လုယူခြင်း
Vol. 87 Ch. 1218
“ အရမ်းကောင်းတယ် … မင်းရဲ့ လေလံဈေးကို လက်ခံလိုက်ပြီ ” လူအိုကြီးက မိုဝူကျိကြောင့် ဒေါသထွက်မသွားဘဲ ခေါင်းညိတ်ကာ ပြောလိုက်သည်။
မိုဝူကျိက အလဲအလှယ် လုပ်နေစည် သတ်ဖြတ်ငွေ့ စိတ်စွမ်းအားများက မိုဝူကျိဆီ ကျရောက်လာသေးသည်။ မိုဝူကျိက သူ့စိတ်စွမ်းအားဖြင့် တစ်ဖက်လူကို ချက်ချင်း ပြန်ကြည့်လိုက်သည်။ ဤသည်မှာ ခက်ထန်သည့် အမျိုးသားတစ်ဦး ဖြစ်၏။ သူ့ကျင့်ကြံဆင့်သည် ဝိဇ္ဇာတပိုင်း ပြီးပြည့်စုံခြင်းအဆင့် ဖြစ်ပေလိမ့်မည်။
ဤလူကက မဟာ မိုးကြိုးလက်ဝါး ပညာရပ်နှင့် လေလံခေါ်သူ ဖြစ်၏။ မိုဝူကျိက ဝိဇ္ဇာတပိုင်းလောက်အား အာရုံမစိုက်ပေ။ သူက စိတ်စွမ်းအား ရွေ့တော့မည့်ဆဲဆဲတွင် သူ့မျက်ဝန်းကား ရုတ်ချည်း ကျဉ်းမြောင်းသွားလေ၏။
နောက်ဆုံးတွင် သူက ထိုသူ လော့ကျမ်းစာရွက် လိုချင်နေသည့်အကြောင်းအား နားလည်သွားလေသည်။ အကြောင်းမှာ မိုဝူကျိက ထိုလူဆီမှ လော့ကျမ်းစာရွက်ကို အာရုံခံမိလိုက်၍ ဖြစ်သည်။ ဆိုလိုသည်မှာ ထိုလူဆီတွင် နောက်ထပ် လော့ကျမ်းစာရွက်များ ရှိနေပေသည်။
မိုဝူကျိက တုံ့ဆိုင်းမနေဘဲ ထိုလူအပေါ် စိတ်ဝိညာဉ် အမှတ်အသား ချထားလိုက်သည်။ ဤလူတွင် လော့ကျမ်းစာရွက် ရှိနေလေရာ ကိစ္စများကို ရှင်းလင်းအောင် လုပ်ရမည်။ မုရုန်ရှန်းယွီအပြင် လော့ကျမ်းစာရွက် ရှိသူမှာ ချိန်စုယင်သာ ဖြစ်၏။ သူက သူဝယ်ထားသည့် လော့ကျမ်းစာရွက်ကို စစ်ဆေးပြီးသွားလေပြီ။ ဤသည်မှာ စုယင်ဆီမှ မဟုတ်ပေ။
“ ဒီတာအိုရောင်းရင်းက ချမ်းသာကြွယ်ဝတာပဲ။ ကျုပ်တို့ ပစ္စည်းသုံးမျိုးလုံးကို ဒီက တာအိုရောင်းရင်းပဲ ဝယ်သွားခဲ့တယ်။ အခု ကျုပ်တို့ ဝိဇ္ဇာတာအို ညီလာခံရဲ့ လေးခုမြောက် ပစ္စည်းက အားလုံး လိုချင်နေကြတဲ့ စကြဝဠာ တာအိုစည်းမျည်း ဖြစ်ပါတယ် … ”
လူအိုကြီး စကားမဆုံးခင် စိတ်စွမ်းအားများစွာက လေလံပွဲစင်မြင့်အထက်သို့ ရောက်ရှိလာကြသည်။
ဤနေရာရှိ လူတစ်ဝက်လောက်က စကြဝဠာ တာအိုစည်းမျည်းကြောင့် ရောက်ရှိနေခြင်း ဖြစ်ကြသည်။
“ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော တစ်သောင်းနဲ့ ….. ”
“ ခဏလေး နေပါဦး ” ပထမ လေလံဆွဲသူ စကားမဆုံးခင် နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာသည်
“ ကျုပ်က ဒီတာအိုစည်းမျည်းကို လေလံပစ်တဲ့သူပါ။ ကျုပ်က ပညာရှိ တာအိုအဆောင်၊ ပိအန်းပန်း ဒါမှမဟုတ် ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းနဲ့ လဲလှယ်ချင်ပါတယ် ”
ဒီလူကိုး ….
မိုဝူကျိက အသက်ပြင်းပြင်းရှုကာ သတ်ဖြတ်ငွေ့ကို ဖုံးကွယ်ထားလိုက်ရသည်။
ဤလူက မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့အား အသုံးချ၍ စကြဝဠာ တာအိုစည်းမျည်းကို ဤနေရာသို့ ယူဆောင်ခဲ့သူ ဖြစ်၏။ ဤလူက အဖြူရောင် ဝတ်စုံ ဝတ်ဆင်ထားပြီး ကြည့်ရသည်မှာ မိန်းမလျာနှင့် တူကာ မျက်နှာကား မြင်းလိုမျိုး ခပ်ရှည်ရှည် ဖြစ်ပေသည်။
သူ့ကျင့်ကြံဆင့်ကို ကြည့်လိုက်သည့်အခါ မိုဝူကျိက ထိုလူသည် မြေအောက်ကမ္ဘာ ဝိဇ္ဇာထက် အားနည်းမည် မဟုတ်ကြောင်း သိလိုက်သည်။
ထိုစဉ် ခန်းမပွဲအတွင်း လေလံဈေးမှာ လှိုင်းလုံးအလား တရိပ်ရိပ် တက်လာသည်။ သို့သော်လည်း မည်သူမှ ပညာရှိတာအိုအဆောင်နှင့် ပိအန်းပန်းတို့ကို မပေးနိုင်ကြပေ။
ဤစကြဝဠာထဲ၌ ပိအန်းပန်း နှစ်ပွင့်သာ ရှိပြီး တစ်ပွင့်ကား မိုဝူကျိနှင့် ရှိနေစဉ် နောက်တစ်ပွင့်မှာ ချူယို့ဆီမှာ ဖြစ်၏။ ပညာရှိတာအို အဆောင်ကား မိုဝူကျိဆီတွင် ဖြစ်သောကြောင့် ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းသာ ပေးနိုင်ကြပေသည်။
မိုဝူကျိက လေလံဆွဲဖို့ရာ မရည်ရွယ်ထားပေ။ သူ့လက်ရှိစွမ်းရည်ဖြင့် ထောင်ထျဲ့အိုး လုယူပြီးသည်နှင့် မိုရှင်းထောင်နှင့် ဒေါ်လေးဆယ့်တစ်တို့အား အသုံးချခဲ့သူကို သေချာပေါက် သတ်နိုင်လိမ့်မည်။
“ ကျုပ်က ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းနဲ့ ထိပ်တန်းအဆင့် နတ်ဝိညာဉ်သွေးကြော ငါးထောင် ပေးမယ် …. ”
မိုဝူကျိက တစ်ယောက်ယောက်သည် ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းကို ထုတ်ပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ဤနေရာ၌ ရိုးရှင်းသည့်သူ မပါရှိပေ။ ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းပင် ထုတ်ပေးနိုင်ကြသည်။
ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းသည် စကြဝဠာ တာအိုစည်းမျည်းနှင့် နှိုင်းယှဉ်၍ မရပေ။ သို့သော်လည်း ဤအဆင့် အလဲအလှယ်ကား ကိုယ်ပိုင်လိုအပ်ချက်ပေါ် မူတည်ပေသည်။ မြင်းမျက်နှာ မိန်းမလျာက ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်းသည် စကြဝဠာ တာအိုစည်းမျည်းလောက် တန်ဖိုးမရှိကြောင်း မသိပုံ မပေါ်ပေ။ သို့သော်လည်း သူက ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်း လိုအပ်နေခြင်းသာ ဖြစ်၏။ ဖြစ်နိုင်သည်က သူ့ကမ္ဘာအတွင်း ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်း တည်ဆောက်ရန် ဖြစ်လောက်၏။
ဤသည်က မိုဝူကျိအား အနည်းငယ် စဉ်းစားခက်သွားစေသည်။ သူ့လူသားကမ္ဘာ၏ တာအိုစည်းမျည်းသည် အလွန်ပြီးပြည့်စုံသည်ဟု ယူဆ၍ ရသော်လည်း ပြန်လည်ဝင်စားခြင်း တာအိုစည်းမျည်း မရှိသေးပေ။ အကယ်၍ ဤလူကသာ သူ့ကမ္ဘာအတွင်း ပြန်လည်ဝင်စားခြင်း သံသရာစက်ဝန်းကို အမှန်တကယ် တည်ဆောက်နိုင်လျှင် သူ့တာအိုက အလွန်အံ့ဩဖို့ ကောင်းကြောင်း သိသာလှပေသည်။
“ အလဲအလှယ် ဖြစ်ပြီ ” မြင်းမျက်နှာ မိန်းမလျာ၏ ခွင့်ပြုသံ အပြီးတွင် ပြိုင်ဖက်ကင်း အလဲအလှယ်တစ်ခု အောင်မြင်သွားလေသည်။
အလဲအလှယ် ပြီးဆုံးပြီးနောက် လူအိုကြီးက ဧရာမ အိုးကြီး ထုတ်လာကာ
“ ဒါက ဒီလေလံပွဲရဲ့ တန်ဖိုးအရှိဆုံး ရတနာနှစ်မျိုးထဲက တစ်ခုပါ။ အားလုံးလည်း ဒီပစ္စည်းကို သိကြမှာပါ။ ဒါက ထောင်ထျဲ့အိုးပါ …. ”
လူအိုကြီးက ထောင်ထျဲ့အိုးဟု ပြောလိုက်သည်နှင့် သူ့ဘေးပတ်လည်ရှိ အတားအဆီးများ တုန်ခါလာကြောင်း ခံစားလိုက်ရသည်။ ထိုအသံကျယ်ကြီးအနောက်တွင် အတားအဆီးများက ကျိုးပျက်သွားပြီး လူပုံရိပ်တစ်ခု ပြေးဝင်လာသည်။
သူ မတုံ့ပြန်နိုင်ခင် သူ့လက်ထဲမှ ထောင်ထျဲ့အိုးသည် မိုဝူကျိ လက်အတွင်း ကျရောက်သွားလေသည်။ ထို့နောက် မိုဝူကျိက သူ့လူသားကမ္ဘာထဲ ပစ်ထည့်လိုက်တော့သည်။
“ မင်း …” ဝတ်ရုံစိမ်း ဝိဇ္ဇာတပိုင်းက ကြောင်အမ်းသွားလေသည်။ သူက တစ်ယောက်ယောက်သည် ဝိဇ္ဇာတာအို ညီလာခံ လေလံပွဲ၌ ပစ္စည်း လုယူရဲလိမ့်မည်ဟု မထင်ထားပေ။
သူက ပစ္စည်းကို လုယူလိုက်ရုံသာမက လေလံပွဲစင်မြင့် ဘေးပတ်လည်ရှိ ကာကွယ်ရေး အတားအဆီးများကိုလည်း အလွယ်တကူ ဖျက်စီးပစ်လိုက်သေး၏။
မိုဝူကျိ ရောက်လာသည့်အခါက လေလံပွဲစင်မြင့် ဘေးတွင် အာကာပြင် သင်္ကေတများ ကြိုတင် ရေးထွင်းထားခဲ့သည်။ ယခု ထောင်ထျဲ့အိုး ထွက်ပေါ်လာပြီ ဖြစ်ရာ မြေကျုံ့ပညာရပ်ဖြင့် စင်ပေါ်သို့ တစ်လှမ်းတည်း အရောက်သွားလိုက်ချိန် သူ့သင်္ကေတများကို အသက်သွင်းလိုက်သည်။ အားလုံး မတုံ့ပြန်နိုင်ခင် ထောင်ထျဲ့အိုးက လုယူခံလိုက်ရလေပြီ။
မိုဝူကျိက ထောင်ထျဲ့အိုးအား လူသားကမ္ဘာထဲ ထည့်လိုက်ပြီးနောက် ပုံရိပ်ဆယ်ခုကျော်က မိုဝူကျိဘေးသို့ ရောက်ရှိလာကာ ဝိုင်းထားလိုက်ကြသည်။
“ ဟားဟား … ကျုပ် ဝူဟွမ်းက ဒီလောက်နှစ်တွေအကြာကြီး နေလာတာ ဝိဇ္ဇာတာအို ညီလာခံက ပစ္စည်းကို လုယူရဲတဲ့သူကို ပထမဆုံး မြင်ဖူးတာပဲ။ မင်းက သတ္တိကောင်းသားပဲ … သတ္တိကောင်းသားပဲ ” ရယ်မောပြီး ပြောလိုက်သူမှာ ဝတ်ရုံစိမ်းနှင့် ပုတိုတို အမျိုးသား ဖြစ်။ မိုဝူကျိက ထိုနာမည်ကို တစ်ခါ ကြားဖူးပေသည်။ သူက နတ်ဘုရားမျိုးနွယ်၏ ပညာရှင်တစ်ဦး ဖြစ်ပေသည်။
ဤလူ၏ အငွေ့အသက်အရ မိုဝူကျိသည် ထန်းဟန် စကားက မှားယွင်းနေကြောင်း သိလိုက်၏။ ဤသူက ဝိဇ္ဇာထက် အားမနည်းပေ။
အခြားလူများ အမြင်အရ ဝူဟွမ်းသည် ဝိဇ္ဇာရှစ်ပါးထက် အားနည်းခြင်းမှာ နတ်ဘုရားအရိုက်အရာ မရှိ၍ ဖြစ်ပေသည်။ သို့သော်လည်း မိုဝူကျိက ထိုကဲ့သို့ မမြင်ပေ။ သူက နတ်ဘုရားအရိုက်အရာနှင့် ဝိဇ္ဇာများသည် ဤစကြဝဠာအတွင်း ကန့်သတ်ခံထားရသည်ဟု မြင်မိသည်။ နတ်ဘုရားအရိုက်အရာ မရှိသည့် ဝိဇ္ဇာများသာ နောက်တဆင့် တက်လှမ်းနိုင်မည့် အခွင့်အရေး ရလာပေမည်။
ဝူဟွမ်းက အားကောင်းလွန်းသော်လည်း နတ်ဘုရားအရိုက်အရာ မရရှိပေ။ ကြည့်ရသည်မှာ ထိုလူကလည်း ထိုအချက်ကို နားလည်ထားဟန် ပေါ်၏။
“ ဟားဟား ကျုပ် ယွမ်ကျဲအနေနဲ့လည်း ပထမဆုံး မြင်ဖူးတာပဲ။ တစ်ခုခု ကောင်းတာတွေ့ရင် မင်းကိုယ်မင်းတောင် မထိန်းနိုင်တာ ဘယ်လိုလုပ် တာအိုကို ကျင့်ကြံမလဲ ”
“မင်းကိုး …. ဒီနေ့တော့ မင်း ဘယ်သွားနိုင်မလဲ ကြည့်ရသေးတာပေါ့။ ဟားဟား ” အားရပါးရ ရယ်မောသံတစ်ခု ပေါ်ထွက်လာပြီး လေထဲမှ ပုံရိပ်နှစ်ခု ဆင်းသက်လာသည်။
မိုဝူကျိက သူတို့နှစ်ယောက်ကို မှတ်မိပေသည်။ တစ်ယောက်မှာ ဝိဇ္ဇာချင်းယွမ် ဖြစ်ပြီး နောက်တစ်ယောက်မှာ ဝိဇ္ဇာထိုက်လွန် ဖြစ်၏။ ထန်းဟန် ပြောပြဖူးသည်နှင့် ကွက်တိ ဖြစ်ပေသည်။
“ မင်းက အားကောင်းသားပဲ … အရင်တစ်ခေါက် ဒဏ်ရာအပြင်းအထန်နဲ့ ထွက်ပြေးသွားပေမဲ့ လော့ မဟုတ်ဘဲ မင်းက အသက်ရှင်နေသားပဲ။ နှစ်တစ်ထောင်လေးနဲ့ ပြန်ကောင်းလာတယ်ဆိုတော့ မင်း အဲဒါကို ဂုဏ်ယူသင့်တယ် ” ချင်းယွမ်က မိုဝူကျိအား စိုက်ကြည့်ကာ အင်မတန် အေးဆေးတည်ငြိမ်ဟန်ဖြင့် ပြောလိုက်သည်။
ခန်းမအတွင်းရှိ အားလုံးက မိုဝူကျိသည် ရိုင်းစိုင်းသည့် ကျင့်ကြံသူတစ်ဦးဟုသာ ထင်မှတ်ခဲ့ကြသည်။ ဝိဇ္ဇာချင်းယွမ်၏ စကားများ ကြားလိုက်ပြီးနောက် အတော် အံ့ဩကုန်ကြသည်။ မိုဝူကျိအား ဝိုင်းထားကြသော ဝိဇ္ဇာတပိုင်းအချို့ပင် မသိမသာ နောက်ဆုတ်ကုန်ကြသည်။
ယခုအချိန်အထိ လူများစွာက မိုဝူကျိသည် မည်သူ ဖြစ်ကြောင်း မသိကြပေ။ သို့သော်လည်း လော့ကို မသိသည့်သူ မရှိပေ။
ယခင် လော့က စကြဝဠာ တာအိုစည်းမျည်းကိုးခုကို ရရှိခဲ့သူ ဖြစပြီး စကြဝဠာတစ်ခုလုံးကို ထိန်းချုပ်နိုင်ဖို့အတွက် လက်တစ်ကမ်းမျှသာ လိုအပ်တော့ပေသည်။ ကံဆိုးစွာဖြင့် ကပ်ဘေးကြီးက လော့၏ အားစိုက်မှုအားလုံးကို အလကား ဖြစ်သွားစေသည်။ လော့က စကြဝဠာ တာအိုစည်းမျည်းကိုးခုကို ဆုံးရှုံးလိုက်ရရုံသာမက ပျောက်ကွယ်သွားရသည်။
ယခု သူတို့ရှေ့ရှိ အပြာဝတ်စုံနှင့် လူငယ်လေးက လော့ဆီမှ ရိုက်ချက်ကို ခံရပြီးနောက် အသက်ဆက်ရှင်ခဲ့သေး၏။
ဒါက ဘယ်လောက်တောင် အံ့ဖွယ် ဖြစ်နေပြီလဲ ….
မိုဝူကျိက လော့နှင့် ရင်ဆိုင်စဉ်အခါက ဝိဇ္ဇာတပိုင်းအဆင့်သာ ရှိသေးကြောင်း မည်သူမှ မသိကြပေ။ ထိုမျှတင် မကသေးဘဲ မိုဝူကျိက အပြန်အလှန်အားဖြင့် လော့အား ဒဏ်ရာအပြင်းအထန် ပေးနိုင်ခဲ့သေး၏။
အကယ်၍ သူတို့သာ လော့က မိုဝူကျိကြောင့် ဒဏ်ရာအပြင်းအထန် ရရှိပြီး ထွက်ပြေးခဲ့ရကြောင်း သိလျှင် ဤဝိဇ္ဇာတပိုင်းအဆင့်များက မိုဝူကျိအား ဆက်လက် ဝိုင်းထားရဲမည် မဟုတ်ပေ။
မိုဝူကျိက လက်ဝါးဖြန့်လိုက်သည်နှင့် လူသားပုဆိန်လှံရှည်က သူ့လက်အတွင်း ရောက်ရှိလာသည်။ သူက မြင်းမျက်နှာ မိန်းမလျာနှင့် လူအုပ်ကြီးအား ဝေ့ကြည့်လိုက်သည်။ သူ့အသံက တည်ငြိမ်နေပြီး
“ လုယူတာတဲ့လား …. ဒီထောင်ထျဲ့အိုးက ကျုပ်အပိုင်ပါ။ ဒါပေမဲ့ ဝိဇ္ဇာတာအို ညီလာခံမှာ လုယူခံလိုက်ရတယ်။ ခွန်းယွင် … ”
မိုဝူကျိက သူ့အား ခေါ်လိုက်သည်ကို ကြားပြီး ခွန်းယွင်က အားတင်းကာ မတ်တတ်ရပ်လိုက်သည်
“ တာအိုရောင်းရင်းတို့လည်း ကျုပ် ခွန်းယွင်ကို မှတ်မိကြလိမ့်မယ်လို့ ထင်ပါတယ်။ ညီအစ်ကိုမို ပြောတာ အမှန်ပါ။ ဒီထောင်ထျဲ့အိုးက ကျုပ်အပိုင်ပါ။ ကျုပ်က ညီအစ်ကိုမိုကို ပေးဖို့ ကတိပေးထားတာပါ။
ကျုပ်က ညီအစ်ကိုမိုကို မပေးခင် ဝိဇ္ဇာတာအို ညီလာခံမှာ လုယူခံလိုက်ရပါတယ်။ ကျုပ် စကားတွေကို ကျိန်ဆိုရဲပါတယ် …. ဒီထောင်ထျဲ့အိုးကို ဝိဇ္ဇာတာအို ညီလာခံက ကျုပ်လက်ထဲကနေ လုယူခဲ့တာ မဟုတ်ဘူးဆိုရင် ကျုပ် စိတ်အတွင်းနတ်ဆိုးကြောင့် သေဆုံးပြီးတော့ ဘယ်သောအခါမှ ပြန်လည်ဝင်စားခွင့် မရရှိပါစေနဲ့သား …. ”
ဤနေရာရှိ လူထောင်ချီအနက် မြောက်များစွာသော ပညာရှင်များ ဖြစ်ကြသည်။
ထောင်ထျဲ့အိုး လုယူသည့် မိုဝူကျိ၏ အပြုအမူကား လူအုပ်ကြီး၏ မကျေနပ်မှုကို နှိုးဆွပေးလိုက်သလို ဖြစ်ခဲ့သည်။ လူများစွာက မိုဝူကျိ၏ ချမ်းသာကြွယ်ဝမှုများသည် လုယူခြင်းမှ ရရှိလာကြောင်း စတင် တွေးမိကုန်ကြသည်။
ယခု ခွန်းယွင်က ထောင်ထျဲ့အိုးသည် သူ့ဆီမှ လုယူခံရကြောင်း ကျိန်ဆိုလိုက်သည့်အခါ လူများစွာက သဘောပေါက်သွားကြသည်။ ဝိဇ္ဇာတာအို ညီလာခံသည် အားနည်းသူကို အနိုင်ကျင့်ကာ မိုဝူကျိ၏ မိတ်ဆွေဆီမှ ပစ္စည်းကို လုယူခဲ့ပေသည်။ ဤမိုကောင်လေးက ထိုအရာကို ပြန်လည် လုယူဖို့ ရောက်ရှိလာခြင်းသာ ဖြစ်၏။
“ ဖယ်စမ်း … အဲဒီလူကို သတ်ပစ်ကြစမ်း ” ထိုက်လွန်က လက်ဝေ့ကာ မိုဝူကျိဆီ အရင်ဆုံး ခုန်ဝင်လိုက်သည်။
ဤနေရာရှိ မည်သူကမှ မိုဝူကျိ၏ အင်အားအကြောင်း သူ့ထက် မသိနိုင်ပေ။ ထို့ကြောင့် သူက အားကုန်သုံး တိုက်ခိုက်ဟန် ပေါ်သော်လည်း တကယ်တော့ ခြွေတာထားသေး၏။
ဝိဇ္ဇာချင်းယွမ်ကား မိုဝူကျိဆီ ပြေးဝင်လာသော်လည်း ထိုက်လွန်ကဲ့သို့ သူ့အင်အားအကုန် မထုတ်သုံးသေးပေ။
မိုဝူကျိ၏ လူသားပုဆိန်လှံရှည်မှ အလင်းတန်းတချက် ပေါ်လာကာ ငွေရောင်မြစ်ကြီး ကျဆင်းလာသည်။ ယခင်က သူ့လေဟုန်ဆန်မြစ်သည် လေထဲမှ ကျဆင်းလာပြီး ယခုအခါ သူ့လေဟုန်ဆန်မြစ်သည် ကောင်းကင်တခွင် ဖြန့်ကျက်လာသည့် မြစ်တစ်စင်းကဲ့သို့ ဖြစ်၏။
ကြီးကျယ်ခမ်းနားသည့် အငွေ့အသက်များ ထွက်ပေါ်လာကာ မိုဝူကျိ၏ ငွေရောင်မြစ်ဆီ ကျရောက်လာသော လျို့ဝှက်တိုက်ကွက်များက သတ်ဖြတ်အလင်းတန်းအဖြစ် ပေါက်ကွဲထွက်သွားသည်။
သွေးမြူများက ငွေရောင်မြစ်အား လှလှပပ အရောင်စွန်းထင်းသွားစေသည်။ ယွမ်ကျဲနှင့် ဝူဟွမ်းတို့၏ တိုက်ကွက်များကို လေဟုန်ဆန်မြစ်က လွှမ်းခြုံဝါးမျိုသွားလေသည်။ နတ်သဘာဝစွမ်းအား ပြန်ကန်အားဖြင့် ရင်ဆိုင်ရသည့်အခါ သူတို့မျက်နှာများမှာ နီရဲလာလေ၏။
တိုက်ကွက်တစ်ကွက်တည်းဖြင့် မတ်မတ်ကျန်ရှိသည်ကား အားကုန် ထုတ်မသုံးထားသည့် ထိုက်လွန်နှင့် ချင်းယွမ်အပြင် ယွမ်ကျဲနှင့် ဝူဟွမ်းတို့သာ ဖြစ်ကြသည်။
မိုဝူကျိ ပိတ်လှောင်ခံရမည့်အချိန်ကို စောင့်ဆိုင်းနေကြသည့် ထိုက်လွန်နှင့် ချင်းယွမ်တို့လည်း ကြောင်အမ်းသွားကြသည်။
ဒီလူက ဘယ်အချိန်က ဒီလောက် အားကောင်းလာတာလဲ …. လူအများကြီး တစ်ပြိုင်နက် ဝင်တိုက်ခိုက်တာတောင် သူ့ကို ဘာမှ မဖြစ်စေဘူးလား ….
ဘာမှ မဖြစ်စေသည့် အကြောင်းကို ထည့်ပြောနေစရာ မလိုပေ။ ကြည့်ရသည်မှာ သူ့အပေါ် သက်ရောက်မှု ခံလိုက်ရပုံပင် မပေါ်ချေ။
***