နောက်ရောက်လာသူ
Vol. 87 Ch. 1216
“ အော် ဒါက တာအိုရောင်းရင်း ခွန်းယွင်ကိုး …” မီကျီက ခွန်းယွင်အား ခေါင်းညိတ်ပြလိုက်ပြီးနောက် မိုဝူကျိဘက် လှည့်ကာ ပျူပျူဌာဌာ ပြောလိုက်သည် “ တာအိုရောင်းရင်းက ရောက်လာပြီဆိုတော့ မျက်စိကျနေတဲ့ ပစ္စည်းများ ရှိလား ”
မိုဝူကျိက ခေါင်းညိတ်ကာ “ အင်း တချို့ပစ္စည်းတွေတော့ ရှိပါတယ် ”
မီကျီက ခေါင်းမော့ကာ အတားအဆီးတစ်ခု ချလိုက်ရင်း
“ အစတုန်းက တာအိုရောင်းရင်းကို ဒီနေရာ ဖိတ်ကြားတုန်းက ရည်ရွယ်ချက်ကောင်းနဲ့ မဟုတ်ဘူး။ ဒါပေမဲ့ အခုတော့ ခင်ဗျားအပေါ် ဘာအကြံအစည်မှ မထားတော့ဘူး။ အခု ကျုပ်က ခင်ဗျား သေချာပေါက် မလိုတော့တဲ့ တာအိုစည်းမျည်းကို မျက်စိကျနေတာ ”
“ ကျုပ် မလိုချင်ဘူးလို့ ဘယ်သူက ပြောလဲ ” မိုဝူကျိက မီကျီ စကားကို ဖြတ်ပြောလိုက်သည်။
မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျီက အံ့ဩသွားကာ စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်
“ တာအိုရောင်းရင်း …. စကြဝဠာ တာအိုစည်းမျည်း တစ်ခုတည်းနဲ့ပဲ ပေါင်းစပ်လို့ ရတယ်ဆိုတာကို မသိသေးတာများလား။ တကယ်လို့ ခင်ဗျားဆီ နှစ်ခု ရှိနေရင်တောင် အသုံးမဝင်ဘူး ”
မိုဝူကျိက ပုံမှန်အတိုင်း ပြန်ဖြေလိုက်သည် “ တစ်ခုက ကစားဖို့လေ …. မရဘူးလား ”
“ လာနောက်နေတာလား ”
“ ကျုပ်က နောက်နေတာနဲ့ တူလို့လား ”
“ ခင်ဗျား …” မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျီ မျက်နှာထားမှာ ပျက်ယွင်းသွားလေသည်။
သူ့အသံတွင် အေးစက်စက် အငွေ့အသက်များ ပါလာကာ
“ တာအိုရောင်းရင်းမှာ အဲလိုစွမ်းရည်မရှိမှာကို စိတ်ပူမိသား …. တာအိုရောင်းရင်းသာ ကျုပ်နဲ့ အတူတူ တွဲလုပ်မယ်ဆိုရင် ကျုပ်တို့အနေနဲ့ တာအိုစည်းမျည်းကို ရယူနိုင်ရုံလောက်ပဲရှိမှာ။ တာအိုရောင်းရင်းကို စိတ်မပျက်စေရပါဘူး။ တကယ်လို့ တာအိုရောင်းရင်းက အဲဒီတာအိုစည်းမျည်းကို လိုချင်နေဦးမယ်ဆိုရင်တော့ ကိုယ့်သေတွင်းကို တူးနေတာနဲ့ အတူတူပဲ ”
ထိုစကားတွင် ခြိမ်းခြောက်မှု အငွေ့အသက်များ ပါဝင်နေသည်။
“ ထွက်သွားစမ်း …. ကျုပ် မိုဝူကျိက ကိုယ့်ဘာသာ သေတွင်းတူးတူး၊ မတူးတူး ခင်ဗျားလို ဉာဏ်များရက်စက်တတ်တဲ့ လူရဲ့ ကိစ္စမဟုတ်ဘူး။ တကယ်လို့ ထွက်မသွားသေးရင် ကျုပ်ကို အပြစ်လာမတင်နဲ့” မိုဝူကျိက ခက်ထန်စွာ ပြန်ပြောဖို့ တုံ့ဆိုင်းမနေပေ။
သူက ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် မဖြစ်ခင်ကပင် မြေအောက်ကမ္ဘာ ဝိဇ္ဇာနှင့် ရင်ဆိုင်နိုင်လောက်သည်။ ယခု သူ ဝိဇ္ဇာအဆင့် ရောက်ရှိသွားပြီ ဖြစ်ရာ သူ့ကို ဘာကြောင့် စိုးရိမ်နေရမည်နည်း။ ထို့အပြင် မိုဝူကျိက ထိုလူအား မကျေနပ်သည်မှာ ကြာမြင့်လှပြီ ဖြစ်၏။ အကယ်၍ လေလံပွဲနေရာကြောင့်နှင့် သူ့တွင် အရေးကြီးလုပ်စရာ ရှိနေသည့်အတွက်ကြောင့်သာ မဟုတ်လျှင် သူ လှုပ်ရှားပြီးလောက်လေပြီ။
“ ကောင်းတယ် ကောင်းတယ် ….” မြေအောက်ကမ္ဘာ ဝိဇ္ဇာမီကျီ မျက်နှာထားမှာ ပို၍ ဆိုးရွားလာသည်။ သို့သော်လည်း သူက ဘာမှမလုပ်မိစေရန် ထိန်းထားနိုင်သေး၏။ သူက လှည့်ထွက်သွားလိုက်တော့သည်။
မူလက သူသည် ပူးပေါင်းလုပ်ဆောင်ဖို့ရာ မိုဝူကျိက အကောင်းဆုံးဟု တွေးထားခဲ့သည်။ မိုဝူကျိလို အဆင့်မျိုးပညာရှင်များစွာက စကြဝဠာ တာအိုစည်းမျည်းအတွက် တိုက်ခိုက်ကြလိမ့်မည်။ မိုဝူကျိတွင် တာအိုစည်းမျည်း တစ်ခု ရှိထားပြီးသား ဖြစ်သောကြောင့် မိုဝူကျိက ထိုတိုက်ပွဲတွင် ပါဝင်မည် မဟုတ်ပေ။ ထို့အပြင် မိုဝူကျိက သူ့ထက် အားနည်းခြင်း မရှိပေ။ ထို့ကြောင့် မိုဝူကျိနှင့် ပူးပေါင်းလိုက်ခြင်းက သူ့အတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်ပေသည်။
သူက မိုဝူကျိသည် သူ့အား မျက်နှာသာမပေးဘဲ ထွက်သွားခိုင်းလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ တာအိုရောင်းရင်းတို့ …. ဒီနေ့အတွက် ကျုပ်တို့က ပစ္စည်းကိုးမျိုးကို လေလံတင်ပါ့မယ် ” အနည်းဆုံး ဝိဇ္ဇာတပိုင်း နောက်ပိုင်းအဆင့် ရှိသည့် အစိမ်းဝတ်ရုံနှင့် လူအိုကြီးတစ်ဦးက လေလံပွဲစင်မြင့်အထက် လျှောက်လှမ်းလာသည်။
သူ့အသံက လေလံပွဲနေရာတစ်ခုလုံးကို ငြိမ်ကျသွားစေသည်။ သို့သော်လည်း မိုဝူကျိက အံ့အားသင့်မိဆဲ ဖြစ်၏။
မိုဝူကျိက လေလံပွဲများနှင့် ရင်းနှီးကျွမ်းဝင်ပေသည်။ သို့သော်လည်း ဤကဲ့သို့ လေလံပွဲကြီး၌ ပစ္စည်းကိုးမျိုးသာ ရောင်းချပေမည်။ ဤသည်မှာ သူ့အနေနှင့် ပထမဆုံး မြင်တွေ့ဖူးခြင်း ဖြစ်၏။
သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်သည်။ ဤနေရာတွင် အနည်းဆုံး လူတစ်ထောင်လောက် ရှိနေပေသည်။ လူတစ်ထောင်လောက်က ပစ္စည်းကိုးမျိုးအတွက် ရင်ဆိုင်ရပေမည်။
ပမာဏအချိုးက နည်းလွန်းမနေဘူးလား ….
“ ပထမဆုံး ပစ္စည်းကတော့ သစ်သားဓာတ် သဘာဝအမြုတေပါ။ လုပ်ဆောင်ချက်ကိုတော့ ကျုပ် ရှင်းပြဖို့ မလိုလောက်တော့ပါဘူး။ အားလုံးလည်း သိထားပြီးသား ဖြစ်မှာပါ …. ဒီသစ်သားဓာတ် သဘာဝအမြုတေအတွက် အနိမ့်ဆုံးဈေး မရှိပါဘူး။
အားလုံးက စိတ်ကြိုက်ဈေးခေါ်နိုင်ပါတယ်။ အမြင့်ဆုံး ပေးနိုင်တဲ့သူက ရရှိမှာပါ ” လူအိုကြီးက ပြောလိုက်ရင်း သူ့ရှေ့၌ သစ်သားသေတ္တာ တစ်လုံး ချထားလိုက်သည်။
မိုဝူကျိက စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်စရာ မလိုလိုက်ဘဲ သစ်သားဓာတ် သဘာဝအမြုတေမှန်း တန်းသိလိုက်သည်။
သူ လိုအပ်နေသည့် ပစ္စည်း ဖြစ်ပေသည်။ မည်သို့ပင် ဆိုစေကာမူ သူ ရအောင် ယူရမည်။
“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင် …” လူအိုကြီး စကားဆုံးသည်နှင့် တစ်ယောက်က ချက်ချင်း ဈေးခေါ်လိုက်သည်။
“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင်နဲ့ အဆင့်မြင့် နတ်ဘုရားကျောက် တစ်သန်း ”
“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးရာနဲ့ ထိပ်တန်းအဆင့် ရေဓာတ်အမျိုးအစား လျို့ဝှက်ပညာရပ် တာအိုအသီး”
……………….
လေလံဈေး အမျိုးမျိုး ပေးကြသည်။ မိုဝူကျိက ကြားလေလေ ပို၍ အံ့ဩလေလေ ဖြစ်လာမိ၏။ ထိုလူများက အမှန်ပင် ချမ်းသာလွန်းလှသည်။ သူ့နတ်ဝိညာဉ်ကြော ထောင်ဂဏန်းလောက်က ဘာမှမဟုတ်ချေ။ သူ့အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော တစ်သိန်းလောက်က ဘာမှရနိုင်မည် မဟုတ်သေးပေ။
လူအိုကြီးက ရေဓာတ် အမျိုးအစား လျို့ဝှက်ပညာရပ် တာအိုအသီး လေလံဈေးအကြောင်း ကြားလိုက်ရသည့်အခါ ထရပ်ကာ
“ တစ်ယောက်က ထိပ်တန်းအဆင့် ရေဓာတ်အမျိုးအစား လျို့ဝှက်ပညာရပ် တာအိုအသီး ဈေးခေါ်လိုက်ပါပြီ။ နောက်ထပ် ဈေးခေါ်မဲ့သူ မရှိရင် သစ်သားဓာတ် သဘာဝအမြုတေက သူ့အပိုင် ဖြစ်သွားပါပြီ ”
မိုဝူကျိက ထိုစကားများ ကြားသည့်အခါ တုံ့ဆိုင်းမနေတော့ဘဲ ဈေးခေါ်လိုက်သည် “ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင်၊ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော နှစ်ထောင်နဲ့ ရှေးဦးမူလ မီးကျောက် တစ်ခု ”
မိုဝူကျိက လေလံခေါ်လိုက်သည့်အခါ မြောက်များစွာသော စိတ်စွမ်းအားများက သူ့အခန်းဆီ ရောက်ရှိလာကြသည်။ သူတို့က မိုဝူကျိ အခန်းတွင် မည်သည့်အတားအဆီးမှ မချထားကြောင်း သိသည့်အခါ အနည်းငယ် သိချင်စိတ် ဖြစ်လာလေ၏။ သို့သော်လည်း မကြာခင် သူတို့က ခွန်းယွင်၏ ကျင့်ကြံဆင့်ကို သိသွားကြလေသည်။ ဤသည်မှာ အင်မတန် နိမ့်နေသေး၏။
မိုဝူကျိအတွက်မူ ကျင့်ကြံဆင့် ဖုံးကွယ်ထားဟန် ပေါ်ကာ မှန်းဆ၍ မရပေ။
လေလံပစ်သူက ပြောလိုက်သည် “ တကယ်လို့ ဒီမိတ်ဆွေက ရှေးဦးမူလ မီးကျောက် နှစ်ခု ပေးနိုင်ရင် ဒီသစ်သားဓာတ် သဘာဝအမြုတေက ခင်ဗျားအပိုင်ပဲ ”
မိုဝူကျိက တုံ့ဆိုင်းမနေဘဲ “ သဘောတူတယ် ”
မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ရှေးဦးမူလ မီးကျောက်နှစ်ခု တိုးပေးလိုက်သည်ကို ကြားလိုက်သောအခါ အားကောင်းသည့် စိတ်စွမ်းအားတချို့လည်း မိုဝူကျိ အခန်းဆီ ကျရောက်လာသည်။
ရှေးဦးမူလ မီးကျောက်က ဤလေလံပွဲရှိ တခြားပစ္စည်းများလောက် အဖိုးမတန်သော်လည်း မီးဓာတ် အမျိုးအစား ကျင့်ကြံသူများအတွက် ရတနာကောင်းတစ်ခု ဖြစ်ပေသည်။
ရတနာ အသုံးဝင်မှုကို ထိန်းညှိခြင်းက ဈေးနှုန်းပေါ်တွင် မမူတည်ပေ။ ထို့အစား ထိုရတနာ၏ အသုံးဝင်မှုအပေါ် မူတည်လေ၏။
မည်သို့ပင် ဆိုစေကာမူ မိုဝူကျိက အာရုံကျပြီးသား ဖြစ်၏။
မိုဝူကျိက ကိုယ့်သေတွင်းကို တူးနေသည်ဟု ထင်မှတ်ခဲ့သော မြေအောက်ကမ္ဘာ ဝိဇ္ဇာမီးကျီက မျက်မှောင်ကျုတ်မိသွားသည်။ သူက မိုဝူကျိနှင့် ရင်ဆိုင်ဖူးသောကြောင့် မိုဝူကျိသည် အလွယ်တကူ ရန်စရသူ မဟုတ်သလို ငတုံးတစ်ယောက် မဟုတ်မှန်းလည်း သိထားသည်။
သို့သော်လည်း ထိုလူက သူ့လေလံအခန်းရှိ အတားအဆီးများကို ဖယ်ရှားထားရုံသာမက ရှေးဦးမူလ မိခင်မီးကျောက်အရေအတွက်ကိုလည်း အလွယ်တကူ တိုးမြင့်ပေးနေသေး၏။ ဤသည်မှာ ငတုံးတစ်ယောက်၏ အပြုအမူဟု သတ်မှတ်နိုင်လောက်သည့်အထိ ရူးမိုက်လွန်းပေသည်။ ပြောရလျှင် သူ့တွင် နောက်ထပ် ရှေးဦးမူလ မီးကျောက်များစွာ ရှိနေသေးသည်ဟု ဆိုလိုနေခြင်း မဟုတ်ပါလော။ သို့သော်လည်း သူ မီကျီက မိုဝူကျိသည် ငတုံးတစ်ယောက် မဟုတ်ကြောင်း သိထားပေသည်။
တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ ….
မီကျီက ထိုအတွေးဖြင့် နှလုံးခုန်ပင် မြန်လာမိသည်။ တစ်ခုတည်းသော ဖြစ်နိုင်ခြေမှာ မိုဝူကျိက မကြောက်၍ ဖြစ်၏။
အသက်ရှိုက်စာအနည်းငယ်အတွင်း မီကျီက တည်ငြိမ်သွားသည်။ သူက မိုဝူကျိကို ရန်မစပေ။ သို့သော် တစ်ယောက်ယောက် အစပြုလိုက်ပါက သူအနေနှင် မိုဝူကျိ အရေးနိမ့်နေခဲ့လျှင် ဝင်၍ ရိုက်ချပစ်မည် ဖြစ်၏။ ဤနည်းဖြင့် မိုဝူကျိဆီမှ ချမ်းသာကြွယ်ဝမှုကို ရရှိနိုင်သလို တစ်ဖက်တွင် မိုဝူကျိ အရေးသာနေပါက သူက လက်လျော့လိုက်ရုံ ဖြစ်ပေသည်။
မကြာခင် အမျိုးသမီး ကျင့်ကြံသူတစ်ဦးက မိုဝူကျိထံ လင်ဗန်းဖြင့် သယ်လာသည် “ စီနီယာ … ဒါက ရှင့်ရဲ့ သစ်သားဓာတ် သဘာဝအမြုတေပါ ”
မိုဝူကျိ၏ စိတ်စွမ်းအားက ကျောက်စိမ်းသေတ္တာထဲ ထိုးဖောက်ဝင်ရောက်သွားသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး ကျောက်စိမ်းလင်ဗန်းအပေါ် သိုလှောင်လက်စွပ်တစ်ကွင်း တင်ပေးလိုက်ပြီး ကျောက်စိမ်းသေတ္တာကို လက်ခံထားလိုက်သည်။
မိုဝူကျိ၏ သိုလှောင်လက်စွပ်တွင် အတားအဆီး မပါရှိချေ။ အမျိုးသမီး ကျင့်ကြံသူအပြင် အပြင်ဘက်ရှိ အားလုံးက လက်စွပ်အတွင်း၌ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်ထောင်၊ အဆင့်မြင့် နတ်ဝိညာဉ်သွေးကြော နှစ်ထောင်နှင့် ပို၍ အရေးကြီးသည့် ရှေးဦးမူလ မီးကျောက် နှစ်ခုကို တွေ့လိုက်ကြရသည်။
မိုဝူကျိက ကျောက်စိမ်းသေတ္တာကို သူ့လူသားကမ္ဘာထဲ သစ်နက်အနား ပစ်ထည့်ထားလိုက်သည်။ သစ်သားဓာတ် သဘာဝအမြုတေကို သစ်နက်နား ထားလိုက်သည့်အခါ အဆုံးမဲ့ သစ်သားစွမ်းအားများ ထွက်ပေါ်လာပြီး သစ်နက်ဆီ စီးဝင်သွားလေသည်။ ယခု သစ်နက်က အသက်ဓာတ်အပိုတစ်ခု ရှိလာပြီ ဖြစ်၏။ ထိုအသက်ဓာတ်က မိုဝူကျိ၏ လူသားကမ္ဘာအား သိသိသာသာ ပြောင်းလဲမှုတစ်ခု ဖြစ်လာစေသည်။
ထိုပြောင်းလဲမှုကို လူသားကမ္ဘာအတွင်း ကျင့်ကြံနေသည့် ဟန်ချင်းရုက ခံစားမိလိုက်၏။ သူမ၏ မျက်ခုံးများက ပြေလျော့သွားကာ ပို၍ သက်တောင့်သက်သာ ဖြစ်သွားဟန်ဖြင့် ပြန်လည် ကျင့်ကြံလိုက်သည်။
သူမက မိုဝူကျိဆီမှ ကမ္ဘာပျက်ကပ်ဘေးကြီးအကြောင်း ကြားထားပေသည်။ အကယ်၍ ကပ်ဘေးကြီး ရောက်ရှိလာပါက သူမ ကျင့်ကြံဆင့်က မိုဝူကျိအတွက် အကူအညီဖြစ်စေဖို့ အရမ်းနိမ့်ကျနေသေးသည်။
သို့သော် ဤပတ်ဝန်းကျင်၌ နှစ်များစွာ ကျင့်ကြံပြီးနောက် မိုဝူကျိ၏ လူသားကမ္ဘာရှိ ပြီးပြည့်စုံသည့် စည်းမျည်းကိုပါ ထည့်တွက်လိုက်လျှင် သူမက နတ်ဘုရားဘုရင်အဆင့်သို့ ရောက်လာပြီ ဖြစ်၏။
မိုဝူကျိ၏ အလဲအလှယ် ပြီးဆုံးသွားသည်နှင့် လူအိုကြီးက နောက်ထပ် သေတ္တာတစ်လုံး ထုတ်လာကာ ကြေညာလိုက်သည်
“ ဒုတိယပစ္စည်းက ထိပ်တန်းအဆင့် ရတနာဖြစ်တဲ့ ပြန်လည်ဝင်စားခြင်း ကြေးမုံပါ။ ပြန်လည်ဝင်စားခြင်း ကြေးမုံက ကံကြမ္မာ ထိပ်ပ်တန်းရတနာ မဟုတ်ပေမဲ့ နာမည်ကိုတော့ အများစု ကြားဖူးကြမှာပါ။ အဲဒါက အချိန်စည်းမျည်းကို ပြောင်းလဲနိုင်တဲ့ ရတနာတစ်ခုပါ။
ရှန်းထျန်း ရတနာအဆင့်ထက် ကျော်လွန်တဲ့ ရတနာလည်း ဖြစ်ပါတယ် … တချို့ကံကြမ္မာ ထိပ်တန်းရတနာတွေနဲ့ ယှဉ်ရင် ပြန်လည်ဝင်စားခြင်း ကြေးမုံက ပိုပြီး အဖိုးတန်ပါသေးတယ်။
ပြီးတော့ ပြန်လည်ဝင်စားခြင်း ကြေးမုံဟာ ဟိုးလွန်ခဲ့ပြီးသော နှစ်များက ပြန်လည်ဝင်စားခြင်း ဝိဇ္ဇာသူတော်စင်မရဲ့ ရတနာလည်း ဖြစ်ခဲ့ပါတယ်။ ပြန်လည်ဝင်စားခြင်း ဝိဇ္ဇာသူတော်စင်မက အရင်ကပ်ဘေးအတွင်း ပျောက်ကွယ်သွားခဲ့ပြီးတော့ ရတနာလည်း ပျောက်ဆုံးသွားခဲ့ပါတယ်။
အခု ပြန်လည်ဝင်စားခြင်း ကြေးမုံ ပေါ်လာပြီဆိုတော့ လူအများစုက ဒီအခွင့်အရေးကို လက်လွှတ်ချင်ကြမှာ မဟုတ်လောက်ပါဘူး။
ကမ္ဘာပျက်ကပ်ဘေးကြီးကလည်း နီးကပ်လာပြီလေ …. ပြန်လည်ဝင်စားခြင်း ကြေးမုံ ရှိထားတာက အသက်တစ်သက် အပိုရထားသလို မဟုတ်ဘူးလား။ ဒါကလည်း သစ်သားဓာတ် သဘာဝအမြုတေနဲ့ အတူတူပါပဲ။ အနိမ့်ဆုံးဈေး မရှိပါဘူး။ အမြင့်ဆုံး ပေးနိုင်တဲ့သူက ရတနာ ရပါ့မယ် ”
မိုဝူကျိ၏ အမူအယာက လေးလေးနက်နက် ပြောင်းလဲသွားသည်။ သူက ပြဿနာရှာရန် ရောက်လာသော်လည်း ထောင်ထျဲ့အိုး ပေါ်လာသည့်အထိ စောင့်ဆိုင်းရပေမည်။ ယခင် သူက လေလံဈေးဝင်ခေါ်လိုက်ခြင်းမှာ သစ်သားဓာတ် သဘာဝအမြုတေက သူ့အတွက် အသုံးဝင်၍ ဖြစ်သည်။
မူလက မိုဝူကျိသည် သစ်သားဓာတ် သဘာဝအမြုတေအပြီးတွင် ဝင်ရောက်ဈေးခေါ်ရန် မရည်ရွယ်ထားပေ။ သို့သော် ပြန်လည်ဝင်စားခြင်း ကြေးမုံ ပေါ်လာပြီ ဖြစ်ရာ သူ့စိတ်ပြောင်းသွားရပြန်သည်။
ပြန်လည်ဝင်စားခြင်း ကြေးမုံကိုလည်း အရယူရမည်။ တခြားအကြောင်းအရင်း မရှိချေ။ အချိန်စက်ဝန်းပြားကဲ့သို့ ရတနာ ဖြစ်ကာ အချိန်စည်းမျည်း ပါဝင်နေ၍ ဖြစ်၏။
“ ရှေးဦးမူလ မီးကျောက်တစ်ခု၊ ရှေးဦးမူလ ရေကျောက်တစ်ခု၊ အမှောင်ထု သလင်းကျောက်နဲ့ ဟုန်မုန့်စွမ်းအင် တစ်ပုလင်း ” ဤတစ်ကြိမ်၌ မိုဝူကျိက ဦးဆုံး ဈေးခေါ်လိုက်သူ ဖြစ်ပေသည်။
မိုဝူကျိ၏ လေလံဈေးကို ကြားလိုက်ရသည့်အခါ လေလံပွဲတစ်ခုလုံး လေအေးများ မှုတ်ထုတ်လိုက်ကြသည်။ ထိုစဉ် စိတ်စွမ်းအား အမြောက်အမြားက မိုဝူကျိ၏ လေလံအခန်းဆီ ရောက်ရှိလာပြန်သည်။ လူများစွာက ဤလူသည် ကမ္ဘာဦး စတင်ပြိုကွဲလာတုန်းက မွေးဖွားလာတာလားဟု တွေးနေကြလေ၏။ မဟုတ်လျှင် သူ့အနေနှင့် ရှေးဦးမူလ ကျောက်များစွာ မည်သို့ ပိုင်ဆိုင်ထားမည်နည်း။
တချို့ပညာရှင်များ မျက်ဝန်း၌ အလင်းတချက် ပေါ်လာကြသည်။ မိုဝူကျိ၏ ချမ်းသာကြွယ်ဝမှုမှာ သူတို့ စိတ်ကူးထက်ပင် ကျော်လွန်နေပြီ ဖြစ်၏။
စကြဝဠာကြီးထဲ၌ ချမ်းသာမှုကို နတ်ဝိညာဉ်သွေးကြောများနှင့် မတိုင်းတာကြပေ။ ထို့အစား ထိပ်တန်းအဆင့် ရတနာများနှင့် တိုင်းတာကြခြင်း ဖြစ်၏။
ယခု မိုဝူကျိ ထုတ်ပေးလိုက်သည့် ပစ္စည်းတိုင်းက ထိပ်သီးအဆင့် ရတနာများ မဟုတ်သည့်အရာ ပါရှိသည်လား ….
မိုဝူကျိက တခြားလူများ၏ ချမ်းသာကြွယ်ဝမှုကို အားကျနေစဉ် တခြားသူများက သူ့အား အားကျနေကြသည်။
***