ဘယ်သူဖြစ်ဖြစ်
Vol. 87 Ch. 1214
“ သခင် … တောင်းပန်ပါတယ်။ အဲဒီလူက ကျုပ်ကို ညာသွားတာ …. ဒီနေရာမှာ စကြဝဠာ တာအိုစည်းမျည်း ရှိနေလိမ့်မယ်လို့ မထင်ထားဘူး ” မိုဝူကျိက သူတို့ရှေ့ရှိ အာကာပြင် လျိုကြီးကို စိုက်ကြည့်နေသည်ကို မြင်သည့်အခါ ထန်းဟန်၏ မျက်နှာအထက်၌ အကြောက်တရားများ ပြည့်နှက်လာသည်။
ထန်းဟန်က ရှားရိုယင်သည် စကြဝဠာ တာအိုစည်းမျည်းကို သိမ်းနိုင်စွမ်း မရှိကြောင်း သိထားပေသည်။ ဤနေရာ၌ မရှိနေလျှင် ရှားရိုယင်က သူ့အား လိမ်ညာသွားခဲ့သည် မဟုတ်ပါလော။
မိုဝူကျိက လက်ဝေ့ပြလိုက်ကာ
“ သူမက မင်းကို မညာခဲ့ဘူး။ ဒီနေရာမှာ စကြဝဠာ တာအိုစည်းမျည်း ရှိခဲ့တယ်။ ဒါပေမဲ့ တစ်ယောက်ယောက် ယူသွားပြီးပြီ ”
မိုဝူကျိ စကားကို ကြားကာ ထန်းဟန်က သက်ပြင်းချလိုက်၏။ သို့သော် သူက ချက်ချင်းဆိုသလို စိတ်ရှုပ်ထွေးသွားသည်။
အကယ်၍ စကြဝဠာ တာအိုစည်းမျည်းသာ မရှိတော့လျှင် မိုဝူကျိက ဘာလို့ ထွက်မသွားသေးတာလဲ...
မိုဝူကျိက မထွက်သွားသေးပေ။ သူက ဤနေရာ၌ ရင်းနှီးပြီးသား အငွေ့အသက်မျိုးကို ခံစားမိနေသည်။ စကြဝဠာ တာအိုစည်းမျည်းကို နှုတ်ယူသွားသော်လည်း အင်မော်တယ်ဂူပျက်တစ်ခုက ကျန်ရှိနေသေး၏။ နှစ်များစွာ ကုန်ဆုံးသွားသော်လည်း မိုဝူကျိ ခံစားမိဆဲ ဖြစ်၏။
ထိုဂူအတွင်း ဆယ်ရှိုက်စာလောက် စစ်ဆေးပြီးသွားနောက် မိုဝူကျိက အာကာပြင် လျိူအတွင်း ဝင်ရောက်လိုက်သည်။
“ သခင် ….” ထန်းဟန်က စိုးရိမ်တကြီး အော်လိုက်သည်။ ဘေးရှိ ခွန်းယွင်က ထန်းဟန်အား ဆွဲထားကာ ခေါင်းတခါခါဖြင့်
“ ထန်းဟန်ရေ … ခင်ဗျားက ညီအစ်ကိုမိုကို သခင်အဖြစ် အသိအမှတ်ပြုထားတာဆိုတော့ မဆိုးဘူးပဲ။ ဒါပေမဲ့ ညီအစ်ကိုမိုကို နားမလည်သေးဘူး။ အစ်ကိုမို တစ်ခုခု လုပ်တဲ့အခါ ဘေးကနေ တကျည်ကျည် လုပ်တာမျိုးကို မကြိုက်ဘူး ”
“ ညီအစ်ကိုမိုတဲ့လား ” ထန်းဟန်က ခွန်းယွင်အား လက်ညိုးထိုးကာ ဆူပူလိုက်သည် “ စောစောလေးက ဖိုးဖိုးမိုလို့တောင် ခေါ်နေတာလေ။ မျက်စိတစ်မှိတ်အတွင်း ညီအစ်ကိုမိုတဲ့လား … အရှက်မရှိလိုက်တာ ”
ခွန်းယွင်က အားရပါးရ ရယ်မောကာ
“ ညီအစ်ကိုမိုနဲ့ ကျုပ်က သေခြင်းရှင်ခြင်း အတွေ့အကြုံတွေ အတူတူ ဖြတ်ကျော်လာတာ။ ခင်ဗျားကို ရှင်းပြရင်တောင် နားလည်မှာ မဟုတ်ပါဘူး။ ဖိုးဖိုးမိုလို့ ခေါ်တာအပြင် အစ်ကိုကြီးမိုလို့လည်း ခေါ်သေးတယ်။
သေခြင်းရှင်းခြင်း အတွေ့အကြုံဆိုတာ ဘာလဲ သိလား။ ကျုပ်တို့က လျှောက်သွားလာတာကို ပြောတာ …. အရင်တုန်းက ညီအစ်ကိုမိုက ကျုပ်ကို စီနီယာခွန်တို့၊ အစ်ကိုခွန်တို့ ခေါ်ခဲ့သေးပါ့ ….
ထားလိုက်ပါ ခင်ဗျား နားလည်မှာ မဟုတ်ပါဘူး။ ဒီဟာက ခိုင်မာတဲ့ ဆက်နွယ်မှုတစ်ခုပဲ။ မဟုတ်ရင် ညီအစ်ကိုမိုက ကျုပ်ကို ကူညီဖို့အတွက်နဲ့ ထောင်ထျဲ့ကို ဘာလို့ ရန်စမှာလဲ …. ဟီးဟီး ”
ထန်းဟန်က ခွန်းယွင် ပြောစကားကို မည်သို့ နားမလည်ဘဲ နေမည်နည်း။ သူကိုယ်တိုင်က မိုဝူကျိအား သခင်ဟု ခေါ်စဉ် ဤလူက မိုဝူကျိအား ညီအစ်ကိုဟု ခေါ်ကြောင်း ပြောနေခြင်းသာ ဖြစ်၏။ ဤသည်မှာ ထန်းဟန်အား သူ့ကိုယ်သူ အဟုတ်ကြီး မထင်မှတ်သင့်ကြောင်း ပြောနေကြောင်း သိသာလှသည်။
သူက စိတ်ဓာတ်ကျကာ သွေးအန်ချင်သော်လည်း သက်ပြင်းသာ ချလိုက်တော့သည်။ သူက ခွန်းယွင်လို ပါးမွှားရှေ့မျိုး၌ လွန်လွန်ကျူးကျူး မလုပ်ရဲသေးပေ။ လက်ရှိ သူနှင့် မိုဝူကျိတို့ကြားရှိ ဆက်ဆံရေးသည် မိုဝူကျိနှင့် ခွန်းယွင်တို့လောက် သေချာမှု မရှိသေးပေ။ အကယ်၍ သူတို့ဆက်ဆံရေးသာ အလွန်ကောင်းနေလျှင် ခွန်းယွင်ကို ရန်စလို့ သူ့အတွက် ကောင်းကျိုး ရှိလာမည် မဟုတ်ပေ။
“ စိုးရိမ်ဖို့တော့ မလိုပါဘူး။ အခု ခင်ဗျားက ညီအစ်ကိုမိုနောက် လိုက်တာဆိုတော့ ဖုံးထားပေးပါ့မယ် ” ခွန်းယွင်က ရယ်မောရင်း ထန်းဟန် ပခုံးကို ပုတ်ကာ ပြောလိုက်သည်။
“ ခွန်းယွင် … ငါက အရိုက်အရာခံ ဝိဇ္ဇာတစ်ပါး။ မင်းက ပင်မနတ်ဘုရားသာသာပဲ ရှိသေးတယ်။ အပြုအမူတွေ သတိထား ” ထန်းဟန် မျက်နှာထားမှာ ပျက်ယွင်းလာသည်။
သူက မိုဝူကျိအား သခင်အဖြစ် အသိအမှတ် ပြုထားသော်လည်း ကြုံရာကျပန်း လူတစ်ယောက်က ပခုံးပုတ်ခေါင်းပုတ် လုပ်၍ ရသည်ဟု ဆိုလိုခြင်း မဟုတ်ပေ။ သူက ဝိဇ္ဇာတစ်ပါး မဟုတ်ပါလော။
ခွန်းယွင်က ဆက်တိုက် ထပ်ပြောလိုက်သည်
“ ညီအစ်ကိုမိုနဲ့ ကျုပ်က ဘာလို့ ရင်းနှီးလာတာလဲ သိလား။ အဲဒါ ညီအစ်ကိုမိုကို နောက်ကနေ ကူညီပေးခဲ့လို့ပဲ။ ညီအစ်ကိုမို လုပ်တဲ့ ကိစ္စတွေ … အဟမ်း … သူ မလုပ်ချင်တဲ့ ကိစ္စတွေကို ကျုပ်က ကိုင်တွယ်ဖြေရှင်းပေးရတယ်လေ …. ”
ထန်းဟန်က မည်သို့ လူစားမျိုး ဖြစ်သနည်း။ သူက ခွန်းယွင် စကားဆုံးသည့်အထိ နားထောင်စရာ မလိုဘဲ တန်းနားလည်သွားသည် “ တာအိုရောင်းရင်း ခွန်းယွင် ကျုပ် သိပြီ။ ခင်ဗျားက တကယ်ကို သခင်မိုရဲ့ မိတ်ဆွေပဲ ”
“ ဟုတ်တာပေါ့ …. ခင်ဗျားရဲ့ မှန်းဆချက် မှန်သွားပြီ။ မှန်သွားပြီ … ညီအစ်ကိုမိုနဲ့ ကျုပ်ကြားက ဆက်ဆံရေးက စကြဝဠာတစ်ခုလုံးမှာ နံပါတ်တစ်အဖြစ်တောင် ယူဆလို့ ရတယ်။ အရင်တုန်းက ညီအစ်ကိုမိုက ကျုပ်ကို ကယ်ဖို့ နတ်ဘုရားသင်္ချိုင်းတောင်ကြားထဲ ပြန်ရောက်လာသေးတယ်။
သူက ကျုပ်ကိုယ်စား မင်ယွမ်ကိုတောင် ပညာပေးလိုက်သေးတယ်။ ကျုပ်က သူ့ကို ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင် ပေးချင်ပေမဲ့ သူက ငြင်းခဲ့တာ …. ဟူး … ”
ထန်းဟန်က ခွန်းယွင် စကားကို ဖြတ်ပြောလိုက်ပြန်သည်
“ အဲဆို ခင်ဗျားက သခင်မိုကို ကူညီပေးခဲ့တာပဲ။ ဒါနဲ့ ခင်ဗျားပြောတော့မှ သခင်မိုက ခင်ဗျားကို တွေ့တွေ့ချင်း ထောင်ထျဲ့အိုးအကြောင်း မေးတာ မထူးဆန်းတော့ပါဘူး။ အဲဒီအိုးက သခင်မို အပိုင်ကိုး …. ကျုပ်တောင် ခင်ဗျား ပိုင်တယ် ထင်မိသွားသေးတယ် ”
ခွန်းယွင်က ပြန်လည် ချေပလိုသော်လည်း အိုးကို မယူနိုင်တော့ကြောင်း စဉ်းစားလိုက်ပြီးနောက် တည့်တိုးသာ ပြောလိုက်တော့သည် “ ဟုတ်တာပေါ့ … အဲဒီအိုးက ညီအစ်ကိုမို အပိုင်လေ။ ကျုပ်က သူ့အတွက် သယ်ပေးထားတာ ”
မိုဝူကျိက အိုးကို ပြန်ယူမည်ဟု ပြောထားသည် မဟုတ်ပါလော။ သို့သော်လည်း ခွန်းယွင်အနေနှင့် ထိုအရာက မဖြစ်နိုင်ကြောင်း သိထားပေသည်။ ထန်းဟန်အကူအညီနှင့်ပင် မဖြစ်နိုင်ချေ။ ဝိဇ္ဇာတာအို ညီလာခံအား ထောင်ထျဲ့နှင့် သွားယှဉ်၍ မဖြစ်ပေ။ ထောင်ထျဲ့ အယောက် တစ်ရာရှိလျှင်ပင် ဝိဇ္ဇာတာအို ညီလာခံရှေ့၌ အမြီးကုပ်နေရပေမည်။
ထန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး “ အဲဆိုတော့ ထောင်ထျဲ့အိုးက သခင် အပိုင်ပေါ့ ”
ထို့နောက် ထန်းဟန်က ဆက်မပြောတော့ပေ။ ခွန်းယွင်က မိုဝူကျိ မည်မျှ အားကောင်းမှန်း သေချာ မသိသောကြောင့် မိုဝူကျိသည် ထောင်ထျဲ့အိုးအား သေချာပေါက် ပြန်ယူနိုင်မည် မဟုတ်ကြောင်း ယုံကြည်ထားလောက်၏။ သို့သော်လည်း သူ ထန်းဟန်က မိုဝူကျိ တိုက်ကွက်များအား ရှင်းရှင်းလင်းလင်း ကြုံတွေ့ဖူးလေရာ သူ ထန်းဟန်အနေနှင့် ထောင်ထျဲ့အိုးကို ပြန်မယူနိုင်လျှင်ပင် မိုဝူကျိက သေချာပေါက် လုပ်နိုင်လိမ့်မည်။
သူက ခွန်းယွင်သည် မိုဝူကျိ ပြန်လုယူပြီးနောက် ထောင်ထျဲ့အိုးကို ပြန်တောင်းယူမည် ဖြစ်ကြောင်း အသေအချာ သိနေသည်။ သူက ထိုစကား ပြောလိုက်ခြင်းမှာ ခွန်းယွင်အား အတွေးမများစေရန် ဖြစ်၏။
သခင်က သူ့အား မိုးမြေ မီးပြင်းဖိုကိုပင် ပေးထားလေရာ ခွန်းယွင်ထံ ထောင်ထျဲ့အိုး ပေးမည်၊ မပေးမည်ကို မည်သူ ကြိုသိမည်နည်း။
လက်တွေ့၌ ထန်းဟန်သည် အတွေးလွန်နေခြင်း ဖြစ်၏။ မိုဝူကျိက သူ့အား မိုးမြေ မီးပြင်းဖို ပေးလိုက်သော်လည်း ထောင်ထျဲ့အိုးအား ခွန်းယွင်ဆီ သေချာပေါက် ပြန်ပေးမည် မဟုတ်ပေ။
သူတို့ဆက်ဆံရေးက မဆိုးလှသော်လည်း ခွန်းယွင် ပြောသလောက်တော့ မခိုင်မာနေသေးပေ။ မဟုတ်လျှင် မိုဝူကျိက ခွန်းယွင်ထံ သူ့သတ္တဗုဒ္ဓကျိုင်း ပြန်ပေးပြီးလောက်လေပြီ။ နတ်ဘုရားနားခိုရာနယ်မြေ၌ ခွန်းယွင်အား ကူညီပေးခဲ့သည့် ကိစ္စမှာ ဖြတ်သွားဖြတ်လာ တိုက်ဆိုင်ရုံသပ်သပ်သာ ဖြစ်၏။
တစ်ချိန်တည်းတွင် သူက ခွန်းယွင်ဆီမှ ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော နှစ်ရာ တောင်းခဲ့သည်။ ခွန်းယွင်၏ မိုဝူကျိ တစ်ယောက် ဖန်ဆင်းမှုအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင် ငြင်းလိုက်သည် ဆိုသော ကိစ္စမှာ လျှောက်ပြောနေခြင်းသာ ဖြစ်ပေသည်။
…………..…
မိုဝူကျိ အာကာပြင်လျိုအတွင်းပိုင်းသို့ ရောက်ရှိလာသည်။ သူက ဂူပျက်တစ်ခုအား စိုက်ကြည့်နေလေ၏။ ထိုဂူအတွင်း အလောင်းနှစ်လောင်း ရှိနေသည်။
သူက ဂူထဲ ဖြည်းဖြည်းချင်း ဝင်သွားပြီး ထိုအလောင်းနှစ်လောင်းကို ထိကိုင်လိုက်သည်။ ထိုစဉ် သူ့မျက်ဝန်းများက အနည်းငယ် အနီရောင်သမ်းလာသည်။
အကြောင်းမှာ သူက ထိုအလောင်းနှစ်လောင်းကို သိနေ၍ ဖြစ်သည်။ တစ်လောင်းမှာ သူ့ဒေါ်လေး ဖြစ်သည့် မိုရှင်းထောင် ဖြစ်ပြီး နောက်တစ်လောင်းမှာ ဒေါ်လေးဆယ့်တစ် ဖြစ်နေသည်။
လွန်ခဲ့သည့်နှစ်များစွာက မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့သည် ကောင်းကင်ပင်လယ်ထဲ၌ အင်မော်တယ်အမွေအနှစ်ဂူနှင့်အတူ ပျောက်ကွယ်သွားကြသည်။ ထို့နောက် သူတို့သတင်း မကြားရတော့ပေ။ ယနေ့ မိုဝူကျိက သူတို့အား ပြန်တွေ့ရလေသည်။ သို့သော်လည်း သူ မြင်လိုက်ရသည်က အလောင်းသာ ဖြစ်နေသည်။ ယနေ့ မိုဝူကျိအနေနှင့် မိုရှင်းထောင်နှင့် ဒေါ်လေး ဆယ့်တစ်တို့ အင်မော်တယ်ဂူ ရရှိလာနိုင်သည့် အကြောင်းအရင်းကိုပါ နားလည်သွားသည်။
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မိုဝူကျိက ခေါင်းမော့လာသည်။ သူ့မျက်ဝန်း၌ သတ်ဖြတ်ငွေ့များနှင့် ပြည့်နှက်နေလေသည်။
ဤသည်မှာ အင်မော်တယ် အမွေအနှစ်ဂူ မဟုတ်ဘဲ နတ်ဘုရားအမွေအနှစ်ဂူ ဖြစ်နေသည်။ ပို၍ အတိအကျပြောရလျှင် အလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်း ဖြစ်နေသည်။
မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့ ဤနတ်ဘုရားပစ္စည်း ရရှိသွားသည့် အကြောင်းအရင်းမှာ သူတို့က ထိုနတ်ဘုရားပစ္စည်းဆီမှ အသိအမှတ်ပြုမှု ရယူနိုင်လောက်သည့်အထိ အံ့ဩဖို့ ကောင်းနေ၍ မဟုတ်ပေ။ ထို့အစား နတ်ဘုရားပစ္စည်းက မကျင့်ကြံဖူးသည့် လူနှစ်ယောက်အတွက် ရည်ရွယ်ထား၍ ဖြစ်သည်။
ဤအလယ်အလတ်အဆင့် နတ်ဘုရားပစ္စည်းတွင် ပစ္စည်းတစ်မျိုး လျို့ဝှက်ထားသည်။ အတိတ်တုန်းက မိုဝူကျိအနေနှင့် ထိုပစ္စည်းကို မသိကောင်း မသိနိုင်သော်လည်း နတ်ဘုရားအမွေအနှစ်ဂူအထိ ရောက်လာပြီးနောက် ဤနေရာတွင် စကြဝဠာ တာအိုစည်းမျည်းကို ဝှက်ထားကြောင်း သိလိုက်ရသည်။
ဤနတ်ဘုရားအမွေအနှစ်ဂူအတွင်း မြောက်များစွာသော ကျင့်ကြံရေး အရင်းအမြစ်များနှင့်အတူ စကြဝဠာ တာအိုစည်းမျည်း တစ်ခု ရှိနေသည်။ မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့၏ ပါရမီက ဆိုးရွားနေလျှင်ပင် အင်မော်တယ်လောကသို့ အလွယ်လေး တက်လှမ်းနိုင်လိမ့်မည်။ ထို့နောက် နတ်ဘုရားလောကအထိ ရောက်ရှိလာပေမည်။
အခြားသူများက မတက်လှမ်းနိုင်သော်လည်း သူတို့က တက်လှမ်းနိုင်ပေသည်။ အကြောင်းမှာ စကြဝဠာ တာအိုစည်းမျည်းကြောင့် ဖြစ်၏။
တက်လှမ်းမှု စည်းမျည်းများက မပြီးပြည့်စုံသော်လည်း စကြဝဠာ တာအိုစည်းမျည်း ပိုင်ဆိုင်ထားသူအပေါ် သက်ရောက်မှု မရှိပေ။ မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့က ဤဂူအတွင်း ပိတ်မိနေသောကြောင့် သူတို့ လုပ်နိုင်သည်က ဆက်တိုက် ကျင့်ကြံပြီး သူတို့ တက်လှမ်းသည့်အခါ နတ်ဘုရားပစ္စည်းကို တစ်ပါတည်း ခေါ်ဆောင်လာခြင်းသာ ဖြစ်၏။
နောက်ဆုံး သူတို့ ဤနဂါးငွေ့တန်းအတွင်း ရောက်ရှိလာပေမည်။ ထိုစဉ် သူတို့ အသုံးဝင်မှုက ပြီးဆုံးသွားလေပြီ။ အကြောင်းမှာ သူတို့က သေမျိုးနေရာမှ ဤနေရာသို့ စကြဝဠာ တာအိုစည်းမျည်း ယူဆောင်လာပြီးပြီ မဟုတ်ပါလော။
နတ်ဘုရားပစ္စည်းကို သေမျိုးဂြိုလ်အတွင်း ထားရှိခဲ့သည့် ပညာရှင်က နတ်ဘုရားပစ္စည်းကို ဂရုစိုက်မည် မဟုတ်သလို လူနှစ်ယောက်ကိုလည်း ထည့်တွက်မည် မဟုတ်ပေ။ သူက ထိုလူနှစ်ယောက်အား စကြဝဠာတာအိုစည်းမျည်းကို ဤနေရာသို့ ယူဆောင်လာစေချင်ရုံမျှသာ ဖြစ်သည်။
မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့ နတ်ဘုရားအမွေအနှစ်ဂူနှင့်အတူ ရောက်ရှိလာသည်နှင့် သူတို့ တာဝန် ပြီးမြောက်သွားလေသည်။
“ ရား ” မိုဝူကျိက အားရပါးရ ဟစ်ကြွေးလိုက်သည်။ သူက ခေါင်းကို မော့ကာ အာကာပြင်ကို တစ်ချက်ကြည့်လိက်၏။ သူ့ဒေါ်လေး မိုရှင်းထောင်နှင့် သူ့မိတ်ဆွေ ဒေါ်လေးဆယ့်တစ်တို့ကို အသုံးချသူအား သေချာပေါက် အလွတ်မပေးပေ။
မိုဝူကျိက မျက်လုံးများ မှိတ်ထားလိုက်သည်။ စကြဝဠာ တာအိုစည်းမျည်းကို ယူသွားပြီ ဖြစ်သော်လည်း သူက ထိုဂူအတွင်းရှိ အငွေ့အသက်တို့ကို အာရုံခံနိုင်သေး၏။
သူ့တွင် စကြဝဠာ တာအိုစည်းမျည်း သုံးခု ရှိပေသည်။ လော့တွင်ပင် သူ ရှိသလောက် စကြဝဠာ တာအိုစည်းမျည်း များများ ရှိမည် မဟုတ်ပေ။ သူသာ ဤတာအိုစည်းမျည်း၏ အငွေ့အသက်ကို ရှာနိုင်သည်နှင့် မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့အား အသုံးချခဲ့သူကို ရှာတွေ့ပေလိမ့်မည်။
လေးနာရီ ကုန်ဆုံးသွားလေသည်။ မိုဝူကျိက ရုတ်ချည်း မျက်လုံး ပြန်ပွင့်လာသည်။ သူ့စိတ်စွမ်းအားက နဂါးငွေ့တန်း မြောက်များစွာအထိ ဖြတ်သန်းသွားပြီးပြီ ဖြစ်၏။ သူ့အသိစိတ်ပင်လယ် နာကျင်လာသော်လည်း စိတ်စွမ်းအားကို မရုတ်သိမ်းသေးပေ။ နောက်ဆုံးတွင် သူ့စိတ်စွမ်းအားက မျှောလွှင့်ကုန်းမြေ တစ်ခု အပြင်ဘက်သို့ ရောက်ရှိလာသည်။
မျှောလွှင့်ကုန်းမြေ အပြင်ဘက်တွင် စာလုံးများ ရေးထွင်းထားလေ၏။
“ စကြဝဠာ ဝိဇ္ဇာတာအို ညီလာခံ”
မိုဝူကျိက စိတ်စွမ်းအားနှင့် သတ်ဖြတ်ငွေ့တို့ကို ရုတ်သိမ်းလိုက်သည်။
ဝိဇ္ဇာတာအို ညီလာခံ ….
သူက သွားရောက်ဖို့ ရည်ရွယ်ထားသည့် နေရာတစ်ခု ဖြစ်၏။ ယခု ထိုရည်ရွယ်ချက်က ပိုမို အားကောင်းလာလေသည်။ မည်သူဖြစ်ဖြစ် သူ သတ်ပစ်မည်။
မိုဝူကျိက ကျောက်စိမ်းသေတ္တာနှစ်လုံးကို ထုတ်ကာ မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့၏ ရုပ်အလောင်းကို ထည့်သိမ်းထားလိုက်သည်။ ထို့နောက် သူက လက်ဝေ့ကာ ဤဂူပျက်အား သိမ်းယူလိုက်၏။
မိုဝူကျိက အာကာပြင်လျို အပြင်ဘက်သို့ ပြန်လည် ရောက်ရှိလာသည်။
“ သခင် စကြဝဠာ တာအိုစည်းမျည်းကို ဘယ်သူ ယူသွားတာလဲဆိုတာ သိခဲ့ရဲ့လား ” ထန်းဟန်က မိုဝူကျိ ထွက်လာသည်ကို မြင်လိုက်သောအခါ ရိုရိုသေသေ မေးလိုက်သည်။
မိုဝူကျိက ခေါင်းညိတ်ကာ “ အင်း …. အခု ဝိဇ္ဇာတာအို ညီလာခံဆီ သွားကြစို့ ”
မိုဝူကျိက တည်ငြိမ်နေဟန် ပေါ်သော်လည်း ထန်းဟန်နှင့် ခွန်းယွင်တို့က သူ့သတ်ဖြတ်ငွေ့ကို ခံစားမိကြသည်။
“ ကောင်းတယ်။ ညီအစ်ကိုမို …. ကျုပ် ဝိဇ္ဇာတာအို ညီလာခံက အခုလေးတင် ထွက်လာတာဆိုတော့ ဦးဆောင်လမ်းပြပါရစေ ” ခွန်းယွင်က ပြုံးကာ ပြောလိုက်၏။
***