ တခြားကျောင်းသားတွေလည်း ရှိနေသေးတာပဲ။ အနည်းဆုံးတော့ ငါတို့သေနတ်တွေနဲ့ ပစ်ကူပေးလို့ရတယ်။"

လက်မောင်းကြီးကောင်ဂိုးလ်က ခြုံတစ်ခုအကွယ်မှာ ရပ်နေရင်း အီဗန်ကို လက်မထောင်ပြတယ်။ ဘယ်လာကလည်း သစ်ပင်ပင်စည်တစ်ခုနောက်မှာ ပုန်းနေပြီး သူ့ကိုလှမ်းပြုံးပြတယ်။

"ငါတကယ်စိတ်ပူနေတာက ပြိုင်ဘက်အသင်း ရောက်လာမှာကိုပဲ။ သူတို့အုပ်စုက ငါတို့ထက် အားနည်းပေမဲ့ လှည့်ကွက်တွေ အများကြီးရှိတယ်။"

ဒါပေမဲ့ ဂျိုနသန်ကတော့ သူ့နားကို လက်ညိုးနဲ့ညွန်ပြရင်း ပြောလိုက်တယ်။ "ငါတောအုပ်ထဲက အင်းဆက်တွေကနေ တစ်ဆင့် သူတို့ကိုထောက်လှမ်းထားနှင့်မယ်။ သူတို့လာရင် ငါမင်းတို့ကို သတိပေးမယ်။"

"ကောင်းပြီလေ။" တခြားပိုကောင်းတဲ့အကြံကို တွေးမရတဲ့အတွက် အီဗန်ကလည်း အကြမ်းနည်းသုံးဖို့ ဆုံးဖြတ်လိုက်ပြီး သူ့ခါးမှာချိတ်ထားတဲ့ ဓားကိုဆွဲထုတ်ရင်း သွေးအိတ်ကိုဖောက်သောက်လိုက်တယ်။ ရန်သူအသင်းရှိနေတာကြောင့် ဒီတိုက်ပွဲကို မြန်မြန်အဆုံးသတ်ရမှာပါ။ ဂိုလ်းနဲ့ ဘယ်လာကလည်း သူ့ကိုကူဖို့ အသင့်ဖြစ်နေကြပြီ။

ရွှတ်...

အီဗန်က တခြားကျောင်းသားတွေရဲ့မျက်လုံးထဲမှာ အရိပ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီး အလွန်မြန်တဲ့ နှုန်းနဲ့ သစ်တောအလယ်မှာရပ်နေတဲ့ အေမီရဲ့နောက်ကို ရောက်သွားတယ်။ သူက အလစ်တိုက်ခိုက်ပြီး ဖန်လုံးကို အရယူဖို့ကြိုးစားတာပါ။ အေမီကတော့ သူဓားကို မြှောက်လိုက်တဲ့အချိန်ထိ လက်နှစ်ဖက်နဲ့ ဖန်လုံးကို သေချာကိုင်ထားပြီး ရပ်နေတယ်။

အီဗန်ရဲ့ဓားက သူ့ခေါင်းပေါ်ကို မိုးကျလာတဲ့အချိန်မှ ဘေးကိုခြေတစ်လှမ်းထုတ် ခန္ဓာကိုယ်ကို စောင်းပြီး ဓားလမ်းကြောင်းကနေ ဖယ်လိုက်တယ်။ အီဗန်ရဲ့ဓားက လေကိုသာခုတ်မိသွားပြီး အီဗန်မျက်လုံးပြူးသွားတယ်။

"ဘယ်လိုလုပ်ပြီးတော့...." အီဗန်က ခြေသံလက်သံလုံလုံနဲ့ ချဥ်းကပ်ခဲ့တာဖြစ်ပြီး သူ့ရဲ့အရိပ်ပုံစံလှုပ်ရှားနိုင်စွမ်းကို တော်ရုံမြူတန့်တွေ သတိမထားမိနိုင်ပါဘူး။ ဒါပေမဲ့ သူ့အဆင့်က အေမီနဲ့ ကွာခြားလွန်းနေတယ်လေ။ အေမီက ဒူးတစ်ဖက်ကို မြှောက်ပြီး အီဗန်ရဲ့ဝမ်းဗိုက်ကို တိုက်ချလိုက်တယ်။ အီဗန်လည်း လေထုထဲကိုမြှောက်တက်သွားတယ်။ အေမီက ဆက်တိုက်ဖို့လုပ်ပေမဲ့ အီဗန်အထိနာသွားမှာကို စိုးရိမ်နေတဲ့ အတန်းဖော်နှစ်ယောက်က စတင်ပြီး လှုပ်ရှားလာတယ်။

ဂိုးလ်ရဲ့လက်က သာမန်လူတစ်ယောက်ထက် လေးဆနီးနီး ကြီးထွားလာပြီး ကြွက်သားတွေနဲ့ ပြည့်နှက်လာတယ်။ သူက အေမီဆီကို တိုက်ရိုက်ပြေးဝင်သွားပြီး အေမီရဲ့ခန္ဓာကိုယ်ကို ထိုးချလိုက်တယ်။

"သေစမ်း...."

ဖြောင်း...။

အေမီရဲ့ခန္ဓာကိုယ်က တရွတ်တိုက်လွင့်ပါသွားပြီး သစ်ပင်တစ်ပင်နဲ့ရိုက်မိတယ်။ သစ်ပင်ပင်စည်က ခါးလယ်ကနေ ကျိုးကျသွားပြီး အသံကျယ်ကြီးထွက်လာတယ်။ ဒါပေမဲ့ အေမီရဲ့လက်ထဲက ဖန်လုံးက ဘေးကင်းစွာနဲ့ရှိနေသေးပြီး အေမီက လက်တစ်ဖက်တည်းနဲ့ ဂိုးလ်ရဲ့လက်သီးကို တားတားတယ်။

"ဖန်လုံးကိုယူ။" အီဗန်လည်း သတိပြန်ဝင်လာပြီး လဲကျနေရာကနေ ကုန်းထကာ နောက်တစ်ခါ အရိပ်လိုမျိုး ထပ်လှုပ်ရှားတယ်။ သူ့သူငယ်ချင်းတွေအဖို့ သူ့ဓားချက်တွေက မြန်လွန်းပေမဲ့ အေမီကတော့ အသာအယာ ရှောင်ရှားနိုင်နေဆဲပါ။ ဂိုးလ်ကလည်း အီဗန်ရဲ့ဓားချက်တွေကို ရှောင်ထွက်လာတဲ့ အေမီကို သူ့လက်သီးကြီးနဲ့ အမိအရထိုးနှက်ဖို့ ကြိုးစားပေမဲ့ အကြိမ်တိုင်း တားဆီးခံနေရတယ်။

နောက်ဆုံးတော့ ဘယ်လာလည်း စောင့်ကြည့်မနေနိုင်တော့ဘဲ တောအုပ်မြေပြင်မှာ ကျနေတဲ့ သစ်ကိုင်းခြောက်တွေကို လေပေါ်မြောက်တက်လာအောင် ဆောင့်ကန်လိုက်တယ်။ သစ်ကိုင်းခြောက်တွေက လေထုထဲမှာတင် ဖောက်ထွင်း​မြင်နိုင်တဲ့ ခရစ်စတယ်ဆူးချွန်တွေအဖြစ် ပြောင်းလဲသွားပြီး အေမီဆီကို ပြေးဝင်သွားတယ်။ အခုအေမီက သုံးယောက်တစ်ယောက် တိုက်ခိုက်နေရတာဖြစ်ပြီး အစွမ်းကုန်ထုတ်သုံးမရအောင် ကန့်သတ်ခံထားရတာကြောင့် အခိုက်အတန့်တိုင်းမှာ တစ်ခုခုလွဲသွားတာနဲ့ ဖန်လုံးကို ဆုံးရှုံးသွားရ​နိုင်တဲ့ အန္တရာယ်နဲ့ ကြုံနေရပါပြီ။

သူတို့တိုက်ခိုက်နေတဲ့ အချိန်မှာပဲ ဒုတိယအဖွဲ့က တောအုပ်နားကို ချဥ်းကပ်လာနိုင်တယ်။ ဂရေဟမ်က ရှေ့ကိုလှမ်းကြည့်ပြီး အားလုံးကို ရပ်ခိုင်းလိုက်တယ်။

"ရှေ့မှာတိုက်ပွဲရှိတယ်၊ လူနာ။ နင့်မှန်ပြောင်းနဲ့ကြည့်ကြည့်။"

အဝေးကြည့်မှန်ပြောင်းထွင်ထားတဲ့ ကောင်မလေးတစ်ယောက်က ရှေ့တက်လာပြီး မှန်ပြောင်းကနေ တစ်ဆင့် တိုက်ပွဲကို လှမ်းကြည့်ရင်း ခေါင်းညိတ်လိုက်တယ်။

"အခုအတန်းDက ကျောင်းအုပ်ရဲ့အိမ်စေစက်ရုပ်နဲ့ တိုက်ခိုက်နေတယ်။ မမှားနိုင်ဘူး၊ အိမ်စေက B- အဆင့် ခန္ဓာကိုယ်ခွန်အားကိုပဲ သုံးနေပေမဲ့ C အဆင့် ကျောင်းသားနှစ်ယောက်နဲ့ B အဆင့် ကျောင်းသားတစ်ယောက်ကို တစ်ပြိုင်နက်တည်း ရင်ဆိုင်နိုင်နေတယ်။"

နျူရေအပါအဝင် ကျောင်းသားတွေအကုန်လုံး မျက်မှောင်ကြုတ်လိုက်တယ်။ အတန်းDက တကယ်ပဲ သန်မာပါတယ်။ သူတို့ အတန်းAမှာတောင် အဲဒီလောက်ကြီးမားတဲ့ တိုက်ပွဲဝင်စွမ်းအား ရှိမနေပါဘူး။ တကယ်ထိပ်တိုက်ရင်ဆိုင်ရရင် သူတို့မှာနိုင်ခြေကိုမရှိတာ။ ဒါပေမဲ့ သူတို့က နည်းပညာကျောင်းသားတွေပါ။ တိုက်ရိုက်ရင်ဆိုင်ဖို့မလိုဘူး။

"နျူရေ၊ နင့်ဆိုင်ကယ်ကို မော်ဒီဖိုင်းထားပြီးပြီမဟုတ်လား။ အစွမ်းလေးဘာလေး ပြပါဦး။"

နျူရေက ခေါင်းညိတ်ပြလိုက်တယ်။ "အခုတိုက်နေတဲ့သူတွေကို အငိုက်မိအောင်လုပ်ပြီး ဖန်လုံးကို အရယူဖို့က ကိစ္စမရှိဘူး။ ပြဿနာက သူတို့မှာ ငါတို့ဝင်လာရင် သတိပေးမယ့် ကင်းထောက်မျိုးရှိနေနိုင်တယ်။"

နျူရေက အခြေအနေကို သုံးသပ်ပြလိုက်တယ်။ သူတို့ရဲ့အသာစီးရမှုက သိပ်မသေချာပါဘူး။ အလစ်ဝင်တိုက်မယ်ဆိုရင် ရန်သူမသိအောင်လုပ်မှ ရမှာပါ။ ဂရေဟမ်က အတော်ကြာအောင် စဥ်းစားနေပြီးမှ ရုတ်တရက်ပြုံးလိုက်ပြီး သူနဲ့အတူပါလာတဲ့ သေတ္တာလေးကို ဖွင့်လိုက်တယ်။ အထဲမှာတော့ လောင်ချာနဲ့ပုံစံတူတဲ့ အသေးစားလက်နက်လေးရှိနေတယ်။

"သူတို့မှာ ကင်းထောက်ရှိတယ်ဆိုရင်တောင် သူတို့မင်းဝင်လာမယ်ဆိုတာကို ခန့်မှန်းလို့မရနိုင်တော့ရင် အဆင်ပြေတယ်မဟုတ်လား။"

ဂရေဟမ်က ပြောပြောဆိုဆိုနဲ့ လက်နက်ကိုတပ်ဆင်လိုက်ပြီး အဖြူရောင်ကျည်တောင့်တစ်ထောင့်ကို တပ်လိုက်တယ်။ "မင်းတို့ မျက်စိမှိတ်ထားတာကောင်းမယ်။ ဒါက အမြင်အာရုံကို နှောင့်ယှက်တဲ့ကျည်ပဲ။"

နျူရေကတော့ ဆိုင်ကယ်ဦးထုပ်ကို ဆောင်းလိုက်ပြီး ဉာဏ်ရည်တုစနစ်ပါတဲ့ သူ့ဆိုင်ကယ်ပေါ်ကို တက်လိုက်တယ်။ "အားကိုးမယ်နော်၊ ဘက်လန်း။"

"စိတ်ချလိုက်ပါ၊ အမျိုးသမီးလေး။" ဆိုင်ကယ်က ချက်ချင်းပဲ အသက်ဝင်လာပြီး ဂျက်အင်ဂျက်တွေ ထွက်လာပြီး အင်ဂျင်က စတင်လည်ပတ်တယ်။ မပြီးပြည့်စုံသေးတဲ့ အလင်းဒြပ်စင်စီးကြောင်းတချို့လည်း ဆိုင်ကယ်ရဲ့စွမ်းအင်လည်ပတ်စနစ်မှာ စတင်ပေါ်ပေါက်လာတယ်။

ဘောင်း....

ဂရေဟမ်က သေနတ်မောင်းကို ဆွဲလိုက်တယ်။ ပေါက်ကွဲသံအကျယ်ကြီးနဲ့အတူ ကောင်းကင်ကြီးနဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို အဖြူရောင်အလင်းတန်းကြီးကို ဆုံးလွှမ်းသွားတယ်။ ကောင်းကင်ပေါ်မှာ ဒုတိယနေတစ်စင်းပေါ်လာသလိုမျိုး တောက်ပလွန်းလို့ ဘာကိုမှမမြင်ရတော့ဘူး။

အီဗန်အပါအဝင် အတန်းD ကျောင်းသားတွေအကုန်လုံး အသံကျယ်ကြီးနဲ့အလင်းရောင်ကြောင့် တစ်ခဏလောက် မှင်သက်မိကုန်ကြတယ်။ အဲဒီအချိန်မှာပဲ အလင်းတန်းရဲ့အကာအကွယ်အောက်ကနေ ပျံသန်းနေတဲ့ ဆိုင်ကယ်တစ်စင်းက ထွက်ပေါ်လာကာ အံ့မခန်းအရှိန်နဲ့အီဗန်ရှေ့မှာ ပေါ်လာတယ်။

ဆိုင်ကယ်ပေါ်က မိန်းကလေးက ဆိုင်ကယ်ကို လက်တစ်ဖက်တည်းနဲ့ ထိန်းမောင်းနေရင်း သူ့လက်ထဲက သေနတ်နဲ့ အီဗန်ကို ချိန်လိုက်တယ်။ အပြာရောင် အလင်းတန်းတွေက သေနတ်ပြောင်းကနေ ထွက်ပေါ်လာပြီး ကြီးမားတဲ့ အင်အားတစ်ခုက အီဗန်ရဲ့ရင်ဝကို ​ဝင်ဆောင့်တယ်။

ဘုန်း....။

အီဗန်ရဲ့အတွေးတွေအကုန်လုံး ဗလာကျင်းသွားပြီး သူ့ခန္ဓာကိုယ်က လေပေါ်မြောက်တက်သွားကာ သစ်ပင်တစ်ပင်ကို ဝင်ဆောင့်တယ်။ နျူရေကတော့ မြေပေါ်​ရောက်တာနဲ့ ဆိုင်ကယ်ကို ဒရစ်ဆွဲပြီး အနီးကပ်တိုက်ခိုက်နေတဲ့ ဂိုးလ်နဲ့အေမီတို့နှစ်ယောက်လုံးကို တိုက်ချလိုက်တယ်။

"ဘုန်း...."

အေမီက ဂိုးလ်ကိုထိန်းနေရတဲ့အတွက် ရုတ်တရက်ဝင်လာတဲ့ နျူရေရဲ့ဆိုင်ကယ်ကို မရှောင်လိုက်နိုင်ဘူး။ သူ့လက်ထဲက ဖန်လုံးလည်း ချော်ထွက်သွားပြီး လေပေါ်ကို မြောက်တက်လာတယ်။ နျူရေကတော့ ဖန်လုံးကို အားနေတဲ့လက်နဲ့ အသာလေးဖမ်းလိုက်ပြီး ပြုံးလိုက်တယ်။ နောက်တော့ ဆိုင်ကယ်လက်ကိုင်ကို ပြန်ကိုင်လိုက်ပြီး နေရာကနေ ပျံသန်းထွက်ခွာသွားပြန်တယ်။

"သေစမ်း၊ ဖန်လုံးပါသွားပြီ။ သူ့ကိုပစ်ချကြ။" ဂျိုနသန်နဲ့အဖွဲ့က သူတို့ပစ္စတိုတွေနဲ့နျူရေကို ပစ်ချဖို့လုပ်ပေမဲ့ ဆိုင်ကယ်က မြန်လွန်းတဲ့အတွက် ဘာမှသက်ရောက်မှုမရှိပါဘူး။ နျူရေ သူ့ကိုတိုက်ခိုက်နေတဲ့ အုပ်စုကို ဆိုင်ကယ်နောက်ကြည့်မှန်ကနေ တစ်ချက်ပြန်ကြည့်လိုက်တယ်။

ဖန်လုံးအလုခံလိုက်ရတဲ့ အေမီက အီဗန်တို့အုပ်စုကို ဂရုမစိုက်တော့ပါဘူး။ အဲဒီအစား တာဝေးအပြေးသမားတစ်ယောက်လိုမျိုး ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး တောအုပ်နဲ့လွတ်ရုံလေး ပျံသန်းနေတဲ့ ဆိုင်ကယ်ဆီကို စပြေးလိုက်နေပါပြီ။

"အဲဒီတစ်ယောက်က ထင်ထားတဲ့အတိုင်းပဲ နေရာတိုင်းမှာ အဆင့်Bပဲ။" အေမီကို တစ်ယောက်တည်း ရင်ဆိုင်တာက အကြံကောင်းမဟုတ်မှန်းသိတဲ့နျူရေက သူ့အသင်းဆီကိုတောင် မပြန်တော့ဘဲ သူတို့ဝှက်ဖဲရှိတဲ့နေရာဆီ စဦးတည်သွားတယ်။

"ဆုံရပ်မှာ ပြန်တွေ့မယ်။" ဒါပေမဲ့ နျူရေက ဂရေဟမ်တို့အုပ်စု အခြေအနေကိုမသိမှာဆိုးလို့ အော်ပြောခဲ့သေးတယ်။ ဂရေဟမ်ရ နျူရေရဲ့စကားကို အစပိုင်းနားမလည်သေးပေမဲ့ သစ်တောထဲကနေ အိမ်စေဝတ်စုံကြီး တကားကားနဲ့ ပြေးထွက်လာတဲ့ အေမီကိုမြင်တော့ ချက်ချင်းနားလည်သွားတယ်။

"ချီးထဲမှ၊ ငါတို့တွေ အချိန်မပြည့်မချင်း ဒီအရုပ်မကို ရင်ဆိုင်ရမှာလား။"

All Chapters