အင်အားအလုံးအရင်းဖြင့် ရောက်ရှိလာခြင်း
Vol. 63 Ch. 865
သို့သော် ဝမ်ပေါင်လဲ့မှာ သူထင်ထားသလောက် သန်မာနေခြင်းမရှိသည့် သူ၏ အပြင်ခန္ဓာကိုယ်အား ထည့်တွက်ကြည့်လိုက်ပြီးနောက် သူသည် သူ့ကိုယ်သူ အထင်ကြီးလွန်းနေသည်ဖြစ်ကြောင်း လက်ခံလိုက်ရ၏။ သူသည် ရုတ်ခြည်းဆိုသလို ကျင့်ကြံခြင်းအဆင့် မြင့်တက်သွားခဲ့သောကြောင့် သူ၏ အခြေအနေအစစ်အမှန်ကိုပင် မရိပ်မိနိုင်လောက်အောင် ဖြစ်နေရခြင်း ဖြစ်ပေသည်။
" လက်စွပ်ထဲက အချုပ်အနှောင်က ပြဿနာမဟုတ်ဘူး။ ငါ နည်းနည်းလောက် အားစိုက်လိုက်ရင် အဲဒီ အချုပ်အနှောင်ကို ဖျက်လို့ရတယ်။ ဒါပေမဲ့ လက်စွပ်ထဲက လူပုံစံ စက္ကူရုပ်က မူမမှန်ဘူးကွ... " ဝမ်ပေါင်လဲ့မှာ မကြာသေးမီတုန်းက သူ ကြုံတွေ့ခဲ့ရသည့် ဖြစ်ရပ်ကြီးအား ပြန်တွေးမိလိုက်သောအခါ ကျောချမ်းသွားရ၏။ ထို့ကြောင့် သူသည် ထို အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့် ကျင့်ကြံသူကြီး အသက်အန္တရာယ်နှင့် ကြုံတွေ့နေခဲ့ရစဉ်တုန်းကတောင် ထို လက်စွပ်အား မဖွင့်ခဲ့ရသည့် အကြောင်းအရင်းကို နားလည်သွားတော့သည်။
" အဲတာဆိုရင် ... အဲဒီ အဆုံးမဲ့မျိုးနွယ်စုဝင် ဂြိုဟ်အဆင့်ကျင့်ကြံသူကြီးက ဘယ်လိုလုပ်ပြီးတော့ အဲဒီ စက္ကူရုပ်ကို ဒီ သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းနိုင်ခဲ့ရတာလဲ " ဝမ်ပေါင်လဲ့မှာ အဖြေရှာမရ ဖြစ်နေသလို သူ၏ ယူဆချက်များမှာလည်း မှန်ကန်နေသည်ဖြစ်ကြောင်း သိရှိသွားတော့သည်။ ထို သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများမှာ အမှန်တကယ်ပင် အံသြဖွယ်ရာ ကောင်းနေသည်မဟုတ်ပါလော။
" အဲဒီ ပုလင်းလေးထဲမှာ အဆင့်မြင့် လျှို့ဝှက်ဆန်းကြယ် စာလိပ်တစ်ခုခု ရှိနေလောက်တယ် " ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များ တောက်ပလာ၏။ သူသည် ထို စာလိပ်ထဲ၌ ရှိနေသော " သူဌေးတစ်ယောက် " ဆိုသည့် စကားလုံးများကြောင့် ဇဝေဇဝါ ဖြစ်သွားခဲ့ရပါသော်လည်း ထိုစကားလုံးများ၏ နောက်ကွယ်တွင် လေးနက်သည့် အဓိအပ္ပါယ်တစ်ခုခု ရှိနေနိုင်သည်ဟု ယုံကြည်နေဆဲပင်။
" ထူးဆန့်အံ့ဖွယ် ဖြစ်ရပ်တွေဆိုတာ သာမန်အခြေအနေတွေထဲကနေပဲ ပေါ်ပေါက်လာလေ့ရှိတာ.. " ဝမ်ပေါင်လဲ့မှာ သူ အဆင့်မြင့် အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲ၌ ဖတ်ရှုခဲ့သည့် စာကြောင်းအား ပြန်၍သတိရသွား၏။ ယခင်တုန်းက သူသည် ထိုစာကြောင်း၏ အဓိပ္ပါယ်ကို ရှင်းရှင်းလင်းလင်း နားမလည်ခဲ့ပါသော်လည်း ယခုတွင်မူ သူသည် နားလည်သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် အမြော်အမြင် ပိုရှိလာပြီဖြစ်ကြောင်း ခံစားလိုက်ရ၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သိုလှောင်လက်စွပ်အား သေသေချာချာ သိမ်းဆည်းလိုက်၏။ သို့သော် သူသည် ထိုမျှလောက်နှင့် စိတ်မချနိုင်ဘဲ ဖြစ်နေရသောကြောင့် ထို သိုလှောင်လက်စွပ်ပေါ်၌ အချုပ်အနှောင်မြောက်မြားစွာ အသုံးပြုခဲ့သေးသည်။ ထိုသို့ ဆောင်ရွက်ပြီးသွားသောအခါမှသာ သူသည် စိတ်အေးကာ သက်ပြင်းချနိုင်သွား၏။
" ဖေဖေကြီး ဂြိုဟ်အဆင့် ရောက်တဲ့အချိန်အထိ နေနှင့်ဦးပေါ့ကွာ။ ငါက အဲဒီ လူပုံစံ စက္ကူအရုပ်ကို မယှဥ်နိုင်သေးပေမယ့် သူ့ကို မရရအောင် လှည့်စားပြီးတော့ လက်စွပ်ထဲက ပစ္စည်းတစ်ခုခုကို ထုတ်ပြမယ် " ဝမ်ပေါင်လဲ့မှာ နှာမှုတ်ကာ ကြိမ်းဝါးလိုက်၏။ ထို့နောက် သူသည် မျက်လုံးများမှိတ်ကာ အနားယူနေလိုက်တော့သည်။
ထိုသို့ဖြင့် သူ၏စစ်တပ်နှင့် အဆင့်တစ်တပ်ရင်း ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းဆီသို့ ဦးတည်သွားနေရင်း အချိန်များ ကုန်ဆုံးသွားတော့သည်။ နောက်ဆုံးတွင် သူတို့မှာ ထိုဂိုဏ်း၏ ပိုင်နက်ထဲသို့ ရောက်ရှိလာ၏။
ပုံမှန်ဆိုလျှင် ထိုနယ်စပ်ဒေသတွင် တာဝန်ကျနေသည့် စစ်သင်္ဘောများ ရှိနေသင့်ပါသော်လည်း ယခုတွင်မူ မည်သူမှ ရှိမနေခဲ့ပေ။ သို့ဖြစ်ရာ ထိုနယ်စပ်ဒေသမှာ လူတိုင်း စိတ်ကြိုက် ဝင်ထွက်သွားလာနိုင်သကဲ့သို့ ဖြစ်နေ၏။ ထို နေရာတစ်ဝိုက်တွင် မန္တန်များ အသုံးပြုရာမှ ထွက်ပေါ်လာခဲ့သည့် စွမ်းအင်အငွေ့အသက်များ ကျန်ရှိနေဆဲပင်။ ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရား အာရုံမှတစ်ဆင့် အလားတူ စွမ်းအင်အငွေ့အသက်များကို ခပ်လှမ်းလှမ်းတွင် အာရုံခံမိလိုက်သည်။ ၎င်းတို့မှာ ဤနေရာတွင် ရှိနေသည့် အငွေ့အသက်များထက် ပို၍အားကောင်းနေ၏။
ဝမ်ပေါင်လဲ့မှာ သူ၏ နတ်ဘုရားစိတ်ဆန္ဒဖြင့် အမိန့်တစ်ခု ထုတ်ပြန်လိုက်ပြီးနောက် နတ်သမီးလင်ယိုနှင့် ဝန်ကြီးချုပ်တို့အပါအဝင် စစ်သင်္ဘောကြီးများအားလုံးအား အရှိန်မြှင့်တင်ကာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ပင်မဂြိုဟ်ဆီသို့ ဦးတည်သွားရန် ညွှန်ကြားလိုက်သည်။
ထိုအချိန်တွင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ပင်မဂြိုဟ်၏ အလွန်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ၌ ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြီးနှင့် ဆင်တူသော တိုက်ပွဲတစ်ခု ရှိနေ၏။ သို့သော် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ အခြေအနေမှာ အနည်းငယ်ခန့် ပို၍ကောင်းမွန်နေသည်ဟု ဆိုနိုင်ပေသည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းလောက် အစွမ်းမထက်သည့်တိုင်အောင် တောင့်ခံထားနိုင်စွမ်းရှိနေဆဲပင်။ အဘယ်ကြောင့်ဆိုသော် မိုးကောင်ကင်ဝိညာဉ်ဂိုဏ်း၏ အဓိကတပ်ဖွဲ့မှာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းဆီသို့ ရောက်ရှိနေခဲ့သောကြောင့်ပင်။
နှစ်ဘက်စလုံးမှာ စစ်ကူများ စောင့်ဆိုင်းနေကြခြင်းဖြစ်သည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးနှင့် တိုက်ခိုက်နေသည့် ကျင့်ကြံသူမှာ မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီး ဖြစ်ပေသည်။ သူသည်လည်း ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးကဲ့သို့ပင် အစောပိုင်း ဂြိုဟ်အဆင့်၌ ရှိနေ၏။ ထို့ကြောင့် သူတို့၏ တိုက်ပွဲကြီးမှာ သူမသာကိုယ်မသာ အနေအထားတွင် ရှိနေပြီး မည်သူကမှ မိမိ၏ ပြိုင်ဘက်အား အလဲမထိုးနိုင်ဘဲ ဖြစ်နေရသဖြင့် ရှည်ကြာနေရတော့သည်။
စစ်မြေပြင်ပေါ်ရှိ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ တိုက်ပွဲများမှာလည်း ထိုနည်းတူပင်။ ထိုစစ်မြေပင်ကြီးတစ်ခုလုံးမှာ ရုန့်ရင်းကြမ်းတမ်းသော လွန်ဆွဲပွဲကြီး တစ်ခုကဲ့သို့ပင်။ နှစ်ဘက်စလုံးမှာ စိုးရိမ်စိတ်များ ကြီးထွားလာနေကြရပြီ ဖြစ်သည်။ အသေအပျောက်နှုန်းမှာ အတော်အသင့် နိမ့်နေသေးပါသော်လည်း ဒဏ်ရာမရထားသည့် ကျင့်ကြံသူဟူ၍ တစ်ယောက်မှ မရှိပေ။
အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ လူတိုင်းမှာ စိတ်ရောကိုယ်ပါ ပင်ပန်းလာကြတော့သည်။ သို့သော် စစ်ကူများ ရောက်မလာသေးသောကြောင့် တိုက်ပွဲကြီးမှာ ဆက်ဖြစ်နေဆဲပင်။ မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းမှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ လေးဖက်လေးတန်အား ပိတ်ဆို့ထားပြီး အပြင်ဘက်သို့ ဆက်သွယ်မှုများ မပြုလုပ်နိုင်အောင် တားဆီးထားသည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာလည်း အလားတူပင် ဆောင်ရွက်နိုင်ခဲ့ပေသည်။ ထို့ကြောင့် နှစ်ဘက်စလုံးမှ အချုပ်အနှောင်များ ထွက်ပေါ်လာကြပြီး ထို စစ်မြေပြင်ကြီးအား ပြင်ပကမ္ဘာနှင့် တသီးတခြားစီ ဖြစ်နေအောင် ပိတ်လှောင်ထားတော့သည်။
ထို့ကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ သူ၏ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့ ရှုံးနိမ့်သွားခဲ့ရသည့် သတင်းကို သိရှိထားခြင်းမရှိပေ။ သူသည် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းမှာ ပျက်သုဉ်းသွားပြီဖြစ်ပြီး သူတို့ စီစဉ်ထားခဲ့သည့်အတိုင်း သူ၏ ဂိုဏ်းချုပ်ကြီးနှင့် ဘယ်လက်ရုံး အကြီးအကဲကြီးတို့မှာ သူ့ဆီသို့ လာနေလောက်ပြီဖြစ်ကြောင်း မှတ်ယူထားသည်။
သူတစ်ယောက်သာလျှင် စစ်ကူများကို မျှော်နေသည် မဟုတ်ပေ။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း စိုးရိမ်တကြီးဖြစ်နေရ၏။ သူသည် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းဆီမှ စစ်ကူများရောက်လာရန် မျှော်လင့်နေခြင်းဖြစ်သည်။ ထိုစစ်ကူများမှာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်ပေသည်။ သူ့ဆီတွင် အခြားမည်သည့်နည်းလမ်းမှ မရှိတော့ပေ။ ဤ တိုက်ပွဲကြီး စတင်သွားခဲ့စဉ်ကတည်းက သူ၏ရန်သူများမှာ သူတို့အား ပိတ်လှောင်ထားနိုင်ရန်သာ ကြံရွယ်ထားခဲ့ကြခြင်း ဖြစ်၏။ ထို့ကြောင့် သူသည် လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
သို့ဖြစ်ရာ အသေအကျေ တိုက်ခိုက်ရမည့် နည်းလမ်းတစ်ခုသာ ကျန်တော့ပေသည်။ သူသည် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း သူတို့ဆီသို့ ကျူးကျော်လာသည့် တပ်ဖွဲ့များအား အနိုင်မယူနိုင်လျှင်တောင် ထိုတိုက်ပွဲကြီးအား အနည်းဆုံး ရှေ့မတိုးသာနောက်မဆုတ်သာ အနေအထားတွင် ထိန်းသိမ်းထားနိုင်ရန် မျှော်လင့်နေ၏။ ထိုသို့သာဆိုပါက မိုးကောင်ကင်ဝိညာဉ်ဂိုဏ်း၏ ညာလက်ရုံး အကြီးအကဲကြီးမှာ သူနှင့် သူ၏တပ်ဖွဲ့များ ခြေကုန်လက်ပန်းကျသွားသည့် အချိန်တွင် အတိုက်အခိုက်ရပ်စဲရန် ဆုံးဖြတ်လိုက်မည်သာဖြစ်ကြောင်း သူက ယုံကြည်နေသည်။
ဤတိုက်ပွဲကြီးမှာ သူတို့၏ တောင့်ခံနိုင်စွမ်းကို စမ်းသပ်မည့် တိုက်ပွဲကြီး ဖြစ်ပေသည်။ ထိုသို့ဖြင့် ထစ်ချုန်းသံများ၊ ဒေါသတကြီး အော်ဟစ်မြည်တမ်းသံများနှင့် နာကျင်မှုများဖြင့် ပြည့်နှက်နေသည့် ငိုကြွေးသံများမှာ လေထုထဲ၌ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ ထိုအချိန်တွင် မလှမ်းမကမ်းရှိ စကြဝဠာကြီးထဲ၌ အလင်းရောင်များ ပေါ်ပေါက်လာ၏။ အစပိုင်းတွင် ၎င်းတို့မှာ မှေးမှိန်နေခဲ့ပါသော်လည်း ချက်ချင်းဆိုသလိုပင် အရောင်တောက်ပလာကြသည်။ သို့ဖြစ်ရာ ကြယ်ပျံပေါင်း မြောက်မြားစွာ အရှိန်အဟုန်ဖြင့် မျောလွင့်လာသကဲ့သို့ပင်။ စစ်မြေပြင်ပေါ်ရှိ ကျင့်ကြံသူတိုင်းမှာ ၎င်းတို့ ရောက်ရှိလာသည်ကို အာရုံခံမိလိုက်ကြသောအခါ စိတ်နှလုံး လှုပ်ရှားသွားရ၏။
၎င်းတို့အား သေသေချာချာ အကဲခတ်ကြည့်ရှုနေစရာ မလိုပေ။ ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုစစ်ကူများသည် မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းမှ မဟုတ်ကြောင်း ချက်ချင်းပင် သိလိုက်၏။ ထို့ကြောင့် သူ၏ မျက်နှာမှာ သုန်မှုန်သွားရ၏။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီး၏ မျက်နှာအမူအရာမှာမူ သူနှင့် လုံးဝ ဆန့်ကျင်ဘက်ပင်။ သူ၏ မျက်ဝန်းများထဲ၌ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို အထင်းသား မြင်နေရပြီ ဖြစ်သည်။ သူ ထိုကဲ့သို့ စိတ်လှုပ်တရှားဖြစ်နေစဉ် ထိုကြယ်ပျံများမှာ အားကောင်းသော ဝိညာဉ်စွမ်းအင်များနှင့်အတူ စစ်မြေပြင်ကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေတော့သည်။
ထို ကြယ်ပျံများမှာ ဝမ်ပေါင်လဲ့၏ အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော စစ်သင်္ဘောကြီးတပ်ကြီးနှင့် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်၏ အဆင့်တစ်တပ်ရင်းတို့ ဖြစ်ကြပေသည်။ ၎င်းတို့မှာ စကြဝဠာကြီးအား ထိုးခွင်းကာ တိုက်ပွဲကြီးထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာကြ၏။ ထို့နောက် ဝန်ကြီးချုပ်၏ ဦးဆောင်မှုအောက်တွင် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ အဆင့်တစ်တပ်ရင်းထဲမှ ကျင့်ကြံသူပေါင်း မြောက်မြားစွာနှင့် ဝမ်ပေါင်လဲ့၏ ရုပ်သေးရုပ် တစ်သိန်းကျော်တို့သာမက သူ၏ ဧကရာဇ်ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်တို့မှာ ၎င်းတို့၏ စစ်သင်္ဘောကြီးများထဲမှ ပြေးထွက်လာကြပြီး မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းဆီသို့ အရှိန်အဟုန်ဖြင့် ပျံသန်းလာကြတော့သည်။
နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း၏ ဝန်ကြီးချုပ်မှာ စစ်သင်္ဘောအပြင်ဘက်သို့ ရောက်လာသည်နှင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်သဖြင့် သူ၏ စကားသံကြီးမှာ စစ်မြေပြင်ထဲ၌ ပဲ့တင်ထပ်သွား၏။
" မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းရဲ့ ဘယ်လက်ရုံး အကြီးအကဲကြီးက တိုက်ပွဲထဲမှာ ကျသွားပြီးတော့ သူတို့ရဲ့ ဂိုဏ်းချုပ်ကြီးကလည်း ဒဏ်ရာ အပြင်းအထန် ရသွားခဲ့ပြီ။ သူတို့ရဲ့ စစ်တပ်တွေထဲက အများစုကလည်း ချေမှုန်းခံလိုက်ရပြီဖြစ်သလို ကျန်ခဲ့တဲ့ ကျင့်ကြံသူတွေကလည်း အသက်လုပြီး ထွက်ပြေးသွားကြရပြီ။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းက အပြတ်အသတ် အနိုင်ရရှိခဲ့တာ။ အခု ငါတို့က ဂိုဏ်းခေါင်းဆောင်ကြီးရဲ့ အမိန့်အရ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို ကူညီပေးဖို့ရောက်လာကြတာပဲ "
နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်း ရောက်ရှိလာမှုကြောင့် စစ်ပန်းနေကြသည့် မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းသားများမှာ မျက်နှာအမူအရာများ ပြောင်းလဲသွားကြ၏။ သူတို့မှာ အတွေးများ ယောက်ယက်ခတ်ကာ တစ်ခေါင်းလုံး ထူပူနေကြရပြီဖြစ်သည်။ အစတွင် သူတို့မှာ လုံးဝ မယုံကြည်နိုင်လောက်အောင် ဖြစ်နေရ၏။ သူတို့၏ အမြင်တွင် ဝန်ကြီးချုပ် ပြောခဲ့သည့်စကားများမှာ ဖြစ်နိုင်ခြေ လုံးဝမရှိပေ။ သို့သော် ယခုတွင် သူတို့မှာ ဤနေရာအထိ ရောက်ရှိလာပြီဖြစ်ရာ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းအား ကျူးကျော်နေသည့် တပ်ဖွဲ့များမှာ အမှန်တကယ် ချေမှုန်းခံလိုက်ရခြင်း ဖြစ်ရပေမည်။
စစ်မြေပြင်ပေါ်တွင် ထိုကဲ့သို့ အတွေးများ ယောက်ယက်ခတ်နေခြင်းမှာ အလွန်အင်မတန်မှ အန္တရာယ်များပေသည်။ ညာလက်ရုံး အကြီးအကဲကြီးပင်လျှင် ထိုကဲ့သို့ ခံစားလိုက်ရ၏။ သို့သော် သူသည် ချက်ချင်းဆိုသလိုပင် သူ၏ ကြောက်စိတ်များကို ဖျောက်ဖျက်လိုက်ပြီး အော်ပြောလိုက်၏။
" အဓိပ္ပါယ်မရှိတဲ့ စကားတွေ။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းက သူတို့ရဲ့ အဓိက တပ်ဖွဲ့ထဲကနေ အသေးစား စစ်တပ်လေးတစ်ခုကို ခွဲထုတ်ပြီးတော့ ငါတို့ကို လှည့်စားပြီး ဇဝေဇဝါဖြစ်သွားအောင် လုပ်ဖို့ ကြိုးစားနေတာ " ညာလက်ရုံး အကြီးအကဲကြီးမှာ သူ၏ လက်အောက်ငယ်သားများ၏ ကြောက်စိတ်များကို ဖျောက်ဖျက်နိုင်ရန်အလို့ငှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်၍ အသံကုန် အော်ဟစ်လိုက်၏။ ထို့နောက် သူသည် ဝန်ကြီးချုပ်အား သတ်ဖြတ်နိုင်ရန် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်သည်။ သို့သော် ထိုအချိန်တွင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးဆီမှ ရယ်မောသံကြီးတစ်သံ ထွက်ပေါ်လာသဖြင့် သူသည် ခြေလှမ်းများ ရပ်တန့်သွားရတော့သည်။
တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ လှစ်ခနဲလှုပ်ရှားကာ သူ၏ ဓမ္မစစ်သင်္ဘောကြီး၏ အပြင်ဘက်သို့ ပျံထွက်လာ၏။ ထို့နောက် သူသည် အဝေးမှနေ၍ စစ်မြေပြင်ကြီးအား လှမ်းကြည့်ရင်း သူ၏ ညာဘက်လက်ကို အသာအယာ မြှောက်ကာ လက်ညှိုးထိုးလိုက်သည်။ ထိုအခါ သူ၏ လက်ချောင်းထဲမှ လေပြင်းတစ်ချက် ထွက်ပေါ်လာကာ ရှေ့သို့ တိုက်ခတ်သွားပြီး သူနှင့် ခပ်လှမ်းလှမ်းတွင် တိုက်ခိုက်နေသည့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်၏ အလယ်သို့ ရောက်ရှိသွားတော့သည်။
ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူနှစ်ယောက်ထဲမှ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားမှာ ဝမ်ပေါင်လဲ့ မြင်ဖူးသည့် လူတစ်ယောက် ဖြစ်၏။ သူသည် နဂါးနက်ခေါင်းဆောင်ဟောင်းကြီးအား သူ့ဆီ၌ ခိုလှုံခွင့်ပေးခဲ့ပြီး ဝမ်ပေါင်လဲ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့သည့် အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးဖြစ်ပေသည်။ ယခုတွင် သူသည် အသက်အန္တရာယ်နှင့် ကြုံတွေ့နေရပြီး စက္ကန့်အနည်းငယ်ခန့်အကြာတွင် သေဆုံးသွားတော့မည့် အနေအထားသို့ ရောက်နေ၏။
ထိုအချိန်တွင် ပေါကြွယ်ဝသော ကျင့်ကြံခြင်းစွမ်းအားများ ကိန်းအောင်းနေသည့် ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကြီးမှာ သူတို့ဆီသို့ အရှိန်အဟုန်ဖြင့် ရောက်ရှိလာပြီဖြစ်သည်။ ထို့ကြောင့် မိုးကောင်ကင်ဝိညာဉ်ဂိုဏ်းမှ အစောပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ ထိတ်လန့်တုန်လှုပ်သွားရပြီး မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ နောက်သို့ ချက်ချင်းဆုတ်ခွာသွား၏။ သို့သော်လည်း ထိုတိုက်ကွက်ကြီးမှာ သူ့အား ရိုက်ခတ်သွားဆဲ ဖြစ်သောကြောင့် သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာရဆဲပင်။ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာလည်း မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ သူသည် နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်ပြီး သူ၏အသက်ကို ကယ်တင်ပေးခဲ့သည့် ကျင့်ကြံသူအား လှမ်းကြည့်လိုက်သောအခါ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသဖြင့် မျက်လုံးများ ပြူးသွားရတော့သည်။ သူသည် မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။
ဝမ်ပေါင်လဲ့မှာမူ အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးအား လျစ်လျူရှုလိုက်သည်။ သူ၏ အသက်အား ကယ်တင်ပေးရခြင်းမှာ သူ့အတွက် အပန်းမကြီးပေ။ ထို့ကြောင့် သူသည် ခေါင်းမော့ကာ စကြဝဠာကြီးထဲ၌ တိုက်ခိုက်နေသည့် ဂြိုဟ်အဆင့် ကျင့်ကြံသူနှစ်ယောက်အား ကြည့်လိုက်ပြီးနောက် မျက်လုံးများ မှေးသွားတော့သည်။
သူသည် လမ်းတစ်လျှောက်တွင် အစီအစဉ်များ သေသေချာချာ ရေးဆွဲထားခဲ့ပြီးသား ဖြစ်၏။ သူသည် စစ်မဟာဗျူဟာ လိုအပ်ချက်များအရသာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းအား လာရောက်ကူညီပေးရခြင်း ဖြစ်သည့်တိုင်အောင် သူတို့အား မနှစ်မြို့ပေ။ ထို့ကြောင့် သူသည် ဤ ကယ်ဆယ်ရေးလုပ်ငန်းထဲ၌ သူတို့အား အမြတ်ထုတ်နိုင်မည့် အခွင့်အရေးများကို ရှာဖွေရန် ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။