ပထမဆုံး စစ်ဆင်ရေး - အပိုင်း ၁
Vol. 3 Ch. 39
အခန်း (၃၉) ပထမဆုံး စစ်ဆင်ရေး - အပိုင်း ၁
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695291511998-768x1024.jpg
ပင့်ကူနက်။ ဒါက မီနီဘော့စ် မဟုတ်လား။ ဟန်ရှောင်း သူ့ဖာသာသူ တွေးလိုက်သည်။
ပင့်ကူနက်သည် "အက်စ်ပါ" တစ်ယောက်ဖြစ်ပြီး၊ ဗားရှင်း(၁.၀)တွင် 'သတ်ရအခက်ဆုံးဘော့စ်' များထဲမှ တစ်ယောက်ဖြစ်သည်။
ပုံမှန်အားဖြင့်၊ ဟန်ရှောင်း၏ လက်ရှိအဆင့်တွင် မီနီဘော့စ်မစ်ရှင်မှာ အနိမ့်ဆုံး အမျိုးအစား D ဖြစ်သည်။ သို့သော်လည်း၊ "Galaxy" တွင် ဆုလာဘ်များကို ဇာတ်ကောင်၏ အဆင့်ပေါ်မူတည်၍ အလိုအလျောက် ချိန်ညှိပေးလေ့ရှိသည်။
ယေဘုယျအားဖြင့်၊ အဖွဲ့လိုက် စနစ်၏တောင်းဆိုချက်များတွင်၊ ထိခိုက်နိုင်စွမ်း (သို့မဟုတ်) သွေးဖြည့်တင်းပေးမှု အများဆုံးရှိသည့် ကစားသမားက အတွေ့အကြုံအမှတ် ပို၍ရလေ့ရှိသည်။
ဘာမှမရတာထက် စာရင်တော့ တော်ပါသေးတယ်။ ဟန်ရှောင်းက ကိုယ့်ဖာသာကိုယ် နှစ်သိမ့်လိုက်သည်။
ပင့်ကူနက်အကြောင်း ဟန်ရှောင်း သိထားသလောက်ဆိုရင် သူ့အဖွဲ့အတွက် ဒီမစ်ရှင်က အသေးအဖွဲလေးသာဖြစ်သည်။ သို့သော်လည်း၊ အပိုဆုလာဘ်အတွက်မူ နောက်တစ်မျိုးဖြစ်သည်။ အပိုဆုလာဘ်ရရှိရန်အတွက် ပင့်ကူနက်ကို အသက်ရှင်လျက် ဖမ်းခေါ်သွားရမည်ဖြစ်ကြောင်း ဟန်ရှောင်း သေချာသိထားသည်။ သို့သော်၊ ထိုကဲ့သို့ အောင်မြင်ရန်မှာလည်း ပင့်ကူနက်က စူပါလူသားဖြစ်နေသည့် အချက်ကြောင့် ခက်ခဲနေသည်။ သူ၏စွမ်းရည်တွေက သူ့ကို သတ်ဖြတ်ရန်ထက် ဖမ်းဆီးရန် ပို၍ ခက်ခဲစေသည်။ ယခုအချိန်အတွက်မူ၊ ဟန်ရှောင်းတစ်ယောက်သာလျှင် သူက စူပါလူသားမှန်း သိနေသည်။ ဂိမ်းထဲတွင်၊ ဂိမ်းကို စတင်ဖြန့်ဖြူးသည့် အချိန်မှသာ ထိုအချက်က ပေါ်ပေါက်လာမည်ဖြစ်သည်။
အခြားတစ်ဖက်တွင်၊ ဟန်ရှောင်းက ပင့်ကူနက်၏ စွမ်းရည်များကို သေသေချာချာ နားလည်သဘောပေါက်ထား၍ သူ့ကို ဖမ်းနိုင်ရန်မှာ ဖြစ်နိုင်ပါသည်။
"မင်းက ဘယ်လောက်တောင်းမှာလဲ။" လီယာလင်းက ရုတ်တရက် မေးလိုက်သည်။ သူမက အပေါ့စားယန္တရားလက်ကို သိသိသာသာ စိတ်ဝင်စားနေဆဲပင်။
"အပေါ့စားယန္တရားလက်တစ်ခုကို ၂၀,၀၀၀ ကျသင့်တယ်။ ကြိုတင်ငွေ ၁၀,၀၀၀ နဲ့ ကုန်ကြမ်းပစ္စည်းတွေ ပေးမယ်ဆိုရင် ၂ရက်အတွင်း မင်းအတွက် ၁ခု လုပ်ပေးမယ်။
လီယာလင်း နှုတ်ခမ်းစူသွားသည်။ ထိုဈေးနှုန်းက သူမအတွက် တစ်လစာလောက် ရှိသော်လည်း သူမက လိုချင်နေတုန်းပင်။
"မင်းမှာ အခု အခြားတစ်ခုခု ရှိသေးလား။"
ဟန်ရှောင်းက ခဏမျှ စဉ်းစားလိုက်ပြီး ၁၀စင်တီမီတာ အရှည်ရှိသော ဓါးသွားမပါသည့် အနက်ရောင်ဓါးလက်ကိုင်လေးကို ထုတ်လိုက်သည်။
"ဒါက ဘာအတွက်လဲ။" လီယာလင်းက မရေမရာဖြင့် မေးလိုက်သည်။
ဟန်ရှောင်းက ရယ်လိုက်ပြီး လက်ကိုင်ပေါ်မှ ခလုတ်လေးကို နှိပ်လိုက်သည်။ ချက်ချင်းပင်၊ ဓါးသွားက အတွင်းမှ ထွက်လာပြီး ၇၀စင်တီမီတာရှည်သော ဓါးတစ်လက်အဖြစ် ပြောင်းလဲသွားသည်။
"ဒါက ပြန်သိမ်းနိုင်တဲ့ဓါးပဲ။"
လီယာလင်းက မြင်မြင်ချင်းပင် ကြိုက်သွားသည်။ သူမ၏ ကျိုင်းတုတ်ကို ကြိုက်ရသည့် အကြောင်းက သယ်ဆောင်ရ လွယ်ကူသောကြောင့် ဖြစ်သည်။ ပြန်သိမ်းနိုင်တဲ့ဓါးကမူ နောက်တစ်ဆင့်မြင့်သွားသည်။ ဓါးက ဖွက်ထားလို့သည့်အပြင် ပို၍လည်း ထိခိုက်စေနိုင်၏။ သူမက ဟန်ရှောင်း လက်ထဲမှ ဆွဲယူရန်ပြုလိုက်စဉ် ဟန်ရှောင်းက ရှောင်လိုက်သည်။
"တစ်ခု ၁,၀၀၀" သူက မျက်နှာသေနှင့် ဈေးပြောလိုက်သည်။ အမှန်မှာ၊ ထိုဓါးကို ပြုလုပ်ရန် သူ့အတွက် ၃၀၀ သာ ကုန်ကျသည်။
"မင်း ကပ်စေးနဲကော်တစ်ရာ။ ပိုက်ဆံမျက်နှာပဲ မြင်တဲ့ကောင်။" လီယာလင်းက ဆူပူလိုက်ပြီး ပိုက်ဆံထုတ်ပေးလိုက်သည်။
သူမက ဓါးနှင့် စ၍ ကစားနေစဉ် လမ်းဘတ်က ရုတ်တရက် ပြော၏။
"ငါ ၁၀ချောင်းလိုချင်တယ်။ ဒါပေမယ့် ပိုတိုမယ်။ ၃၀စင်တီမီတာလောက်။"
ဟန်ရှောင်း အလွန်ပျော်သွားသည်။
"ပြဿနာမရှိဘူး။"
"ငါ ဒီညအတွက် လိုချင်တာနော်။"
"ငါမှာ ကုန်ကြမ်းတွေရှိသရွေ့ ရတယ်။"
"ငါလည်း တစ်ချောင်းလိုချင်တယ်။" လီယောင်ကလည်း ဝင်ပြောရာ ဟန်ရှောင်းအံ့ဩသွားသည်။ အချို့အကြောင်းတွေကြောင့် အစဦးလက်နက်တွေက ရောင်းအားကောင်းပစ္စည်းတွေ ဖြစ်နေပုံရသည်။
ဟန်ရှောင်းမသိသည်က ဌာန၁၃ရှိ တီထွင်ဖန်တီးမှုများမှာ အတော်ပင် အဆင်မပြေလှပေ - သုတေသနဌာနတွင် တစ်ခုခု ပြဿနာရှိနေသည့်ပုံပင်။ ထို့အပြင်၊ လျှို့ဝှက်စစ်ဆင်ရေးအဖွဲ့ ဆောင်ရွက်နေကြရသည့် ရှုပ်ထွေးလှသည့် မစ်ရှင်များကလည်း လက်နက်ရွေးချယ်ရာတွင် အတားအဆီးတစ်ခု ဖြစ်စေ၏။
အေးဂျင့်အများစု၏ အနီးကပ်တိုက်ပွဲအတွက် ရွေးချယ်မှုအများဆုံးလက်နက်မှာ ဓါးမြောင်ဖြစ်သည်။ ထို့ကြောင့် ဟန်ရှောင်း၏ ပြန်သိမ်းနိုင်တဲ့ဓါးမှာ တိုက်ပွဲကို အလှည့်အပြောင်း ဖြစ်စေနိုင်သည်။ စဉ်းစားကြည့်ပါ၊ အကယ်၍ တိုက်ပွဲအတွင်း၌ သင်၏ရန်သူက ၁၀စင်တီမီတာအရှည် ဓါးမြောင်ကို ထုတ်လိုက်ပြီး၊ သင်က တစ်မီတာအရှည် ဓါးကို ထုတ်လိုက်သည် ဆိုပါစို့...
ပိုရှည်တာက အမြဲပိုကောင်းပါတယ်။
[ဓါးကို ပြောချင်တာပါ၊ မှောင်မနေကြပါနဲ့ဦး 😁]
လမ်းဘတ်နှင့် လီယောင်တို့ထံမှာ ကုန်ကြမ်းပစ္စည်းများ ရယူပြီးနောက်၊ ဟန်ရှောင်းက ထောက်ပံ့ရေးဌာနရှိ ဝပ်ရှော့တစ်ခုသို့သွား၍ ဓါးများထုတ်လုပ်တော့သည်။
နေ့လည်ခင်းတစ်ခုထဲနှင့်၊ ဟန်ရှောင်းသည် ရေပင်လယ်ဒေါ်လာ ၁၁,၀၀၀နှင့် အအတွေ့အကြုံအမှတ် ၈,၀၀၀ ခန့် ရရှိလိုက်သည်။
"သိပ်မဆိုးဘူးပဲ၊ ကြည့်ရတာ ဌာန၁၃က ငါမှန်းထားသလို ရွှေတွင်းကြီး ဖြစ်နေတာပဲ။"
အားလုံးပြင်ဆင်ပြီးနောက်၊ ထို၃ယောက်မှာ ပင့်ကူနက်ကို အမဲလိုက်ရန် မြို့ထဲသို့ ထွက်ခွာသွားသည်။ ဟန်ရှောင်းကတော့၊ ရုံးချုပ်တွင် ကျန်နေခဲ့ပြီး အချက်အလက်များနှင့် လမ်းညွှန်ချက်များ ထောက်ပံ့ပေးရမည်ဖြစ်သည်။
လီယာလင်း၊ လမ်းဘတ်နှင့် လီယောင်တို့ အားလုံးတွင် ကင်မရာနှင့်မိုက်များ တပ်ဆင်ထားလျက် ရှိကြပြီး အားလုံးကို ဟန်ရှောင်းနှင့် ဆက်သွယ်ထားသည်။ သူက သူတို့မြင်သမျှ အားလုံးကို မြင်နိုင်ပြီး၊ တစ်နည်းအားဖြင့်ဆိုသော် သူ၏အလုပ်မှာ ဒါရိုက်တာကဲ့သို့ လမ်းညွှန်ပေးရန် ဖြစ်သည်။
ဟန်ရှောင်းမှာ အဖွဲ့ဝင်အသစ်ဖြစ်သည့်အတွက်၊ သူက သူ့ရဲ့ ဆုံးဖြတ်မှုကို သူတို့ အပြည့်အဝ ယုံကြည်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ ထို့အပြင်၊ ဤသည်မှာ လွယ်ကူသောမစ်ရှင်ဖြစ်သဖြင့် အထက်မှာ အစမ်းအနေဖြင့် ချပေးသည့် မစ်ရှင်ဖြစ်မှန်း သူတို့သိကြသည်။ သူတို့က ဟန်ရှောင်း ကပ်ပတိန်အဖြစ် ဆောင်ရွက်မည်ကို မငြင်းဆန်သော်လည်း၊ သူတို့က ဟန်ရှောင်းပြောသမျှကို နားထောင်မထောင်ကတော့ နောက်ကိစ္စတစ်ခုဖြစ်သည်။ သူတို့က သူတို့၏ကိုယ်ပိုင် အကဲဖြတ်မှုနောက်သို့သာ လိုက်မည်ဖြစ်ကြောင်း ဟန်ရှောင်းသိထားသည်။
သို့ရာတွင်၊ ဟန်ရှောင်းက Galaxy" တွင် လူ၅၀ဖြင့် စီးနင်းတိုက်ခိုက်ခြင်းကို ဦးဆောင်ခဲ့ဖူးသည့် အလွန်အတွေ့အကြုံရှိသော ကပ်ပတိန်တစ်ယောက် ဖြစ်နေသည်သာမက၊ သူက အခြေခံအားဖြင့် အရာအားလုံးကို နှံ့နှံ့စပ်စပ်သိနေလေရာ သူက ဤအလုပ်အတွက် အကောင်းဆုံး တစ်ယောက်ဖြစ်နေသည်။
…
ညရောက်လာ၏။
လူ၃ယောက်က စီရင်စု ၈ရှိ ညစ်ပတ်စိုထိုင်းလျက်ရှိသော လမ်းအတွင်းသို့ ရောက်လာသည်။
စီရင်စု ၈သည် အခြားစီရင်စုများနှင့် အလွန်ကွာခြားမှုရှိသည်။ အဆောင်အဦးများမှာ ဟောင်းနွမ်စုတ်ပြတ်နေပြီး အချို့တွင် အမိုးများပင် မရှိကြပေ။ ထိုအစား သတ္တုပြားများနှင့် အဝတ်များဖြင့် အိမ်များကို ကာရံထားသည်ကို တွေ့ရသည်။ နေရာအနှံ့ လှန်းထားသော အဝတ်များရှိပြီး၊ လမ်းများသည်လည်း အမှိုက်များအပြည့်ဖြင့် ညစ်ပတ်နေသည်။ လုံခြုံသည်ဟု ခေါ်ရန်ပင် အလွန်ခက်လှသည့် နေရာတစ်ခုဖြစ်သည်။ မူးယစ်ဆေးမှောင်ခိုသမားများနှင့် အခြားသူများသည် ဤစီရင်စုတွင် ကောင်းစားလျက်ရှိကြပြီး ပင့်ကူနက်က ဤသို့သောနေရာတွင် ပုန်းအောင်းနေသည်ကို မည်သူမှ မအံ့ဩကြပေ။
၃ယောက်လုံးမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားပြီး၊ လီယောင်ပင်လျှင် ဟက်ကာတစ်ယောက်၊ လူကြောက်တစ်ယောက်ဖြစ်သော်လည်း - သေနတ်တစ်လက် ကိုင်ဆောင်ထားလေသည်။
အခန်း (၃၉) ပြီး၏။
လင်းဆက်