← Chapters

ကောင်းပြီလေ

Vol. 63 Ch. 866

ကောင်းပြီလေ

Vol. 63 Ch. 866

ဝမ်ပေါင်လဲ့၏ အကျင့်စရိုက်မှာ ထိုကဲ့သို့ပင်ဖြစ်ပေသည်။ သူသည် သူ့အား အနိုင်ကျင့်ဖူးခဲ့သည့် လူတိုင်းကို စိတ်ထဲတွင်စွဲနေအောင် မှတ်သားထားမည်ဖြစ်ပြီး အခွင့်အရေးရပါက ပြန်၍ လက်စားချေတတ်သည်သာ ဖြစ်သည်။

သို့သော် သူသည် အမြဲတမ်း အငြိုးအတေး ကြီးနေသည်တော့ မဟုတ်ပေ။ အက်ကွဲကြောင်းနက်တပ်ရင်းမှာ သူ့အား သတ်ဖြတ်ရန် ကြိုးစားခဲ့ပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူတို့အား မကောင်းကြံရန် စိတ်ကူးမရှိသလို သူတို့အား မကူညီဘဲ လွှတ်ပေးထားရန်လည်း စိတ်ကူးမရှိပေ။

သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးပေါ်တွင်သာ အာရုံရောက်နေ၏။ သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားခဲ့ပြီးနောက် အရေးပါအရာရောက်သည့် လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်လာပြီဟု သူ့ကိုယ်သူ မှတ်ယူထားခဲ့၏။ သို့ဖြစ်ရာ သူနှင့် အက်ကွဲကြောင်းနက်တပ်ရင်း၏ ကြားရှိ ရန်ငြိုးဟောင်းများကို အထအနကောက်နေခြင်းမှာ သူ၏ ရာထူးအဆင့်အတန်းအသစ်နှင့် ကိုက်ညီမှုမရှိပေ။

" ‌ဘေးနားမှာ ဘယ်သူမှရှိမနေရင် ကိစ္စမရှိပေမဲ့ အခုက လူအများကြီး ရှိနေတာလေ။ ထားလိုက်ပါတော့။ ဖေဖေကြီးက သဘောထားကြီးတဲ့ လူတစ်ယောက်ဆိုတော့လည်း ခွင့်လွှတ်ပေးလိုက်ပါ့မယ် " ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်လိုက်ပြီး ခံစားချက်မျိုးစုံ ရောယှက်နေသည့် မျက်ဝန်းများဖြင့် သူ့အားစိုက်ကြည့်နေသော အက်ကွဲကြောင်းနက်တပ်ရင်း ခေါင်းဆောင်ကြီးအား လျစ်လျူရှုလိုက်၏။ သူသည် ခွေးကိုက်ခံရပါက ထို‌ခွေး၏ သခင်ဖြစ်သူနှင့်သာ ဖြေရှင်းသင့်သည်ဟု မှတ်ယူထားသည့် လူတစ်ယောက်ဖြစ်သည်။

ထို့ကြောင့်လည်း သူသည် ဤတိုက်ပွဲကြီးဆီသို့ လာရာလမ်းတွင် ဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။ သူတို့ နှစ်ယောက်၏ကြားမှ အငြင်းပွားမှုအတွက် အမှန်တကယ် တာဝန်ရှိသည့်လူမှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးသာ ဖြစ်ပေသည်။

" ကြည့်ရတာ ငါ အရင်တုန်းကထက် တော်တော်လေးကိုပိုပြီးတော့ အမြော်အမြင် ရှိလာတာပဲကွ။ အနာဂတ်မှာ ပြည်ထောင်စုဥက္ကဋ္ဌဆိုတဲ့ ရာထူးကို လက်ခံရမယ့် လူတစ်ယောက်အနေနဲ့ အခုလိုပဲ စဉ်းစားတွေးတောပြီး ကျင့်ကြံပြုမူသင့်တယ် " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ့ကိုယ်သူကျိတ်၍ ကျေနပ်နေတော့သည်။ ထို့နောက် သူသည် ခေါင်းမော့ကာ ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်ပြီးနောက် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီးတို့ကို စိုက်ကြည့်နေလိုက်သည်။ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးအား အမြတ်ထုတ်နိုင်မည့် နည်းလမ်းများကို စဉ်းစားတွေးတောနေ၏။ သူ၏မျက်ဝန်းများထဲမှ မကောင်းကြံလိုသည့် စိတ်များမှာ သိသာထင်ရှားလွန်းနေသောကြောင့်လားတော့ မသိပေ။ ထိုခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ အကြည့်များကို သတိထားမိလိုက်သောအခါ စိတ်ထဲ၌ အနည်းငယ်ခန့် မသိုးမသန့် ဖြစ်သွားရ၏။

ညာလက်ရုံး အကြီးအကဲကြီးမှာလည်း သူ့နည်းတူပင်။ သူသည် လက်ရှိ အခြေအနေကြီးမှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ မဟာဗျူဟာမြောက် လှည့်ကွက်တစ်ခုသာဖြစ်ပြီး နတ်ဧကရာဇ် တရားမျှဂိုဏ်းအား သွားရောက်တိုက်ခိုက်ခဲ့သည့် တပ်ဖွဲ့များ ကျရှုံးသွားရခြင်းမဟုတ်ဟု ပြန်လည်ချေပခဲ့ပါသော်လည်း ထိုကဲ့သို့ လုံးဝမဖြစ်နိုင်ကြောင်း သိရှိထားပြီးဖြစ်သည်။ ရောက်ရှိလာခဲ့သည့် စစ်ကူများမှာ မကြာသေးမီတုန်းက တိုက်ပွဲကြီးတစ်ခုထဲ၌ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သည့် ပုံစံ ပေါက်နေသည် မဟုတ်ပါလော။

သူတို့၏ ရောက်ရှိလာမှုကြောင့် သူ၏ ဂိုဏ်းချုပ်ကြီး ရှုံးနိမ့်သွားခဲ့ရသည်ဟု သေချာပေါက် မှတ်ယူ၍ မရပါသော်လည်း ယခုလို ရန်သူများ အဖွဲ့ခွဲကာ စစ်ကူများ စေလွှတ်နိုင်ခဲ့သည်ကိုကြည့်လျှင် ဤစစ်ပွဲကြီးမှာ သူတို့ မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာမကြောင်း သိနိုင်ပေသည်။ သို့ဖြစ်ရာ မျှော်လင့်မထားသည့် ဖြစ်ရပ်တစ်ခုခု ပေါ်ပေါက်လာခြင်း သို့မဟုတ် ထို တိုက်ပွဲကြီးမှာ ရှေ့မတိုးသာ နောက်မဆုတ်သာသည့် အခြေအနေသို့ ရောက်ရှိသွားရခြင်း ဖြစ်ရပေမည်။

ထို ဖြစ်နိုင်ခြေနှစ်ခုကြောင့် သူသည် စိုးရိမ်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် ထွက်ပြေးဆုတ်ခွာသွားချင်စိတ်များ ပေါက်လာပြီး ဤတိုက်ပွဲကြီးအား အချိန်ထပ်ဆွဲနေရန် ဆန္ဒမရှိတော့ပေ။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို နောက်ထပ်တစ်ကြိမ် ထုတ်လွှတ်ကာ သူ၏ ဂြိုဟ်အဆင့် ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများကို စစ်မြေပြင်ကြီး တစ်ခုလုံးထဲ၌ ပျံ့နှံ့သွားအောင် ဖြန့်ကြက်လိုက်ပြီးနောက် သူ၏ပြိုင်ဘက်နှင့် ဝေးရာသို့ ဆုတ်ခွာသွားရန် ဆုံးဖြတ်လိုက်တော့သည်။

အကယ်၍ သူ စီစဉ်ထားသည့်အတိုင်းသာ ဖြစ်လာမည်ဆိုပါက ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ခေါင်းဆောင်ကြီးမှာ သူ၏ အကြံအစည်များကို ရိပ်မိသွားသည်နှင့် သူ့အား နောက်သို့ဆုတ်ခွာခွင့် ပေးလိုက်မည်သာ ဖြစ်သည်။

အဘယ်‌ကြောင့်ဆိုသော် သူသည်လည်း ဖြစ်ရပ်မှန်အား အတိအကျ သိရှိထားခြင်း မရှိသောကြောင့်ပင်။ သူတို့ တိုက်ခိုက်နေခဲ့သည်မှာ အလွန်အင်မတန်မှ ကြာမြင့်နေပြီဖြစ်ရာ သူသည်လည်း ဤတိုက်ပွဲကြီးအား အချိန်ထပ်ဆွဲထားရန် ဆန္ဒမရှိတော့ပေ။ သူနှင့် သူ၏ဂိုဏ်းမှာ အားအင်ပြန်လည်ဖြည့်တင်းနိုင်ရန် အချိန်လိုအပ်ပေသည်။ ထို့ကြောင့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာ သူ၏ရန်သူ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားတော့မည့် အရိပ်အယောင်များကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် တစ်ခဏမျှသာ ဇဝေဇဝါ ဖြစ်သွားလိုက်ပြီးနောက် သူ၏ရန်သူအား ထွက်ပြေးခွင့် ပေးလိုက်တော့သည်။

မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီးမှာလည်း ထိုအခွင့်အရေးအား ချက်ချင်းပင် သတိထားမိလိုက်သဖြင့် နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်ပြီး ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီး၏ ဝေးရာသို့ ရောက်ရှိသွားတော့သည်။

ညာလက်ရုံး အကြီးအကဲကြီး ထိုကဲ့သို့ ထွက်ပြေးဆုတ်ခွာသွားသောအခါ ဝမ်ပေါင်လဲ့မှာမူ ဖြစ်ကြောင်းကုန်စင်အား နားလည်သွား၏။ ထို့ကြောင့် သူသည် အတွေးထဲ၌ အကြံအစည်တစ်ခု ပေါ်ပေါက်လာပြီး မျက်ဝန်းများ ဝင်းလက်စွာ တောက်ပသွားတော့သည်။ သူသည် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးအား အမြတ်ထုတ်နိုင်မည့် နည်းလမ်တစ်ခုအား တွေးမိသွားခြင်းဖြစ်၏။

" ငါက ဘာမှမလုပ်ရသေးတာကို မင်းက ထွက်ပြေးဖို့ စဉ်းစားနေတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းအား တွေးမိသွားသည်နှင့် မျက်ဝန်းများ အရောင်တောက်ပသွားပြီး အသံကုန်အော်ဟစ်ကာ ကြယ်ပျံတစ်လုံးကဲ့သို့ စစ်မြေပြင်အား ထိုးခွင်းသွားလိုက်ပြီး ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းမှ ညာလက်ရုံး အကြီးအကဲကြီးတို့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလိုက်တော့သည်။

" မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ‌ခေါင်းဆောင်ကြီးခဗျား။ ကျွန်တော် ခေါင်းဆောင်ကြီးကို ကူညီပေးဖို့ အမိန့်တစ်ခု ရထားပါတယ်။ ကျွန်တော် အသေအကြေတိုက်ခိုက်ဖို့ အဆင်သင့်ပါပဲ " ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ဟစ်ကာ အရှိန်မြှင့်တင်လိုက်၏။ သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများအားလုံးကို ထုတ်သုံးထားခြင်း မရှိသေးပေ။ သို့သော်ငြားလည်း သူသည် ညာလက်ရုံး အကြီးအကဲကြီးအား ထွက်မပြေးနိုင်အောင် တားဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် သူ့ဆီသို့ လျင်မြန်စွာ ဦးတည်သွားနေဆဲပင်။

ညာလက်ရုံး အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့၏ အော်သံကြီးအား ကြားလိုက်ရသည်နှင့် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့၏ ရောက်ရှိလာမှုအား အထူးတလည် စိုးရိမ်နေခြင်းတော့မရှိပေ။ သူ၏အမြင်တွင် ဂြိုဟ်အဆင့်သို့ မရောက်သေးသည့်လူများမှာ ပုရွက်ဆိတ်သာသာ အဆင့်တွင်သာ ရှိပေသည်။ ထို့ကြောင့် သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝမ်ပေါင်လဲ့ဆီသို့ တိုက်ကွက်တစ်ကွက် ပစ်လွှတ်လိုက်၏။ ထို့အပြင် သူသည် အရှိန်လျော့ကျသွားခြင်းမရှိသည့်အပြင် နောက်သို့ ဆက်လက်ဆုတ်ခွာသွားနေဆဲပင်။ တချိန်ထဲမှာပင် သူသည် သူ၏ နတ်ဘုရားအာရုံမှတစ်ဆင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်းသားများ အားလုံးကိုလည်း နောက်သို့ဆုတ်ခွာသွားရန် အမိန့်ပေးလိုက်သေးသည်။

ထိုနည်းတူပင် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာလည်း ဝမ်ပေါင်လဲ့အား အရေးစိုက်နေခြင်းမရှိပေ။ သူသည် စိတ်ထဲတွင်မူ ဝမ်ပေါင်လဲ့မှာ သူနှင့် မဆိုင်သည့်ကိစ္စထဲ၌ ဝင်ရှုပ်နေသည်ဖြစ်ကြောင်း ခံစားလိုက်ရ၏။ သို့သော်လည်း သူသည် သူတို့အား ကူညီပေးရန် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းကိုယ်စား ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ခေါင်းဆောင်ကြီးကိုယ်တိုင် ရောက်မလာခဲ့သည့်အတွက် မည်မျှပင် မကျေမနပ်ဖြစ်နေစေကာမူ သူ၏ ဂိုဏ်းသားများ၏ ရှေ့၌ ဝမ်ပေါင်လဲ့၏ အကူအညီအား ငြင်းဆန်၍ မဖြစ်ပေ။ သူသည် ဣန္ဒြေအပြည့်ရှိနေသည့်ပုံစံ ပေါက်နေရန် လိုအပ်ပေသည်။ ထို့ကြောင့် သူသည် ညာလက်ရုံး အကြီးအကဲကြီးအား တားဆီးနိုင်ရန် အစွမ်းကုန်ကြိုးစားနေသည့်ပုံဖြင့် သူ၏ ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်တော့သည်။ သို့သော် အမှန်တကယ်တွင်မူ သူသည် သူ၏စွမ်းအားများထဲမှ အချို့အဝက်ကို ထိမ်ချန်ထားခဲ့၏။ သူသည် ညာလက်ရုံး အကြီးအကဲကြီးအား ထွက်ပြေးခွင့်ပေးရန် ကြံရွယ်နေခြင်းဖြစ်သည်။

ထို့ကြောင့် သူ၏ ဂိုဏ်းသားများမှာ သူတို့၏ ခေါင်းဆောင်ကြီး တိုက်ကွက်တစ်ကွက်ကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့တစ်ယောက် အသက်စွန့်၍ ညာလက်ရုံး အကြီးအကဲကြီးအား ထွက်မပြေးနိုင်အောင် တားဆီးနေသည်ကို မြင်လိုက်ရတော့သည်။ သူတို့အားလုံး ထို အခြင်းအရာများကို စောင့်ကြည့်နေကြစဉ် ညာလက်ရုံး အကြီးအကဲကြီး ထုတ်လွှတ်လိုက်သည့် တိုက်ကွက်ကြီးမှာ စကြဝဠာကြီးအား ကျော်ဖြတ်လာပြီးနောက် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသဖြင့် သူသည် တစ်ကိုယ်လုံး တုန်ရီသွားကာ ပါးစပ်ထဲမှ သွေးများပန်းထွက်လာရပြီး နောက်သို့ လွင့်ထွက်သွားရ၏။ ထိုမြင်ကွင်းကြောင့် ဂိုဏ်းသားအများစုမှာ စိတ်နှလုံး လှုပ်ရှားသွားကြရတော့သည်။

" သူက ငါတို့ကို ကူညီပေးနိုင်ဖို့ အသက်စွန့်ပြီး ကြိုးစားနေတာပဲ "

" ငါ လုံနန်ကျစ်ကို အထင်လွဲမိခဲ့ပြီ... သူ ငါတို့အတွက် အသက်စွန့်ပြီး ကြိုးစားနေလိမ့်မယ်လို့ ငါ လုံးဝ မထင်ထားခဲ့ဘူး " ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသားများမှာ နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ပေါ်ပေါက်လာရ၏။

ဝမ်ပေါင်လဲ့မှာမူ ပါးစပ်ထဲမှ သွေးများထွေးထုတ်နေရင်း စိတ်ထဲတွင် ကျိတ်၍ သူ့ကိုယ်သူ ကျေနပ်နေတော့သည်။ သူ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သော ဂြိုဟ်အဆင့်တိုက်ကွက်ကြီးမှာ အထူးတလည် အစွမ်းထက်နေခြင်းမရှိပေ။ သူသည် ၎င်းအား တောင့်ခံနိုင်စွမ်းရှိပေသည်။ သူသည် မူယာမာယာ များလိုသောကြောင့်သာ ပါးစပ်ထဲမှ သွေးများအန်ထွက်လာအောင် တမင်လုပ်လိုက်ခြင်း ဖြစ်၏။ ထို့အပြင် သူသည် အသိစိတ်ပျောက်လုမတတ် ရူးသွပ်နေသည့် မျက်နှာအမူအရာဖြင့် အသံကုန်အော်ဟစ်လိုက်ပြီးနောက် နောက်သို့ဆုတ်ခွာသွားလိုက်၏။

" ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း ခေါင်းဆောင်ကြီးခင်ဗျား။ ကျွန်တော့်ဆီမှာ နှစ်ပေါင်းများစွာ အချိန်ပေးပြီး စုစည်းထားခဲ့တဲ့ ဓမ္မစစ်သင်္ဘောကြီးတွေ ရှိပါတယ်။ ဒီ ကယ်ဆယ်ရေးလုပ်ငန်းထဲမှာ ကျွန်တော် အဲဒီ စစ်သင်္ဘောကြီးတွေကို ဖောက်ခွဲဖို့ ပြင်ထားတာပါ။ ဒါပေမဲ့ ဓမ္မစစ်သင်္ဘောတွေက တန်ဖိုးကြီး ပစ္စည်းတွေဆိုတော့ ဒီတိုက်ပွဲကြီးပြီးရင် ခေါင်းဆောင်ကြီး ကျွန်တော့်ရဲ့ ဆုံးရှူံးမှုတွေအတွက် နစ်နာကြေး ပြန်ပေးဖို့ တောင်းဆိုပါရစေ " ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ခေါင်းဆောင်ကြီး၏ အဖြေကိုပင် စောင့်ဆိုင်းနေခြင်း မရှိဘဲ အသံကုန်အော်ဟစ်ကာ သူ၏ညာဘက်လက်အား လေထဲသို့မြှောက်လိုက်၏။ ထို့နောက် သူသည် သူ တော်ဝင်သင်္ချိုင်းကုန်းထဲမှ ရယူခဲ့သည့် ဓမ္မစစ်သင်္ဘောနှစ်စင်းအား ထုတ်ယူလိုက်ပြီးနောက် ညာလက်ရုံး အကြီးအကဲကြီးဆီသို့ လှမ်းပစ်လိုက်တော့သည်။

" ပေါက်ကွဲစေ "

ထိုအခါ ထို ဓမ္မစစ်သင်္ဘောနှစ်စင်းမှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားကြသဖြင့် ဝိညာဉ်စွမ်းအင်လှိုင်းများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကြ၏။ ထို မြင်ကွင်းကြောင့် ဘေးပတ်ပတ်လည်ရှိ ဂိုဏ်းသားများမှာ အံ့ဩတုန်လှုပ်သွားရတော့သည်။

" ဘုရားရေ။ သူက သူ့ရဲ့ ဓမ္မစစ်သင်္ဘောကြီးကိုတောင် ဖောက်ခွဲပစ်တာပဲ "

" လုံနန်ကျစ်... သူက ငါတို့ကို ကယ်တင်နိုင်ဖို့အတွက် သူ့ရဲ့အသက်ကိုတင် မဟုတ်ဘဲ သူပိုင်ဆိုင်ထားသမျှ အရာအားလုံးကိုပါ စတေးပစ်နေတာပဲ "

သူတို့၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ သူတို့အား ကယ်တင်နိုင်ရန်အတွက် အရာအားလုံးကို စတေးပစ်နေသည့်ပုံစံ ပေါက်နေ၏။ သို့သော် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအတွက် ဓမ္မစစ်သင်္ဘောနှစ်စင်းမှာ အဖိုးမဖြတ်နိုင်လောက်အောင် တန်ဖိုးကြီးမားသည့်ပုံ ပေါ်ပါသော်လည်း ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက်မူ ၎င်းတို့မှာ စာမဖွဲ့လောက်ပေ။ ထို့ကြောင့်လည်း ညာလက်ရုံး အကြီးအကဲကြီးနှင့် မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးတို့ နှစ်ယောက်စလုံးမှာ ၎င်းတို့အား အထူးတလည် ဂရုစိုက်နေကြခြင်းမရှိပေ။ ညာလက်ရုံး အကြီးအကဲကြီးမှာဆိုလျှင် ၎င်းတို့အား လုံးဝ လျစ်လျူရှုထားလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းကာ ထိုပေါက်ကွဲအားများကို ဖိနှိပ်ချုပ်တည်းလိုက်၏။ သူသည် ထို ဓမ္မစစ်သင်္ဘောနှစ်စင်း၏ ပေါက်ကွဲမှုအားမှာ အတော်အသင့် အားပျော့နေသည်ဖြစ်ကြောင်း အာရုံခံမိနေသည်။ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးမှာမူ ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကြောင့် သူ၏ဂိုဏ်းသားများ စိတ်နှလုံးလှုပ်ရှားသွားရသည်ကို သတိထားမိလိုက်သည်။ သို့ဖြစ်ရာ သူသည် ဝမ်ပေါင်လဲ့၏ တောင်းဆိုမှုအား ငြင်းဆန်နိုင်မည် မဟုတ်ပေ။ သူသည်လည်း ထို ဓမ္မစစ်သင်္ဘောနှစ်စင်း၏ ပေါက်ကွဲအားများမှာ အတော်အသင့် အားပျော့နေသည်ကို အာရုံခံမိခဲ့သည်။ သို့သော်ငြားလည်း သူသည် ခပ်ပြတ်ပြတ်သာ ပြန်ဖြေလိုက်၏။

" ကောင်းပြီလေ "

ခေါင်းဆောင်ကြီး ထိုသို့သဘောတူလိုက်သောအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ကျေးဇူးတင်လိုသည့် အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် ညာလက်ရုံး အကြီးအကဲကြီး ထို ဓမ္မစစ်သင်္ဘောများကို လျစ်လျူရှုကာ နောက်သို့ ဆက်လက်ထွက်ပြေးဆုတ်ခွာသွားနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်ကာ သူ၏ ညာဘက်လက်ကို ဝှေ့ယမ်းလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူသည် ဓမ္မစစ်သင်္ဘော အစင်းလေးဆယ်တိတိ ထုတ်ယူကာ ညာလက်ရုံး အကြီးအကဲကြီးဆီသို့ လှမ်းပစ်လိုက်ခြင်းဖြစ်၏။

ထိုမြင်ကွင်းကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ဆွံ့အမှင်တက်သွားရပြီး တစ်ခေါင်းလုံး ထူပူသွားရတော့သည်။ သူသည် ဓမ္မစစ်သင်္ဘောနှစ်စင်း၏ ပေါက်ကွဲအားများကို လျစ်လျူရှုနိုင်ပါသော်လည်း အစင်းရေ လေးဆယ်ဆိုလျှင်မူ.... ၎င်းတို့ အားလုံးမှာ အတော်အသင့် အားကောင်းသည့် စွမ်းအားများကို ထုတ်လွှတ်နေသည်မဟုတ်ပါလော။ ထို့ကြောင့် သူသည် တုန်လှုပ်ချောက်ချားသွားရတော့သည်။ သူသည် ဂြိုဟ်အဆင့်တွင် ရှိနေပါသော်လည်း မောပန်းနွမ်းနယ်နေရပြီ ဖြစ်သလို‌ နောက်သို့ ထွက်ပြေးဆုတ်ခွာသွားရန် ကြံရွယ်ထားသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ယခုလို အလိုအလျောက် ပေါက်ကွဲနိုင်သည့် ဓမ္မစစ်သင်္ဘော အစင်းလေးဆယ်နှင့် ရင်ဆိုင်လိုက်ရချိန်တွင် သူသည် တုန်လှုပ်သွားရတော့သည်။

သူ့ထက်ပို၍ တုန်လှုပ်ချောက်ချားသွားရသည့် သူမှာ မိုးကောင်းကင်ဝိညာဉ်ဂိုဏ်း ခေါင်းဆောင်ကြီးဖြစ်ပေသည်။ သူသည် ချက်ချင်းဆိုသလိုပင် မျက်လုံးများပြူးကျယ်သွားရပြီး အတွေးများ ယောက်ယက်ခတ်သွားရ၏။ ထို့နောက် သူသည် သူပေးထားသည့် ကတိအား ပြန်၍သတိရသွားသဖြင့် တစ်ကိုယ်လုံး တုန်ရီသွားရတော့သည်။

ထိုသို့ဖြင့် ညာလက်ရုံး အကြီးအကဲကြီး၊ ခေါင်းဆောင်ကြီးနှင့် သူတို့၏ ပတ်ပတ်လည်ရှိ ကျင့်ကြံသူများအားလုံး အတွေးများ ယောက်ယက်ခတ်နေကြစဉ် ဝမ်ပေါင်လဲ့မှာ အသံကုန်အော်ဟစ်လိုက်၏။

" ပေါက်ကွဲစေ "

ထိုအခါ သူ တော်ဝင်သင်္ချိုင်းကုန်းထဲမှ ယူလာခဲ့သည့် ဓမ္မစစ်သင်္ဘော အစင်းလေးဆယ်မှာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွား၏။ ခဏအကြာတွင် စွမ်းအင်လှိုင်းများ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ စကြဝ‌ဠာကြီးထဲ၌ ပြည့်နှက်သွားပြီးနောက် လေမုန်တိုင်းများအသွင် ပြောင်းလဲသွားပြီး ထိုနေရာ၌ အရှိန်အဟုန်ပြင်းစွာ တိုက်ခတ်နေတော့သည်။

ထို ဓမ္မစစ်သင်္ဘော တစ်စင်းချင်းစီတိုင်းမှာ ဓမ္မစစ်သင်္ဘော အစစ်များ၏ ဆယ်ပုံပုံတစ်ပုံခန့်သာ ရှိသော ပေါက်ကွဲအားများကိုသာ ထုတ်လွှတ်နိုင်စွမ်း ရှိနေသည့်တိုင်အောင် ထိုကဲ့သို့သော ဓမ္မစစ်သင်္ဘော အစင်းလေးဆယ် ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် အဖျက်စွမ်းအားများကို လျှော့တွက်၍ ရမည်မဟုတ်ပေ။ ထို ပေါက်ကွဲမှုများမှ ပေါ်ပေါက်လာရသည့် လေမုန်တိုင်းကြီးများကြောင့် ညာလက်ရုံး အကြီးအကဲကြီးမှာ ထိတ်လန့်တုန်လှုပ်သွားရပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားရ၏။ ထို့ကြောင့် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းအားများ အားလုံးကို ထုတ်သုံးကာ မာန်တင်း၍ ထို လေမုန်တိုင်းကြီးများ၏ အဖျက်စွမ်းအားများကို အတင်းအဓမ္မ ဖိနှိပ်ချုပ်တည်းလိုက်ရတော့သည်။

သူ ထို လေမုန်းတိုင်းကြီးများအား ဖိနှိပ်ချုပ်တည်းလိုက်သောအခါ စကြဝဠာကြီးထဲ၌ ထစ်ချုန်းသံများ မြည်ဟည်းသွား၏။ ထို့နောက် ညာလက်ရုံး အကြီးအကဲကြီးသည် ထို ဓမ္မစစ်သင်္ဘောများမှာ သူ ထင်မှတ်ထားသလောက် အစွမ်းထက်နေခြင်း မရှိကြောင်း နောက်ထပ်တစ်ကြိမ်ထပ်၍ သိလိုက်ရသဖြင့် စိတ်အေးသွားရပြီး သက်ပြင်းချမိသွားတော့သည်။ ခဏအကြာတွင် သူသည် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဝမ်ပေါင်လဲ့အား လှည့်ကြည့်လိုက်၏။ သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ ထာဝရဝိညာဉ်အဆင့်တွင်သာ ရှိနေသေးသည့်တိုင်အောင် သူသည် ယခုကဲ့သို့ အဆင့်နိမ့် ဓမ္မစစ်သင်္ဘောကြီးများဖြင့် သူ့အား ခြောက်လှန့်နိုင်ခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ အပြစ်ပေးသည့်အနေနှင့် သူ့အား သတ်ဖြတ်ပစ်ရပေမည်။

သူ ဝမ်ပေါင်လဲ့အား သတ်ဖြတ်လိုသည့် မျက်ဝန်းများဖြင့် စိုက်ကြည့်ကာ တိုက်ခိုက်ရန် သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ပြေးလာစဉ်မှာပင် ဝမ်ပေါင်လဲ့မှာလည်း ညာလက်ရုံး အကြီးအကဲကြီးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်ပြီးနောက် သူ၏ ညာဘက်လက်ကို မြှောက်လိုက်၏။

ထိုအခါ စကြဝဠာကြီးထဲ၌ မိုးခြိမ်းသံကဲ့သို့သော ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး သူ၏ ပတ်ပတ်လည်တွင် ဓမ္မစစ်သင်္ဘော အစင်းနှစ်ရာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာတော့သည်။

" မျိုးမစစ်ကောင် " ညာလက်ရုံး အကြီးအကဲကြီးမှာ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ မျက်လုံးများပြူးကျယ်သွားရပြီး ကျိန်ဆဲမိလိုက်၏။ ထို့နောက် သူသည် ခြေလှမ်းများ ရပ်တန့်သွားပြီး နောက်သို့ ချက်ချင်း ပြန်လည်ဆုတ်ခွာသွားတော့သည်။

All Chapters