ပထမဆုံး စစ်ဆင်ရေး - အပိုင်း ၂
Vol. 3 Ch. 40
အခန်း (၄၀) ပထမဆုံး စစ်ဆင်ရေး - အပိုင်း ၂
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1695291629323.jpg
"ရှေ့က တိုက်ခန်းက ပင့်ကူနက် ပုန်းနေတဲ့နေရာပဲ။ သူက ၃လွှာမှာ ရှိလိမ့်မယ်။ ငါတို့ တိတ်တိတ်လေးပဲ ချဉ်းကပ်သွားမယ်။" လီယာလင်းက လမ်းဘတ်နှင့် လီယောင်ကို ပြောလိုက်သည်။
"တိတ်တဆိတ်လှုပ်ရှားဖို့ မလိုတော့ဘူး။" ဟန်ရှောင်းက စကားပြောစက်မှ ဖြတ်ပြောလိုက်သည်။ "ပင့်ကူနက်က မင်းတို့ကို တွေ့ပြီးသွားပြီ။"
"မင်းဘယ်လိုသိလဲ။" လီယာလင်းမျက်မှောင်ကြုံ့သွား၏။
ရုတ်တရက်၊ တိတ်ဆိတ်နေသော ညအတွင်း သေနတ်သံများ ဆူညံသွားပြီး သူတို့ ၃ယောက်ရှိရာသို့ ကျည်ဆံများ မိုးပြိုသလို ကျရောက်လာသည်။ သူတို့ ချက်ချင်းပင် အနီးဆုံး လမ်းကြားထဲဝင်၍ အကာအကွယ် ယူလိုက်ရသည်။
၃ယောက်သား နံရံသို့မှီထားရင်း တစ်ယောက်နှင့်တစ်ယောက် လေးလေးနက်နက် ကြည့်လိုက်ကြသည်။
ဘယ်အချိန်ထဲက ငါတို့ကို သတိထားမိနေတာလဲ။
ဤကဲ့သို ချုံခိုတိုက်ခိုက်မှု ရိုးရိုးလေးက သူတို့ကို ထိခိုက်ရန် မလွယ်သော်လည်း၊ ဟန်ရှောင်း၏ သတိပေးချက်သာ မရှိပါက သူတို့အလျှင်အမြန် တုန့်ပြန်နိုင်မည် မဟုတ်ပေ။ လီယာလင်းက အလေးအနက်ဖြစ်သွားပြီး နားကြပ်ကိုလည်း ပို၍ကြပ်အောင် တပ်လိုက်သည်။
ပစ်ခတ်မှုများ ထွက်ပေါ်လာသည့် အဆောက်အဦးအမြင့်ကြီး၏ထိပ်တွင် လူတစ်ယောက် မတ်တပ်ရပ်နေပြီး၊ ထိုသူက ချေမှုန်းရေးရိုင်ဖယ် ကိုင်ထားရင်း သူတို့၃ယောက်ကို ရူးသွပ်နေသလို ပြုံးပြနေသည်။ ထိုလူ့မျက်နှာ၏ ဘယ်ဘက်ခြမ်းတွင် ပင့်ကူနက်တက်တူးတစ်ခု ရှိနေသည်။ သူက လက်ဝှေ့ယမ်းလိုက်ရာ၊ သေနတ်နှင့် လူ၁၀ယောက်က ပုန်းအောင်းနေရာမှ ခုန်ထွက်လာပြီး သူတို့၃ယောက်ရှရာသို့ ဝိုင်းရံလာကြသည်။
"ငါတို့ရဲ့ သတင်းက မှားနေတယ်။ သူက တစ်ယောက်တည်း မဟုတ်ဘူး။" လီယောင်၏ မျက်လုံးများက မယုံကြည်နိုင်ဟန်ဖြင့် ပြူးထွက်နေသည်။
လီယာလင်းက စိတ်ပျက်လက်ပျက် ဖြစ်နေသည်။
ပင့်ကူနက်က အေးစက်စက် ရယ်မောလိုက်၏။
"ငါက ဘာမှမပြင်ဆင်ထားဘဲ ဒီမှာဆက်ပြီး နေနေမယ် ထင်နေတာလား။ အရင်တစ်ခေါက်က ငါ့ကို အလစ်အငိုက် တိုက်ခဲ့တယ်၊ အခု မင်းတို့ကိုယ်မင်းတို့ လာပေးတယ်ဆိုတော့လည်း၊ ငါက လက်စားချေရတော့မှာပေါ့။
ပင့်ကူနက်သည် တစ်ယောက်တည်း လှုပ်ရှားတတ်သည့် ဆုကြေးငွေအမဲလိုက်သူအဖြစ် လူသိများပြီး၊ သူ၏ လုပ်ထုံးလုပ်နည်းမှာ တိုက်ပွဲမဖြစ်ခင် ထောင်ချောက်များဆင်ထားလေ့ရှိသည်။ သူတို့၃ယောက်မှာ ပင့်ကူအိမ်အတွင်းသို တိုးဝင်သွားသည့် သားကောင်များနှင့် ဆင်တူနေသည်။
လီယာလင်းက နံရံကို မျက်နှာမူလိုက်သည်။ သူမ၏ ခြေထောက်က အဝါရောင် လင်းလက်လာပြီး နံရံကို စွမ်းအားပြင်းလှသည့် ကန်ချက်ဖြင့် ဖြိုချလိုက်ကာ ရန်သူ၏မြင်ကွင်းကို ပိတ်ဆို့လိုက်သည်။
အဆင့်နိမ့် ’တိုက်ခိုက်သူ’ များသည် သူတို့၏ သာမန်မဟုတ်သော စွမ်းအားများကို မှီခိုကြသည်။ လီယာလင်းသည် အိုနာ ၃၀၀ ရှိသည့်၊ အဆင့် ၂၅၊ အမျိုးအစား E စူပါလူသားတစ်ယောက် ဖြစ်သည်။
ပင့်ကူနက်နှင့် သူ၏အဖွဲ့သားများက သူတို့၃ယောက်ကို ပြင်းထန်လှသော ပစ်အားများဖြင့် ဖိနှိပ်ထားပြီး၊ လမ်းကြားလေးကို တဖြည်းဖြည်း ဝိုင်းရံလာကြသည်။
လီယာလင်းနှင့် လမ်းဘတ်တို့က လီယောင်ကို သူတို့နှင့်အတူ ဆွဲခေါ်လာပြီး၊ ပတ်ဝန်းကျင်ကို အသုံးချ၍ ပစ်ခတ်မှုများကို ရှောင်တိမ်းနေသည်။ သူတို့ကျည်ဆံများကို ရှောင်တိမ်းနိုင်ကြသော်လည်း၊ လမ်းဆုံးတစ်ခုအတွင်း၌ ချောင်ပိတ်မိသွားသည်ကို တွေ့လိုက်ရသည်။ ပင့်ကူနက်နှင့် သူ၏လူများက လမ်းကြားလေးကို ပိတ်ဆို့လိုက်ကြ၏။
ပင့်ကူနက်က မျက်လုံးများကို မှိတ်လိုက်ကာ အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်သည်။
"ငါ့ရဲ့ အင်းစက်လေးတွေ၊ မင်းတို့ကြောက်ပြီး တုန်နေပြီ မဟုတ်လား။" သူက ရူးသွပ်နေသလို ပြောလိုက်သည်။
"မင်းနိုင်သွားပြီလို့ ထင်နေတာလား။" လီယာလင်းက လှောင်ပြောင်လိုက်ရင်း လမ်းဘတ်ကို တစ်ချက်ကြည့်လိုက်သည်။
ပင့်ကူနက်က လက်ကို ဆန့်တန်းလိုက်ပြီး သူ့လူများဘက်သို့ လှည့်လိုက်သည်။
"ငါက အမိန့်တစ်ခုပေးလိုက်ရုံနဲ့ မင်းတို့တွေအကုန်လုံး နုပ်နုပ်စဉ်းပြီးသားဖြစ်သွားမှာ။ ငါကတော့ ငါနိုင်ပြီလို့ထင်တယ်၊ မင်းရော မထင်ဘူးလား။"
"ဒါဆို မင်းက ဘာစောင့်နေတာလဲ။" လီယာလင်းက မိုက်ကြည့်ကြည့်နေလိုက်သည်။
ပင့်ကူနက်က လက်တစ်ချောင်း ထောင်လိုက်ပြီး
"မင်းတို့အကုန်လုံးကို သတ်တာ ငါ့အတွက် ဘာမှ မကောင်းဘူး။ မင်းတို့ကို ပြန်ရွေးငွေကောင်းကောင်းနဲ့ တောင်းခိုင်းရမယ်။" ဌာန၁၃က စကားပြောစက်မှတစ်ဆင့် သူပြောနေသည်ကို ကြားနေရမှန်းသိ၍ သူက ဝင့်ကြွားစွာ ပြောလိုက်သည်။
"ဒါပေမယ့် တစ်ယောက်တည်းဆိုရင် လုံလောက်ပြီ။" သူက ရုတ်တရက် အရူးတစ်ယောက်လို ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။
သူက ပစ်ခတ်ရန် အမိန့်ပေးမည် အပြုတွင်၊ လီယာလင်းက နံရံပေါ်သို့ ခုန်တက်လိုက်သည်။ ခြေထောက်က အဝါရောင်လင်းလက်လာကာ ရှေ့သို့ လွှားကနဲခုန်လိုက်သည်။ လှပသော ပျံလွှားငှက်လေးကဲ့သို့ ပျံတက်သွားကာ ပင့်ကူနက်နှင့် သူ့လူများအနီးသို့ တိုးဝင်သွားသည်။
"သူ့ကိုသတ်" ပင့်ကူနက်က ကမန်းကတန်း အမိန့်ပေးလိုက်ရသည်။ သူ့လူများက လီယာလင်းကို စတင်ပစ်ခတ်ကြတော့သည်။ လီယာလင်းသည် သူမကို မြင်ရသည်မှာ ဝေဝါးနေလောက်အောင်ပင် မြန်ဆန်လွန်းသော်လည်း ကျည်ဆံများက သူမကို ထိမှန်ကုန်၏။ သို့သော်၊ ကျည်ဆံများက သူမ၏ အဝတ်များကို ထိသည်နှင့် သတ္တုအပိုင်းအစများအဖြစ်သာ ပြောင်းလဲသွားတော့သည်။
လီယာလင်း၏ ဝတ်စုံကို ကျည်ကာနိုင်သော ချည်ဖြင့် ရက်လုပ်ထားသလို သူမ၏ ခန္ဓာကိုယ်ကလည်း ကျည်ဆံများ ပြန်ကန်ထွက်လောက်သည်အထိ မာကျောလှသည်။ အစပိုင်းမှစ၍၊ သူတို့၃ယောက်သည် ပင့်ကူနက်နှင့် သူ၏လူများကို ထောင်ချောက်ဆင်ရန် အပြေးပြခြင်းသာ ဖြစ်သည်။
လီယာလင်းက သူတို့ကို အာရုံလွှဲလိုက်သည်တွင်၊ လမ်းဘတ်က လက်တစ်ဖက်တွင် ဓါး၂ချောင်းစီဖြင့် ပစ်လွှတ်လိုက်ရာ၊ ၄ယောက် တစ်ပြိုင်တည်း သေ၏။
လီယာလင်းက ပြန်သိမ်းနိုင်တဲ့ဓါးကို ထုတ်လိုက်ပြီး အနီးဆုံးရန်သူကို ပိုင်းချလိုက်သည်။ ရန်သူက လွတ်နိုင်မည်အထင်နှင့် ခေါင်းကို နောက်သို့ အနည်းငယ်သာယိမ်း၍ ရှောင်လိုက်သည်။ သို့သော်လည်း ရုတ်တရက် ၁၀စင်တီမီတာရှည်သော ဓါးသွားက ထွက်လာပြီး သူ၏လည်ပင်းကို ထိုးဖောက်သွားသည်။
"တကယ်ကောင်းတဲ့ လက်နက်ပဲ။" လီယာလင်းက တောက်ပနေသော မျက်လုံးဖြင့် မှတ်ချက်ချလိုက်သည်။
သေနတ်သမားတစ်ယောက်က "တိုက်ခိုက်သူ"၏ အနီးသို့ရောက်လာပါက ဘာဆက်ဖြစ်မည်ကို ပြောစရာပင် မလိုတော့ပေ။ စက္ကန့် ၃၀ကြာသောအခါ၊ သွေးများက နေရာအနှံ့ ပြန့်ကျဲနေပြီး လက်၂ဖက်လုံး ခုတ်ဖြတ်ခံထားရသည့် ပင့်ကူနက်သာ ကျန်တော့သည်။
လီယာလင်းက အသက်ရှူထုတ်လိုက်ပြီး ပြန်သိမ်းနိုင်တဲ့ဓါးကို သိမ်းလိုက်သည်။ သူမက ဤဓါးကို အတော်ပင် ကျေနပ်နေသည်မှာ သိသာလှသည်။
"လုပ်တာ ကောင်းတယ်။" ဟန်ရှောင်းက ချီးကျူးလိုက်သည်။ သူက တိုက်ခိုက်နေစဉ်အတွင်း သူတို့အနှောင့်အယှက် မဖြစ်စေရန် တိတ်တဆိတ်သာ နေခဲ့သည်။
"ကျေး...ကျေးဇူးတင်ပါတယ်။" လီယောင်က အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြန်ပြောသည်။
"မင်းကို ပြောတာမဟုတ်ဘူး။"
လီယောင်က စိတ်ဓါတ်ကျပြီး ခေါင်းငိုက်စိုက်နေသည်။ သူက တိုက်ပွဲအတွင်း ဘာမှ အကူအညီ မပေးနိုင်ခဲ့ပေ။
ဒဏ်ရာအကြီးအကျယ်ရနေသည့် ပင့်ကူနက်က သူ့မျက်လုံးထဲတွင် ကြောက်ရွံ့မှု တစ်စိုးတစ်စိမှ မတွေ့ရဘဲ လီယာလင်းကို စိုက်ကြည့်ပြီး ကွဲအက်နေသော အသံဖြင့် ရယ်မောလိုက်သည်။
"ကောင်စုတ်လေးတွေ၊ မင်းတို့ငါ့ကို မသတ်နိုင်ပါဘူးကွာ။" သူက လှောင်ပြောင်လိုက်သည်။
ရုတ်တရက်၊ လမ်းဘတ်က သေနတ်ထုတ်ပြီး ပင့်ကူနက်၏ခေါင်းကို ပစ်ချလိုက်သည်။ သွေးများ ဖြာထွက်သွားပြီး ပင့်ကူနက်၏ ခန္ဓာကိုယ်က မြေကြီးပေါ် လဲကျသွား၏။
လီယာလင်းနှင့် လီယောင်က သူ့ကို ဘာပြောရမှန်းမသိဘဲ လှည့်ကြည့်လိုက်ကြသည်။
"မစမ်းကြည့်ဘဲ မသိနိုင်ဘူး။" သူက ရှင်းရှင်းသာ ပြော၏။
"အား... ဘာပဲဖြစ်ဖြစ်ကွာ။ သူတို့ကလည်း ဒီကောင့်ကို အသက်ရှင်လျက် ခေါ်လာရမယ် မပြောထားပါဘူး။" လီယာလင်းက ခါးကျောဆန့်၍ ပျင်းရိစွာ ပြောလိုက်သည်။ "အာ၊ ငါပြန်ပြီး ရေချိုးချင်နေပြီ။ ဒီသွေးနံ့တွေက တော်တော်နံတယ်။"
သို့သော်လည်း ရုတ်တရက် ဟန်ရှောင်းက ပြောလိုက်သည်။
"သတိမလွတ်စေနဲ့၊ သူက မသေသေးဘူး။"
လီယာလင်းက အကြောဆန့်ရင်း လဲကျမလိုပင် ဖြစ်သွား၏။
"သူက ဘယ်လိုရှင်နိုင်ဦးမှာလဲ။" သူမက ပင့်ကူနက်၏ ကျန်နေသေးသည့် ခေါင်းကို ညွှန်ပြရင်း ဒေါပွနေသည်။
"သူက လှည့်စားနိုင်တဲ့ စွမ်းရည်တစ်ချို့ရှိတဲ့ စူပါလူသားတစ်ယောက်ပဲ။ သူ့ဘေးက အလောင်းကို မျက်နှာဖုံးချွတ်ကြည့်လိုက်၊ မင်းသဘောပေါက်သွားလိမ့်မယ်။" ဟန်ရှောင်းက တည်တည်ငြိမ်ငြိမ်ပင် ပြန်ပြောသည်။
"ဒါပေမယ့် ဝပ်ဆိုဒ်မှာ ပင့်ကူနက်က စူပါလူသားဆိုတဲ့သတင်း နည်းနည်းလေးတောင် မရှိဘူး။" လီယောင်က ချီတုံချတုံ ဖြစ်နေသည်။ "မင်းအမှတ်မှားတာ ဖြစ်မှာပါ။"
"ဖြစ်မှာမဟုတ်ဘူး၊ သူက သေချာပေါက် မှားနေတာ။" မကျေမနပ် ဖြစ်နေသော လီယာလင်းက ထပ်ဖြည့်လိုက်သည်။ "ဟေး လူသစ်လေး၊ မင်းလည်း အမှတ်ရချင်တာ ငါသိပါတယ်၊ ဒါပေမယ့် ဒီလိုမျိုးတွေ လုပ်ကြံပြီး မပြောနဲ့လေ။"
ဟန်ရှောင်း ဆွံ့အသွားလေသည်။
အခန်း (၄၀) ပြီး၏။
လင်းဆက်