← Chapters

ဘယ်သူ ငါ့ကို ဆင့်ခေါ်လိုက်တာလဲ

Vol. 82 Ch. 1142

ဘယ်သူ ငါ့ကို ဆင့်ခေါ်လိုက်တာလဲ

Vol. 82 Ch. 1142

မန်ဟိုမှာ သူ့ကျင့်ကြံအဆင့်ကို ထည့်တွက်ရင်း ဤကြောက်မက်ဖွယ်ပန်းချီကို ထွက်သွားခိုင်းနိုင်လိမ့်မည်ဟု ထင်လောက်သည်အထိ သွေးနားထင်ရောက်မနေပေ။

မန်ဟို့တစ်ဘဝလုံးတွင် မြင်တွေ့ခဲ့ဖူးသမျှ မှော်သိုင်းကွက်များအထဲ ဤပန်းချီကားလိပ်ကား ကြောက်စရာကောင်းသည်ထက် ပိုခဲ့သည်။ အထူးသဖြင့် မိုးနှင့်မြေရှိ လူသတ်ငွေ့အားလုံး၏ အရင်းအမြစ်ဖြစ်နေသကဲ့သို့ .... သိပ်သည်းသော လူသတ်ငွေ့များကို ထုတ်လွှတ်နေသော ပန်းချီကားအတွင်းရှိ ပုဂ္ဂိုလ်ပင်။

ထိုကဲ့သို့ လူသတ်ငွေ့များ ပေါ်လာအောင် လူပေါင်းမည်မျှ သတ်ရမည်လဲ၊ နှစ်ပေါင်းမည်မျှ ကြာမည်လဲ မန်ဟို မသိပေ။ ထိုတင်မကသေး ၎င်းသည် လူစင်စစ်မဟုတ်ဘဲ ပန်းချီတစ်ခုသာ ဖြစ်နေသေးသည်။ သို့သော် ထိုလူသတ်ငွေ့များကို ထုတ်လွှတ်ရုံလေးနှင့် အဆိုပါပုဂ္ဂိုလ်ကား တောင်ပင်လယ်လောကတစ်ခုလုံးကို ထမင်းစားရေသောက်ပမာ အမြစ်ဖြုတ်ပစ်နိုင်သည့်အလားပင်။

ဤပန်းချီထဲရှိ ပုဂ္ဂိုလ်ကို အမှန်တကယ် တိုက်ခိုက်နိုင်မည့်လူကတော့ ... ပါရာဂွန်တစ်ဦးပမာ တန်ခိုးအရှိန်အဝါကြီးမားသောပုဂ္ဂိုလ်မျိုးသာ ဖြစ်လိမ့်မည်။

တစ်နည်းဆိုရလျှင် .... ပန်းချီထဲရှိ အနက်ဝတ်လူသည်လည်း ပါရာဂွန်တစ်ဦးပင်။

အနည်းဆုံးတော့ ယင်းက မန်ဟို၏သုံးသပ်မှုဖြစ်သည်။ ထို့အပြင် ဤပါရာဂွန်ကို ရေးခြယ်ခဲ့သူသည်လည်း သွားရှုပ်လို့မရသည့် အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦး သေချာပေါက် ဖြစ်မည်။ အထူးသဖြင့် ပန်းချီကားထဲရှိလူ ပါရာဂွန်တံတားနှင့်ပတ်သက်၍ တစ်စုံတစ်ခု ရေရွတ်ခဲ့သည်ကိုလည်း မန်ဟို မှတ်မိသည်။ ထိုအခြင်းအရာက မန်ဟို့လည်ပင်းပေါ်ရှိ အမွှေးများကို ထောင်စေခဲ့လေသည်။

မန်ဟိုသည် ဤပန်းချီကားကို စစချင်း မြင်ခဲ့ရကတည်းက လိုချင်တပ်မက်စိတ်များ တဖွားဖွားဖြစ်ပေါ်ခဲ့၏။ ကံဆိုးစွာနှင့် ... ၎င်းက မှော်ပစ္စည်းလေးတစ်ခုသာ မဟုတ်ခဲ့ပေ။ ၎င်းသည် ပါရာဂွန်မှော်သိုင်း၏ ဖန်ဆင်းမှုဖြစ်သည်။ သို့ဖြစ်၍ မန်ဟိုမှာ လုချင်လျှင်တောင်မှ လုမရပေ။

ဖြစ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းကတော့ တာအိုကောင်းကင် ၎င်းကို ဘယ်နေရာက ရခဲ့လဲ စုံစမ်းပြီးနောက် တူညီသော ဉာဏ်အလင်းရအောင် ကြိုးပမ်း၍ ပါရာဂွန်မှော်သိုင်းကို သူ့အပိုင်အဖြစ် လုပ်ရုံသာ။

သို့ရာတွင် ဝိညာဉ်ဖွေရှာခြင်းမလုပ်သရွေ့ ယင်းကလည်း ဖြစ်နိုင်မည်မဟုတ်။ တာအိုကောင်းကင်က အက်ရှလွန်တွင် အစွမ်းထက်ဆုံးဖြစ်ခဲ့၍ သူ့ကို ဝိညာဉ်ဖွေရှာဖို့ကလည်း မလွယ်ကူ။

ထို့ကြောင့် မန်ဟို့အနေဖြင့် တခြားနည်းလမ်းတစ်ခုကို စမ်းကြည့်ရန် လိုအပ်လိမ့်မည်။ သူ့လက်သီး ကျရောက်သွားစဉ် မိုးကောင်းကင်နှင့်မြေကြီးမှာ လှုပ်ရမ်းသွားပြီး ကြီးမားသောအားလှိုင်းတစ်လှိုင်း ပေါက်ကွဲထွက်လာသည်။ ၎င်းက သူ့အပြင်အားကိုယ်နှင့် လောကပါလအင်မော်တယ်ခွန်အားမှ အားဖြည့်ပေးထားသော အားလှိုင်းဖြစ်၏။ တာအိုကောင်းကင်မှာ မျက်နှာပျက်သွားပြီး အားလှိုင်း သူ့ကို ရိုက်ခတ်လိုက်သည့်အခါ ဘာဆိုဘာမှ ပြန်မလုပ်နိုင်ခဲ့ပေ။ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ့မှာ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ လွင့်ထွက်သွားတော့သည်။

သူ လွင့်ထွက်သွားသောအခိုက်အတန့်မှာပင် မန်ဟိုက လက်ခလယ်ကို ဆန့်တန်း၍ မိစ္ဆာချုပ်နှောင်ပြုစားခြင်းမှော်ပညာအား ပါရာဂွန်ပန်းချီဆီသို့ ပို့လွှတ်လိုက်သည်။

သတ္တမမိစ္ဆာချုပ်နှောင်မန္တန် ကံကြွေးပြုစားခြင်း

အံ့ဩဖွယ်ကောင်းစွာနှင့် သူသည် ပန်းချီကား၏ တည်ရှိနေရာကို သိရဖို့ ၎င်းနှင့် ဆက်နွှယ်နေသော ကံကြွေးအမျှင်များကို ရှာရန် ကံကြွေးမန္တန်ကို သုံးလိုက်လေ၏။

သူ့လက်ချောင်း လေကို ခွင်းလျက် ကျဆင်းသွားစဉ် ဂျလိန်းဂျလိန်း ထစ်ချုန်းသံများအား ကြားရနိုင်သည်။ ပန်းချီကားထဲရှိ အနက်ဝတ်ရုပ်တုက ခေါင်းကို ဆတ်ခနဲ မော့၍ သွေးအေးပြီး ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများဖြင့် မန်ဟို့ကို စိုက်ကြည့်လိုက်သည်။

ထိုအခြင်းအရာက မန်ဟို့ကို ချားရဟတ်စီးလိုက်ရသကဲ့သို့ မန်ဟို့စိတ်နှလုံးကို ချာချာလည်သွားစေပြီး သူ့တစ်ကိုယ်လုံးအား တုန်ရီလာစေသည်။ သွေးများ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာပြီး သူ့မှာ တွန်းထုတ်ခံလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူ၏ကံကြွေးမန္တန်က ပန်းချီကားအပေါ် ကျရောက်သွားကာ မရေမတွက်နိုင်သော ကံကြွေးမျှင်များ ပေါ်လာတော့သည်။

ထူးဆန်းစွာနှင့် ကံကြွေးမျှင်များမှာ ပေါ်လာလာချင်း မီးခိုးရောင်ပြောင်းကုန်ကြသည်။ အကောင်းပကတိတစ်ခုမှ မကျန်ခဲ့ဘဲ တစ်မျှင်ချင်းစီတိုင်း ပြာကျသွားလေပြီ။

“မဖြစ်နိုင်တာ” မန်ဟိုက မျက်လုံးများ ဝိုင်းစက်ပြူးကျယ်နေလျက် တွေးလိုက်သည်။ ဖြစ်ပျက်နေသောအရာက ဤပါရာဂွန်နှင့် ဆုံတွေ့ခဲ့ဖူးသူတိုင်း သို့မဟုတ် ဤပါရာဂွန်ကို သိခဲ့ဖူးသူတိုင်း .... သေကုန်ကြပြီဖြစ်ကြောင်း ညွှန်ပြနေသည်။ နောက်အကြောင်းရင်းကတော့ .... သူ တွေ့ခဲ့ဖူးသူတိုင်း၊ သိခဲ့ဖူးသူတိုင်း သူ့ကို သေသွားပြီဟု သတ်မှတ်ထားခြင်းဖြစ်မည်။

ထို့ကြောင့် ကံကြွေးမျှင်တစ်မျှင်မကျန် ဖျက်စီးခံလိုက်ရသည်။

ထိုမျှသာမက ကံကြွေးမျှင်အားလုံးပျက်စီးနေသော လူတစ်ယောက်အနေဖြင့် အသက်ဆက်ရှင်မနေနိုင်ပေ။ ကမ္ဘာပေါ်ရှိ လူတိုင်း၊ အထူးသဖြင့် ထိုပုဂ္ဂိုလ်ကို သိသူတိုင်း .... သူ သေသွားပြီဟု ယုံကြည်လျှင် ယင်းက သဘာဝနိယာမများအပေါ် သက်ရောက်ကာ .... သူ့အား အမှန်တကယ် သေစေလိမ့်မည်။

“ဒီလိုလူတစ်ယောက်က ဘယ်လိုလုပ် တည်ရှိနိုင်မှာလဲ။ ဒီပန်းချီက လူသေတစ်ယောက်ပုံကို ရေးဆွဲထားတာများ ဖြစ်နိုင်မလား” မန်ဟို့နှလုံးသားမှာ တုန်ရီနေပြီး သူ့မှာ အခြေအနေကို လက်မခံနိုင်ဖြစ်နေသည်။ ထို့နောက် သူ့မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် တောက်ပသွားကာ သူက အံတင်းတင်းကြိတ်လိုက်၏။ နောက်ဆုံးတော့ သူသည် လျှာထိပ်ကို ကိုက်၍ လက်နှစ်ဖက်မုဒြာလက်ကွက်တစ်ကွက် ဖော်လိုက်သည်။ မိစ္ဆာချုပ်နှောင်သူအဖွဲ့၏အငွေ့အသက်များကား သူ့ကိုယ်ထဲမှ ချက်ချင်း ထွက်လာလေပြီ။

သူသည် သူ၏ပထမဆုံးနိဗ္ဗာနသစ်သီးကို အပြည့်အဝစုပ်ယူဖို့ သုံးခဲ့သော ပါရာဂွန်ကိုးတံဆိပ်၏သွေးကို လှုံ့ဆော်ရန် လောကပါလအင်မော်တယ်တစ်ဦး၏တန်ခိုးကို အသုံးပြုနေလေပြီ။ ထိုသို့လုပ်ခြင်းဖြင့် သူ၏မိစ္ဆာချုပ်နှောင်သူအငွေ့အသက်ကို သုံးရင်း မိုးမြေနှင့် တစ်သားတည်းဖြစ်သွားပြီး တောင်ပင်လယ်လောကနှင့် ဆက်သွယ်နိုင်မည်။

အဝေးရှိ တောင်ပင်လယ်လောကမှာ တဝုန်းဝုန်း လှုပ်ရမ်းစပြုလာသည်။ တောင်ပင်လယ်များ တုန်ရီနေပြီး နေနှင့်လသည် စူးရှသောရောင်စဉ်များကို စတင်ထုတ်လွှတ်ကြတော့၏။ ၎င်းတို့အထဲ၌ တည်ရှိသည့် အဖိုးထိုက်ရတနာများသည် မန်ဟို့နှင့် ပဲ့တင်ရိုက်ခတ်နေသည့်အလားပင်။

ခန္ဓာကိုယ်ထဲရှိ မိစ္ဆာချုပ်နှောင်သူအငွေ့အသက်များ၏ အတွေ့အထိက မန်ဟို့ကို တဆတ်ဆတ် တုန်နေစေသည်။ သူ၏မိစ္ဆာချုပ်နှောင်မှော်အစွမ်းအားလုံး နိုးထတုန်ခါလာသည်နှင့် သူက ပန်းချီကားထဲရှိ အနက်ဝတ်လူအား လက်ညှိုးထိုးလိုက်၏။

မိစ္ဆာချုပ်နှောင်ခြင်း သတ္တမမန္တန်

မန်ဟိုသည် ပေးဆပ်ရမည့် ကြောက်မက်ဖွယ်အဖိုးအခကို လျစ်လျူရှုရင်း တောင်ပင်လယ်လောက၏အကူအညီကို တောင်းခံဖို့ သူ၏အနာဂတ်အဆင့်အတန်းကို အားကိုး၍ အစွမ်းထက်ဆုံးမန္တန်အား ထုတ်လွှတ်လိုက်လေပြီ။ ၎င်းပေါ်လာလျှင်ချင်း သူ့ကိုယ်ထဲမှ အလွန်ကျယ်လောင်သော ထစ်ချုန်းသံများ ထွက်လာသည်။ သူ့လက်ချောင်း ကျဆင်းသွားနှင့် ရုတ်တရက်ဆိုသလို ကံကြွေးမျှင်များသည် ပန်းချီကားထဲရှိ လူကိုယ်ပေါ်တွင် ထပ်မံပေါ်လာပြန်၏။

ဤတစ်ခေါက်တွင် ကံကြွေးမျှင်များသည် လွန်စွာမှေးမှိန်နေ၍ ချက်ချင်းပင် ပြိုကွဲလွင့်စင်သွားတော့သည်။ စောစောကအတိုင်း မန်ဟို့စိတ်ကို ချာချာလည်သွားစေသည်။ သို့သော် နောက်အခိုက်အတန့်တွင် သူ့မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားတော့သည်။

သူ မြင်လိုက်ရသည်ကား ထိုပျက်စီးသွားသော ကံကြွေးမျှင်များသည် ပျောက်ကွယ်မသွားခဲ့ပေ။ ထိုအစား အနက်ဝတ်လူ၏အနောက်တွင် စုစည်းသွားရင်း.... အံ့အားသင့်ဖွယ်ကောင်းစွာနှင့် လူတစ်ယောက်၏ကောက်ကြောင်းကို ဖော်ဆောင်လိုက်ကြသည်။

ထိုလူက မှိတ်တုတ်မှိတ်တုတ်ဖြစ်နေပြီးနောက် ပုံရိပ်တစ်ခုအဖြစ် ငြိမ်သက်သွားသည်။ ၎င်းသည် ဆန့်ကျင်ဘက်ကို မျက်နှာမူနေသော လူတစ်ယောက်၏ပုံရိပ်ဖြစ်၏။ သူ့တွင် ရေအလျဉ်ပမာ အိစက်ညက်ညောနေသော အဖြူရောင်ဆံပင်ရှည်များ ရှိလေသည်။

ထိုမျှသာမက ထိုလူမှာ ... ကံကြွေးမျှင်များဖြင့် ဝန်းရံခံထားရသည်။ ဤကံကြွေးမျှင်များမှာ ထူးဆန်းပြီး စိတ်ကူးနယ်ထက် ကျော်လွန်နေ၍ မန်ဟိုမှာ ဖော်ပြဖို့ စကားလုံးများပင် တွေးမရတော့ပေ။

၎င်းတို့သည် မန်ဟို့အား မှင်သက်သွားစေသည်အထိ အဆုံးမဲ့များပြားနေ၏။ ယခုလို ရင်သပ်ရှုမောဖွယ်ကံကြွေးမျှင်များနှင့် လူတစ်ယောက်ကိုမှ သူ မမြင်ခဲ့ဖူးပေ။

ကံကြွေးမျှင်များ ဖြာထွက်နေစဉ် အများစုသည် အာကာသအတွင်းထဲ၌ ပျောက်ကွယ်သွားကြသည်။ အနည်းစုသာ တောင်ပင်လယ်လောကဆီ ဖြာဆင်းသွားလေသည်။

“ဒီလူက ဘယ်သူလဲ” မန်ဟိုမှာ အသက်မနည်းရှူရင်း တွေးလိုက်မိသည်။ ဤအခိုက်အတန့်တွင် ပန်းချီကားထဲရှိ အနက်ဝတ်လူသည် ရုတ်တရက် တခိုက်ခိုက် တုန်သွား၏။ သူက ခေါင်းမော့၍ လက်ကို ဝှေ့ယမ်းလိုက်ကာ သူ့အနောက်ရှိ ဆံဖြူလူ၏ပုံရိပ်အား ပျောက်ကွယ်သွားစေသည်။ ကံကြွေးမျှင်များလည်း ပျောက်ကွယ်သွား၏။

အမှန်တွင် ... ပန်းချီကားကိုယ်တိုင်မှာလည်း အပိုင်းပိုင်းအစစ စုတ်ပြတ်၍ ပျော်ကွယ်သွားခဲ့ပြီဖြစ်သည်။ သို့သော် ... အနက်ဝတ်လူကား ပန်းချီကားနှင့်အတူ ပျောက်ကွယ်မသွားဘဲ စကားတပြောပြောနှင့် လမ်းလျှောက်ထွက်လာသည်။

“ငါ ဒီမှာ မရှိသင့်ဘူး... ဘယ်သူလဲ။ ဘယ်သူ ငါ့ကို နှိုးလိုက်တာလဲ။ ဘယ်သူက .... ငါ့ကို ငါ့ကမ္ဘာကနေ ဒီနေရာလာဖို့ တောင်းဆိုလိုက်တာလဲ” သူ့အသံသည် ပြိုင်ဘက်ကင်းသော ဖြောင့်မတ်တည်ကြည်မှုအပြည့်ဖြင့် ထူးခြားဆန်းကြယ်လျက်ရှိ၏။ ၎င်း ပဲ့တင်ထပ်လာသည့်အခါ လေဟုန်ခွင်းလောကတစ်ခုလုံး တုန်ခါသွားသည်။ မိုးကောင်ကင်မှာ မှိန်ကျသွားပြီး လေမုန်တိုင်းများ တဝေါဝေါ တိုက်ခတ်လာသည်။

ကြည့်ရသရွေ့ သူသည် ယခင်တစ်ခေါက် ပေါ်လာခဲ့တုန်းက အပြင်လောကရှိလူများ သူ့ကို ခံစားရခြင်း၊ မခံစားရခြင်းကို ထိန်းချုပ်နိုင်၍ တိတ်ဆိတ်စွာ နေရန်သာ ရွေးချယ်ခဲ့ပုံရသည်။ သို့သော် ဤတစ်ခေါက်တွင် သူက သူ၏အရှိန်အဝါကို နေရာအနှံ့ပျံ့နှံ့သွားစေ၍ သူ့မေးခွန်းအား ကံတရားကို ဖြတ်ကျော်ကာ ပဲ့တင်ထပ်သွားစေခဲ့လေပြီ။

ဤသည်မှာ တာအိုကောင်းကင်၏ ကိုယ်ပိုင်ပါရာဂွန်မှော်သိုင်းဖြစ်သော်လည်း တာအိုကောင်းကင်မှာ မချိတင်ကဲ အော်လိုက်ရသည်။ သွေးများက သူ့မျက်လုံး၊ နား၊ နှာခေါင်းနှင့် ပါးစပ်တို့မှ စီးကျလာ၍ သူ့မှာ အလန့်တကြား နောက်ဆုတ်သွားတော့သည်။

လင်းချုံကိုယ်ပေါ်ရှိ ဒဏ်ရာအားလုံးမှာ သွေးများ တရဟော ပန်းထွက်လာ၍ လင်းချုံမှာ စူးစူးဝါးဝါးအော်ဟစ်ရင်း တစ်ကိုယ်လုံး ခြောက်ကပ်စပြုလာသည်။ ဟန်ချင်းလဲ့၊ ယွီဝမ်ကျန်းနှင့် ပဉ္စမတောင်မှ အက်ရှလွန်သာမက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအားလုံးအပေါ်တွင်ပင် ထိုနည်းတူ သက်ရောက်သွား၏။

မန်ဟိုလည်း သွေးတစ်ပွက်အန်၍ အံ့အားသင့်နေသော မျက်နှာထားဖြင့် ကပျာကယာ နောက်ဆုတ်လိုက်ရသည်။

ထိုနည်းတူစွာပဲ ကျုံးဝူရလည်း သွေးတစ်ပွက်အန်၍ အံ့ဩတုန်လှုပ်နေသည်။

မျက်ကန်းဧကရာဇ်သည် ပြင်းပြင်းထန်ထန် တုန်ရီနေ၏။ အနက်ဝတ်လူကို သူ မမြင်ရပေ။ မြင်ရသည့် တစ်ခုတည်းသောအရာမှာ အနက်ဝတ်လူရပ်နေသော နေရာတွင် ဖြစ်ပေါ်လာသော လူသတ်ငွေ့ဝဲကြီးသာ။ ထိုဝဲသည် အထဲမှ လွတ်မြောက်ချင်နေကြသည့်အလား အော်ဟစ်ငိုကြွေးနေကြသော မျက်နှာများ၊ အသက်များဖြင့် ပြည့်နေသည်။

“လူကြီးမင်း ... သင်က ဘယ်သူများလဲ” တုန်လှုပ်နေသော ဧကရာဇ်မှာ အနက်ဝတ်လူကို ‘လူကြီးမင်း’ ဆိုသောအသုံးမှတစ်ပါး တခြားအသုံးဖြင့် မခေါ်ရဲသဖြင့် လေးလေးစားစား မေးလိုက်သည်။

အနီးပတ်ဝန်းကျင်ရှိ လူများသာ တုန်ရီနေကြခြင်းမဟုတ်ပေ။ နဝမတောင်အနားရှိ ဂြိုဟ်လေးလုံးထဲမှ တစ်လုံးပေါ်တွင် ဝမ်မျိုးနွယ်စု ရှိသည်။ ထိုအခိုက်အတန့်တွင် ဝမ်မျိုးနွယ်ဝင်တိုင်း၏ သွေးများ ဆူပွက်လာကြသည်။ သူတို့စိတ်များ ချာချာလည်လာပြီး အကုန်လုံး သွေးအန်လိုက်ကြရ၏။ ထိုမျှသာမက ဝမ်မျိုးနွယ်စု၏ တားမြစ်နေရာတစ်နေရာတွင် ဝါးကွပ်ပျစ်တစ်ခုရှိသည်။ ထိုနေရာတွင် ပိန်လှီခြောက်ကပ်နေသော အဘိုးကြီးတစ်ဦးသည် တင်ပျဉ်ခွေထိုင်ရင်း သူ၏ဂျူနီယာများဖြစ်သော အကြီးအကဲများစွာကို ဆိုဆုံးမနေ၏။ ရုတ်တရက် ထိုအဘိုးကြီးမှာ ပြင်းပြင်းထန်ထန် တုန်ရီလာလေသည်။

“အဲဒီအရှိန်အဝါ....” သူက ဖျတ်ခနဲ ပျောက်ကွယ်သွားပြီး ကြယ်တာရာကောင်းကင်ထဲတွင် ပြန်ပေါ်လာသည်။ သူသည် လေဟုန်ခွင်းလောကရှိရာသို့ လှမ်းကြည့်ရင်း တဆတ်ဆတ်တုန်လာပြီး မျက်နှာအပေါ်တွင် အံ့ဩတုန်လှုပ်မှု၊ မယုံကြည်နိုင်မှုတို့ ထင်ဟပ်လာတော့၏။ (အပိုင်း ၉၆၄ တွင် ဤအဘိုးကြီးကို ဖော်ပြခဲ့ဖူးသည်)

တစ်ချိန်တည်းမှာပင် လေဟုန်ခွင်းလောကအပြင်တွင် ပါရာဂွန်ပင်လယ်အိပ်မက်၏မျက်နှာသည် အတိုင်းထက်အလွန် တည်ငြိမ်နေပြီး လေဟုန်ခွင်းအင်ပါယာသခင်မှာ တုံ့ခနဲ ရပ်၍ ခေါင်းလှည့်ကြည့်လိုက်သည်။ လေဟုန်ခွင်းအင်ပါယာသခင်၏မျက်နှာမှာ ထိတ်လန့်သွားပုံပေါ်လာပြီး သူ့နှလုံးသားထဲတွင် လှိုင်းထန်လာတော့သည်။

“ပင်လယ်အိပ်မက် မင်း ဒီအကြောင်း သိထားတယ်မလား .... မင်း ရူးနေသလား။ ဘာလို့ကြားဝင်မတားခဲ့တာလဲ” သူက မျက်နှာဖြူဖပ်ဖြူလျော်နှင့် ရေရွတ်လိုက်သည်။ သိသိသာသာပင် ... ဤအနက်ဝတ်လူ မည်သူလဲ သူ သိသည်။

“ရူးနေသလားတဲ့လား” ပင်လယ်အိပ်မက်က ပြုံးရင်း အေးစက်စက် ပြန်တုံ့ပြန်သည်။ “ဖြစ်နိုင်တယ်။ ငါ့အိမ်မှာ ကျန်တော့တာဆိုလို့ တောင်ကိုးလုံးပဲ ရှိတော့တယ်။ ငါ ရင်းနှီးခဲ့တဲ့လူတိုင်း ဒီတောင်တွေရဲ့ အောက်မှာ မြေမြှုပ်ခံထားရတာတောင် ငါက အသက်ရှင်နေသေးတယ်လေ....

“ငါ့မှာ ဆုံးရှုံးစရာမရှိတော့ဘူး။ ဖောက်ပြန်မှုတွေ ဖြစ်တော့မယ်ဆိုလည်း .... ကမ္ဘာတိုင်းကမ္ဘာတိုင်း ဖြစ်ပစေပေါ့။ တောင်ပင်လယ်လောက၊ ကောင်းကင်ဘုံ ၃၃ခု မကလို့ အပြင်သူကမ္ဘာမှာတောင် ဖြစ်ပါစေ” သူမအပြုံးအောက်တွင် ဖုံးကွယ်ထားသည်ကား နက်ရှိုင်းသော ပူဆွေးသောကနှင့် ရူးမိုက်မှုတို့ ဖြစ်သည်။

လေဟုန်ခွင်းလောကအထက်ရှိ ပိုက်ကွန်ကြီး၏ အိကျမှုမှာ ပို၍သာ နက်လာသည်။ ကသောင်းကနင်းအဖြစ်အပျက်များ၏ အလွန်တွင် စောင့်ကြည့်နေသော အရိပ်အားလုံး အနက်ဝတ်လူကို ကြည့်ကာ တုန်လှုပ်ကုန်ကြသည်။ သူတို့မှာ အံ့အားသင့်နေရုံသာမက မှင်သက်နေကြဟန်တူသည်။ သူတို့အားလုံး ပင့်သက်ရှိုက်ရင်း နောက်ဆုတ်ကုန်ကြလေပြီ။

“အဲ့ဒါ ... သူပဲ”

“မဟုတ်ဘူး သူ နဲ့ မတူဘူး...”

“မဖြစ်နိုင်တာ။ ဆန်းကြယ်လွန်းတယ် ဘာတွေဖြစ်နေတာလဲ”

“ဒီကိစ္စကို ချက်ချင်း သတင်းပို့ကြ။ ဒါ ကြီးမားတဲ့ပြောင်းလဲမှုကြီးပဲ"

ထစ်ချုန်းသံများ မိုးနှင့်မြေတွင် ပြည့်နှက်နေပြီး လေဟုန်ခွင်းလောကသည် ပြင်းပြင်းထန်ထန် ယိမ်းထိုးတုန်ခါနေ၏။ အနက်ဝတ်လူမှာ မျက်လုံးများ ပိတ်ထားပြီး သူ၏လူသတ်ငွေ့များကို သူနှင့်အတူ ခေါ်ရင်း သူ့လမ်းသူ ထွက်သွားသည်။ သူကား အိမ်ဟု ခေါ်စရာနေရာမရှိ၍ အဝေးသို့ မျောလွင့်သွားနေသော အဖော်မဲ့ဝိညာဉ်နှင့်အလား ဝေးသထက် ဝေးသွားသည်။

တာအိုကောင်းကင်က ပါးစပ်မှ သွေးများကို သုတ်၍ အလောသုံးဆယ် လှမ်းအော်သည်။ “ဆရာ”

အနက်ဝတ်လူက ဘယ်သူမှမကြားရသော စကားများကို တစ်ယောက်တည်း ရေရွတ်ရင်း ဆက်သွားသည်။ သူကား အာကာသထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေပြီ။

တာအိုကောင်းကင်မှာ သူ၏ပါရာဂွန်မှော်သိုင်းကို ထုတ်လွှတ်ကြည့်သော်လည်း ရလဒ်အနေဖြင့် မျက်လုံးများ ဝိုင်းစက်ပြူးကျယ်သွားပြီး သွေးများ ပါးစပ်မှ ပန်းထွက်သွားတော့သည်။ သူသည် သူ၏ပါရာဂွန်မှော်သိုင်းကို သုံး၍မရတော့ကြောင်း သဘောပေါက်လိုက်သဖြင့် ဆောက်တည်ရာမဲ့ ယူကျုံးမရဖြစ်သွားတော့၏။ ၎င်းကား ... အပြီးတိုင် ဖယ်ရှားခံလိုက်ရသယောင်ပင်။

တာအိုကောင်းကင်က ချာခနဲ လှည့်၍ မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်သည်.

“မန်ဟို” သူက ဒေါသတကြီး အော်သည်။ “ငါ့တာအိုမှော်သိုင်းကို ပြန်ပေးစမ်း။ ငါ့ဆရာကို ပြန်ပေးစမ်း” ထို့နောက် သူက တိုက်ခိုက်တော့သည်။

မန်ဟိုမှာ သူ၏ကံကြွေးမန္တန်က ထိုကဲ့သို့အရာမျိုးကို ဖြစ်ပွားစေလိမ့်မည်ဟု မထင်ထားခဲ့ပေ။ အနက်ဝတ်လူ ဝေးသထက် ဝေးဝေးသွားနေစဉ် သူ့မှာ အသက်မနည်းရှူနေရတော့သည်။ ထို့အပြင် အနက်ဝတ်လူနှင့်ထိတွေ့လိုက်သော တခဏလေးအတွင်း ထိုလူနှင့်ဆက်နွှယ်သွားသည့် ထူးဆန်းသောကံဆက်ကြိုးကို ဖန်တီးမိခဲ့ကြောင်း ခံစားလိုက်ရသဖြင့် သူ့မှာ ရင်တုန်သွားလေတော့၏။

All Chapters