← Chapters

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကိုရိုက်နှက်နှိမ်နင်း

Vol. 63 Ch. 877

အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကိုရိုက်နှက်နှိမ်နင်း

Vol. 63 Ch. 877

အခန်း (၈၇၇) အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကိုရိုက်နှက်နှိမ်နင်း

ခန်းဖင်းက ထာဝရအလင်းကောင်းကင်ကျမ်းစာကို ကျင့်ကြံထားသူ ဖြစ်သည်။

သူ၏ဓားချက်ဆင်းသက်လာသည်နှင့် အချိန်စီးဆင်းမှုက အလွန်အမင်းလျှင်မြန်လာသည်။

ခန်းဖင်းထက် တန်ခိုးစွမ်းအားနိမ့်ပါးသော ရန်သူသာဆိုလျှင် ထိုဓားချက်ရင်ဆိုင်ရပါက တုံ့ပြန်ချိန်ပင်မရဘဲ အသက်သေဆုံးရမည် ဖြစ်၏။

သို့သော် ရန်ကျောက်ကဲကတော့ ထိုဓားသိုင်းကိုတွေ့မြင်သည်နှင့် တစ်ဖက်လူ၏လှုပ်ရှာမှုကလျှင်မြန်သည့်တိုင် ရှင်းလင်းစွာ တွေ့မြင်နိုင်စွမ်းရှိနေသည်။

ရန်ကျောက်ကဲ၏ လှုပ်ရှားမှုကလည်း အလွန်လျှင်မြန်သည်။ သူက အလွန်ပေါ့ပါးပြီးပုံမှန်လှုပ်ရှားခြင်းလည်းဖြစ်သလို ထိတ်လန့်ကြောက်ရွံ့ခြင်းလည်း မရှိပေ။

ခရမ်းရောင်အလင်းတန်းများတောက်ပနေသည့် အစိမ်းရင့်ရောင်ဝါးကိုင်းက ရန်ကျောက်ကဲလက်ထဲသို့ကျရောက်လာပြီး ခရမ်းရောင်အလင်းတန်းတစ်ခု လက်ခနဲထွက်ပေါ်လာသည်။

ရန်ကျောက်ကဲက ဝါးကိုင်းကိုပင့်မြှောက်ပြီး လေထဲတွင် စက်ဝိုင်းသဏ္ဌန်လှည့်ပတ်ကာ ခန်းဖင်း၏ တိမ်လွှာအလင်းဓားကို ရိုက်ချလိုက်သည်။

တိမ်လွှာအလင်းဓားမှ ဓားအလင်းတန်း ချက်ချင်းပင် မှေးမှိန်သွားပြီး ‘ခရက်’ ဆိုသည့် အက်ကွဲသံက ပဲ့တင်ထပ်သွားသည်။

ခန်းဖင်း မျက်ဝန်းများ ကျဉ်းမြောင်းသွားသည်။

သူ၏လက်ထဲတွင် အပြည့်အဝပေါင်းစည်းထားသော ဓားနှင့်ဓားဝိညာဉ်က အလွန်တရာခိုင်ခံ့သော်လည်း ယခုတော့ ကွဲထွက်သွားသည်။

ရန်ကျောက်ကဲ၏ အစိမ်းရင့်ရောင်ဝါးကိုင်းနှင့် ထိမှန်ခံရသည်နှင့် တိမ်လွှာအလင်းဓားက တုန်ခါသွားပြီး ဘေးသို့ယိုင်သွားကာ လူတစ်ယောက်နာကျင်စွာအော်ဟစ်လိုက်သည့်ပမာ အသံတစ်သံ ထွက်ပေါ်လာသည်။

ခန်းဖင်းမှာ သူ၏ဓားသွားတက်တွင်တောက်ပနေသော သေးငယ်သည့် အက်ကွဲကြောင်းလေးတစ်ခုအား တွေ့မြင်လိုက်ရသည်။

အဆုံးမဲ့စီးဆင်းနေသည့် အချိန်ရေစီးကြောင်းမှာ ရုတ်တရက် ကျိုးပျက်သွားသလို ခံစားရသည်။ အချိန်ကာလ ပျက်ဆီးသွားသည်နှင့် လူ့လောကတစ်ခုလုံး ပရမ်းပတာ ဖြစ်သွားဟန်ပင်။

ရန်ကျောက်ကဲ ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ပြီး အရာအားလုံးကို လွှမ်းမိုးနိုင်စွမ်းရှိသော အချိန်ရေစီးကြောင်းကို ခြေထောက်ဖြင့် ဖိနှိပ်နင်းချလိုက်သည်။

ထိုသို့တစ်ခါမှမဖြစ်ဖူးသဖြင့် ခန်းဖင်း၏ မျက်နှာအမူအရာက တည်ကြည်လေးနက်သွားသည်။

သူက ဤ အစိမ်းရင့်ရောင်ဝါးကိုင်းအကြောင်းကို သိရှိထားခဲ့သည်ပင်။

သူ၏သားဖြစ်သူ ခန်းကျင်းယွမ်ကိုယ်တိုင် ရန်ကျောက်ကဲ၏ ဝါးကိုင်းအောက်တွင် ကြီးမားသည့်ဆုံးရှုံးမှုများ ခံစားခဲ့ရသည် မဟုတ်လား။

ထိုအကြောင်းကိုကြားသိရစဉ်က ခန်းဖင်းစိတ်ထဲ မည်သည့်နည်းနှင့်မှ စဉ်းစားမရခဲ့ပေ။

ယခု ဤဝါးကိုင်းကို ကိုယ်တိုင်တွေ့မြင်ရပြီး အံ့သြဖွယ်ရာအစွမ်းသတ္တိကို ကိုယ်တိုင်တွေ့မြင်ရသည့်တိုင် နားလည်နိုင်ခြင်း မရှိသေးပေ။

ထိုဝါးကိုင်းတွင် ခမ်းနားကြီးကျယ်သည့် တန်ခိုးစွမ်းအားများ ရှိမနေပေ။

ထူးခြားသည့်အဓိပ္ပါယ်အယူအဆတစ်ခုလည်း ရှိမနေပေ။

ဝိညာဉ်စွမ်းအားများ စီးဆင်းနေခြင်းလည်းမရှိပေ။

ထိုဝါးကိုင်းတွင် မည်သည့်စွမ်းအားမှ ပါရှိနေဟန်မတူပေ။

သို့သော် သူ၏ အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’ ကတော့ ထိုဝါးကိုင်း၏ရိုက်ခတ်မှုကြောင့် တုန်လှုပ်အက်ကွဲသွားရသည်။

ခန်းကျင်းယွမ်ပြောပြသည့်စကားအရ ဤဝါးကိုင်းသည် အဆစ် (၅)ဆစ်နှင့် အရှည် (၅)ပေရှိကြောင်း သိရှိထားသည်။

၎င်းသည် အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အနိုင်ယူနိုင်သော်လည်း အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘နက်ရှိုင်းကြေးမုံချပ်ဝတ်’ ကိုတော့ ထိခိုက်စေနိုင်ခြင်း မရှိခဲ့ပေ။

သို့သော် ယခုတော့ ဤဝါးကိုင်းက အရှည် (၇)ပေအဖြစ်ပြောင်းလဲနေပြီး အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော တိမ်လွှာအလင်းဓားကိုပင် စွမ်းအားမဲ့သွားအောင် ထိုးနှက်နိုင်စွမ်းရှိသည်။

“ကြည့်ရတာ ဒီဝါးကိုင်းက ပိုပြီးအားကောင်းလာတာပဲ”

ခန်းဖင်းသည် ဒဏ္ဍာရီထဲမှ ရတနာပစ္စည်းများစွာကို ပြန်လည်စဉ်းစားကြည့်ခဲ့သော်လည်း ဤဝါးကိုင်းအကြောင်းကိုတော့ မသိနိုင်ခဲ့ပေ။

ရန်ကျောက်ကဲက သူ၏ညာဘက်လက်တွင် အစိမ်းရင့်ရောင်ဝါးကိုင်းကို ဆုပ်ကိုင်ထားပြီး လက်ကောက်ဝတ်ကိုပေါ့ပေါ့ပါးပါးပင်လှည့်ကာ ဝါးကိုင်းကိုလေထဲတွင် လှည့်ပတ်လိုက်သည်။

ဝါးကိုင်းတွင် အဆစ် (၅)ဆစ်ရှိစဉ်က အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများအားလုံးကို တစ်ချက်တည်းဖြင့် ရိုက်ချိုးနိုင်စွမ်း ရှိခဲ့သည်။

အဆစ် (၆)ဆစ် ရှိစဉ်အချိန်မှာတော့ အဆင့်နိမ့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို တစ်ချက်တည်းဖြင့် ကျိုးပဲ့ပျက်ဆီးသွားစေနိုင်ပြီး အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို ရိုက်ချိုးနိုင်စွမ်းရှိလာသည်။

သို့သော် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများ ပိုင်ဆိင်ထားသော ရန်ကျောက်ကဲအတွက် အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများက ခြိမ်းခြောက်နိုင်ခြင်း မရှိတော့ပေ။

သူ့အတွက် လိုအပ်သောအရာမှာ ရန်သူများ၏ အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို တန်ပြန်တိုက်ခိုက်ရန်အတွက် ဤဝါးကိုင်းကို ဝှက်ဖဲအဖြစ် အသုံးပြုခြင်းသာ ဖြစ်သည်။

အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များသည် အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို စွမ်းအားအပြည့် ထုတ်ဖော်နိုင်ခြင်း ရှိသည်။

အမတကူးပြောင်းခြင်းသိုင်းသူတော်စင်တစ်ယောက်က အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုကို ကိုင်ဆောင်ထားမည်ဆိုလျှင် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်း ကိုင်ဆောင်ထားသော နတ်ဘုရားသိမြင်ခြင်းအဆင့် သိုင်းသူတော်စင်တစ်ယောက်ထက် သာလွန်မည်မှာ သေချာ၏။

ထို့ကြောင့် ရန်ကျောက်ကဲက အမတကူးပြောင်းခြင်းအဆင့် သိုင်းသူတော်စင်များနှင့် တန်ခိုးစွမ်းအား ယှဉ်ပြိုင်နိုင်သည်ဆိုလျှင်ပင် လက်နက်ပိုင်းဆိုင်ရာတွင် မယှဉ်နိုင်ဖြစ်ရသည်။

ထိုအခက်အခဲအတအွက်အဖြေမှာ သူကိုယ်တိုင် သီးသန့်ပြုလုပ်ထားသည့် အစိမ်းရင့်ရောင်ဝါးကိုင်းမှလွဲပြီး အခြားမရှိပေ။

အဆစ် (၆)ခုပါသော ဝါးကိုင်းက လုံလောက်မှုမရှိသော်လည်း အဆစ် (၇)ဆစ်ပါသောဝါးကိုင်းကတော့ လုံလောက်ပေသည်။

ရန်ကျောက်ကဲ နတ်ဘုရားသိမြင်ခြင်းအဆင့်သို့ရောက်သောအခါ ဤဝါးကိုင်းက အဆစ် (၇)ဆစ် ရှိလာခဲ့သည်။

ရန်ကျောက်ကဲက ဤအတွက် ပြင်ဆင်ထားသည်မှာ ကြာပြီ ဖြစ်၏။

အခြားသူများ မသိရှိသည်မှာ ရန်တိ၏ ကောင်းကင်နဂါးဓားနှင့် ယွမ်ကျန်းဖုန်းအတွက်ချန်ထားသည့် အမတမှော်ဝတ်ရုံတို့မှလွဲပြီး ဤနှစ်များအတွင်း ဝါဒတောင်တွင် စုစည်းထားခဲ့သော အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို သူက သမုဒ္ဒရာကမ္ဘာသို့ ယူဆောင်သွားခဲ့သည်ဆိုသောအချက်ပင်။

ရွှေရောင်သံချပ်ကာ ၊ ယွင်ဟွေ့လှံရှည် ၊ ဗုဒ္ဓဘာသာသိုင်းကျင့်ကြံသူများကိုသတ်ဖြတ်သုတ်သင်ရာမှ ရရှိခဲ့သော ရတနာပစ္စည်းများ ၊ အရှေ့ပိုင်းထိပ်တန်းအရှင်သခင်၏ တပည့်များထံမှ ရရှိခဲ့သောပစ္စည်းများ ၊ တာ့ရွှမ်တိုင်းပြည်ကျင့်ကြံသူများကို သတ်ဖြတ်ခဲ့ရမှာရရှိခဲ့သောပစ္စည်းများ...

အလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းအများစုက အောက်ဘုံကမ္ဘာသို့ သယ်ဆောင်သွားနိုင်ခြင်း မရှိပေ။ ရန်ကျောက်ကဲက ထိုပစ္စည်းများအားလုံးကို ရွှမ်ရှောက်ကျိကျင်းမီးပြင်းဖိုထဲသို့ထည့်သွင်းဖိနှိပ်ပြီး ယူဆောင်သွားခဲ့ခြင်း ဖြစ်၏။

ဤနှစ်ပိုင်းအတွင်း သူက ထိုအလယ်ဆင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အစိမ်းရောင်ဝါးကိုင်း ထပ်မံသန့်စင်ရာတွင် အသုံးပြုခဲ့သည်။

အဆုံးသတ်မှာတော့ (၇)ပေရှည်သော ဝါးကိုင်းတစ်လက်ထွက်ပေါ်လာပြီး အဆင့်မြင့် အထွတ်ထိပ်မှော်ဝင်ပစ္စည်းများကို အနိုင်ယူနိုင်ခဲ့သည်။

ရန်ကျောက်ကဲက သူ့လက်ကိုလှည့်လိုက်ပြီး လက်ထဲမှဝါးကိုင်းဖြင့် ရိုက်ချလိုက်ရာ တိမ်လွှာအလင်းဓားမှအလင်းရောင်များ ချက်ချင်းမှေးမှိန်သွားသည်။

ခန်းဖင်း၏မျက်ဝန်းများတည်ကြည်လေးနက်သွားပြီး သူ့အတွေးများသည်လည်း လျှင်မြန်စွာ လှည့်ပတ်သွားသည်။

ရေစီးကြောင်းပမာ ဓားအလင်းတန်းက ခန်းဖင်းထံသို့ တန်ပြန်ဝင်ရောက်လာသဖြင့် သူ ရုတ်ချည်းပင် နောက်ပြန်ဆုတ်လိုက်ရ၏။

သို့သော် သူက ချက်ချင်းပင် အရှိန်အဟုန်မြှင့်တင်လိုက်ပြီး သူ၏လှုပ်ရှားမှုများည်လည်း ထူးခြားစွာ လျှင်မြန်လာသည်။

ခန်းဖင်းကိုယ်တိုင်ကလည်း ဓားအလင်းတန်းပမာလျှင်မြန်လာပြီး သူ၏ပုံရိပ်က လေထုအလယ်တွင် မတွေ့မြင်ရတော့လောက်အောင် ဖြစ်သွားပြီး မြင်နိုင်ရန် ခဲယဉ်းသွားသည်။

သို့သော် ရန်ကျောက်ကဲက ထိုဓားချက်ကို ပိတ်ဆို့နိုင်ခြင်းမရှိသလို ပိတ်ဆို့ခြင်းလည်း မပြုခဲ့ပေ။

ခန်းဖင်းက အမြင့်ဆုံးအဆင့် အရှိန်အဟုန်မြှင့်တင်လိုက်ပြီး လည်ပတ်နေသော တိမ်လွှာအလင်းဓားကို ရန်ကျောက်ကဲ၏ ဝါးကိုင်းနှင့်မထိမိစေရန် ပတ်ဝန်းကျင်အားသာချက်ကို အသုံးပြုလိုက်သည်။

သို့ပေသိ...

“ခရက်...”

ခန်းဖင်း မျက်ဝန်းအစုံပြူးကျယ်သွားသည်။

ရန်ကျောက်ကဲက သူ့ကိုပြုံးပြီးကြည့်လိုက်၏။

ဝါးကိုင်းထိပ်ဖျားတွင် အနီရောင်အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး လျှင်မြန်စွာလှည့်ပတ်နေသည့် တိမ်လွှာအလင်းတန်းကိုထိမှန်သွားသည်။ ထို့နောက် လေထုထဲတွင် အနီရောင်အလင်းတန်းများထွက်ပေါ် ပျံ့နှံ့သွားသည်။

ခန်းဖင်းတိုက်ကွက်ပြောင်းလဲမည်ကို စောင့်ဆိုင်းမနေဘဲ ရန်ကျောက်ကဲ၏ဝါးကိုင်းက မုန်တိုင်းတစ်ခုပမာ လွှမ်းမိုးရိုက်ခတ်သွားသည်။

အနီရောင်အလင်းတန်းများက သူ့ကိုအပြည့်အဝလွှမ်းခြုံသွားပြီး မည်သို့မှစွမ်းအားမရှိစွာ ရိုက်ချက်ကို ခံယူလိုက်ရသည်။

အလင်းတန်းများက တောက်ပနေပြီး အချိန်ရေစီးကြောင်းဓားသိုင်းကိုဖြိုခွင်းလိုက်ပြီး ဓားအလင်းတန်းမှာ အစိတ်စိတ်အမွှာမွှာ အက်ကွဲသွားသည်။

ထိုအချိန်တွင် အချိန်သည် လုံးဝပြိုကွဲသွားပုံရသည်။

ခန်းဖင်းမျက်ဝန်းများ တစ်စုံတစ်ခုကိုသဘောပေါက်သွားဟန် အေးစက်သွားသည်။

“နတ်ဘုရားထောင်ချောက်ဓားသိင်း ၊ မင်းက နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးထဲက နတ်ဘုရားထောင်ချောက်ဓားသိုင်းကို လေ့ကျင့်ထားတာလား”

“နတ်ဘုရားသုတ်သင်ဓားသိုင်းက ထက်မြက်တယ် ၊ နတ်ဘုရားသတ်ဖြတ်ဓားသိုင်းက သေစေနိုင်တယ် ၊ နတ်ဘုရားထောင်ချောက်ဓားသိုင်းရဲ့ အနီရောင်အလင်းတန်းက မြင့်တက်လာချိန် ‘နတ်ဘုရားအဆုံးသတ်ဓားသိုင်း’ က အဆုံးမရှိသိမ်မွေ့တယ်”

ဟူသော ဆိုရိုးစကားရှိသည် မဟုတ်ပါလား။

နတ်ဘုရားထောင်ချောက်ဓားသိုင်းသည် ဗလာနယ်နှင့် အချိန်ကာလကို ဖြတ်တောက်ပစ်နိုင်သည့် အဆုံးသတ်ဓားသိင်းလည်း ဖြစ်သည်။

ထိပ်ဆုံးအဆင့်သည့် ကျင့်ကြံနိုင်မည်ဆိုလျှင် ဓားတစ်ချက်တည်းဖြင့် ဗလာနယ်နှင့် အချိန်ကာလကို သုတ်သင်နိုင်ပြီး ရှည်လျားသော အချိန်ရေစီးကြောင်းကို ထိုးခွင်းနိုင်ပြီး ကမ္ဘာပေါင်းများစွာကို အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားနိုင်သည်။

နတ်ဘုရားထောင်ချောက်ဓားသိုင်း၏ အယူအဆက ဗလာနယ်ကောင်းကင်ကျမ်းစာ ၊ ထာဝရအလင်းကောင်းကင်ကျမ်းစာတို့နှင့် အတန်ငယ် ဆက်စပ်နေပြီး တူညီသောရင်းမြစ်မှပေါက်ဖွားလာသည့် ဆန့်ကျင်ဘက်စွမ်းအားများဟုပင် ခေါ်ဆိုနိုင်သည်။

လက်တွေ့တိုက်ပွဲများတွင် နှစ်ဦးနှစ်ဖက် အင်အားကွာခြားချက်က ကြီးမားခြင်းမရှိသည့်အခါ နတ်ဘုရားထောင်ချောက်ဓားသိုင်းသည် ဗလာနယ်ကောင်းကင်ကျမ်းစာနှင့် ထာဝရအလင်းကောင်းကင်ကျမ်းစာ၏ တန်ပြန်ဖြစ်သည်ဟုပင် ဆိုကြသည်။

ရန်ကျောက်ကဲက ရယ်မောရင်း...

“အရင်တုန်းက ဒီ’ရန်’ က ဒီဓားသိုင်းမကျွမ်းကျင်သေးတဲ့အတွက် မင်းရဲ့သားကို အတော်ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရတယ် ၊ ဒီနေ့တော့ မင်းတို့သားအဖ နှစ်ယောက်လုံးအတွက် တန်ပြန်တိုက်ခိုက်မယ်”

ခန်းဖင်းက ပင့်သက်တစ်ချက်ရှိုက်ရင်း...

“မအံ့သြတော့ပါဘူး မအံ့သြတော့ပါဘူး ၊ မင်းရဲ့ဓားတာအိုက အရင်ကတည်းက ထက်မြက်ပြီး လွှမ်းမိုးနိုင်စွမ်းမြင့်မားတာ အတော်လေးထူးဆန်းတယ်လို့ ထင်နေမိတာ ၊ အခုတော့ ငါ သိသွားပြီ ၊ အရင်တုန်းက မင်းအသုံးပြုတဲ့ဓားသိုင်းက နတ်ဘုရားသုတ်သင်ဓားသိုင်း (၄)မျိုးထဲက နတ်ဘုရားအဆုံးသတ်ဓားသိုင်း မဟုတ်လား”

“တကယ်တော့ မင်းက နတ်ဘုရားထောင်ချောက်ဓားသိုင်းရော နတ်ဘုရားအဆုံးသတ်ဓားသိုင်းရော ကျွမ်းကျင်တာပဲ ၊ မင်းကို စန့်ချင်အဆက်အနွယ်မဟုတ်ဘူးလို့ပြောရင် ဘယ်သူယုံမှာလဲ”

သူက အေးစက်စွာဖြင့်...

“အထက်ဘုံကမ္ဘာမှာ အသက်ရှင်ရမယ့်နေ့ရက်တွေကို ရေတွက်ထားပေတော့ ၊ မင်းကို ငါမသတ်ဘူးဆိုရင်တောင် သတ်မယ့်သူတွေအများကြီး ပေါ်လာလိမ့်မယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက မသိမသာပြုံးလိုက်ပြီး ထိုအပြုံးက အေးစက်လျှက် ရှိသည်။

“အဲဒီအတွက် မင်း စိတ်ပူစရာမလိုဘူး ၊ ဒီနေ့ မင်းအသက်ရှင်နိုင်မယ်လို့ ဘာကိုကြည့်ပြီးတွေးနေသေးတာလဲ”

စကားသံအဆုံးတွင် ရန်ကျောက်ကဲ၏ဓားချက်က ခန်းဖင်းထံသို့ဝင်ရောက်သွားသည်။ ထိုဓားချက်က အချိန်ရေစီးကြောင်းဓားသိုင်းထက်ပင် ပိုမိုလျှင်မြန်သည်။

အနီရောင်ဓားအလင်းတန်း ဖြတ်သန်းသွားသည့်အခါ ပရမ်းပတာ ဗလာနယ်သည် ပုံပျက်ပန်းပျက်နှင့် ပြိုကျသွားသည်။

အနီရောင်ဓားအလင်းတန်း ဖြတ်သန်းသွားသည့်အခါ ဖျော့တော့မှေးမှိန်ပြီး အေးခဲ့နေသော လောကတစ်ခုလုံးပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားသည်။

အနီရောင်ဓားအလင်းတန်း ဖြတ်သန်းသွားသည့်အခါ အချိန်ရေစီးကြောင်းစီးဆင်းမှုက လုံးဝကျိုးပဲ့သွားခဲ့သည်။

ခန်းဖင်းက ထိတ်လန့်တုန်လှုပ်ဖွယ် တန်ခိုးစွမ်းအားများကို ပိုင်ဆိုင်ထားသည့် ကောင်းကင်ဘုံကိုပင် စိန်ခေါ်နိုင်သော ပါရမီရှင်တစ်ယောက်ဖြစ်သည့်တိုင် လက်ရှိမှာတော့ ရန်ကျောက်ကဲ၏ လွှမ်းမိုးဖိနှိပ်ထားခြင်းကို ခံနေရသည်။

အနီရောင်အက်ကွဲကြောင်းများဖြင့် ဖုံးလွှမ်းသွားပြီးနောက် ခန်းဖင်း၏ ရေစီးကြောင်းပမာ ဓားအလင်းတန်းက ပြင်းထန်စွာ ပြိုကွဲသွားသည်။

ခန်းဖင်း၏လက်ထဲတွင်ကိုင်ဆောင်ထားသည့် အဆင့်မြင့်အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ‘တိမ်လွှာအလင်းဓား’ က ရန်ကျောက်ကဲလက်ထဲမှ အစိမ်းရင့်ရောင်ဝါးကိုင်းဖြင့် ရိုက်နှက်ခံလိုက်ရပြီး ကျယ်လောင်သည့် အော်မြည်သံကြီးတစ်သံ ထွက်ပေါ်လာလေသည်။

All Chapters