← Chapters

အဘိုးကြီးလူ၏ တစ်ယောက်တည်းမှောင်ခြင်း

Vol. 3 Ch. 37

အဘိုးကြီးလူ၏ တစ်ယောက်တည်းမှောင်ခြင်း

Vol. 3 Ch. 37

အခန်း (၃၇) အဘိုးကြီးလူ၏ တစ်ယောက်တည်းမှောင်ခြင်း

ကားက ရပ်တန့်သွားပြီး၊ ဟန်ရှောင်းကို ခေါင်းပေါ်မှာ အိတ်အနက်စွပ်လျက်သားပင် ကားထဲမှ တွန်းထုတ်လိုက်သည်။ ကားထွက်သွားသောအခါ၊ ဟန်ရှောင်းက ခေါင်းပေါ်မှ အိတ်ကို ဖယ်လိုက်ရာ ဝပ်ရှော့နှင့် လမ်းအနည်းငယ်သာ ဝေးတော့သည်ကို တွေ့ရသည်။

သူမော့ကြည့်သောအခါ၊ ရွှန်းစိုလှပနေသည့် လအနည်းငယ်ကို ညကောင်းကင်ယံတွင် မြင်လိုက်ရ၏။

"ကျစ်၊ ဘာလို့ ဒီလောက် လျှို့ဝှက်နေတာလဲ။" သူ့ဖာသာသူ တီးတိုးပြောလိုက်သည်။

သို့သော်ငြားလည်း၊ သူ ရည်မှန်းထားသည်များ ပြီးမြောက်သွား၍ ဟန်ရှောင်းက တော်တော် ကျေနပ်နေမိသည်။ သူက နှုတ်ခမ်းပိတ်၍ ပျော်ရွှင်စွာ သီချင်းလေးညည်းရင်း ဝပ်ရှော့သို့ ပြန်လာခဲ့သည်။ ဝင်ပေါက်သို့ ရောက်မှသာ ၃ရက်ပျောက်သွားသည့်အပေါ် ရှင်းပြရန် ခက်ခဲလိမ့်မည်ဖြစ်ကြောင်း သတိရလာသည်။

ဟန်ရှောင်းက ဝပ်ရှော့ထဲသို့ ဝင်လိုက်ရာ စိုးရိမ်နေသည့် လူချမ်းက ရှေ့‌ေလျှာက်လိုက် နောက်လျှောက်လိုက် ဖြစ်နေသည်ကို တွေ့ရသည်။

အကြောင်းတစ်ခုကြောင့်ပင်၊ သူ့ကိုမြင်လိုက်သောအခါ သူမ ‌ဒေါသထွက်သွားသည်။

"ဘာလို့ အခုမှ ပြန်လာတာလဲ။ ငါဘယ်လောက်တောင် စိတ်ပူနေလဲ မင်းသိရဲ့လား။ မင်းက နိုင်ငံခြားသားပဲ၊ ငါက မင်းတစ်ခုခု ဖြစ်နေပြီလို့တောင် ထင်နေတာ။"

ဟန်ရှောင်းက 'ဟမ်၊ တစ်ခုခုဖြစ်နေတာလား' ဆိုသည့် ပုံစံလုပ်လိုက်ပြီး သူမကို ငေးကြောင်ကြောင် စိုက်ကြည့်နေသည်။

"မင်းဘာတွေ လုပ်နေတာလဲ။"

"လမ်းပတ်လျှောက်နေတာ။"

"မင်းဒီထက်ကောင်းတဲ့ ဆင်ခြေပေးလို့မရဘူးလား။"

"ကျွန်တော် ထင်တာတော့... ဒါက တော်တော်ကောင်းပါတယ်။"

"အမှိုက်ပုံက သေနတ်ပစ်ပွဲက မနေ့က သတင်းမှာ ပါလာတယ်။ ငါထင်တာ မင်းတော့ အဲဒီထဲ ကြားညပ်သွားပြီး တစ်ခုခု..." လူချမ်းက စ၍ တကျီကျီလုပ်တော့သည်။

နားပူနားဆာလုပ်ခံရသည်ကို ဟန်ရှောင်းက လုံးဝ စိတ်မရှုပ်ပေ။ ဆန့်ကျင်ဘက်ပင်၊ သူ့ကို နွေးထွေးပြီး မရေရာသော ခံစားမှုကို ပေးနေ၏။

သို့သော်လည်း၊ အဘိုးကြီးလူက ထိုအခိုက်အတန့်လေးကို ဖျက်ဆီးရန် ရောက်လာသည်။

"မင်းက အသက်ရှင်လျက် ပြန်ရောက်လာတာပဲ။ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းလဲ။"

"ငါနောက်နေ့ကျရင် မင်းကို ဖုန်းဝယ်ပေးမယ်။ ကုန်ကျစရိတ်ကိုတော့ လစာထဲက ဖြတ်လိုက်မယ်။" လူချမ်းက ပြောသည်။

"မလိုတော့ပါဘူး၊ ငါ့မှာ ရှိနေပြီ။" ဟန်ရှောင်းက ပြန်ပြောရင်း သူ၏ အနက်ရောင်ဖုန်းလေးကို ထုတ်လိုက်သည်။

အခြားသူများကို ဖုန်းနံပါတ်မပေးဖို့ သူတို့က သူ့ကို ပြောခဲ့သော်လည်း၊ ဟန်ရှောင်းက ဂရုမစိုက်ပေ။

အနက်ရောင်ဖုန်းကို တွေ့သောအခါ၊ အဘိုးကြီးလူက လန့်ဖျန့်သွားပြီး ဟန်ရှောင်းကို အဝေးသို့ ဆွဲခေါ်သွားသည်။

"ဒါက ဌာန၁၃ရဲ့ ဖုန်းပဲ။ မင်း ဌာန၁၃ကို ဝင်လိုက်ပြီလား။"

"ဒါဆို ဒါဘာလဲ မင်းသိတယ်ပေါ့။"

"ဟမ့်၊ မင်းဌာန၁၃ကို ဝင်လိုက်ပြီဆိုရင်... ငါ့ဝပ်ရှော့က ထွက်သွားလိုက်တော့။"

"သွားချင်ရင် မင်းထွက်သွားလိုက်။ ငါတော့ မသွားဘူး။"

"မင်းငါ့ကို ဘယ်လိုပြောရဲတာလဲ။ မင်းဘာလို့ နေချင်..."

အဘိုးကြီးလူ စကားပြောနေရာမှ ရုတ်တရက်ရပ်သွားသည်။

"မင်း... ငါ့မြေးကို ကြောင်ဖို့ လုပ်နေတာလား။" သူက စိမ်းစိမ်းဝါးဝါးကြည့်လိုက်သည်။

"မဟုတ်ဘူး..." ဟန်ရှောင်းက အလောတကြီး ပြန်ဖြေသည်။

ရုတ်တရက်၊ အဘိုးကြီးလူ၏ အမူအရာက ထူးထူးဆန်းဆန်း ပြောင်းလဲသွားသည်။

"ဟေး ကောင်လေးဟန်၊ ငါအခုစဉ်းစားကြည့်တော့... ငါ့မြေးရဲ့အသက်က မငယ်တော့ဘူးကွ။ မင်းသူ့ကို ဘယ်လိုထင်လဲ။"

ချက်ချင်းပင် ဟန်ရှောင်း တစ်ကိုယ်လုံး တောင့်တင်းသွားသည်။

"အဘိုးကြီးလူ၊ လူတွေပြောကြသလိုပဲ၊ အခိုးခံရတဲ့ ဖရဲသီးက မချိုဘူးတဲ့။"

"ဒါပေမယ့် အနည်းဆုံး မင်းမှာ ဖရဲသီးတော့ ရှိသွားမယ်လေ။ ဒါ့အပြင်၊ ငါတို့လည်း မိသားစုနာမည်ကို ဆက်ခံဖို့ ကောင်လေးတစ်ယောက်တော့ လိုတယ်လေ။"

ငါတို့..!! ငါ့ကို မင်းရဲ့ မိသားစုသစ်ပင်ထဲ ဆွဲမထည့်နဲ့လေ။

“…”

"ဟားဟား၊ သံပူနေတုန်း ထုရတယ်။ ငါကူညီနိုင်တာ ဒါအကုန်ပဲ။" သူက ထပ်ပြောလိုက်ပြီး ဟန်ရှောင်း၏ ပခုံးကိုပုတ်ကာ အပေါ်ထပ်သို့ တက်သွားတော့သည်။ ဟန်ရှောင်းမှာ လုံးလုံးကြီး တွေဝေလျက် ကျန်ခဲ့သည်။

သားသမီးမြေးမြစ် လိုချင်တဲ့ လူကြီးတွေက ကြောက်ဖို့ အရမ်းကောင်းတာပဲ။

ဟန်ရှောင်းက ‌နောက်ကိုလှည့်လိုက်ပြီး၊ တုန်လှုပ်သွားသည်။ လူချမ်းက သူ့နောက်တွင် တစ်ချိန်လုံး ရပ်နေ၏။ သူမက ဟန်ရှောင်းကို တောက်ပနေသော မျက်လုံးဝိုင်းဝိုင်းများဖြင့် ငေးကြည့်နေပြီး မျက်ရည်‌ကျတော့မည့်ဟန် ပေါ်နေသည်။

"ဒါက နားလည်မှု လွဲတာပါ။"

"င...ငတုံး။" လူချမ်းက နီရဲနေသော မျက်နှာကို လက်ဖြင့်ကာ၍ အပေါ်ထပ်သို့ ပြေးတက်သွားသည်။

"ဒါက အဲလိုမဟုတ်..."

…

လော်ရွှမ်းအတွက်မူ၊ လာမည့် ရက်အနည်းငယ်သည် အနားမရနိုင် ဖြစ်နေသည်။ သူက ဟန်ရှောင်း ထောက်ပံ့ရေးဌာနကို ရောက်လာပြီး သူ၏ ကျော်ကြားမှုများကို လုယူသွားမည်ကို ကြောက်နေ၏။

ထိုအကြောင်း တွေးမိသွားသည်နှင့်၊ သူက ဒါရိုက်တာဆီသွားကာ ဟန်ရှောင်းအကြောင်း မေးမြန်းတော့သည်။

"သူ့အချက်အလက်တွေက လျှို့ဝှက်ထားတယ်။" အမြဲတမ်း ပြုံးနေတတ်သော ဗိုက်ပူကြီးနှင့် ထောက်ပံ့ရေးဒါရိုက်တာက ပြန်ပြောသည်။ "ငါပြောနိုင်တာက သူဌာန၁၃ကို ဝင်လိမ့်မယ်။"

လော်ရွှမ်း သတင်းကို ကြားလိုက်သည့်အခါ စိတ်ပျက်သွားသည်။

"သူက ထောက်ပံ့ရေးကို ဝင်မှာလား၊ သုတေသနကိုလား။"

ဒါရိုက်တာက ခေါင်းခါလိုက်သည်။

"တစ်ခုမှမဟုတ်ဘူး။ လျှို့ဝှက်စစ်ဆင်ရေးကို ဝင်လိမ့်မယ်။ သိပ်မကြာခင် ဝင်မှာ။"

ထိုသတင်းက လော်ရွှမ်းကို ကြက်သေ သေသွားစေသည်။

ဘယ်လိုလုပ်ပြီး ဘယ်ကပေါ်လာမှန်းမသိတဲ့ နာမည်မရှိတဲ့ကောင်က လျှို့ဝှက်စစ်ဆင်ရေးဌာနကို ဝင်သွားနိုင်တာလဲ။ ငါမှာ နှစ်ပေါင်းအကြာကြီး ဒီလောက် ကြိုးကြိုးစားစား လုပ်နေတာတောင် သုတေသနမှာပဲ ရှိသေးတယ်။

ဒါက မမျှတဘူးလေ။

…

အမှိုက်ပုံဖြစ်ရပ်ပြီး တစ်ပတ်အကြာ၊ မြေအောက်လောက၏ ဘော့စ် ၆ယောက် စုစည်းမိကြပြီး၊ အရေးကြီးကိစ္စကို တိုင်ပင်နေကြသည်။ ရက်ကွန်းပျောက်ဆုံးသွားမှု။

ပဟေဠိ၏ အစိတ်အပိုင်းလေးများ ပေါင်းစပ်မိသွားသောအခါ ဌာန၁၃ပါဝင်နေသည်ကို ‌သိရှိသွားကြသည်။ ထိုအရာက သူတို့ကို တုန်လှုပ်စေသည်။

ရက်ကွန်းက ဘာ‌တွေများ သွားလုပ်ပြီး ကြမ်းတမ်းလှတဲ့ ခြင်္သေ့ကြီးရဲ့ ဒေါသကို ခံလိုက်ရတာလဲ။

"ရက်ကွန်းက ဌာန၁၃ကို တစ်ခုခု စော်ကားမိတာပဲ ဖြစ်ရမယ်။ သူသေတောင် သေသွားလောက်ပြီ။" အစည်းအဝေးကို ဦးဆောင်သည့် စီရင်စု၂၏ ဘော့စ်က ပြောလိုက်သည်။

ဘော့စ်များအားလုံး လေးနက်သည့် အမူအရာများ ဖြစ်နေ၏။ သူတို့က သူတို့လူများရှေ့တွင် မြင့်မြတ်ပြီး စွမ်းအားကြီးမားသလို ပြုမူနေသော်လည်း၊ ဌာန၁၃က သူတို့ထဲက မည်သူ့ကိုမဆို အသာလေးရှင်းပစ်နိုင်မှန်း သိထားကြသည်။ သူတို့က တကယ်တမ်းတွင် လူရမ်းကားအသေးစားလေးများသာ ဖြစ်ကြသည်။

အဆုံးမှာတော့၊ အနောက်ပိုင်းမြို့တော်က အစိုးရရုံးစိုက်ရာ နယ်မြေဖြစ်ပြီး၊ သူတို့က ပုန်းခိုနေကြသည့် ရေမြောင်းထဲမှ ကြွက်များသာပင်။ တကယ်တော့ သူတို့သည် ဆင်းရဲသားရပ်ကွက်အတွင်းရှိ ထောက်လှမ်းရေးများနှင့် လက်နက်မှောင်ခိုများနှင့်ပင် မနှိုင်းယှဉ်နိုင်ပေ။ ထိုလူများတွင် အနည်း‌ဆုံးတော့ ‌အင်အားကြီးနောက်ခံ ရှိသေးသည်။

“ဘယ်သူ စီရင်စု ၇ကို ယူချင်လဲ” စီရင်စု ၂ ဘော့စ်က မေးလိုက်သည်။

လူတိုင်းက တိတ်ဆိတ်နေကြသည်။

ဘော့စ်များသည် နယ်မြေအတွက် တစ်ယောက်နှင့်တစ်ယောက် တိုက်ခိုက်လေ့ရှိသော်လည်း ဌာန၁၃၏ သဘောထားကို နားမလည်ဘဲ မည်သူမှ စီရင်စု ၇ကို မယူရဲကြပေ။

“ကောင်းပြီ၊ ဒါကို လူသစ်တွေအတွက် ထားလိုက်တော့မယ်။”

ယခု ရက်ကွန်းက ဖယ်ရှားခံလိုက်ရပြီး သူ၏လူများထဲတွင် ရည်မှန်းချက်ကြီးမားသည့် လူများ သေချာပေါက်ရှိကြပြီး အာဏာကိုချုပ်ကိုင်ရန် ပေါ်ထွက်လာပေလိမ့်မည်။ သေချာသည်က၊ သူတို့သည် ပြိုင်ဘက်အသစ် ပေါ်လာမည်ကို ခွင့်မပြုချင်သော်လည်း၊ စီရင်စု ၇အတွင်းရှိ အခြေအနေမှာ မရှင်းလင်းသေး၍ ဘာဖြစ်လာမလဲကိုသာ ဆက်စောင့်ကြည့်ချင်ကြသည်။ အခြေအနေအားလုံး တည်ငြိမ်သွားပြီးမှ၊ ဘော့စ်အသစ်ကို ရှင်းထုတ်လျှင်လည်း နောက်မကျသေးပေ။

...

ဝပ်ရှော့ရှိ ဟန်ရှောင်း၏ဘဝမှာ ပုံမှန်ပြန်ဖြစ်လာသည်။ ရက်အနည်းငယ်ကြာပြီးနောက်၊ သူ၏ ပထမလစာ၏ ကြိုတင်ငွေ တောင်းယူပြီး၊ ဌာန၁၃မှ ကုန်ကြမ်းများ မှာယူခဲ့သည်။

အခုအချိန်တွင်၊ သူက သူ့လက်ပေါ်ရှိ အနီရင့်ရောင် ကျည်ဆံလေးကို စစ်ဆေးနေသည်။ ထိုကျည်ဆံကို မီးတောက်ပုံစံလေးများ ရေးဆွဲထားသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

[ပေါက်ကွဲမှုပြင်းကျည်ဆံ] : ပစ်မှတ်ကို ထိမှန်ပြီး ၃မီတာ အချင်းဝက်အတွင်း ပေါက်ကွဲမှု ဖြစ်စေသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

အလွန်ရိုးရှင်းသော ဖော်ပြချက် ဖြစ်သော်လည်း၊ အလွန် စွမ်းအားပြင်းလှသည်။

ပေါက်ကွဲမှုပြင်းကျည်ဆံကို အလွန် မီးလောင်လွယ်သော ဂျယ်နှင့်ဓါတ်ငွေ့တို့ဖြင့် ပေါင်းစပ်ထားသည်။ သမားရိုးကျ သံချပ်ကာဖောက်ထွင်းနိုင်သော ကျည်ဆံများထက် မီးလောင်လွယ်သည်။ လေနှင့်ထိတွေ့လိုက်သည်နှင့် တစ်ပြိုင်နက် ချက်ချင်းပေါက်ကွဲနိုင်ပြီး ကျည်ဆံကိုယ်တိုင်သည်လည်း ပေါက်ကွဲမှုကြောင့် ဘာမှမကျန်သည်အထိ လောင်ကျွမ်းသွားနိုင်သည်။

မီးလောင်စေတတ်သော အထောက်အကူပြုပစ္စည်း၏ ထုတ်လုပ်နည်းကို ဒီဇိုင်းပုံစံတွင် အသေးစိတ်ဖေါ်ပြထားသည်။ ဟန်ရှောင်းက ထိုနည်းစနစ်ကို [အခြေခံဓါတုဗေဒ] ကို မသင်ယူရသေး၍ သေချာနားမလည်သော်လည်း၊ လမ်းညွှန်ချက်များအတိုင်း လိုက်လုပ်ရင်း ဖော်စပ်နိုင်ခဲ့သည်။

နောက်ရက်အနည်းငယ်အတွင်း၊ ပစ္စတိုကျည်ဆံမှ စနိုက်ပါကျည်ဆံအထိ၊ ဟန်ရှောင်းက ပေါက်ကွဲမှုပြင်းကျည်ဆံကို ဒါဇင်နှင့်ချီ၍ ထုတ်လုပ်ခဲ့သည်။

သူက အရည်အသွေးကောင်းသည့် သတ္တုအနည်းငယ်ကို အသုံးပြု၍လည်း ၂.၅ ကီလိုဂရမ်၊ အရှည် ၀.၆၅ မီတာ၊ ထိခိုက်နိုင်စွမ်း ၁၃-၁၉ မှတ် ရှိသည့် ခေါက်သိမ်းနိုင်သောဓါးကိုလည်း ပြုလုပ်ခဲ့သေးသည်။ ထိုဓါးက တစ်ခုလုံး မဲနက်နေပြီး တြိဂံပုံစံ ထိပ်ချွန်းရှိသည်။ ထိုဓါးက တိုက်ခိုက်ရေးအတွက် အကောင်းဆုံးမဟုတ်သော်လည်း၊ အသုံးဝင်သည့် နေရာတော့ ရှိသည်။

ဟန်ရှောင်းက ပေါက်ကွဲမှုပြင်းကျည်ဆံနှင့် ခေါက်သိမ်းနိုင်သောဓါးကို ပြုလုပ်ရာမှ ရရှိလာသော အတွေ့အကြုံအမှတ်များကို အသုံးပြု၍ [စက်ယန္တရားရင်းနှီးမှု (စတင်သင်ယူသူ)] ကို အဆင့် ၄ သို့ မြှင့်တင်လိုက်သည်။

[စက်ယန္တရားရင်းနှီးမှု (စတင်သင်ယူသူ)] တွင် အဆင့်အထိန်းမှာ ၅ ဖြစ်သည်။ ထိုအတွက် ဟန်ရှောင်းက အတွေ့အကြုံအမှတ် ၁၅,၀၀၀ လိုအပ်လိမ့်မည်။ သူ၏ [အခြေခံ ပစ်ခတ်နည်း] က ယခု အဆင့် ၈ တွင်ရှိနေပြီး၊ အဆင့်တက်ရန် အတွေ့အကြုံအမှတ် ၄၅,၀၀၀ လိုအပ်သည်။ ထို့ကြောင့်၊ ဟန်ရှောင်းက အရည်အချင်းအမှတ် ၂မှတ် ထပ်ရရန် အတွေ့အကြုံအမှတ် ၆၀,၀၀၀ သာ လိုအပ်တော့သည်။

နိုင်ငံ၆နိုင်ငံမှ တစ်နိုင်ငံချင်းစီသည် မတူညီသော အဆင့်မြင့်အသိပညာများ ပိုင်ဆိုင်ထားပြီး ထိုအရာများကို အသုံးချ၍ စွမ်းအားကြီးသောလူများကို သူတို့အတွက် အလုပ်လုပ်ပေးရန် ဆွဲဆောင်ကြသည်။ ရေပင်လယ်ဂြိုလ်ပေါ်တွင်၊ အဓိကအမျိုးအစား (Main Class) ၅မျိုးအနက်မှ ၃မျိုးအတွက်သာ အဆင့်မြင့်အသိပညာ ရှိနေသည် - တိုက်ခိုက်သူ (Pugilist) ၊ ယန္တရားပညာရှင် (Mechanic) ၊ နှင့် အက်စ်ပါ (Esper) တို့ဖြစ်ကြသည်။

အစဦးဂြိုလ်များသည် အဓိကအမျိုးအစား ၅မျိုးလုံးအတွက် အဆင့်မြင့်အသိပညာ မပိုင်ဆိုင်ကြစဉ်တွင်၊ အသစ်ဝင်ရောက်လာသည့် ကစားသမားများကို သူတို့ ထည့်သွင်းသည့် ကြိုက်နှစ်သက်မှုများအပေါ် အခြေခံကာ မတူညီသောဂြိုလ်များဆီသို့ ပို့လွှတ်ပေးသည်။

ဌာန၁၃က ယန္တရားအတွက် အဆင့်မြင့်အသိပညာ ပိုင်ဆိုင်ထားပြီး၊ “ရိုသေလေးစားခြင်း” အဆင့် ဂုဏ်သတင်းရှိသူသာ အသုံးပြုခွင့်ရသည်။

ဟန်ရှောင်းအနေဖြင့် ဌာန၁၃တွင် “ရိုသေလေးစားခြင်း” အဆင့် ရောက်ရှိရန်မှာ ခရီးအဝေးကြီး လိုနေပေသေးသည်။

ဟန်ရှောင်း ဝပ်ရှော့သို့ ပြန်ရောက်လာသည့်ညမှစ၍ လူချမ်းက သူ့ကို မျက်လုံးချင်းဆုံ၍ တစ်ခါမှပင် မကြည့်ခဲ့ပေ။ စကားအနည်းငယ် ပြောပြီးသည်နှင့် မျက်နှာများနီရဲလာကာ ထွက်ပြေးသွားလေ့ရှိသည်။ ထိုအရာက ဟန်ရှောင်းကို အတော်ပင် စိတ်အနှောင့်အယှက် ဖြစ်စေသည်။ အဘိုးကြီးလူကလည်း တစ်ခါတစ်ရံ ပေါ်ပေါ်လာတတ်ပြီး ဟန်ရှောင်းကို ငါသိပါတယ်ဆိုသော အကြည့်မျိုးဖြင့် ကြည့်တတ်သေးသည်။

လူချမ်းကမူ၊ သူမက ဟန်ရှောင်းကို မမုန်းပေ။ သို့သော်လည်း၊ သူ့ကိုကြိုက်သည်လည်း မဟုတ်ပေ။

အဲဒီအစား၊ သူမသာ ငြင်းလိုက်လျှင် ဟန်ရှောင်းက အထုပ်အပိုးများ သိမ်းပြီး ထွက်သွားမည်ကို စိတ်ပူနေခြင်းသာ။ အဆုံးမှာတော့၊ သူမက ဒီလို တော်သော (ဈေးသက်သာသော) ဝန်ထမ်းကို ဘယ်နေရာမှာ သွားရှာရမလဲ။

ရုတ်တရက်၊ ဟန်ရှောင်း၏ မိုဘိုင်းဖုန်းက လင်းလာသည်။

စာတို : ‘စာရွက်စာတမ်းကိစ္စတွေ ပြီးပြီ။ ဒီနေ့ အစီရင်ခံပါ - ဖုန်းကျွင်း’

“နောက်ဆုံးတော့”

အခန်း (၃၇) ပြီး၏။

လင်းဆက်

All Chapters